News @ M-Media

Tag: russia

  • ရုရှားတွင်ပျက်ကျသည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသူအားလုံး သေဆုံး

    ရုရှားတွင်ပျက်ကျသည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသူအားလုံး သေဆုံး

    မတ် ၁၉၊ ၂၀၁၆
    M-Media

    russia 1

    – ယနေ့မနက်ပိုင်းက ရုရှားနိုင်ငံ ရို့စ်တော့ဗ် အွန် ဒွန်မြို့သို့ ဆင်းသက်ရန်ကြိုးစားစဉ် ပျက်ကျသွားခဲ့သည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်ဟု ရုရှားအားဏာပိုင်များက ပြောကြားလိုက်သည်။

    လိုက်ပါသွားသူများမှာ ခရီးသည် ၅၅ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး အနည်းဆုံး ၆၂ ဦးရှိပြီး၊ လေယာဉ်မှာ တစ်စစီ ကျိုးပဲ့ပျက်ဆီးသွားခဲ့သည်။

    ဒူဘိုင်းမီဒီယာရုံးမှ Twitter စာမျက်နှာ၌ ထုတ်ပြန်မှုတွင် ခရီးသည်များ၏ ၄၄ ဦးမှာ ရုရှားနိုင်ငံသားများဖြစ်ကြပြီး၊ ယူကရိန်းနိုင်ငံသား ၈ ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် ဥဇဘက်ကစ္စတန်မှ ၁ ဦးတို့ ဖြစ်ကြသည်ဟု ဖော်ပြထားသည်။ ဘိုးအင်း ၇၃၇ အမျိုးအစားဟု ယူဆရသည့် အဆိုပါ လေယာဉ်မှာ ၂၀၀၉ ခုနှစ်က စတင်ပြေးဆွဲခဲ့သည့် ဒူဘိုင်း လေကြောင်းလိုင်း FlyDubai မှ ဖြစ်သည်။

    လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို မသိရှိရသေးသော်လည်း ရာသီဥတုဆိုးဝါးမှုက ပျက်ကြရသည့် အကြောင်းအရင်းတစ်ခု ဖြစ်နိုင်သည်ဟု သတင်းဌာနအချို့က ဖော်ပြကြသည်။

    Ref: Aljazeera

  • ဒူဘိုင်းလေယာဉ်တစ်စင်း ရုရှားတွင်ပျက်ကျ

    ဒူဘိုင်းလေယာဉ်တစ်စင်း ရုရှားတွင်ပျက်ကျ

    မတ် ၁၉၊ ၂၀၁၆
    M-Media

    dubai
    flydubai လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး

    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ အနည်းဆုံး ခရီးသည် ၅၀ ကို သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းမှာ ရုရှားနိုင်ငံ ရို့စ်တော့ဗ် အွန် ဒွန်မြို့လေဆိပ်သို့ ဆင်းသက်စဉ် ယနေ့မနက်ပိုင်းက ပျက်ကျခဲ့သည်ဟု သိရသည်။

    အဆိုပါလေယာဉ်မှာ flydubai လေကြောင်းလိုင်းမှ ဘိုးအင်း ၇၃၇ လေယာဉ်ဖြစ်ပြီး ရုရှနိုင်ငံပိုင်သတင်းဌာန RT က လေယာဉ်မှ ကြီးမားသည့်ပေါက်ပွဲမှုပုံကို လွှင့်တင်ခဲ့သည်။

    “ဒူဘိုင်းကနေ ရို့စ်တော့ဗ် အွန် ဒွန် မြို့ကို ပျံသန်းသွားတဲ့ ကျွန်တော်တို့ရဲ့ လေယာဉ်အမှတ် FZ981 ကိစ္စအကြောင်း ကျွန်တော်တို့ သိထားပါတယ်။ အသေးစိတ်သိရအောင် ကျွန်တော်တို့ စုံစမ်းနေပါတယ် ပြီးတော့ သတင်းအချက်အလက်ရတာနဲ့ ထုတ်ပြန်သွားမှာပါ” ဟု flydubai မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဘိုအင်းကုမ္ပဏီကလည်း မိမိတို့အနေဖြင့် အချက်အလက်များကို စုဆောင်းနေသည်ဟု Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • ရုရှားတပ်များ ဆီးရီးယားမှ ဆုတ်ခွာမည်

    ရုရှားတပ်များ ဆီးရီးယားမှ ဆုတ်ခွာမည်

    မတ် ၁၅၊ ၂၀၁၆
    M-Media

    russia

    – မိမိတို့၏ ရည်မှန်းချက် အောင်မြင်ခဲ့ပြီဖြစ်သောကြောင့် ဆီးရီးယားတွင်ရှိနေသည့် တပ်များကို မတ်လ ၁၅ ရက်နေ့တွင် စတင်ဆုတ်ခွာရန် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှီဂူအား အမိန့်ပေးခဲ့သည်ဟု သိရသည်။

    “ကာကွယ်ရေးဝန်ကြီးဌာနအတွက် သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေဟာ ယေဘူယျအားဖြင့် အောင်မြင်ပြီးဆုံးသွားပြီလို့ ကျွန်တော် ယူဆပါတယ်။ ဒါ့ကြောင့် ဆီးရီးယားပိုင်နက်ထဲက ကျွန်တော်တို့ရဲ့ အဓိကတပ်တွေကို မနက်ဖြန်မှာ စတင် ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ပူတင်က ရှီဂူ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် ယမန်နေ့ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း အပစ်ရပ်ရေး သဘောတူညီချက်များကို စောင့်ကြည့်လေ့လာရန်အတွက် တာတွစ်ဆိပ်ကမ်းနှင့် ခမေမင် လေတပ်အခြေစိုက်စခန်းတွင် စစ်သားအနည်းကို ဆက်လက်ထားရှိသွားမည် ဖြစ်သည်။

    ရုရှားမှာ ဆီးရီးယားအစိုးရ၏ မေတ္တာရပ်ခံမှုကြောင့် ဆီးရီးယားတွင် လေကြောင်းမှ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ရုရှားအစိုးရက မိမိတို့မှာ IS အကြမ်းဖက်သမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အမရိကန်နှင့် မဟာမိတ်များကမူ ရုရှားမှာ ၎င်းတို့ကျောထောက်နောက်ခံပြုထားသည့် သူပုန်များအား တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

    ပူတင်ကမူ မိမိတို့မှာ တပ်ဖွဲ့မှာ သေးငယ်သော်လည်း အချိန်ကာလအနည်းငယ်အတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး ထိုဆောင်ရွက်မှုများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်း စတင်ရန် ဖြစ်လာခဲ့ကြောင်း၊ မိမိတို့လေတပ်၏ အကူအညီဖြင့် ဆီးရီးယားအစိုးရမှာ နိုင်ငံတကာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးနှင့် အပစ်ရပ်ရေးလုပ်ငန်းတို့တွင် အခြေအနေများကို ပြောင်းလဲနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • ရုရှားစစ်တပ်က လင်းပိုင် ၅ ကောင် ၀ယ်ယူမည်

    ရုရှားစစ်တပ်က လင်းပိုင် ၅ ကောင် ၀ယ်ယူမည်

    မတ် ၁၁၊ ၂၀၁၆
    M-Media

    dolphin

    – ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လင်းပိုင်ငါးကောင် ၀ယ်ယူချင်နေပြီး တိုက်ပွဲဝင်စစ်သည်တွေအဖြစ် လေ့ကျင့်ပေးနိုင်တဲ့ အဲဒီ ရေနေနို့တိုက်သတ္တ၀ါတွေကို ဘာ့ကြောင့် လိုအပ်နေတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

    ရုရှားစစ်တပ်က ခေါ်ယူခဲ့တဲ့ တင်ဒါမှာ အဲဒီ လင်းပိုင် ၅ ကောင်ဟာ အထီး ၃ ကောင်နဲ့၊ အမ ၂ ကောင် ဖြစ်ရမှာဖြစ်ပြီး၊ ၂၀၁၆ သြဂုတ်လမတိုင်ခင် လိုချင်တယ်လို့ ဖော်ပြထားပါတယ်။ လင်းပိုင်းတွေရဲ့ အရှည်ဟာ ၂.၃ မီတာကနေ ၂.၇ မီတာအထိ ရှိရမယ်လို့ ဆိုပါတယ်။

