News @ M-Media

Tag: SaudiArabia

  • အကြမ်းဖက်ဝါဒကြောင့် ပျက်စီးခဲ့ရသည့် မြို့များအကြောင်း ဆော်ဒီတွင် ပြသ

    အကြမ်းဖက်ဝါဒကြောင့် ပျက်စီးခဲ့ရသည့် မြို့များအကြောင်း ဆော်ဒီတွင် ပြသ

    ဧပြီ ၁၉၊ ၂၀၁၉
    M-Media

    ပြပွဲမှ ပြခန်းတစ်ခု

    – အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတွေကြောင့် ပျက်ဆီးသွားတဲ့ မြို့တွေရဲ့ လက်ရှိပုံရိပ်တွေ၊ ဖျက်ဆီးမခံရခင် မူရင်းပုံစံတွေကို နည်းပညာအသုံးပြု  ပြသတဲ့ ပြပွဲတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံမြို့တော် ရီယာ့ဒ်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပြီး သမိုင်းကို သင်ခန်းစာယူနိုင်ဖို့ ဖြစ်ပါတယ်။

    Cities Destroyed by Terrorism (အကြမ်းဖက်ဝါဒကြောင့် ပျက်ဆီးသွားသည့် မြို့ကြီးများ) ဆိုတဲ့ အဲဒီပြပွဲကို ဗုဒ္ဓဟူးနေ့က ဆော်ဒီအမျိုးသားပြတိုက်မှာ
    ပြသခဲ့တာဖြစ်ပြီး ဆော်ဒီယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပြင်သစ်က Arab World Institute အဖွဲ့တို့က ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။ ပြပွဲကို မေလ ၁၈ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး ညနေ ၄ နာရီကနေ ည ၁၀ နာရီအတွင်း ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    ပြပွဲမှာ အကြမ်းဖက်အဖွဲ့တွေ၊ အစွန်းရောက်အဖွဲ့တွေကြောင့် ပျက်ဆီးသွားတဲ့မြို့တွေ၊ ဒီအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့မြို့တွေ၊ သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုနေရာတွေကို virtual reality နည်းပညာနဲ့ ပြသထားပါတယ်။ ဒါဟာ အာရပ်ဒေသရဲ့ သမိုင်းဝင်နေရာတွေကို ထိန်းသိမ်းဖို့၊ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ပြည်သူလူထုကို သတင်းစကားပေးဖို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။

    ပြပွဲကို အီရန်ဝန်ကြီးချုပ် အဘ်ဒူလ် မဟ်ဒီအပါအ၀င် နိုင်ငံခြားတိုင်းပြည်တွေက သံတမန်တွေ၊ တတ်သိပညာရှင်တွေ၊ ဆော်ဒီအစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့လက်အောက် ကျရောက်ခဲ့ပြီး ဖျက်ဆီးခံခဲ့ရ အီရတ်နိုင်ငံက မူဆိုးလ်မြို့နဲ့ နိုင်နီဗာဟ်ဒေသ၊ ဆီးရီးယားက အဲလစ်ပိုနဲ့ ပါလ်မိုင်ရာ ဒေသတွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း ပြသထားပါတယ်။ ဒါ့အပြင် အဲဒီမြို့တွေ ဖျက်ဆီးမခံရခင်က အခြေအနေတွေကိုလည်း နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ပြသထားပါတယ်။

    “ဒီလိုအခြေအနေမျိုးဟာ သူတို့အတွက် အန္တရာယ်များတဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် ဒီနေရာတွေ ဖျက်ဆီးမခံရခင်နဲ့ ဖျက်ဆီးခံရပြီး နောက်ပိုင်းက အခြေအနေတွေကို သိရှိဖို့တော့ အရေးကြီးပါတယ်။ မူဆိုးလ်လို့ မြို့က ဗိသုကာလက်ရာတွေ၊ သမိုင်းအမွေအနှစ်တွေလို အမှတ်တရတွေကို ကမ္ဘာကြီးကို ပြသတာလည်း ဖြစ်ပါတယ်။ ဒါတွေဟာ အာရပ်ဒေသတစ်ခုတည်းရဲ့ အမွေအနှစ်မဟုတ်ဘဲ ကမ္ဘာ့လူသားတိုင်းရဲ့ အမွေအနှစ်ပါ။ ဒါကိုနားလည်ဖို့ အရေးကြီးပါတယ်” လို့ ပြပွဲကို စီစဉ်သူ အော်ရယ်လီ ကလီမန်တီ ရူအစ်ဇ်က ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • နှစ် ၃၀ အတွင်း ပထမဆုံး ဆော်ဒီကောင်စစ်ဝန်ရုံး အီရတ်တွင် ဖွင့်လှစ်

