News @ M-Media
Tag: SaudiArabia
  • မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ဇမ်ဇမ်ရေပုံးများ ပိုမိုချထားပေး
    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ဇမ်ဇမ်ရေပုံးများ ပိုမိုချထားပေး
    မေ ၂၇၊ ၂၀၁၉
    M-Media
    -နှစ်စဉ် မြင့်တက်လာတဲ့ ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသွားတွေ အဆင်ပြေပြေ သောက်သုံးနိုင်ဖို့အတွက် မြင့်မြတ်သော ဇမ်ဇမ်ရေ ပုံးတစ်သောင်းကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ဆော်ဒီက ထပ်တိုးချထားလိုက်ပါတယ်။
    ဒါ့ကြောင့် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ဇမ်ဇမ်ရေ ပုံးကြီး ၂၅၀၀၀ ရှိလာပြီဖြစ်ပါတယ်။ အဲဒီရေပုံးတွေကို ကျောက်နဲ့ပြုလုပ်ထားတဲ့ စင်ပေါင်း ၆၅၀၊ ရေတိုင်ကီ ၂၁၆ နဲ့ အဆင်ပြေအောင် နေရာချထားပြီး ဟဂ်ျ၊ အွမ္မရာဟ် ဘုရားဖူးခရီးသွားတွေနဲ့ နေ့စဉ် ၀တ်ပြုသူတွေ
    အလွယ်တကူ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ လာရောက်ဝတ်ပြုကြသူတွေကို ကူညီဖို့ စေတနာ့ဝန်ထမ်း အရေအတွက်ကိုလည်း ဆော်ဒီ အစိုးရက ထပ်တိုး ချထားပါတယ်။
    အခုလအစောပိုင်းက စတင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လအတွင်း ဆော်ဒီအာရေဗျက မက္ကာနဲ့ မဒီနာမှာရှိတဲ့ မြင့်မြတ်ရာ ၀တ်ကျောင်းတော်တွေကို ကမ္ဘာတစ်ဝှမ်းက ယုံကြည်သူတွေ ဘုရားဖူး လာရောက်ကြပြီး၊ မကြာခင် ဟဂ်ျဘုရားဖူးကာလလည်း ကျရောက်တော့မှာ ဖြစ်ပါတယ်။
    Ref: Saudi Gazette
  • ဆော်ဒီအာရေဗျ၏ ကမ္ဘ္ဘာတစ်ဝှမ်း အကူအညီပေးရေး လုပ်ငန်းများကို ကုလ ချီးကျူး
    ဆော်ဒီအာရေဗျ၏ ကမ္ဘ္ဘာတစ်ဝှမ်း အကူအညီပေးရေး လုပ်ငန်းများကို ကုလ ချီးကျူး
    ခါလီဖာနှင့် KSRelief အဖွဲ့ဝင်များ တွေ့ဆုံမှု
    မေ ၁၇၊ ၂၀၁၉
    M-Media
    -ကမ္ဘ္ဘာတစ်ဝှမ်းက အတိဒုက္ခရောက်နေသူတွေအတွက် ဆောင်ရွက်ပေးတဲ့ ဆော်ဒီအာရေဗျရဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ချီးကျူးလိုက်ပါတယ်။
    ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က UNHCR ရဲ့ ဌာနေကိုယ်စားလှယ် ခါလစ် ခါလီဖာနဲ့ ဆော်ဒီ နိုင်ငံတော်အဆင့် အကူအညီပေးရေးအဖွဲ့ KSRelief က အကြီးအကဲ ဒေါက်တာ အဘ်ဒူလာ အလ်-ရာဘီယဟ်တို့ ရီယာ့ဒ်မှာ တွေ့ဆုံမှုအတွင်း ခါလီဖာက ကမ္ဘ္ဘာတစ်ဝှမ်း သိန်းသန်းချီတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်ရေး ကုလနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    ယီမင်အပါအ၀င် ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ KSRelief အဖွဲ့က အကူအညီပေးနေမှု အခြေအနေတွေ၊ ယီမင်၊ ရိုဟင်ဂျာနဲ့ ဆီးရီးယား ဒုက္ခသည်တွေအတွက် UNHCR နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
    အကူအညီပေးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကုလနဲ့ ဆော်ဒီတို့အကြား ရှိထားတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး ဆက်လက်ခိုင်မာစေဖို့ မျှော်လင့်ကြောင်း၊ ဆော်ဒီရဲ့ အကူအညီပေးမှုဟာ အစ္စလာမ့် တန်ုဖိုးနဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေကို ဆက်စပ်ပေးတဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ KSRelief အဖွဲ့ဟာ ကုလရဲ့ အရေးပါတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ခါလီဖာက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ KSRelief အကူအညီပေးရေးအဖွဲ့ဟာ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားတို့ အပါအ၀င် နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်း၊ အကူအညီပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
