News @ M-Media

Tag: ShortNews

  • ဒီဇင်ဘာ ၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media

    ၂၀၁၃ ခုနှစ်တွင် ဘိန်းခင်း ဟက်တာ ၆၀၀၀ ကျော် ဖျက်ဆီးခဲ့ဟုဆို

    – ၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းစိုက်ပျိုးရေး ရာသီအတွင်း ယခုအချိန်အထိ နိုင်ငံတစ်ဝှမ်း ဘိန်းစိုက်ခင်း ၆၀၂၇ ဟက်တာ ကို မြန်မာအစိုးရက ဖျက်ဆီးခဲ့သည်ဟု မြန်မာနိုင်ငံမူးယစ်ဆန်ကျင့်ရေး တာဝန်ရှိသူများက ယနေ့တွင်ပြောကြားလိုက်သည်။ အောက်တိုဘာလ တစ်လတည်းတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ ဘိန်းစိုက်ခင်း ၅၀၁၉ ဟက်တာ ကို ဖျက်ဆီးခဲ့သည်။

    မြန်မာအစိုးရမှာ ၂၀၁၂ ခုနှစ်တွင် ဘိန်းစိုက်ခင်း စုစုပေါင်း ၂၃၇၇၀ ဟက်တာ ကိုဖျက်ဆီးပစ်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အမှုပေါင်း ၄၀၀၆ ခုမှ တရာခံပေါင်း ၅၇၄၀ ယောက်ကိုလည်း အရေးယူခဲ့သည်ဟု သိရသည်။
    ________________________

    လူနည်းစုဘာသာဝင်များ၏ အခွင့်အရေး ကာကွယ်ပေးမည့် ဥပဒေပြဋ္ဌာန်းရန် ချင်းအမျိုးသား ညီလာခံမှ ပြောကြား

    – လူနည်းစု ကိုးကွယ်တဲ့ ဘာသာဝင်များအား ဖိနှိပ်ချုပ်ခြယ် ခွဲခြားဆက်ဆံမှုများအား လူနည်းစုဘာသာဝင်များ၏ အခွင့်အရေးကို အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန် တောင်းဆိုထားပြီး၊ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့တွေ့ဆုံဆွေနွေးထားကြောင်း၊ နှုတ်မှ ပြောနေခြင်းမဟုတ်ပဲ တကယ့်ဥပဒေနှင့်အညီ ပြဌာန်းပေးရန် အလွန်အရေးကြီးကြောင်း ကို ရန်ကုန်မြို့ Summit Park View တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံတွင် ဆလိုင်းဘွေ့လျန်မန်းမှ ပြောကြားခဲ့ပါသည်။
    ________________________

    ငြိမ်းချမ်းရေးအတွက် လိုင်ဇာထိ လမ်းလျှောက်ခဲ့ကြသူများအား ထောင်ဒဏ်ချမှတ်ခံရ

    – ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာအထိ လမ်းလျှောက်ခဲ့ကြသူများ အနက် ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းတို့အား ၎င်းတို့ ဖြတ်လျှောက်သွားသည့် မြို့နယ် ၇-ခု အတွက် ထောင်ဒဏ် ၇-လ သို့မဟုတ် ငွေဒဏ် ၇-သောင်း ကျခံရန် ရွေးချယ်ခွင့် ပေးခဲ့ပြီး ငွေဒဏ်မဆောင်နိုင်ကြောင်း ငြင်းပယ်သည့်အတွက် ထောင်ဒဏ် ၇-လ ချမှတ်လိုက်ကြောင်း သိရသည်။
    ________________________

    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အရေးကိစ္စ ဆွေးနွေး

    – မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် မှုခင်းအရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီး ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် ပြစ်ဒဏ်လွတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၀-ကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်းနိုင်ရေးအတွက်လည်း မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြကြောင်း သိရသည်။
    ________________________

    မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် သာသနာ နှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း ဓမ္မသဘင်ပြုလုပ်

    – မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် သာသနာ နှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မသဘင်ကို ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ကရင်ခြံရပ်ကွက်တွင် ယနေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ လူမျိုးပေါင်းစုံ ခရစ်ယာန် ၃၀၀၀၀ ၀န်းကျင်တက်ရောက်ခဲ့ကြပါသည်။
    ________________________

