News @ M-Media

Tag: russia

  • ပစ်ချလိုက်သည့် ရုရှားတိုက်လေယာဉ်အား သတိပေးခဲ့မှု အသံဖိုင်ကို တူရကီထုတ်ပြန်

    ပစ်ချလိုက်သည့် ရုရှားတိုက်လေယာဉ်အား သတိပေးခဲ့မှု အသံဖိုင်ကို တူရကီထုတ်ပြန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    turkey

    – အင်္ဂါနေ့က ဆီးရီးယားနယ်စပ်အနီးတွင် ပစ်ချခံလိုက်ရသည့် ရုရှားတိုက်လေယာဉ်အား လေပိုင်နက်ချိုးဖောက်ကြောင်း သတိပေးခဲ့သည့် အသံဖိုင်ကို တူရကီက ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    မိမိတို့၏ တိုက်လေယာဉ်မှာ မည်သည့်သတိပေးချက်မှ ရရှိခြင်းမရှိဟု ပစ်ချခံလိုက်ရသည့် လေယာဉ်မှ လေယာဉ်မှူးက ပြောကြားခဲ့ပြီးနောက် တူရကီက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုအသံဖိုင်တွင် “တူရကီလေပိုင်နက်ထဲကို ခင်ဗျား ၀င်ရောက်လာပါတယ်။ ဦးတည်ဘက်ကို ပြောင်းပါ” ဟု အင်္ဂလိပ်ဘာသာစကားဖြင့် သတိပေးပြောကြားမှုကို ကြားခဲ့ရသည်။

    တူရကီလေတပ်ကမူ အဆိုပါ သတိပေးချက်ကို မိမိတို့၏ F16 လေယာဉ်မှူးများက ပြောကြားသည်မဟုတ်ဘဲ ဒီယာဘာကီရ်ရှိ လေတပ်စခန်းမှ သတိပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Su-24 တိုက်လေယာဉ်မှ လေယာဉ်မှူးနှစ်ဦးစလုံးမှာ လေယာဉ်ပေါ်မှ ခုန်ထွက်ကာ လေထီးဖြင့် ဆင်းသက်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဆီးရီးယားသူပုန်များ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်ခဲ့သည့် လေယာဉ်မှူး မူရာခ်တင်ကမူ မိမိတို့မှာ တူရကီလေပိုင်နက်ထဲသို့ တစ်စက္ကန့်မှပင် ၀င်ရောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်ကမူ တိုသို့ ပစ်ချမှုမှာ အစီစဉ်တကျ ရန်စခြင်းဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် တူရကီနှင့် ဆက်ဆံရေးကို အသေအချာ စဉ်းစားသွားမည်ဟု လာဗရော့ဗ်က ထည့်သွင်းပြောကြားခဲ့သော်လည်း စစ်မက်ဖြစ်မည့်အခြေအနေသို့ ရောက်ရှိမည်မဟုတ်ဟု ဆိုသည်။

    Ref: Aljazeera

  • ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချမှုအတွက် တင်းမာမှုများ မြင့်တက်နေ

    ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချမှုအတွက် တင်းမာမှုများ မြင့်တက်နေ

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    turkey

    – ယမန်နေ့က ဆီးရီးယားနယ်စပ်တွင် ရုရှားတိုက်လေယာဉ်အား တူရကီက ပစ်ချမှုနှင့် ပတ်သက်၍ ရုရှား၊ တူရကီနှင့် နေတိုးအဖွဲ့တို့မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားစစ်ထိုးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    Su-24 တိုက်လေယာဉ်မှာ တူရကီလေပိုင်နက်ထဲသို့ ယမန်နေ့မနက်ပိုင်းက ကျူးကျော်ဝင်ရောက်သောကြောင့် ပစ်ချလိုက်ခြင်းဖြစ်သည်ဟု တူရကီအာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ရုရှားသမ္မတ ပူတင်ကမူ ဒေါသထွက်ခဲ့ကာ ထိုအဖြစ်အပျက်က “နောက်ကျောအား ဓားဖြင့်ထိုးခြင်း” ဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    လေယာဉ်မှာ ဆီးရီးယားပိုင်နက် လာတာကီယာမြို့ရှိ ရာမာဒီရွာတွင် ပျက်ကျခဲ့သည်။

