News @ M-Media

Tag: russia

  • အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    နိုင်ငံတကာ အာရဗီဘာသာစကားနေ့အထိမ်းအမှတ် အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    hasmuhammad-hadji

    ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် နိုင်ငံတကာ အာရဗီဘာသာစကားနေ့အား ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Makhachkala မြို့တွင် အာရဗီလက်ရေးလှ ရေးသားခြင်း ပြပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟုသိရသည်။

    သတင်းအချက်အလက်နှင့် သတင်းစာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဖွဲ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခဲ့သည့် အဆိုပါပြပွဲတွင် အာရဗီလက်ရေးအလှ ရေးသားမှုပြိုင်ပွဲမှ ရွေးချယ်ထားသည့် လက်ရာပေါင်း ၈၀ နီးပါးကို ထည့်သွင်းပြသခဲ့သည်။  ၁၀-နှစ်ကျော်ကြာ နှစ်စဉ် ကျင်းပခဲ့ သည့် အာရဗီလက်လက်ရေးအလှ ရေးသားခြင်းပြိုင်ပွဲအား နိုင်ငံတစ်ဝှမ်းရှိ လက်ရေးအလှ ပညာရှင်များ၏ လက်ရာပေါင်း ၁၃၀ ကျော်ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး၊ ထိုလက်ရာများ၏ သက်တမ်းမှာ ၆-နှစ်မှ နှစ်-၆၀ အထိ ရှိကြသည်။

    “အစ္စလာမ့်ယဉ်ကျေးမှုမှာ လက်ရေးလှပညာကို အရေးပါတဲ့နေရာတစ်ခုသတ်မှတ်ထားပါတယ်။ လက်ရေးလှ ပညာရပ်ဟာ စိတ်ဝေဒနာ ကုသတဲ့ပုံစံ တစ်ခု အဖြစ် ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒါဟာ အကျိုးသက်ရောက်တဲ့ စွမ်အားလည်းရှိပါတယ်” ဟု Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ထင်ရှားသော အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟက်စ်မိုဟာမက် ဟာဂျီ အဘူဘာကရော့ဗ်က ပြောကြားခဲ့သည်။

    Ref : Islam RU

  • နေတိုး အဖွဲ့ဝင် ပိုလန်နှင့် လစ်သူယေးနီးယားကြား ဒေသတွင် ရုရှားမှ ဒုံးကျည်များ တပ်ဆင်ထား

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    20131216194816149734_20

    – နေတိုး အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ပိုလန်နှင့် လစ်သူယေးနီးယားနိုင်ငံအကြားတွင်ရှိသည့် ရုရှားပိုင် Kaliningrad ဒေသတွင် ဒုံးကျည်များ တပ်ဆင်ထားသည်ဟု ရုရှား သတင်းစာ Izvestia မှ ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။ ထိုကဲ့သို တပ်ဆင်ထားသည်မှာ အချိန်အတော်ကြာခဲ့ပြီဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ ရုရှားစစ်တပ်မှ အမည်မဖော်လိုသည့် အခြားအရာရှိတစ်ဦးကလည်း လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်ကတည်းက ထိုဒုံးကျည်များအား တပ်ဆင်ထားရှိခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံကမူ နိုင်ငံအနောက်ပိုင်းတွင် ဒုံးကျည်များ တပ်ဆင်ထားမှုမှာ မှန်ကန်သည်ဟု ယမန်နေ့က အတည်ပြုပြောဆိုခဲ့ပြီး နေရာအတိအကျကိုမူ ပြောဆိုသွားခြင်းမရှိခဲ့ပေ။ ထို့ပြင် ထိုကဲ့သို့ ဒုံကျည်များ တပ်ဆင်ထားမှုမှာ နိုင်ငံတကာဥပဒေများအား ဖောက်ဖျက်ခြင်းမရှိဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ပြောကြားခဲ့သည်။ ထိုသတင်းမှာ နေတိုးအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ပိုလန်နှင့် လစ်သူယေးနီးယားတို့အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
    Ref: aljazeera

  • ရုရှနိုင်ငံသား ၆၀% ပင်စင်ယူချိန်ထိ အသက်မရှင်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    60% of Russian
    – ရုရှားနိုင်ငံသားများ၏ ၆၀ ရာခိုင်နှုန်းမှာ ပင်စင်ယူသည့်အရွယ်အထိ အသက်မရှင်ဟု ကျန်းမာရေးဆိုင်ရာ ကော်မတီ၏ ဒုတိယ ဥက္ကဌ နီကိုလိုင်း ဂျီရာစီမန်ကိုက ပြောကြားခဲ့သည်။

    Gazeta.ru သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ဂျီရာစီမန်က ရုရှားအများစုမှာ ကျန်းမာရေးကို ဂရုစိုက်ခြင်းမရှိဘဲ၊ နေ့စဉ်အစား အသောက်ကိုလည်း ချိန်ညှိခြင်းမရှိကြောင်း၊ ဆေးလိပ်နှင့် အရက်ကို အလွန်မှီဝဲကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လူမှုဘ၀ပုံစံအား ပြောင်းလဲရန်အတွက် စဉ်းစားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားနိုင်ငံတွင် အမျိုးသားများမှာ အသက် ၆၀ တွင် ပင်စင်ယူရန်နှင့် အမျိုးသမီးများမှာ အသက် ၅၅ နှစ်တွင် ပင်စင်ယူရန် အတွက် ပြဌာန်းထားသည်။

