စက်တင်ဘာ၊ ၂၁
M-Media
အမျိုးသမီးတို့အား ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ချက်သည် အစ္စလာမ့်ပင်မဥပဒေ(ယှရီအဟ်)အတွင်း တစ်လုံးတစ်ပါဒမျှ မပါရှိပါ။ ၄င်းမှာ ဆော်ဒီအာရေဗျ၏ စည်းမျဉ်းသာဖြစ်သည်ဟု ယှရီအဟ်ကြပ်မတ်ရေးဆိုင်ရာ ဌာနအကြီးအကဲမှ ရိုက်တာ သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အမျိုးသမီးများ ယာဉ်မောင်းနှင်ခွင့်မရှိသော ဆော်ဒီ၏ပေါ်လစီအား ပြုပြင်ပြောင်းလဲနိုင်သည့် အခွင့်အာဏာ မိမိထံတွင် မရှိကြောင်း၊ သို့သော် စည်းကမ်း ချိုးဖောက်မှုအဖြစ် အမျိုးသမီးတို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြသည်နှင့်စပ်လျဉ်း၍ မိမိ၏သုံးသပ်မှတ်ချက်သည် ဆော်ဒီနိုင်ငံတော် အဆင့် ဆွေးနွေးမှုဖြစ်လာနိုင်ကောင်းမည်ဟု ထင်မြင်ကြောင်း ရှိုင်းခ် အဗ်ဒုလ် လသွီးဖ် အလ် အလ်ရှိုင်းခ်မှ ဆိုလိုက်သည်။
ယင်းကိစ္စသည် ဆော်ဒီအာရေဗျ၏တရားဝင်ဥပဒေ၌ ရေးသားချက် တစ်စုံတစ်ရာ မရှိချေ။ တရားစီရင်ရေး နှင့် ရဲဌာနတို့က တားမြစ်ပိတ်ပင်ချက်ပြုလုပ်ထားခဲ့ခြင်း၊ လူထုအား အနှောင့်အယှက်ဖြစ်စေမှုဟုဆိုလျက် အရေးယူ ဒဏ်ငွေဆောင်စေခြင်းသာဖြစ်ပြီး ဒေသတွင်း၏ ရှေးရိုးစွဲဓလေ့ကဲ့သို့ တည်ရှိလာရသည်။
အလ် အလ်ရှိုင်းခ်အား သာသနာ့ရေးရာစောင့်ကြည့် စိစစ်ရေး ဖြစ်သော Commission for the Promotion of Virtue and the Prevention of Vice ဌာန၏အကြီးအကဲအဖြစ် ဘုရင် အဗ်ဒုလ္လာဟ်က ယမန်နှစ်တွင် ခန့်အပ်ခဲ့သည်။ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ရေနံတင်ပို့ရောင်းချသည့်နိုင်ငံ၏ ဘုရင် အဗ်ဒုလ္လာဟ်သည် လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတို့၏ အရေးပါမှုအခန်းကဏ္ဍမြှင့်တင်ရေး အပါအ၀င် လူမှုစီးပွားပြုပြင်ပြောင်းလဲမှုများကို သတိကြီးစွာ ဆောင်ရွက်လျက်ရှိသည်။
မိမိသည် ဌာနအကြီးအမှူးအနေနှင့် ဘုရင့်နိုင်ငံ၏ ဥပဒေစည်းမျဉ်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း မူဝါဒချမှတ်မှု မပြုကြောင်း၊ မိမိအား ခန့်အပ်တာဝန်ပေးမှု မတိုင်မီက ထိန်းသိမ်းရေးရဲတို့၏ အထက်ပါ လုပ်ဆောင်ချက်မျိုးကို မသိရှိကြောင်း၊ အာရဗ်နေ့စဉ်သတင်းစာ al-Hayat ၏ကြာသပတေးနေ့တင်ပြချက်ဖြစ်သည့် အနာဂတ်ကာလတွင် ၄င်းကိစ္စကို ဆက်လက်လုပ်ဆောင်ရန် သို့မဟုတ် ရပ်တန့်ရန် မိမိမှ ညွှန်ကြားခဲ့သည်ဟုဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ညွှန်ကြားချက်သစ် တစ်စုံတစ်ရာကိုမျှ ထုတ်ပြန်ထားမှု မရှိကြောင်း အလ်အလ်ရှိုင်းခ်က ပြောပြခဲ့သည်။
