News @ M-Media
Tag: ShortNews
  • နိုဝင်ဘာ ၁၅ နိုင်ငံတကာသတင်း
    နိုဝင်ဘာ- ၁၅ ၂၀၁၃
    M-Media
    ဆီးရီးယားအား စစ်ရေးအကူအညီပေးနေသည်ဆိုသည့် သတင်းကို မြောက်ကိုရီးယားငြင်းဆို
    ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် အတိုက်အခံများအား နှိမ်နှင်းရန် ဆီးရီးယားအစိုးရသို့ စစ်ရေးအရ ထောက်ပံ့မှုများပြုလုပ်နေသည် ဆိုသည့်သတင်းအား မြောက်ကိုရီးယားက ငြင်းဆိုလိုက်သည်။
    မီဒီယာများက မြောက်ကိုရီးယားမှာ ဆီးရီးယားသို့ စစ်ဘက်ဆိုင်ရာအကြံပေးများ ရဟတ်ယာဉ် မောင်းသူများ ပေးပို့ခဲ့သည်ဟု သတင်းများအား ဖော်ပြခဲ့ပြီးနောက် မြောက်ကိုရီးယားက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
    Jerusalem Post သတင်းစာက မြောက်ကိုရီးယား လေယာဉ်မှူး ၁၅ ဦးမှာ ဆီးရီးယားစစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသည်ဟု မကြာသေးခင်က ဖော်ပြခဲ့ပြီး ဆီးရီးယားရှိ လူ့အခွင့်အရေး အကြံပေးအဖွဲ့ကလည်း ထိုသတင်းအား အတည်ပြုခဲ့သည်။
    မြောက်ကိုရီးယားမှာ ဆီးရီးယားနှင့် ဆက်ဆံရေးကောင်းများရှိပြီး ယခင်က ပိုလိုနီယမ် ဓာတ်ပေါင်းဖိုတစ်ခုကိုလည်းဆီးရီးယားတွင် တည်ဆောက်ပေးခဲ့ဖူးသည်။ ထို့ပြင် ဆီးရီးယား၏ ဓာတုလက်နက်ထုတ်လုပ်ရေး အစီအစဉ်များတွင်လည်း မြောက်ကိုရီးယားနှင့် ဆက်သွယ်မှုများရှိသည်ဟု သိရသည်။
    Ref:aljazeera
    2013111511236993734_20
    ………………………………
    အစိုးရက အလုပ်အကိုင်များလျှော့ချမှုကြောင့် ဂရိတွင် အစိုးရ၀န်ထမ်းများဆန္ဒပြ
    နိုင်ငံတကာမှ ချေးငွေများ ဆက်လက်ရရှိရန်အတွက် လိုအပ်သော အလုပ်နေရာလျော့ချမှုများအား အစိုးရမှ ပြုလုပ်ခဲ့သောကြောင့် ဂရိနိုင်ငံရှိ အစိုးရ ၀န်ထမ်းများက ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။
    အဆိုပါဆန္ဒပြပွဲအား မြို့တော်အေသင်တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာများ၊ အခွန်ဌာနမှဝန်ထမ်းများနှင့် ဆေးရုံလုပ်သားများ ပါဝင်ခဲ့ကြပြီး၊ ၀န်ကြီးချုပ် အန်တိုနစ် ဆာမာရက်စ်ဦးဆောင်သည့် အစိုးရနှင့် နိုင်ငံအား ငွေကြေးကူညီထောက်ပံ့နေကြသည့် ဥရောပယူနီယံ၊ ဥရောပ ဗဟိုဘဏ်နှင့် နိုင်ငံတကာ ငွေးကြေး ရန်ပုံငွေအဖွဲ့တို့အား ဆန့်ကျင်သည့် ကြွေးကျော်သံများကို ကျွေးကြော်ခဲ့ကြသည်။
    ဘဏ္ဍာရေးပြဿနာများကို ရင်ဆိုင်နေရသည့် ဂရိနိုင်ငံမှာ ယခုအချိန်အထိ နိုင်ငံတကာမှ အကူအညီကို နှစ်ကြိမ်တိုင်တိုင် ယူခဲ့ရပြီး စုစုပေါင်း ယူရို ဘီလီယံ ၂၄၀ ရှိသည်။ ထို့ပြင် ထပ်မံ၍ ယူရို ၁ ဘီလီယံအကူအညီရနိုင်ရန်အတွက် နိုင်ငံအတွင်း အလုပ်အကိုင်လျှော့ချရေးစီမံချက်များကိုလည်း လုပ်ဆောင်လျက်ရှိသည်။
    Ref:presstv
    …………………………………..