    နှစ် ၃၀ အတွင်း ပထမဆုံး ဆော်ဒီကောင်စစ်ဝန်ရုံး အီရတ်တွင် ဖွင့်လှစ်

    ဧပြီ ၅၊ ၂၀၁၉
    M-Media

    ကောင်စစ်ဝန်ရုံးဖွင့်ပွဲမြင်ကွင်း

    – နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံအကြိမ်အဖြစ် ဆော်ဒီအာရေဗျဟာ အီရတ်နိုင်ငံမှာ ကောင်စစ်ဝန်ရုံးတစ်ခုကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကန်ဒေါ်လာ ၁ ဘီလီယံဖိုး အကူအညီပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

    ကောင်စစ်ဝန်ရုံးကို ဘဂ္ဂဒတ်မြို့က လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ‘အစိမ်းရောင်ဇုံ’ မှာ မနေ့က ဖွင့်လှစ်ခဲ့ပြီး ဆော်ဒီ ကုန်သွယ်ရေးဝန်ကြီး မာဂျစ် ဘင် အဘ်ဒူလာ အလ်-ကာဆာဘီနဲ့ အီရတ် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အလ်-ဟာကင်တို့ တက်ရောက်ခဲ့ပါတယ်။

    အလ်-ကာဆာဘီက ကောင်စစ်ဝန်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဟာ နိုင်ငံဆက်ဆံရေးမှာ ကဏ္ဍသစ်တစ်ရပ် စတင်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရတ်နိုင်ငံက ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ ချေးငွေထုတ်ပေးမှာဖြစ်ပြီး ပို့ကုန်တိုးတက်ရေး ကန်ဒေါ်လာ သန်း ၅၀၀ထောက်ပံ့ကာ ဘဂ္ဂဒတ်မြို့ ဆင်ခြေဖုံးမှာ လူတစ်သိန်း ကြည့်ရှုနိုင်တဲ့ အားကစားကွင်းတစ်ခု ဆောက်လုပ်ပေးသွားမယ်လို့ ကာဆာဘီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဏာရှင် ဆက်ဒမ်ဟူစိန်လက်ထက် ၁၉၉၀ မှာ အီရတ်က ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် ဆော်ဒီနဲ့ အီရတ်တို့ သံတမန်အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သံအဆက်အသွယ် ပြန်လည်ထူထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အဲဒီတုန်းက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်ဟာ အီရတ်နိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်ခဲ့ပါတယ်။

    ကာဆာဘီက အီရတ်မြို့ကြီးတွေမှာ နောက်ထပ် ကောင်စစ်ဝန်ရုံး ၃ ခု ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရတ်ကိုရောက်နေတဲ့ ဆော်ဒီကိုယ်စားလှယ်အဖွဲ့ဟာ အီရတ်သမ္မတ အဒဲလ် အဘ်ဒူလ် မဟ်ဒီ၊ အစိုးရအကြီးတန်းတာဝန်ရှိသူတွေ၊ အီရတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အီရတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် ရှာဟ်ဖ်က အခုလို ဆော်ဒီကောင်စစ်ဝန်ရုံး ဖွင့်လှစ်လိုက်တဲ့အတွက် ဘုရားဖူးခရီးသွားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အဆင်ပြေမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ကိုလည်း ကုန်သွယ်ရေးအတွက် ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဟဂ်ျနှင့် အွမ္မရာဟ်ဗီဇာကို သံရုံးသွားရန်မလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည်

    ဟဂ်ျနှင့် အွမ္မရာဟ်ဗီဇာကို သံရုံးသွားရန်မလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည်

    မတ် ၁၂၊ ၂၀၁၉
    M-Media

    Maqam Portal ၏ Home Page

    – ဆော်ဒီနိုင်ငံပြင်ပကနေ ဟဂ်ျနဲ့ အွမ္မရာဟ် ဘုရားဖူးခရီး လာရောက်ကြမယ့်သူတွေအနေနဲ့ အွန်လိုင်းကနေတစ်ဆင့် မိနစ်ပိုင်းအတွင်း ဗီဇာလျှောက်ထားနိုင်မယ့်စနစ်ကို စတင်တော့မယ်လို့ ဆော်ဒီအာရေဗျ ဟဂ်ျနဲ့ အွမ္မရာဟ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

    “တိုင်းပြည်ပြင်ပက လာရောက်ကြသူတွေအနေနဲ့ ဗီဇာရဖို့အတွက် ကုမ္ပဏီတွေ၊ အေးဂျင့်တွေနဲ့ ဆက်သွယ် ဆောင်ရွက်ရပါတယ်။ အဲဒီနိုင်ငံတွေက ဟဂ်ျနဲ့ အွမ္မရာဟ် ၀န်ဆောင်ခွင့်ရသူတွေကို အွန်လိုင်းကနေ ဗီဇာထုတ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဟဂ်ျနှင့် အွမ္မရာ အီလက်ထရောနစ်စနစ်ဆိုင်ရာ အကြီးအကဲ အဘ်ဒူရဟ်မန် ရှမ်က ပြောပါတယ်။

