News @ M-Media

Tag: SaudiArabia

  • တိုက်လေယာဉ်မှူးဟောင်း ဒု- လက်ထောက် ၀န်ကြီးချုပ် Muqrin အား ဒုတိယ အိမ်ရှေ့စံအဖြစ် ဆော်ဒီခန့်အပ်

    မတ် ၂၉ ၊ ၂၀၁၄
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ၏ ထောက်လှမ်းရေးအကြီးအကဲဟောင်း Muqrin အား ဆော်ဒီတော်ဝင်မိသားစုက ဒုတိယ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့သည်ဟုသိရသည်။

    d93bdd37-a9e6-4566-b425-0b0d9eb5df87_4x3_296x222
    photo-Al Arabiya

    အသက် ၆၈ နှစ်အရွယ်ရှိ မင်းသား Muqrin bin Abdulaziz မှာ ဆော်ဒီအာရေဗျနိုင်ငံကို တည်ထောင်သူ ဘုရင် Abdulaziz al-Saud ၏ အငယ်ဆုံးသားဖြစ်သည်။

    ဆော်ဒီနိုင်ငံအား အသက် ၉၀ အရွယ်ရှိပြီဖြစ်သည့် ဘုရင် Abdullah  က လက်ရှိတွင် အုပ်ချုပ်နေပြီး Muqrin ၏ ဖအေတူ အမေကွဲ အကိုတော်သူ Salman က အိမ်ရှေ့မင်းသားအရာတွင် ရှိနေသည်။

    လွန်ခဲ့သည့်တစ်နှစ်က တိုင်းပြည်၏ ဒုတိယ လက်ထောက်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် Muqrin မှာ ယခုအခါ ထီးနန်းဆက်ခံရန် စောင့်ဆိုင်းနေရသည့် အိမ်ရှေ့မင်းသားနှင့် ရာထူးခြင်း တူညီသွားပြီဖြစ်သည်။

    ပထမအိမ်ရှေ့မင်သား Salman  မှာ ကျန်းမာရေးဆိုးရွားနေပြီး ထီးနန်းဆက်ခံမှုစာရင်းမှ ထုတ်ပယ်ရန်အတွက် ဆုံးဖြတ်ဖွယ်ရှိနေသောကြောင့် ယခုကဲ့သို့ ခန့်အပ်ခြင်းဖြစ်သည်ဟု ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက AFP သတင်းဌာနသို့ပြောကြားခဲ့သည်။

    “ထီးနန်းဆက်ခံဖို့ နေရာလွတ်သွားတဲ့အခါ အစားထိုးနိုင်ဖို့အတွက် မင်းသား Muqrin ကို သစ္စာတော်ခံ ဒုတိယ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့တာပါ။ နိုင်ငံရဲ့ဘုရင်နဲ့ အိမ်ရှေ့မင်းသားနေရာ တစ်ချိန်းတည်း လစ်လပ်သွားတဲ့အခါ သစ္စာတော်ခံဘုရင်အဖြစ် ခန့်အပ်နိုင်ဖို့ပါ” ဟု ဆော်ဒီတော်ဝင်ခုံရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Muqrin မှာ ငယ်ရွယ်စဉ်က တိုက်လေယာဉ်မှူးအဖြစ် ဗြိတိန်တွင် သွားရောက်လေ့ကျင့်ခဲ့ပြီး၊ ဘုရင် Abdullah  က စတင်ခဲ့သည့် စီးပွားရေးနှင့် လူမှုရေး ဂရုတစိုက် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်ဖွယ်ရှိသည်ဟု လေ့လာသူများကဆိုသည်။
    Agencies

  • ဆားစ်ရောဂါနှင့် ဆက်စပ်သည့်ရောဂါပိုး တစ်မျိုးကြောင့် ဆော်ဒီတွင် လူငယ်တစ်ဦး သေဆုံး

    မတ် ၁၅၊ ၂၀၁၄
    M-Media
    201431411323955734_20
    – ဆားစ်ရောဂါနှင့် ဆက်စပ်သည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါပိုး တစ်မျိုးကြောင့် လူငယ် အမျိုးသား တစ်ဦးသေဆုံး ခဲ့သည်ဟု ဆော်ဒီအာရေဗျနိုင်ငံက သတင်းထုတ်ပြန်ခဲ့သည်။

    သေဆုံးခဲ့သူမှာ မြို့တော်ရီယာ့ဒ် အနောက်တောင်ဘက်ရှိ အလ်ခါ့ဂ်ျမြို့ရှိ အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်သည်ဟု ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဦးရေမှာ ၆၃ ဦးအထိ ရှိလာပြီဖြစ်သည်။