    နယူးအော်လင်းတွင် သားအဖနှစ်ဦးသေနစ်ဖြင့် ပစ်သတ်ခံရ
    အမေရိကန်ပြည်ထောင်စု နယူးအော်လင်းပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ညကဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတစ်ခုအတွင်း သားအဖနှစ်သေဆုံးခဲ့သည်ဟု သိရသည်။
    ထိုသားအဖနှစ်ဦးမှာ Crescent မြို့သို့သွားရောက်စဉ် ည ၉ နာရီဝန်းကျင်အချိန်၌ လူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၇ လအရွယ်ရှိသည့် သားငယ်လေးမှာ ဦးခေါင်း၏ ၀ဲဘက်တွင်သေနတ် ထိမှန်ခဲ့ပြီး ဆေးရုံးသို့ပို့ဆောင်ပြီးနောက်ပိုင်း သေဆုံးကြောင်း ကြေညာခဲ့သည်။
    ပစ်ခတ်မှုနှင့်ပက်သက်၍ မည်သူ့ကိုမျှဖမ်ဆီးနိုင်ခြင်းမရှိသေးဘဲ၊ တရားခံအား အမြန်ဆုံးဖမ်မိနိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိ ကြောင်း နယူးအော်လင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    အမေရိကန်တွင်သေနတ်ဖြင့် ပစ်ခတ်မှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့တွင် မူလတန်းကလေးငယ် ၂၀ ဦးသေဆုံးခဲ့သည့် ပစ်ခတ်မှုနောက်ပိုင်း၊ ယခုအချိန်အထိ သေနတ်ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည့် အရေအတွက်မှာ ၃၀၀၀ ကျော်ရှိပြီဖြစ်သည်။
    Ref:presstv
    …………………………….
    ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအား မကျေနပ်သောကြောင့် ပဲရစ်တွင် ဆန္ဒပြ
    ပညာရေးကဏ္ဍတွင် အစိုးရက ပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကို မကျေနပ်သောကြောင့် ပြင်သစ်ရှိကျောင်းဆရာများက မြို့တော်ပဲရစ်တွင် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ကျောင်းဆရာများမှာ ပဲရစ်မြို့တော်ခန်းမမှ ပညာရေးဝန်ကြီးရုံးအထိ ချီတက်ခဲ့ကြပြီး မူလတန်းကျောင်းများအတွက် ပညာရေးဝန်ကြီး ဗင်းဆင့် ပိုင်လွန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
    ပိုင်လွန်မှာ မူလတန်းကျောင်းတက်ရက်အား ၄ ရက်ခွဲသတ်မှတ်ခဲ့ပြီး ပုံမှန်ကျောင်းပိတ်သည့် ဗုဒ္ဓဟူးနေ့တွင် နေ့တစ်ဝက်တက်စေခဲ့သည်။ ထိုနေ့တစ်ဝက်တွင် သင်ရိုးတွင်မပါသည့် လှုပ်ရှားမှုများလုပ်စေခဲ့ကာ ပုံမှန်စာသင်ရက်များ၏ အချိန်အား အနည်းငယ် လျော့ချခဲ့သည်။
    ထိုအစီအစဉ်အား မြို့ကြီးများရှိကျောင်းများတွင် ကျင့်သုံးခဲ့သော်လည်း နိုင်ငံတစ်ဝှမ်းရှိ ကျောင်းအများအပြားတွင် ကျင့်သုံးခြင်းမရှိသေးဘဲ ၂၀၁၄ခုနှစ် စက်တင်ဘာလအထိ ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့သည်။
    Ref:presstv
  • နိုဝင်ဘာ ၁၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု
    နိုဝင်ဘာ ၁၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု
    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    နိုင်ငံတော်သို့ အကြွေးများပေးဆပ်ရန် ၀န်ကြီးဌာနများကို ပြည်ထောင်စု လွှတ်တော် ဖိအားပေး