    အဲဒီလင်းပိုင်တွေကို ရေနေနို့တိုက်သတ္တ၀ါဆိုင်ရာ တိရစ္ဆာန်ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ ကြီးကြပ်မှုနဲ့ ဖမ်းဆီးပေးရမှာဖြစ်ပြီး၊ ပင်လယ်ရေထည့်ထားတဲ့ ကွန်တိန်နာတွေနဲ့ ရုရှားစစ်တပ်ဆီ မပို့ခင် ရောင်းချသူကပဲ တစ်လခန့် ထိန်းသိမ်းထားရမယ်လို့ တင်ဒါမှာ ဖော်ပြထားပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ဒေါ်လာ ၄၉၀၀ ပေးမှာဖြစ်ကာ တင်ဒါအတွက် ဒီလကုန်မှာ အကြောင်းကြားရမှာဖြစ်ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ ဂျပန် လင်းပိုင်ရောင်းဝယ်ရေးသမားတွေက မလေ့ကျင့်ရသေးတဲ့ လင်းပိုင် အကောင် ၂၀ ကို ဒေါ်လာ ၁၀,၀၀၀ ကျော်လောက်နဲ့ ယူကရိန်းကို ရောင်းချခဲ့ဖူးပါတယ်။ ရုရှားကတော့ ပင်လယ်နက်ထဲက ဖမ်းဆီးရမိတဲ့ လင်းပိုင်တွေကိုပဲ လက်ခံမှာဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်နက်ထဲက လင်းပိုင်တွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသဘောတူညီချက်စာချုပ်တွေနဲ့ ကာကွယ်ထားတဲ့အတွက် အထူးခွင့်ပြုချက်တစ်ချို့တော့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

    ဘာ့ကြောင့် ဒီလို လင်းပိုင်တွေ ၀ယ်ယူဖို့ လုပ်ဆောင်ရတယ်ဆိုတာကို ရုရှားစစ်တပ်က ထုတ်ဖော်မပြောခဲ့ပေမယ့်၊ ရုရှားဟာ တိုက်ပွဲဝင်လင်းပိုင်တွေဖြစ်လာအောင် လေ့ကျင့်ပေးမယ့်အစီအစဉ်ကို ပြန်စဖို့ဖြစ်တယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။ ရုရှားရဲ့ အဲဒီအစဉ်ကို ဆိုဗီယက်ခေတ် ၁၉၇၀ လောက်ကတည်းက စတင်ခဲ့တယ်လို့ အမေရိကန် ရေတပ် နို့တိုက်သတ္တ၀ါစီမံကိန်းက ပြောကြားထားဖူးပါတယ်။

    Ref: RT

  • ရုရှားတွင် ကလေးထိန်းက ကလေးငယ်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွား

    ရုရှားတွင် ကလေးထိန်းက ကလေးငယ်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွား

    မတ် ၁၊ ၂၀၁၆
    M-Media

    russia

    – ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကလေးထိန်း အမျိုးသမီးတစ်ဦးမှာ ၎င်းထိန်းပေးသည့် ကလေးငယ်၏ ဦးခေါင်းကို ဖြတ်၍ ယူလာမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ကလေးငယ်၏ ဦးခေါင်းအား ယူဆောင်လာသည့် အဆိုပါအမျိုးသမီးကို မော်စကိုရှိ ရထားဘူတာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ အသက် ၃ နှစ် သို့မဟုတ် ၄ နှစ်ရှိမည်ဟု ခန့်မှန်းရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီမှ ထုတ်ပြန်ခဲ့သည့် ကနဦးစုံစမ်းစစ်ဆေးမှုအရ အဆိုပါ ကလေးထိန်းအမျိုးသမီးမှာ မိဘများက ကလေးအကြီးတစ်ယောက်ကိုခေါ်၍ အပြင်ထွက်သွားသည့်အချိန်ကို စောင့်ခဲ့ကာ ကျန်ရှိသည့် ကလေးငယ်တစ်ဦးကို သတ်ဖြတ်၍ တိုက်ခန်းအား မီးရှို့ ထွက်လာခဲ့ခြင်းဖြစ်သည်ဟု တွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။

    မီးငြှိမ်းသက်ပြီးနောက် ကလေးငယ်၏ ခန္ဓာကိုယ်ကို အခန်းထဲတွင် တွေ့ခဲ့ရပြီး နှိပ်စက်ထားသည့် လက္ခဏာများလည်း ရှိနေသည်ဟုဆိုသည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ သတ်ဖြတ်ရခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

    ကလေးထိန်း၏အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ဘဲ ၎င်းမှာ ၁၉၇၇ ခုနှစ်တွင် မွေးဖွားသူဖြစ်ကာ အလယ်အာရှမှဖြစ်သည်ဟု ဆိုသည်။ လမ်းသွားလမ်းလာတစ်ဦးက ရိုက်ကူးထားသည့်ဗီဒီယိုတွင် အဆိုပါ အမျိုးသမီးမှာ ရထားဘူတာအပြင်ဘက်၌ ဟစ်အော်ပြေးလွှားနေသည်ကို တွေ့ရှိခဲ့ရသည်။

    စုံစမ်းစစ်ဆေးသူများကမူ ထိုအမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးရန် အမိန့်ပေးထားသည်။

    Ref: CNN