    Ref: Islam.RU

  • ရုရှားရှိ သမိုင်းဝင် Khan ဗလီဝတ်ကျောင်းတော်အား မွတ်စလင်မ်များ ပြန်လည် ထိန်းသိမ်းခွင့်ရရှိ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၃
    M-Media

    mosque_kasimovo
    ရုရှားနိုင်ငံ Ryazan Oblast ပြည်နယ်၏ မြို့တော် Ryazan ရှိ Khan ဗလီဝတ်ကျောင်းတော် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို ဒေသခံမွတ်စလင်မ်များအား တရားရုံးက ပေးအပ်ခဲ့သည်ဟု သိရသည်။

    ထိုဆုံးဖြတ်ချက်အား Ryazan ဒေသ တရားရုံးမှ နိုဝင်ဘာ ၂၇ ရက်နေ့က ချမှတ်ခဲ့ခြင်းဖြစ်သည်။ Khan ဗလီဝတ်ကျောင်းတော်မှာ အဆိုပါပြည်နယ်၏ ဗိသုကာဆိုင်ရာ အထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံ၏ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်များမှ တစ်လုံးလည်းဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်နှင် မင်နာရာမျှော်စင်တို့အား ၁၅ ရာစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဘုရင် ပီတာ ၁ အုပ်စိုးချိန်တွင် ထိုဗလီဝတ်ကျောင်းတော်မှာ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ၁၈ ရာစုတွင် ပြန်လည်ဆောက်လုပ်နိုင်ခဲ့ပြီး မင်နာရာမျှောင်စင်အား မူလပုံစံမပျက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

    ၁၉၃၈ ခုနှစ်မှစ၍ Khan ဗလီဝတ်ကျောင်းတော်အား Kasimovskiy ခရိုင်ရှိ ဒေသသမိုင်းပြတိုက် အုပ်ချုပ်မှုအဖွဲ့က စီမံထိန်းသိမ်းခဲ့ပြီးနောက် ယခုအချိန်တွင် မွတ်စလင်မ်များအား ထိန်းသိမ်းခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

    Source : islam.ru

  • ရုရှားနိုင်ငံ Chelyabinsk Oblast ပြည်နယ်တွင် အစ္စလာမ့်မစ်ဆိုင်ရာ ပြပွဲ ပထမဆုံးအကြိမ် ကျင်းပ

    နိုဝင်ဘာ- ၂၃ ၂၀၁၃
    M-Media

    muslim_world_halal

    ရုရှားနိုင်ငံ  Chelyabinsk Oblast ပြည်နယ်၏မြို့တော် Chelyabinsk ရှိ Gagarin Park Complex တွင် အစ္စလာမ့်မစ်ဆိုင်ရာ ပြပွဲတစ်ခုပထမဆုံးအကြိမ်အဖြစ် ယမန်နေ့က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထိုပြပွဲတွင် အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များနှင့် အစ္စလာမ်သာသနာ၏ သွန်သင်ချက် စံနှုန်းများကို ရှင်းလင်းပြသခြင်းများ ပါဝင်ပြီး ပြပွဲမှာ မနက်ဖြန်တွင်ပြီးဆုံးမည်ဖြစ်သည်။ ထိုပွဲသို့ လာရောက်ကြည့်ရှုသူများမှာ အစ္စလာမ့် ယဉ်ကျေးမှုဆိုင်ရာ ထူးခြားသောအရာများနှင့် Holy Kiswa ဟု ခေါ်သည့် ပိုးသားပေါ်တွင် ရွေရောင်စားလုံးဖြင့် ထိုးထားသော ကုန်အာန်ကျမ်းစာ အစိတ်အပိုင်းများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

    ပြပွဲကိုကျင်းပရာတွင် ပါဝင်ခဲ့သူတစ်ဦးက ၎င်းမှာ ပြပွဲတစ်ခုအဖြစ်မဟုတ်ဘဲ ရင်းနှီးမှုဖြစ်လာစေရန် ရည်ရွယ်၍ ခင်းကျင်းပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုပြပွဲတွင် Tatarstan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်မှ Enterprises of South Urals ကုမ္ပဏီက ၎င်းတို့၏ထုတ်ကုန်များအား ပြသခဲ့သည်။ ထို့ပြင် ဟာလာထုတ်ကုန်များ၊ မွတ်စလင်မ် အသုံးအဆောင်ပစ္စည်းများ၊ အနုပညာလက်ရာများ၊ ရွှေငွေ လက်ဝတ်ရတနာပစ္စည်းများ၊ ဘာသာရေးဆိုင်ရာ စာပေများ၊ အ၀တ်အထည်များ၊ လက်ဆောက်ပစ္စည်း စသည်များကို ဟဂ်ျဘုရားဖူးကိစ္စရပ်များအား ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီများအပါအ၀င် အခြားသော ကုမ္ပဏီများက လာရောက်ခင်းကျင်းပြသခဲ့ကြသည်။

    အစ္စလာမ်သာသနာမှာ ခရစ်ယာန်သာသနာပြီးနောက် ဒုတိယလူအများဆုံး ကိုးကွယ်သည့် သာသနာဖြစ်ပြီး ရုရှားလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံတွင် အစ္စလာမ်ဘာသာရေးနှင့် သက်ဆိုင်သည့် သမိုင်းဝင် အဆောက်အအုံမြောက် များစွာတည်ရှိသည်။