    Ref: Arab News
  • ဆော်ဒီရေနံပိုက်လိုင်းကို ယီမင်မှ ဟူသီသူပုန်များက ဒရုန်းဖြင့် တိုက်ခိုက်
    ဆော်ဒီရေနံပိုက်လိုင်းကို ယီမင်မှ ဟူသီသူပုန်များက ဒရုန်းဖြင့် တိုက်ခိုက်
    မေ ၁၄၊ ၂၀၁၉
    M-Media
    -နိုင်ငံပိုင် ရေနံလုပ်ငန်း Aramco က ရေနံတင်စခန်း နှစ်ခုကို လက်နက်တပ်ထားတဲ့ ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရပြီး စွမ်းအင်နဲ့ပတ်သက်တဲ့ အခြား အခြေခံအဆောက်အဦးတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆော်ဒီက သတင်းထုတ်ပြန်ပါတယ်။
    ရေနံစုပ်တင်တဲ့ စခန်းနှစ်ခုဟာ ဒီကနေ့မနက် အစောပိုင်းမှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး နိုင်ငံအရှေ့ပိုင်းက ပင်လယ်နီဆိပ်ကမ်းမြို့ ယန်ဘူကို ရေနံပို့တဲ့ စခန်းမှာ အသေးစား ပျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆော်ဒီသတင်းဌာန SPA က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ Aramco ဟာ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ အားလုံး လုပ်ဆောင်ခဲ့ပြီး ရေနံပိုက်လိုင်းကို ယာယီပိတ်ထားလိုက်တယ်လို့ ဖော်ပြထားပါတယ်။
    ယီမင်က ဟူသီသူပုန်အဖွဲ့ပိုင် Al Masirah ရုပ်သံက ဆော်ဒီရဲ့ အရေးပါတဲ့ နေရာတွေကို ဒရုန်း ၇ စင်းလွှတ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတာဝန်ရှီသူတွေက ပြောကြားကြောင်း ထုတ်လွှင့်ခဲ့ပါတယ်။
    ဆော်ဒီရေနံတင် သင်္ဘော ၂ စင်းဟာ တနင်္ဂနွေနေ့က ယူအေအီး ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရပြီး ဘယ်သူတွေက ဘာ့ကြောင့် တိုက်ခိုက်တယ်ဆိုတာကို အသေးစိတ် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
    ယီမင်က ဟူသီသူပုန်အဖွဲ့ဟာ ဆော်ဒီ-ယူအေအီး ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့နဲ့ ယီမင်မှာ စစ်ပွဲဖြစ်ပွားနေပြီး အရင်က ဆော်ဒီပိုင်နက်ထဲကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှု အဆက်မပြတ် လုပ်ခဲ့ပါတယ်။ ဟူသီတွေဟာ ယီမင်ကိုလည်း ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးပါတယ်။
    တိုင်းပြည်ကို ကျူးကျော်မှုနဲ့ ပြည်သူတွေ အကြပ်အတည်းဖြစ်အောင် ပိတ်ဆို့ထားမှုကို တုန့်ပြန်တဲ့အနေနဲ့ ဒီလိုတိုက်ခိုက်တာဖြစ်ပြီး နောက်ထပ်လည်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်သွားအုံးမယ်လို့ ဟူသီပိုင် သတင်းဌာန Al Masirah ရဲ့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။
    Ref: Aljazeera
  • ယူအေအီးကမ်းလွန်တွင် ဆော်ဒီအာရေဗျ၏ ရေနံတင်သင်္ဘော ၂ စင်း တိုက်ခိုက်ခံရ
    ယူအေအီးကမ်းလွန်တွင် ဆော်ဒီအာရေဗျ၏ ရေနံတင်သင်္ဘော ၂ စင်း တိုက်ခိုက်ခံရ
    မေ ၁၃၊ ၂၀၁၉
    M-Media
    -ယူအေအီးကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘော ၄ စီးထဲမှာ ၂ စီးက မိမိတို့ သင်္ဘောတွေဖြစ်ပြီး ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှု ရှိခဲ့တယ်လို့ ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။
    ဖူဂျိုင်ရာဆိပ်ကမ်းမြို့ရဲ့ ကမ်းလွန်မှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့သတင်းကို အီရန်နဲ့ လက်ဘနွန် သတင်းဌာနတွေက ဖော်ပြခဲ့ကြပေမယ့် ယူအေအီးအာဏာပိုင်တွေကတော့ တိုက်ခိုက်မှု အသေးစိတ်နဲ့ ဘယ်သူတွေကလုပ်လဲဆိုတာတွေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။
    ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီဟ်က တိုက်ခိုက်ခံရတဲ့အထဲမှာ ဆော်ဒီသင်္ဘောနှစ်စီး ပါဝင်ပြီး တစ်စီးက အမေရိကန်ကိုပို့မယ့် ရေနံတွေကို သွားသယ်တဲ့အချိန် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အရှေ့အလယ်ပိုင်းဒေသတွင်းက ရေနံတင်သင်္ဘောတွေ ဖြတ်သန်းသွားလာတဲ့ ရေလမ်းကြောင်းတွေကို အီရန် ဒါမှမဟုတ် အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ အုပ်စုတွေက နှောက်ယှက်လိမ့်မယ်လို့ အမေရိကန်က သတိပေးပြီးတဲ့နောက် အခုလိုတိုက်ခိုက်မှုသတင်း ပေါ်ထွက်လာခဲ့တာပါ။
    ဆော်ဒီရဲ့ ကြေငြာချက် ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ဒီကိစ္စကို အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့အတွက် အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆော်သြတိုက်တွန်းခဲ့ပါတယ်။
    ထရမ့်အစိုးရဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလ မှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေဟာ ပိုမို မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ အမေရိကန်ဟာ ပင်လယ်ကွေ့ဒေသမှာ ဗုံးကြဲလေယာဉ်တွေ၊ လေယာဉ်တင်သင်္ဘောတွေ၊ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေ ထပ်မံ ချထားခဲ့ပြီး အီရန်ရဲ့ တိုက်ခိုက်ဖွယ်ရှိမှုကို တုန့်ပြန်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • နိုင်ငံခြားသားများအတွက် ခံစားခွင့်ပိုမိုပါဝင်မည့် အမြဲတမ်းနေထိုင်ခွင့် ပါမစ်သစ်ကို  ဆော်ဒီထုတ်ပေးမည်
    နိုင်ငံခြားသားများအတွက် ခံစားခွင့်ပိုမိုပါဝင်မည့် အမြဲတမ်းနေထိုင်ခွင့် ပါမစ်သစ်ကို ဆော်ဒီထုတ်ပေးမည်
    မေ ၉၊ ၂၀၁၉
    M-Media
    ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်
    -နိုင်ငံခြားက စွန့်ဦးတီလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကျွမ်းကျင်လုပ်သားတွေအတွက် အရင်ကထက် ခံစားခွင့်တွေ ပိုမိုပါဝင်မယ့် အမြဲတမ်းနေထိုင်ခွင့်ပါမစ်အသစ် ထုတ်ပေးရေး ဥပဒေတစ်ခုကို ဆော်ဒီအတိုင်ပင်ခံကောင်စီက မနေ့မှာ အတည်ပြုလိုက်ပါတယ်။
    ဒီဥပဒေကြောင့် နိုင်ငံခြား လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေဟာ ဆော်ဒီနိုင်ငံသား လုပ်ငန်းရှင်၊ အာမခံပေးသူတွေ မလိုအပ်ဘဲ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ကို လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ အမြဲတမ်းနေထိုင်ခွင့်လက်မှတ်ကို Privileged Iqama လို့ ခေါ်ဝေါ်ပြီး အမေရိကန်က Green Card နဲ့ ဆင်တူပါတယ်။
    ပါမစ်ရရှိသူတွေဟာ ဆော်ဒီမှာ အမြဲတမ်းနေထိုင်ခွင့်အပြင် ၀န်ထမ်းခန့်ထားခွင့်၊ မြေယာ၊ အဆောက်အဦးနဲ့ အစီးအနင်းတွေ ပိုင်ဆိုင်ခွင့်၊ နိုင်ငံအတွင်း အချိန်မရွေး ၀င်ထွက်သွားလာခွင့်၊ မိသားစုနဲ့ ဆွေမျိုးတွေကို အလည်ဗီဇာနဲ့ ခေါ်ယူခွင့်တွေလို အခြား အခွင့်အရေးတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။
    ဆော်ဒီရဲ့ အမြဲတမ်းနေထိုင်ခွင့်ပါမစ်မှာ နှစ်မျိုးရှိပြီး တစ်မျိုးက အချိန်ကန့်သတ်မထားတဲ့ ပါမစ်နဲ့ နောက်တစ်မျိုးက တစ်နှစ်သက်တမ်းရှိပြီး နှစ်စဉ် သက်တမ်းတိုးနိုင်မယ့် ပါမစ်တို့ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ သက်တမ်းမကုန်သေးတဲ့ နိုင်ငံကူးလက်မှတ်၊ ဆေးမှတ်တမ်း၊ ရာဇ၀တ်မှုကင်းရှင်းမှုမှတ်တမ်း၊ Credit မှတ်တမ်းတွေ လိုအပ်ပါတယ်။
    ၂၀၁၃ ခုနှစ် မှတ်တမ်းတွေအရ ဆော်ဒီအာရေဗျမှာ နိုင်ငံခြားအလုပ်သမား ၉ သန်းလောက်ရှိပြီး အများစုဟာ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အာဖရိက နိုင်ငံတွေက ဖြစ်ပါတယ်။
    Ref: Alarabiya