    ထို့ပြင် ထိုဗိုင်းရပ်စ်ပိုး ကူးစက် ခံနေရသည့် ညီအစ်မ ၂ ဦးမှာလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ပြောကြားခဲ့သည်။ အသက်ရှု လမ်းကြောင်းဆိုင်ရာ ဆိုးရွားသော ရောဂါ တစ်မျိုးဖြစ်သည့် ဆားစ်ရောဂါမှာ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ လျင်လျင်မြန်မြန် ပြန့်ပွားခဲ့ပြိး ထိုရောဂါကြောင့် အနည်းဆုံး လူ ၈၀၀ ခန့် သေဆုံးခဲ့ရသည်။

    ယခုတွေ့ရှိရသည့် ဗိုင်းရပ်စ်ပိုးမှာ ဆားစ်ရောဂါနှင့် ဆပ်စပ်နေပြီး မကြာခဏဖြစ်ပွားလေ့ရှိသော အအေးမိရောဂါ အမျိုးအစားတွင် ပါဝင်သည်။

    AP

  • ဒေသတွင်း တည်ငြိမ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆော်ဒီအား အီရန်နိုင်ငံခြားရေး ၀န်ကြီး တိုက်တွန်း

    ဒီဇင်ဘာ- ၅ ၂၀၁၃
    M-Media

    Irans-Foreign-Minister-Mohammad-Javad-Zarif

    ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောဒီအာရဗျနှင့် အီရန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က တိုက်တွန်းပြောကြားခဲ့သည်။

    ထို့ပြင် အီရန်နှင့် ဆောဒီအာရေဗျတို့မှာ ဒေသအတွင်း အင်အားကြီးနိုင်ငံများဖြစ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းအေးချမ်းရေး အတွက် တာဝန်ယူနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဇာရစ်ဖ်မှာ ကူဝိတ်နှင့် အိုမန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ကာတာနိုင်ငံ ဒိုဟာမြို့သို့ တနင်္လာနေ့ကရောက်ရှိလာခဲ့သည်။ ၃ ရက်တာကြာမြင့်သည့် ပင်လယ်ကွေ့နိုင်ငံများသို့ လည်ပတ်မှုအတွင်း နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်းအခြေအနေများအား ဆွေးနွေးခဲ့သည်။
    Source : Presstv

  • လုံခြုံရေးကောင်စီနေရာအား လက်မခံဟု ဆော်ဒီက တရားဝင်ကြေညာ

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media

    Saudi Foreign Minister Prince Saud al-Faisal attends the Gulf Cooperation Council meeting in Doha

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းကို လက်မခံကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ယမန်နေ့တွင် တရားဝင် ကြေညာခဲ့ပြီး၊ ထိုကိစ္စနှင့် ပက်သက်၍ ကုလအထွေထွေအတွင်းရေမှူးချုပ် ဘန်ကီမွန်သို့ အကြောင်းကြားစာ တစ်စောင် ပေးပို့ထားသည်ဟု သိရသည်။

    ဆော်ဒီအာရေဗျနိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ပြီးခဲ့သည့်လက ရွေချယ်ခံရခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ဆီးရီးယားအရေး ဆောင်ရွက်မှုများကို မကျေနပ်သောကြောင့် ထိုစဉ်ကတည်းက ထိုတာဝန်အား လက်မခံကြောင်း ပြောကြားခဲ့ဖူးသည်။

    ထို့ကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံ တစ်ခုဖြစ်သည့် ဂျော်ဒန်နိုင်ငံအနေအဖြင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်ဖြစ်ရန် လမ်းပွင့်သွားပြီဖြစ်သည်။

    လုံခြုံရေးကောင်စီကလည်း ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအမတ်မှ ပေးပို့သည့် အကြောင်းကြားစာ ရရှိခဲ့ကြောင်းကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

    Ref:alarabiya

  • ဆီးရီးယားစစ်ပွဲမှာ ဂျီဟတ် စစ်ပွဲမဟုတ်၊ ဂိုဏ်းဂဏ ရန်ငြှိုးသာဖြစ်ဟု ဆော်ဒီ မွဖ်သီချူပ် ပြောကြား

    အောက်တိုဘာ- ၃၀ ၂၀၁၃
    M-Media

    Sheikh Abdul Aziz Al-Asheikh

    ဆီးရီးယားအာဏာရှင် ဘာရှာအလ်အာဆတ် အစိုးရအား ဖြုတ်ချရန်အတွက် အတိုက်အခံများအား ကူညီရန် ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စလင်လူငယ်များ ဆီးရီးယားသို့သွားရောက်ကာ အတိုက်အခံများဘက်မှ ကူညီတိုက်ခိုက်ပေးနေသော်လည်း ဆော်ဒီ လူငယ်များအနေဖြင့် ဆီးရီးယားသို့ မသွားရန် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၏ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ် က တိုက်တွန်းပြောကြားခဲ့သည်။