    ရခိုင်အမျိုးသား ညီလာခံကို လာမည့် ၂၀၁၄ နှစ်လယ်တွင် ပြုလုပ်မည်

    – ရခိုင်အမျိုးသားညီလာခံတစ်ရပ်ကို လာမည့် ၂၀၁၄-ခု နှစ်လယ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ကျောင်းသား လူငယ်များ အစည်းအရုံး၊ ရခိုင့်တပ်မတော် (AA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) စသည့် ရခိုင် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်တက်ရောက်နေသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆွေးနွေးမှ သိရသည်။

     

  • ဒီဇင်ဘာ ၃၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၃၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    – OIC အား ဆန္ဒပြရာတွင် အစ္စလာမ်ဘာသာအား စော်ကားသော ပိုစတာ ကိုင်ဆောင်ခဲ့မှုအား ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူစုံစမ်းမှု ပြုလုပ်နေပြီဟု ရန်ကုန်မြို့ ဗဟန်းရဲစခန်းက အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

    – သံတွဲမြို့ အကြမ်းဖက်မှုအား ဦးဆောင်သူများဟု နာမည်ကြီးသည့် ဖမ်းဆီးထားသော RNDP ဥက္ကဋ္ဌ ဦးစောလှိုင်၊ ရဲအောင်လံ ကျော်ကျော်အပါအ၀င် အဓိက ဦးဆောင်သူများအား ယနေ့မှာ အာမခံနှင့် ပြန်လွှတ်လိုက်သည့်အတွက် သံတွဲမြို့ခံများအနေနှင့် စိုးရိမ်မှုများ ရှိနေကြောင်း ပြောပြလာပါသည်။

    – ပုဒ်မ ၁၈ အပါအ၀င် ဒီမိုကရေစီ နိုင်ငံနှင့် မသင့်လျော်ပဲ ပြည်သူလူထုအား နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများအား ဒီမိုကရေစီနိုင်ငံနှင့်အညီ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်ကိုက်ညီရန်လိုအပ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေး၊ တရားစွဲဆိုမှုများအား ပလပ်ရေး၊ ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုကို ခွင့်ပြုသည့် သီးခြားနေရာသတ်မှတ်ရန်တို့ကို ပူးပေါင်း ဆန္ဒထုတ်ဖော်တင်ပြရန် အစရှိသည်တို့ အဖွဲ့အစည်း ၅၂-ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ နောက်ဆက်တွဲအဖြစ် ဆန္ဒထုတ်ဖော်တင်ပြရန် အကြို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    – မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာဇာ ယာဉ်ရပ်နားနေရာတွင် ယမန်နေ့ည ၈-နာရီဝန်းကျင်ခန့်က ဗုံးဟု ယူဆရသောအရာအား တွေ့ရှိခဲ့သော်လည်း ဗုံးမဟုတ်ပဲ ၃လက်မခွဲအရှည် သတ္တုချောင်းအား ဒိုင်ခွက်နာရီဖြင့် တွဲထားပြီး ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

    – မြန်မာနိုင်ငံတွင် လွတ်လပ်မှုများ ဖြစ်ပေါ်တိုးတက်လာသည်ဟု ဆိုသော်လည်း ဥပဒေပညာရှင် ရှေ့နေများသည် ကန့်သတ်ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် နိုင်ငံရေးနှင့် ဆက်နွယ်သည့် အမှုများကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေများအတွက်လည်း အာဏာပိုင်များ၏ ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသည့်အတွက် တရားဥပဒေ စိုးမိုးရေးကို များစွာ ထိခိုက်စေကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (ICJ)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် တွေ့ရှိရသည်။

    – နည်းပညာတက္ကသိုလ်ကျောင်းများတွင် AGTI, B-Tech များအောင်မြင်ပြီး ပေါင်းကူးတန်းကို တက်ရောက်ခွင့်မရှိသူများအနေဖြင့် ၀င်ခွင့်စာမေးပွဲကိုကျင်းပပေးရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းဖြစ်ကြောင်း ရှင်းလင်းပွဲကို နစ်နာခဲ့သူများမှ ယနေ့ ဒီဇင်ဘာ ၃-ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

    – လူနှစ်ဦး လိုက်ပါစီးနင်းနိုင်သည့် ရဟတ်ယာဉ်အား မြန်မာနိုင်ငံတွင် ရောင်းချရန်နှင့် ရဟတ်ယာဉ်ထုတ် စက်ရုံတည်ဆောက်ရန် အမေရိကန်နိုင်ငံ အခြေစိုက် Robinson Helicopter ကုမ္ပဏီမှ စီစဉ်နေကြောင်း သိရပါသည်။