    “ဒီနေ့ ဒီဆုံးရှုံးမှုဟာ အကြမ်းဖက်သမားတွေရဲ့ ကြံရာပါတွေက ကျွန်တော်တို့နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပါပဲ။ ဒီနေ့ဖြစ်ပျက်ခဲ့တာကို အခြားပုံစံတစ်မျိုးနဲ့ ကျွန်တော် မမြင်နိုင်ပါဘူး” ဟု ပူတင်က တင်းမာသောမျက်နှာထားဖြင့် ယမန်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ လေယာဉ်ဟာ ဆီးရီးယားပိုင်နက်ထဲမှာ တူရကီ F16 တိုက်လေယာဉ်ရဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရပါတယ်။ တူကရီနယ်စပ်နဲ့ ၄ ကီလိုမီတာလောက်အကွာက ဆီးရီးယားပိုင်နက်ထဲမှာ ပျက်ကျသွားခဲ့တယ်။ ကျွန်တော်တို့ လေယာဉ်မှူးတွေနဲ့ လေယာဉ်ဟာ တူရကီကို ဘယ်လိုနည်းနဲ့မှ ခြိမ်းခြောက်မှု မရှိခဲ့ပါဘူး” ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် တူရကီက ထိုအဖြစ်အပျက်ကို နေတိုးအဖွဲ့နှင့် ဆွေးနွေးရန် ဆက်သွယ်ခဲ့ခြင်းအတွက် ပူတင်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

    “ကျွန်တော်တို့နဲ့ ချက်ချင်းဆက်သွယ်ရမယ့်အစား ကျွန်တော်တို့ သိရသလောက်တော့ တူရကီဟာ ဒီအဖြစ်အပျက်ကို ဆွေးနွေးဖို့အတွက် နေတိုးမိတ်ဖက်နိုင်ငံတွေဖက်ကို လှည့်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့လေယာဉ်ကို ပစ်ချလိုက်သလိုပါပဲ”

    သို့သော်လည်း တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူကမူ တူရကီမှာ မိမိတို့၏ နယ်ခြားကို ဖြတ်ကျော်လာသည့် မည်သူ့ကိုမဆို တုန့်ပြန်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ဝေဟင်နဲ့ မြေပြင်ကို ဘယ်သူက ကျူးကျော်လာသည်ဖြစ်စေ တုန့်ပြန်ဆောင်ရွက်ရမှာက ကျွန်တော်တို့ရဲ့ နိုင်ငံတကာအခွင့်အရေး၊ အမျိုးသားရေးတာဝန် ဖြစ်တယ်ဆိုတာ လူတိုင်း သိရမှာပါ။ တိုင်းပြည်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် နည်းလမ်းပေါင်းစုံသုံးဖို့ တူရကီက တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” ဟု ဒါဗူတော့ဂ်လူက ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာနကလည်း မိမိတို့မှာ တူရကီနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်လိုက်သည်ဟု ကြေငြာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ် ယနေ့တွင် တူရကီသို့ သွားရောက်ရန် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်။

    ထို့ပြင် နိုင်ငံသားများကိုလည်း တူရကီသို့ မသွားရောက်ရန် သတိပေးထားပြီး လေယာဉ်ပျက်ကျသည့် နေရာ၏ ကမ်းရိုးတမ်းတွင်လည်း စစ်သင်္ဘောများကို ရုရှားက ချထားလိုက်သည်။

    နေတိုးအဖွဲ့ကမူ တူရကီနှင့် ရုရှားနိုင်တို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး အဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်စ် စတိုလ်တန်ဘာ့ဂ်က “ကျွန်တော်တို့ဟာ တူရကီနဲ့အတူ ရပ်တည်မှာပါ။ ပြီးတော့ ကျွန်တော်တို့ နေတိုးအဖွဲ့ မဟာမိတ်ရဲ့ ပိုင်နက် တည်တံ့ခိုင်မြဲမှုကိုလည်း ကျွန်တော်တို့က ထောက်ခံအားပေးသွာမှာပါ” ဟု ပြောကြားခဲ့သည်။

    နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော အမေရိကန်ကလည်း တူရကီ၏ ပိုင်နက်ကာကွယ်မှု အခွင့်အရေးအတွက် ထောက်ခံပြောဆိုခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားတွင် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် သေဆုံး

    ဆီးရီးယားတွင် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် သေဆုံး

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    syria

    – IS အဖွဲ့အား ပစ်မှတ်ထားသည်ဟုဆိုကာ ယခုနှစ် စက်တင်ဘာလမှ ဆီးရီးယားတွင် စတင်ခဲ့သည့် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် သေဆုံးခဲ့သည်ဟု ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။

    အဆိုပါ သေဆုံးမှုမှာ တိုက်ခိုက်မှုစတင်ခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ဖြစ်ပြီး စုစုပေါင်း သေဆုံးသူ အပြစ်မဲ့ပြည်သူ အရေအတွက်မှာ ၄၀၃ ဦး ရှိခဲ့ကာ ထိုအထဲတွင် ကလေးငယ် ၉၇ ဦး ပါဝင်သည်။

    အခြားလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော ဆီးရီးယားလူ့အခွင့်အရေးကွန်ယက် SNHR ကမူ ကလေးငယ် ၁၃၇ ဦးအပါအ၀င် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဆီးရီးယားပြည်သူ ၅၂၆ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ဆီးရီးယားတွင် အစိုးရစစ်တပ် အပါအ၀င် လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၂၂၃၄ ကြိမ်ရှိခဲ့ပြီး ပစ်မှတ်များတွင် လယ်ယာများ၊ ရွာများ၊ မြို့များနှင့် မြို့ကြီးများအထိ ပါဝင်ခဲ့သည်။ ထိုအတောအတွင်း ဗုံးကြဲမှုမှာ ၂၂၃၇၀ ကြိမ် ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ အရပ်သားအရေအတွက်မှာ ၆၈၈၉ ဦးရှိကာ ထိုအထဲတွင် ကလေးငယ် ၁၄၃၆ ဦး ပါဝင်ခဲ့သည်။ ဒဏ်ရာရသူအရေအတွက်မှာ ၃၅၀၀၀ ခန့်ရှိသည်။

    ရုရှား၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဆီးရီးယားပြည်သူ အရေအတွက်မှာ တစ်သိန်းခန့် ရှိပြီဖြစ်သည်။

    Ref: Aljazeera

  • ဆီးရီးယားအရေး ရုရှားပါဝင်မှုကို အိုဘားမားချီးကျူး

    ဆီးရီးယားအရေး ရုရှားပါဝင်မှုကို အိုဘားမားချီးကျူး

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    – ဆီးရီးယားပြဿနာ အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုတွင် ပါဝင်သည့် ရုရှား၏အခန်းကဏ္ဍကို အမေရိကန်သမ္မတ ရက်အိုဘားမားက ချီးကျူးလိုက်ပြီး IS အဖွဲ့အား ရုရှားက စစ်ရေးတိုက်ခိုက်မှုတွင် ပိုမိုကောင်းမွန်စွာ ဆက်သွယ်ဆောင်ရွက်ရေး အတွက်လည်း ကမ်းလှမ်းလိုက်သည်။

    ပြီးခဲ့သည့် ရက်ပိုင်းက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ပြုလုပ်ခဲ့သည့် ဆီးရီးယားအရေး ဆွေးနွေးပွဲတွင် ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံစလုံး ပါဝင်ခဲ့ပြီး လာမည့်နှစ်အတွင်း အပစ်ရပ်ရေး လက်မှတ်ထိုးကာ ရွေးကောက်ပွဲ ပြုလုပ်ရန်အထိ သဘောတူညီခဲ့ကြသည်။

    သို့သော်လည်း အိုဘားမားကမူ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်၏ အနာဂတ်၊ ၎င်းအား ကာကွယ်ပေးရန် ရုရှားက ပြုလုပ်နေသော လေကြောင်းမှ တိုက်ခိုက်မှုတို့နှင့် ပတ်သက်၍ မိမိတို့တွင် ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျသည့်လေယာဉ် ဗုံးခွဲခံရခြင်းဟု ရုရှားအတည်ပြု

    ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျသည့်လေယာဉ် ဗုံးခွဲခံရခြင်းဟု ရုရှားအတည်ပြု

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    russia

    – အောက်တိုဘာလအတွင်းက အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရရှား ခရီးသည်တင်လေယာဉ်မှာ ဗုံးကြောင့် ပေါက်ကွဲပျက်ကျခဲ့ခြင်းဟု ရုရှားထောက်လှမ်းရေး FSB က ယနေ့တွင် အတည်ပြု ပြောဆိုလိုက်သည်။

    စုံစမ်းစစ်ဆေးမှုများအရ လေယာဉ်အပိုင်းအစများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို တွေ့ရှိခဲ့ရပြီး လေယာဉ်ပျက်ကျစေရန် တင်မင်ကြံရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု FSB အကြီးအကဲ အလက်ဇန်ဒါး ဘော့တ်နီကော့ဗ်၏ ပြောကြားမှုကို ကိုးကား၍ Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

    ထိုလေယာဉ်ပျက်ကျမှုအတွက် IS က မိမိတို့၏ လက်ချက်ဖြစ်သည်ဟု စောစောပိုင်းကတည်းက ပြောကြားခဲ့သော်လည်း ရုရှားက လက်မခံခဲ့ပေ။ သို့သော်လည်း ဘော့တ်နီကော့ဗ်နှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားသမ္မတ ပူတင်က ထိုကိစ္စကို လုပ်ဆောင်သူများမှာ တာဝန်ယူရမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera