News @ M-Media

Tag: SaudiArabia

  • အရှေ့အလယ်ပိုင်း၏ ပထမဆုံး ကျည်ဆံရထားပိုက်လော့အဖြစ် ဆော်ဒီအမျိုးသမီးများ မှတ်တမ်း၀င်မည်

    အရှေ့အလယ်ပိုင်း၏ ပထမဆုံး ကျည်ဆံရထားပိုက်လော့အဖြစ် ဆော်ဒီအမျိုးသမီးများ မှတ်တမ်း၀င်မည်

    ဇန်န၀ါရီ ၃၊ ၂၀၂၂

    M-Media 


    – ဆော်ဒီအာရေဗျရဲ့ ပထမဆုံး အမျိုးသမီး ကျည်ဆံရထားစက်ခေါင်းမှူး ၃၂ ဦး သင်တန်ပြီးဆုံးပြီး တာ၀န်ထမ်းဆောင်တော့မှာဖြစ်ကြောင်း ဆော်ဒီ မီးရထား၀န်ကြီးဌာန SAR က ဇန်န၀ါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

    အမျိုးသမီးစက်ခေါင်းမှုတွေဟာ ကျည်ဆံရထားလိုင်းတွေ အပါအ၀င် နိုင်ငံရဲ့ ရထားလိုင်းအားလုံးမှာ တာ၀န်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ 

    ပထမအသုတ်အဖြစ် အမျိုးသမီး ၃၂ ဦးကို တစ်နှစ်ကြာ သင်တန်းပေးခဲ့ပြီး ဟာရာမိန်း ကျည်ဆံရထားလိုင်းမှာ စတင် တာ၀န်ထမ်းဆောင်ရမှာပါ။  

    အစ္စလာမ်သာသနာရဲ့ မြင့်မြတ်ရာဒေသတွေဖြစ်တဲ့ မက္ကာ-မဒီနာ ကျည်ဆံရထားလိုင်းမှာ ရထားမောင်းရမယ့် ဆာရာ အလ် ရှဟ်ရီက ဂုဏ်ယူတယ်လို့ ပြောပါတယ်။ 

    “အရှေ့အလယ်ပိုင်းမှာ အမြန်ရထားကို ပထမဆုံး မောင်းရမယ့် အမျိုးသမီးအဖြစ် မှတ်တမ်း၀င်တဲ့အတွက် ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး ဂုဏ်ယူနေကြပါတယ်”

    အခြား ကျည်ဆံရထား စက်ခေါင်းမှူး နိုရာ ဟီရှမ်ကလည်း မက္ကာ-မဒီနာ လိုင်းမှာ တာ၀န်ထမ်းဆောင်ရတာဟာ ဟဂျ်နဲ့ အွမ္မရာ ဘုရားဖူးတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို တာ၀န်ခံရတဲ့အတွက် တာ၀န်ကြီးတယ်လို့ ပြောပါတယ်။ 

    ဆော်ဒီအာရေဗျမှာ ရှေးရိုးစွဲရိုးရာအရ အရင်က အမျိုးသမီးတွေကို ကားမောင်းခွင့်မပေးခဲ့ဘဲ ၂၀၁၈ ခုနှစ်မှာမှ ဒီကန့်သတ်ချက်ကို အစိုးရက ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ 

    ပထမဆုံး ကျည်ဆံရထား ပိုက်လော့သင်တန်းအတွက် ဆော်ဒီအမျိုးသမီး ၂၈၀၀၀ လောက် ၀င်ခွင့်လျှောက်ထားခဲ့ကြပါတယ်။ 

    Ref: Arab News

  • နာမည်ကျော်တိုက်စစ်မှုး ရော်နယ်ဒို ဆော်ဒီရောက်ပြီ

    နာမည်ကျော်တိုက်စစ်မှုး ရော်နယ်ဒို ဆော်ဒီရောက်ပြီ

    ဒီဇင်ဘာ ၃၁၊ ၂၀၂၂
    M-Media

    -မန်ယူတိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဆော်ဒီကလပ် အလ်-နဆာရ်က သောကြာနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။

    စာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ်အထိ ရှိမှာဖြစ်ပြီး တစ်နှစ်ကို ကန်ဒေါ်လာ ၁၇၅ သန်း ရရှိမှာပါ။

    “နောက်ထပ်နိုင်ငံတစ်ခုမှာ အတွေ့အကြုံသစ် ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဆော်ဒီက အမျိုးသား၊ အမျိုးသမီး ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလ်-နဆာရ်အသင်း ရည်မှန်းချက်ကြီးကြီးထားပြီး လုပ်ဆောင်နေတာဟာ သိပ်ကို အားကျစရာကောင်းပါတယ်။ ကမ္ဘာ့ဖလားမှာ ဆော်ဒီအသင်းရဲ့ ခြေစွမ်းကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ ဆော်ဒီဟာ ဘောလုံးအားကစားမှာ ရည်မှန်းချက်ကြီးမားပြီး အလားအလာရှိတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။”

    “ဥရောပဘောလုံးလောကမှာ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပြီးတဲ့နောက် ကျွန်တော့်အတွေ့အကြုံကို အာရှမှာ မျှ၀ေဖို့ အချိန်ကျပြီလို့ ကျွန်တော် ခံစားရပါတယ်။ အသင်းဖော်အသစ်တွေနဲ့ တွေ့ရဖို့၊ အသင်း အောင်မြင်မှုရအောင် ဆောင်ရွက်ပေးဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ရော်နယ်ဒိုက လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    နို၀င်ဘာလ ရုပ်သံအင်တာဗျူးတစ်ခုမှာ မန်ယူအသင်းနဲ့ နည်းပြတို့ကို ရော်နယ်တို့က ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ပြီးတဲ့နောက် မန်ယူက ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

    Ref: ESPN

  • ဆော်ဒီနှင့် တရုတ်တို့ ဆက်ဆံရေးတိုးမြှင့်မည်

    ဆော်ဒီနှင့် တရုတ်တို့ ဆက်ဆံရေးတိုးမြှင့်မည်

    ဒီဇင်ဘာ ၇၊ ၂၀၂၂

    M-Media 


    -တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂ နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ခရီးစဥ်အဖြစ် ဒီကနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာပါတယ်။ 

    သမိုင်းနဲ့ချီပြီးရှိတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန်က ဖိတ်ခေါ်ခဲ့တာလို့ ဆော်ဒီနိုင်ငံပိုင် မီဒီယာတွေက ထုတ်ပြန်ပါတယ်။ 

    ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှီကျင့်ဖျင်ရဲ့ ဒုတိယမြောက် ဆော်ဒီခရီးစဥ်ဖြစ်ပြီး ကိုဗစ်ဖြစ်ပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးစဥ်ပါ။ 

    ရှီရဲ့ ခရီးစဥ်မှာ ကန်ဒေါ်လာ ၂၉.၂၆ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်တွေ ချုပ်ဆိုမှာပါ။ ရီယာ့ဒ်မြို့မှာ ကျင်းပဖို့ရှိတဲ့ တရုတ်-ပင်လယ်ကွေ့ ထိပ်သီးအစည်းအ၀ေးကိုလည်း ရှီက တက်ရောက်မှာ ဖြစ်ပါတယ်။ 

    အာဏာရ တရုတ်ကွန်မြူနစ်အာဘော်သတင်းစာ Global Times က ဒီထိပ်သီးအစည်းအ၀ေးဟာ တရုတ်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေအကြား ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး အာရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ တရုတ်နိုင်ငံမှာ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera

  • ၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲကို ဆော်ဒီက ကျင်းပခွင့်ရဖွယ် ရှိနေ

    ၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲကို ဆော်ဒီက ကျင်းပခွင့်ရဖွယ် ရှိနေ

    ဒီဇင်ဘာ ၅၊ ၂၀၂၂

    M-Media 


    -၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်လျှောက်ထားမှုကနေ အိန္ဒိယနိုင်ငံ နှုတ်ထွက်သွားတဲ့အတွက် ဆော်ဒီအာရေဗျက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရဖွယ်ရှိနေပါတယ်။

    ပြိုင်ပွဲကို လက်ခံကျင်းပဖို့အတွက် ကာတာ၊ အိန္ဒိယနဲ့ ဆော်ဒီတို့က လျှောက်ထား ထားကြတာပါ။ 