    – မြန်မာနိုင်ငံတွင် မကြာမီ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇-ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပွဲတော် အထိမ်းအမှတ် အမှတ်တရ ဈေးရောင်းပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)တွင် ဒီဇင်ဘာလ ၃-ရက်နေ့မှ ဒီဇင်ဘာလ ၇-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါသည်။

    – မိတ္ထီလာ CAMP အတွင်းရှိ ချမ်းအေးသာယာရပ်ကွက်တွင် နေထိုင်ခဲ့သူ အကြမ်းဖက်ခံရသူများ မြေနေရာပြန်ပေးပြီး အချို့အား တိုက်ခန်းများဆောက်လုပ်ပေးမည်ဟု နိုဝင်ဘာ ၃၀-ရက်နေ့က အစည်းအဝေးတွင် သဘောတူညီချက်အား အကြမ်းဖက်ခံရသူများမှ သဘောတူညီလိုက်ကြောင်း သိရသည်။

    #MMedia_MyanShortNews

  • ရဟတ်ယာဉ် အရောင်းပြခန်း မြန်မာနိုင်ငံတွင်ဖွင့်မည်

    ရဟတ်ယာဉ် အရောင်းပြခန်း မြန်မာနိုင်ငံတွင်ဖွင့်မည်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    1451419_10152054731726108_1672386057_n

    အမေရိကန်နိုင်ငံအခြေစိုက် Robinson Helicopter ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် အရောင်းပြန်ခန်းဖွင့်ရန်ရှိနေပြီး၊ ရဟတ်ယာဉ်ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန်လည်း စီစဉ်နေသည်ဟု မြန်မာနိုင်ငံမှ အဆိုပါကုမ္ပဏီနှင့် သိကျွမ်းသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြေကြားမှုကို ကိုးကား၍ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

    လူနှစ်ဦးလိုက်ပါစီးနင်းနိုင်သည့် ရဟတ်ယာဉ်တစ်စင်းကို ရောင်းဈေး ကန်ဒေါ်လာ ၂၇၀၀၀၀ သတ်မှတ်ထားသည်ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်မှ ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာလေကြောင်း ကော်ပိုရေးရှင်းမှလည်း ကိုယ်ပိုင်လေယာဉ်ဝယ်ယူရန် စိတ်ဝင်စားသူများအား ကူညီပေးရန် ကမ်းလှမ်းထားသည်ဟုသိရသည်။

    Robinson Helicopter ကုမ္ပဏီမှာ ယခုလက်ရှိတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ရဟတ်ယာဉ် အရောင်းပြန်ခန်းများ ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံတွင် ရဟတ်ယာဉ် ထုတ်လုပ်သည့် စက်ရုံတစ်ခုကိုလည်း ဆောက်လုပ်ထားသည်။

    Ref : DVB English Version

  • ဒီဇင်ဘာ ၂၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၂၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media

    ဓါတ်ပုံအညွန်း - မဝေေ၀နု ဖေ့ဘွတ်စာမျက်နှာမှ
    ဓါတ်ပုံအညွန်း – မဝေေ၀နု ဖေ့ဘွတ်စာမျက်နှာမှ

    – ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell အပါအ၀င် ရိုဟင်ဂျာ ကိုယ်စားလှယ်များ၊ ရခိုင်ပါတီ ကိုယ်စားလှယ်များ၊ ကမန်ကိုယ်စားလှယ်များ၊ အစ္စလာမ်ဘာသာရေး အဖွဲ့ခေါင်းဆောင်များနှင့် ဦးအေးလွင်၊ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်မှ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်တို့သည် မနေ့က ဒီဇင်ဘာ ၁-ရက်နေ့မှာ ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ရခိုင်ပဋိပက္ခကော်မရှင်ရုံးခန်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

    – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အား အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ တုန့်ပြန်ပြောဆိုမှုသည် စစ်အစိုးရ၏ တုန့်ပြန်မှုကဲ့သို့ဖြစ်ပြီး လက်ရှိအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးကို မလားဟု ယူဆဖွယ်ဖြစ်နေသည်ဟု NLD က ယနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

    – ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ငွေဆောင်မြိုကနယ်ခွဲရှိ စံပြ လယ်ယာဧက ၁၀၀ ကို သွားရောက်ကြည့်ရှု၍ လယ်သမားများနှင့် တွေ့ဆုံရာတွင် မင်းသားကြီးမလုပ်ရသဖြင့် ပတ်မကြီးထိုးဖောက်သည့် နိမ့်ကျသောစိတ်ဓါတ်များ ဖျောက်ဖျက်ရန်လိုသည်ဟု သမ္မတ ဦးသိန်းစိန်မှ သတိပေးပြောကြားလိုက်ကြောင်း အစိုးရထုတ် သတင်းစာများ၌ ဖော်ပြထားကြောင်း သိရပါတယ်။

    – သြစတေးလျနိုင်ငံကို သီတင်းတစ်ပတ်ကြာ ခရီးသွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီး NLD ပါတီဝင် တစ်ထောင်ကျော်က သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

    – ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ ပူးပေါင်းရေးအတွက် ကိုယ်စားလှယ် ၅-ဦးစီပါဝင်တဲ့ ကော်မတီကို ဖွဲ့ထားပြီးဖြစ်ကြောင်း သိရပါတယ်။

    – မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်သည့် ဥပဒေနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မှာ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါတယ်။

    – ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား ၈၂-ဦးစာရင်းကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် AAPP တို့မှ စာရင်းပြုစုကောက်ယူထားပြီး ၎င်းတို့အား နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ခြင်း ရှိ၊ မရှိကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးစီးသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီမှ စိစစ်မည်ဖြစ်ကြောင်း သိရပါတယ်။

     

  • ဒီဇင်ဘာ ၁၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၁၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၁၊ ၂၀၁၃
    M-Media

    551388_10152121680198128_190391399_n

    – အဆင့်အတန်းခွဲခြားဆက်ဆံခံရတာကို ဆန့်ကျင်တိုက်ဖျက်ရတာဟာ ကြောက်ရွံ့ခြင်းက လွတ်ကင်းအောင် ကျွန်မကိုယ်တိုင် လှုပ်ရှားရုန်းကန်နေရတာမျိုးဖြစ်ပါတယ်၊ ခွဲခြားဆက်ဆံခံရမှုလုံးဝ မရှိစေရေးကို ရင်ထဲအသည်းထဲက စတင်ဖို့လိုပြီး မတူကွဲပြားတာတွေက လူသားပိုမိုပီသဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်သင့်ပါတယ်လို့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ Melbourne မြို့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

    – ဧက ၆၀၀၀ ကျယ်ဝန်းသည့် သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းများ စတင်တော့မည်ဖြစ်ပြီး ၂၀၁၅-ခုနှစ်မှာ အပြီးသတ်နိုင်ရန် မျှော်လင့်ကာ သီလ၀ါက စီးပွားရေးလုပ်ငန်းများအား စတင် လုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်းမှာပင် အလုပ်အကိုင်နေရာပေါင်းများစွာကို ဖန်တီး ပေးနိုင်မည်ဟု အစိုးရတာဝန်ရှိသူများက မျှော်လင့်ထားကြောင်း သိရပါတယ်။

    – ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည့် Ooredoo ကုမ္ပဏီမှ ၀န်ထမ်းများ ခေါ်ယူသည့် Job Fair ကို ပြုလုပ်နေပြီး ၀န်ထမ်းအင်အား ၃၀၀ အထိ ခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရပါတယ်။

    – ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာများအား နိုင်ငံသားပြုခွင့်ပေးရန် ဆိုသည့် ကုလသမဂ္ဂ၏ အစီရင်ခံစာနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြပွဲကို ရခိုင်များနှင့် နိုင်ငံရေး ပါတီတချို့မှ လူ ၅၀၀ နီးပါးခန့်က ယနေ့မှာ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

    – ရန်ကုန်မြို့ ရွှေဂုံတိုင်ရပ်ကွက်ရှိ လေးလမ်းသွား ခုံးကျော်တံတားအား ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ယနေ့ ဒီဇင်ဘာ ၁-ရက်နေ့ နေ့လည်ပိုင်းမှ စတင်၍ ခွင့်ပြုလိုက်ပြီဖြစ်ပြီး မကြာခင်မှာ တံတားဖွင့်ပွဲ အခမ်းအနား ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

    – ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံ မြို့နယ်အများအပြားတွင် ပြုလုပ်ခဲ့ကြပြီး ပညာပေးအစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။