    “ဒါ (ဆီးရီးယားသို့ သွားရောက်ပူးပေါင်းမှု) ဟာ လုံးဝကို မှားယွင်းပါတယ်။ မလုပ်မနေရ ၀တ္တရားမဟုတ်ပါဘူး။ ဒီစစ်ပွဲဟာ ဂိုဏ်းဂဏ ရန်ငြှိုးတွေကြောင့်သာဖြစ်ပြီး၊ မွတ်စလင် လူငယ်တွေ မသွားသင့်ပါဘူး။ အဲဒီကိုသွားဖို့ ကျွန်တော် အကြံ မပြုလိုပါဘူး” ဟု ဆော်ဒီ လူငယ်များ ဆီးရီးယားသို့ သွားရောက် တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး ဆော်ဒီမွဖ်သီချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ်  က ပြောကြားခဲ့သည်ဟု al-Hayat နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။

    ထို့ပြင် မိမိမကျွမ်းကျင်သည့်၊ အတွေ့အကြုံမရှိသည့် ဒေသတစ်ခုသို့ သွားရောက်ခြင်းမှာ ထိုဒေသတွင် ရှိနေသူများအား ၀န်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ထိုဒေသရှိ လူများလိုချင်သည့်အရာမှာ ဒိုအာ တောင်းဆုသာဖြစ်ကြောင်း မွဖ်သီချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

    အာဆတ်ဦးဆောင်သည့် အစိုးရတပ်များနှင့် အတိုက်အခံများအကြား ဖြစ်ပွား နေသည့် အဆိုပါစစ်ပွဲမှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး ထိုစစ်ပွဲကြောင့် လူပေါင်း တစ်သိန်းနီးပါး သေဆုံးခဲ့ပြီဖြစ်သည်။ ထို့ပြင် စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံသား ၁ သန်းကျော် ထွက်ပြေးခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများ၌ ခိုလှုံနေရကာ၊ နောက်ထပ် ၂ သန်းကျော်မှာလည်း ဆီးရီးယားနိုင်ငံ အတွင်းတွင် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင် နေရသည်။

    ပြီးခဲ့သည့် ဇွန်လက အာရပ်ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ပညာရှင်များက အလ်အာဆတ်ပေါ် ဂျီဟတ်စစ်ပွဲစစ်ပွဲရန် တိုက်တွန်းခဲ့ကြပြီး၊ အာဏာရှင် ဆန့်ကျင်ရေး စစ်ပွဲမှာ အစ္စလာမ့်စစ်ပွဲအဖြစ် ကြေညာခဲ့သည်။ ထိုကြေညာချက်အပြီးတွင် မွတ်စလင်နိုင်ငံများမှ လူငယ်များမှာ အာဆတ်၏ အစိုးရတပ်များအား တိုက်ခိုက်ရန်အတွက် ဆီးရီးယားသို့ သွားရောက်ခဲ့ကြသည်။

    သို့သော်လည်း ဆော်ဒီမွဖ်သီချုပ်က လူငယ်များအား ဆီးရီးယားတွင်း သွားရောက် တိုက်ခိုက်ရန် တိုက်တွန်းဟောကြားနေသည့် မွတ်စလင် တရားဟောဆရာများအား သတိပေးပြောဆိုခဲ့သည်။

    “မွတ်စ်လင်တွေဟာ အလ္လာဟ်အရှင်မြတ်ကို အကြောက်တရားထားရှိရပါမယ်။ ပြီးတော့ မွတ်စ်လင်မ်လူငယ်တွေရဲ့ အသိအမြင်နည်းမှုနဲ့အားနည်းချက်တွေအပေါ် လှည့်ဖြားအမြတ်ထုတ်ပြီး ချောက်ထဲတွန်းချတာမျိုး မလုပ်အပ်ပါဘူး။ တရားဟောပြောသူတွေက လူငယ်တွေကို မိမိတို့ရဲ့ရင်သွေးငယ်တွေလိုသဘောထားပြီး လမ်းညွှန်ပေးကြဖို့ ကျွန်တော် အကြံပြုလိုပါတယ်” ဟု ဆော်ဒီမုဖ်သီချုပ်၏မိန့်ကြားချက်ကို တနင်္လာနေ့သတင်းစာတွင် ဖော်ပြခဲ့သည်

    Ref: OnIslam

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]