    ၂၀၂၃ ခုနှစ် ပြိုင်ပွဲကို တရုတ်ကိုယ်စား ကျင်းပဖို့အတွက် ကာတာက စက်တင်ဘာလမှာ လက်ခံခဲ့ပြီး၊ အိန္ဒိယကလည်း လိုအပ်တဲ့ အဆောက်အဦးတွေ အချိန်မီ ဆောက်လုပ်နိုင်မယ့် အနေအထား မရှိတဲ့အတွက် စာရင်းကနေ ဒီကနေ့ပဲ နှုတ်ထွက်သွားခဲ့ပါတယ်။     

    အာရှဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်နှစ် ဖေဖော်၀ါရီလမှာ အစည်းအ၀ေးလုပ်ပြီး ၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်နိုင်ငံကို ထုတ်ပြန်မှာပါ။

    ဆော်ဒီအာရေဗျဟာ အာရှဖလားကို ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိထားပေမယ့် အိမ်ရှင်အဖြစ် လက်ခံကျင်းပထားခြင်း မရှိသေးပါဘူး။ 

    ၂၀၂၆ ခုနှစ် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အခုနှစ်အစောပိုင်းမှာ ဆော်ဒီက လျှောက်ထားထားပါတယ်။ 

    Ref: Reuters

  • ဆော်ဒီနည်းပညာမြို့တော်သစ်မှ အလုပ်အကိုင်အခွင့်အလမ်းများကို သီရိလင်္ကာက အရယူမည်

    ဆော်ဒီနည်းပညာမြို့တော်သစ်မှ အလုပ်အကိုင်အခွင့်အလမ်းများကို သီရိလင်္ကာက အရယူမည်

    ဒီဇင်ဘာ ၃၊ ၂၀၂၂

    M-Media 


    -အသစ်ဆောက်လုပ်နေတဲ့ ဆော်ဒီအာရေဗျ နည်းပညာမြို့တော်က ပေါ်ထွက်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကို အရယူနိုင်ဖို့အတွက် သီရိလင်္ကာအစိုးရက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ 

    နီအွမ် (NEOM) လို့ အမည်ပေးထားတဲ့ နည်းပညာမြို့တော်သစ်ကို နိုင်ငံအနောက်မြောက်ပိုင်း သဘူးက်မြို့မှာ ဆော်ဒီက တည်ဆောက်နေတာဖြစ်ပြီး ၂၀၃၀ မတိုင်ခင် ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 

    ပြီးခဲ့တဲ့လ နီအွန်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ သီရိလင်္ကာ အလုပ်သမား၀န်ကြီး မနျူရှာ နာနာယက်ကာရာက နိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားတွေအနေနဲ့ နီအွန်က အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖမ်းဆုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    “နီအွန်မြို့ အနာဂတ်စီမံကိန်းကြီးကို အကောင်အထည်ဖော်နေတဲ့ အနေအထားကို မြင်ရတာ တကယ့်ကို အံ့အားသင့်စရာ ကောင်းပါတယ်။ စီမံကိန်းသာ ပြီးသွားရင် ခရီးသွားကဏ္ဍနဲ့ ခေတ်သစ်လူနေမှုဘ၀ကို အကြီးအကျယ် ပြောင်းလဲသွားစေမှာပါ”

    ဒီစီမံကိန်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖြစ်ပေါ်စေပြီး နိုင်ငံရပ်ခြား ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အမိအရ ရယူသင့်ကြောင်း၊ နည်းပညာနဲ့ မြို့ပြတည်ဆောက်ရေးနယ်ပယ်က ကျွမ်းကျင်လုပ်သားတွေအတွက် အကောင်းဆုံး အလုပ်အကိုင် အခွင့်အလမ်းကို ရရှိမှာဖြစ်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “သီရိလင်္ကာမှာ ကမ္ဘာ့အဆင့် အင်ဂျင်နီယာတွေ၊ ဗိသုကာပညာရှင်တွေ၊ မြို့ပြစီမံကိန်း ပညာရှင်တွေ အများကြီးရှိိတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှု၊ ဖန်တီးနိုင်စွမ်းတွေက ဒီစီမံကိန်းကို အထောက်အကူပေးနိုင်မှာပါ။ နီအွန်လို စီမံကိန်းမျိုးက ကမ္ဘာမှာ သိပ်မရှိဘူး။ ကျွမ်းကျင်လုပ်သားအများစုအတွက် တစ်သက်မှာ တစ်ခါသာရမယ့် အခွင့်အရေးမျိုးပါ”

    Ref: Arab News