    ဟဂ်ျနဲ့ အွမ္မရာ သွားရောက်ရာမှာ ခရီးသွားအစီအစဉ်နဲ့ တည်းခိုနေထိုင်ရာနေရာတွေကို ကြိုတင်သိရှိ ဘိုကင်လုပ်နိုင်မယ့် ၀ဘ်ဆိုက်တစ်ခုကို ဆော်ဒီက ပြီးခဲ့တဲ့နှစ်မှာ စတင်စမ်းသပ် အသုံးပြုခဲ့ပြီး Maqam Portal လို့ ခေါ်ဆိုပါတယ်။

    အခုဆောင်ရွက်မယ့် အီလက်ထရောနစ်ဗီဇာစနစ်မှာ နိုင်ငံခြားသားတွေဟာ Portal ကို ၀င်ရောက်ပြီး ခရီးစဉ်အတွက် ၀န်ဆောင်မှု Package တွေကို ရွေးချယ်ကာ ဗီဇာပါ တစ်ပါတည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    “အီလက်ထရောနစ်ဗီဇာ ထုတ်ပေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနတွေနဲ့ အနီးကပ် ဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ ဖောင်ဖြည့်တာတွေကို မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်ကိုင်ကာ သံရုံးသွားရတာတွေ လိုအပ်တော့မှာ မဟုတ်ပါဘူး” လို့ ရှမ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အခုလို အီလက်ထရောနစ်ဗီဇာ ထုတ်ပေးမယ့်စနစ်ကြောင့် ဟဂ်ျနဲ့ အွမ္မရာဟ် ဘုရားဖူးလာရောက်သူအရေအတွက် မြင့်တက်လာမယ်လို့ ဆော်ဒီက မျှော်လင့်ထားပါတယ်။ အခုနှစ်အတွက် အွမ္မရာဟ်ဘုရားဖူးဗီဇာ ၄.၃၃ သန်းကို ဆော်ဒီက ထုတ်ပေးထားပြီး ဖြစ်ပါတယ်။

    အခုလို အီလက်ထရောနစ်ဗီဇာစနစ်ကြောင့် ဘုရားဖူးခရီးစဉ်ကို ပိုမိုချောမွေ့စေပြီး၊ ပြင်ဆင်ရတဲ့အချိန်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဆော်ဒီရဲ့ Vision 2030 စီမံကိန်းအရ အွမ္မရာဟ်ဘုရားဖူးသူ သန်း ၃၀ ကျော်လောက်ကို စွဲဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

    Maqam Portal ကို ဇန်န၀ါရီမှာ ထပ်မံ အဆင့်မြှင့်တင်ခဲ့ပြီး စတင်စမ်းသပ်တဲ့ ကာလအတွင်းမှာ လူ ၁.၁ သန်းလောက် အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာ မက္ကာ၊ မဒီနာ ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံပေါင်း ၃၀ ကျော်အတွက် ၀န်ဆောင်မှုတွေကို Portal မှာ ကြည့်ရှု ရယူနိုင်ပါတယ်။

    ဟဂ်ျနဲ့ အွမ္မရာဟ် ခရီးစဉ်အတွက် အသေးစိတ်နဲ့ ဗီဇာလျှောက်ထားမှုကို https://eservices.haj.gov.sa/eservices3/pages/home.xhtml?dswid=5134 လင့်မှာ ကြည့်ရှု လုပ်ဆောင်နိုင်ပါတယ်။

    Ref: Arab News

  • ဆော်ဒီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံပေါင်း ၃၆ နိုင်ငံက ရှုတ်ချ

    ဆော်ဒီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံပေါင်း ၃၆ နိုင်ငံက ရှုတ်ချ

    မတ် ၈၊ ၂၀၁၉
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေကို ရှုတ်ချတဲ့ ကြေငြာချက်တစ်ခုကို ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ နိုင်ငံပေါင်း ၃၆ နိုင်ငံက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

    မနေ့က ဒီကြေငြာချက်ကို လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေထဲမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ စလုံး ပါဝင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးကောင်စီ တည်ထောင်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက ဆော်ဒီကို ပထမဆုံး ရှုတ်ချမှု ဖြစ်ပါတယ်။