၎င်းမှာ စွန္နီအစ္စလာမ့်လောက၌ ယှရီအဟ်ကို တင်းကြပ်စွာဖွင့်ဆိုခဲ့သော ၀ဟာဗီကျောင်းတော်ဝါဒကို ဘုရင့်နယ်မြေတွင် တရားဝင်ကျင့်သုံးမှု အဖြစ်ပြဋ္ဌာန်းခဲ့ချိန် ၁၉၃၀ ခုနှစ်များကာလအတွင်း သွတ်သွင်းခဲ့သည့် တရားမ၀င် သတ်မှတ်ချက်တစ်ရပ်သာ ဖြစ်၏။ ယခုသော် ပင်တိုင်ဝန်ထမ်းများ၊ နှစ်စဉ်ဘတ်ဂျက်များနှင့်တစ်ကွ ရုံးဌာနတစ်ခုပင် ဖြစ်နေပေသည်။
အလ်အလ်ရှိုင်းခ်သည်လည်း ယခင်အကြီးအမှူးဟောင်းများနည်းတူ သာသနာ့ပညာရှင် တစ်ဦးဖြစ်၏။
“ ဘုရင်အဗ်ဒုလ္လာဟ်ရဲ့လက်ထက်ဟာ ဒီကော်မရှင်အဖွဲ့အပါအ၀င် နိုင်ငံ့အဖွဲ့အစည်းအားလုံးအတွက် ပြန်လည် ပြုပြင်တည်ဆောက်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ခေတ်ကာလပါပဲ။ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ သြဇာကို အတိုင်းထက်အလွန် အသုံးချလာယင် ဥပဒေနဲ့ကြပ်မတ်သွားရပါလိမ့်မယ်။ ယှရီအဟ်ဥပဒေကို သူတို့ဆန္ဒအတိုင်း လိုရာဆွဲ ဖွင့်ဆိုတာမျိုး ကျွန်တော်တို့ ခွင့်မပြုနိုင်ဘူး ” ဟု လွန်ခဲ့သော ၁၈ လကတည်းက ပုံရိပ်ကောင်းအောင် စွမ်းစွမ်းတမံ ကြိုးစားမြှင့်တင်နေသူဖြစ်သော အလ်အလ်ရှိုင်းခ်မှ ဆိုပါသည်။
အတိုင်ပင်ခံ ယှူရာကောင်စီ၌ အမျိုးသမီးများကို ခန့်အပ်တာဝန်ပေးခြင်း နှင့် အမျိုးသမီးများအလုပ်လုပ်ကိုင်ခွင့် ကဲ့သို့သော ဘုရင်အဗ်ဒုလ္လာဟ်၏ ပြန်လည်ပြုပြင် တည်ဆောက်ရေး အားထုတ်မှုများမှာ ရှေးရိုးစွဲ ၀ဟာဗီဓမ္မဆရာများနှင့်၎င်းတို့၏ကျောင်းတော်ဝါဒီတို့၏ အတိုက်အခံပြုမှုများကို ရင်ဆိုင်ရလေ့ရှိသည်။
ဆော်ဒီအမျိုးသမီးများအဖို့ ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ခံရခြင်းသာမက ခရီးထွက်ခြင်း၊ အလုပ်အကိုင်ရရှိရေး၊ ဘဏ်စာရင်းဖွင့်ခြင်း၊ ခွဲစိပ်ကုသမှုများ အတွက် သွေးရင်းသားချင်းတော်စပ်သည့် အမျိုးသားတစ်ဦး၏ ခွင့်ပြုလက်ခံမှုအား ရယူနေကြရ၏။ ရှေးရိုးစွဲဝါဒီတို့မင်းမူထားသော အစ္စလာမ့်ဘုရင့်နယ်မြေရှိ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ အုပ်စုများက (ယှရီအဟ် မဟုတ်သည့်) လူလုပ်ဥပဒေများကို အပြောင်းအလဲပြုလုပ်စေရန် အလိုရှိနေကြပေသည်။
Ref: http://english.alarabiya.net