    ဆော်ဒီအနေနဲ့ ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ ဝေဖန်ရေး ဂျာနယ်လစ် ဂျမားလ်ကာရှိုဂျီ အသတ်ခံရမှု ကိစ္စအတွက် ကုလဦးဆောင်တဲ့ အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    “မစ္စတာ ကာရှိုဂျီ အသတ်ခံရမှုက ဂျာနယ်လစ်တွေကို ကာကွယ်ဖို့နဲ့ ကမ္ဘာတစ်ဝှမ်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းသိမ်းဖို့ လိုအပ်နေတယ်ဆိုတာကို ထပ်မံ မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးမှုဟာ လွတ်လပ်ပြီး ပွင့်လင်းမြင်သာရှိဖို့ လိုအပ်ပါတယ်။ ကျူးလွန်သူတွေကို အပြစ်ပေးကို ပေးရပါမယ်” လို့ ကြေငြာချက်မှာ ရေးသားထားပါတယ်။

    လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ ဂျာနယ်လစ်တွေ အပါအ၀င် အများပြည်သူလူထုဟာ သူတို့ရဲ့ အတွေးအမြင်တွေကို လွတ်လပ်စွာ ဖော်ပြခွင့်၊ အသင်းအဖွဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်တွေကို စိုးရိမ်စရာမရှိဘဲ ဆောင်ရွက်နိုင်ရေးအတွက် အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ပေးဖို့လည်း ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

    ဗုဒ္ဓဟူးနေ့က ကုလ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ မီချဲလ် ဘာချီလတ်ရဲ့ မိန့်ခွန်းမှာလည်း ဆော်ဒီအနေနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ၁၀ ဦးကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဖမ်းဆီးထားသူတွေဟာ လျှပ်စစ်ရှော့တိုက်တာ၊ ကြာပွတ်နဲ့ရိုက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အခြား ညှင်းပမ်းနှိပ်စက်မှုတွေကို ခံစားခဲ့ရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဆော်ဒီကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ဆော်ဒီဘုရင်နှင့် အိမ်ရှေ့မင်းသားတို့အကြား တင်းမာမှုရှိနေဟု ဗြိတိန်သတင်းစာ ဖော်ပြ

    ဆော်ဒီဘုရင်နှင့် အိမ်ရှေ့မင်းသားတို့အကြား တင်းမာမှုရှိနေဟု ဗြိတိန်သတင်းစာ ဖော်ပြ

    မတ် ၆၊ ၂၀၁၉
    M-Media

    – ယီမင်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်မှု အပါအ၀င် ကိစ္စတော်တော်များများမှာ ဆော်ဒီဘုရင် ဆလ်မန်နဲ့ သားဖြစ်သူ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့အကြား သဘောထားကွဲလွဲကာ တင်းမာမှုတွေ ရှိလာတယ်လို့ ဗြိတိန်သတင်းစာ Guardian က အမည်မဖော်လိုတဲ့ ရင်းမြစ်တွေကို ကိုးကားပြီး မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    ဖေဖော်ဝါရီလအတွင်း ဘုရင်ကြီး အီဂျစ်ကို သွားတဲ့အချိန်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပြီး၊ မင်းသားက ဆန့်ကျင်ဖက်တွေ လုပ်လိမ့်မယ်လို့ အကြံပေးတွေက ဘုရင်ဆလ်မန်ကို သတိပေးခဲ့ကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက Guardian ကို ပြောကြားခဲ့ပါတယ်။

    အီဂျစ်ခရီးစဉ်မှာ ဘုရင်ကြီးရဲ့ လုံခြုံရေးစီစဉ်မှုကို ခေါင်းခေါက်ရွေးထားတဲ့ လူ ၃၀ နဲ့ အစားထိုးခဲ့ပြီး အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ ဖြုတ်ချခဲ့တဲ့အတွက် ဘုရင်ဆလ်မန်ကို သစ္စာခံသူတွေက စိုးရိမ်ခဲ့ပါတယ်။ ဘုရင်ကြီး ဆော်ဒီကို ပြန်ရောက်တဲ့အခါ လာကြိုတဲ့ ခေါင်းဆောင်တွေထဲမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ပါဝင်ခြင်း ရှိပါဘူး။

    အလ်ဂျီးရီးယားနဲ့ ဆူဒန်တို့က ဆန္ဒပြသူတွေအပေါ် ဘုရင်ကြီးရဲ့ တင်းမာတဲ့သဘောထား၊ ယီမင်စစ်ပွဲက သုံ့ပန်းတွေအပေါ် ဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး သားအဖနှစ်ယောက် သဘောကွဲကြတယ်လို့ ရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပြည်တွင်းမှာ တော်ဝင်မိသားစုက ပြိုင်ဘက်တွေကို ရှင်းလင်းတာ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တာတွေ လုပ်ဆောင်ခဲ့ပြီး၊ တင်းမာတဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့်လည်း ဝေဖန်မှုတွေကို ခံနေရပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အစ္စတန်ဘူလ်က ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှုဟာလည်း ဘင် ဆလ်မန်ရဲ့ လက်ချက် ဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါတယ်။ ဒါပေမယ့် မင်းသားဟာ ထရမ့်အစိုးရနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိနေပါတယ်။

    Ref: Aljazeera