    အစိုးရ၀န်ကြီးဌာန ၁၉-ခုမှ နိုင်ငံတော်သို့ ပေးဆပ်ရန်ရှိနေသည့် အကြွေးငွေ ဘီလျံပေါင်းများစွာအား ပေးဆပ်နိုင်ရန် ဆောင်ရွက်နေပြီး မပေးဆပ်သည့် သူများကို တည်ဆဲ ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကတိအတိုင်း ဆောင်ရွက်ကြရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ဒုဝန်ကြီးများ လာရောက်
    ဖြေဆိုကြစဉ်က ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက တိုက်တွန်း ပြောကြားလိုက်ကြောင်း ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
    _______________________
    မြန်မာနိုင်ငံရေးအပြောင်းလဲအတွက် ချီးကျူးဝမ်းသာသလို အကြမ်းဖက်မှုတွေအားလည်း စိတ်မချမ်းမြေ့ကြောင်း သမ္မတဟောင်း ကလင်တန်ပြော
    မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများက ကိုယ်စားလှယ် ၂၀၀ ခန့်နဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ယနေ့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံရေးအပြောင်းအလဲများ စတင်လိုက်သည့်အပေါ် ကမ္ဘာတ၀န်းလုံးက ချီးကျူး ၀မ်းမြောက်ကြသကဲ့သို့ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုများနဲ့ပတ်သက်ပြီးလည်း စိတ်မချမ်းမြေ့ဖြစ်ကြရကြောင်း ပြောကြားခဲ့တယ်လို့ RFA သတင်းမှ တဆင့် သိရှိရပါတယ်။
    ______________________
    ရခိုင်ပြည်နယ် အကြမ်းဖက်ခံရသူများအား လူသားချင်းစာနာမှုအပိုင်းတွင် စိုးရိမ်ဖွယ်ရှိသေးကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်
    ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရသည့်အတွက် အိုးအိမ်စွန့်ခွာခဲ့ရသူများ နေထိုင်ရန် ယာယီတန်းလျားများအား မိုးရာသီအတွင်း ဆောက်ထားမှုသည် တိုးတက်မှု ဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားမှု အနေအထားမှာမူ စိုးရိမ်ဖွယ်ဖြစ်နေသေးကြောင်း၊ အကြမ်းဖက်မှု ကျူးလွန်သူများနှင့် မတရားပြုလုပ်သူများကို ခွဲခြားမှုမရှိဘဲ အစိုးရက ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူသင့်သည်ဟု မှတ်ချက်ပြုကြောင်း အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်လိုက်တယ်လို့ မဇ္ဈိမသတင်း ဌာနအား ကိုးကား၍ ဖော်ပြလိုက်ပါတယ်။
    ______________________
    နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် အဖွဲ့အား လက်ခံတွေ့ဆုံ
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် ဒုတိယ ဥက္ကဋ္ဌ မစ္စ ကက်သရင်း အက်ရှ်တန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၅-နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုအခြေအနေ၊ ငြိမ်းချမ်းရေး တည်ဆောက်နေမှု အခြေအနေ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် ပါရှိသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးမှုနှင့် ကုန်သွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါတယ်။
    ______________________
    မုန်တိုင်းအလွန် ဖိလစ်ပိုင်တွင် အခက်အခဲများနှင့် ကြုံတွေ့နေရ
    နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသော မုန်တိုင်းဒဏ် ခံရပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် အစားအသောက်များ၊ ဆေးဝါးများ နည်းပါးမှု၊ ဥပဒေချိုးဖောက်မှုများနှင့် သေဆုံးသူ များ၏ ရုပ်အလောင်းများအား အချိန်မီမြှုပ်နှံနိုင်မှု မရှိသောကြောင့် အသက်ရှင်သူများ၏ ကျန်းမာရေးအား ခြိမ်းခြောက်နေမှု စသည့် အခက်အခဲများနှင့် ကြုံတွေ့ နေရသည်ဟု သိရသည်။
    သေဆုံးသူများ၏ ရုပ်အလောင်းများအား မြှုပ်နှံရန်အတွက် အစိုးရအနေဖြင့် အမိန့်ပေးထားပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကတ်ဘိနတ်၏ အတွင်းရေးမှူး ရီနီ အလ်မန် ဒရက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    မုန်တိုင်းကြောင့် Leyte ပြည်နယ် Tacloban မြို့တွင် ၅ မီတာအမြင့်ရှိ လှိုင်းလုံးကြီးများ တက်လာခဲ့ပြီးနောက် အားလုံးနီးပါးပျက်ဆီးခဲ့ပြီး ထိုမြို့တစ်ခုတည်းတွင်ပင် သေဆုံးသူ တစ်သောင်းခန့်ရှိမည်ဟု ကုလသမဂ္ဂက တွက်ချက်ခဲ့သည်။ သို့သော်လည်း သေဆုံးသူမှာ ၂၅၀၀ ထက် မကျော်ဟု ဖိလစ်ပိုင် သမ္မတ အကွီနိုက ပြောကြား ခဲ့သည်။
    မုန်တိုင်းတိုက်ခတ်ပြီး ၅-ရက် ကြာမြင့်နေပြီဖြစ်သော်လည်း မုန်တိုင်းကြောင့် သေဆုံးသွားသူများကို မြှုပ်နှံနိုင်ခြင်းမရှိသေးပေ။
    “အလောင်းတွေကိုရှင်းလင်းတာ ရပ်တန့်သွားတဲ့အချက်ကတော့ ကျွန်တော်တို့မှာ အလောင်းတွေကို ထုတ်ဖို့ အိတ်တွေကုန်သွားလို့ပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် တို့မှာ အိတ် ၄၀၀၀ ရှိပါပြီး။ သေဆုံးသူ ၄၀၀၀ ရှိတယ်လို့မဆိုလိုပါဘူး။ အိမ်တွေကုန်သွားမှာစိုးလို့ ပိုယူထားတာပါ” ဟု အလ်မန်ဒရက်စက ထည့်သွင်းပြောကြား ခဲ့သည်။
    သို့သော်လည်း ယမန်နေ့ကသေဆုံးသူများကို မြှုပ်နှံရန်စီစဉ်ချိန်တွင် သေနတ်ဖြင့် ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး၊ အစိုးရမှ ဆန်များပေးဝေရာနေရာသို့ တိုးဝှေ့ သွားရောက် ခြင်းကြောင့် လူ ၈-ဦး သေဆုံးခဲ့ရသည်ဟု Tacloban မြို့ မြို့တော်ဝန် အလ်ဖရက် ရိုမူလ်ဒဇ်က ပြောကြားခဲ့သည်။
    Ref : Aljazeera
    Phi______________________
    ဗြိတိန်သူလျှိုတစ်ဦးအား သေဆုံးလျက်တွေ့ရှိ
    ဗြိတိန်သူလျှို့အဖွဲ့ MI6 မှ ၀န်ထမ်းတစ်ဦး၏ ပုပ်သိုးဆွေးမြေ့နေသော ရုပ်အလောင်းအား ရေချိုးဇလုံအနီး သော့ခတ်ထားသည့် အိတ်အတွင်းတွင် တွေ့ရှိခဲ့ရပြီး ၎င်းမှာ မတော်တဆ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    အ၀တ်ဗလာဖြင့်သေဆုံးနေသည့် အဆိုပါဝန်ထမ်းမှာ MI6 ထောက်လှမ်းရေး အဖွဲ့တွင် စကားဝှက် သင်္ကေတများကို ဖော်ထုတ်ရသူအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဂါရက်ဝီလီယံဖြစ်မည်ဖြစ်ဟု ယူဆရပြီး စုံစမ်းစစ်ဆေးမှုးများအရ လုပ်ငန်းနှင့်ပက်သက်၍ အသတ်ခံရခြင်းမဟုတ်ဘဲ မတော်တဆ သေဆုံးခဲ့ခြင်းသာ ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ လက်ထောက် မဟာမင်းကြီး မာတင်ဟေးဝစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အသက် ၃၁-နှစ်အရွယ်ရှိပြီဖြစ်သည့် ၀ီလီယံမှာ MI6 အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၃-နှစ်ကြာမြင့်ခဲ့ပြီး နိုင်ငံရပ်ခြား သူလျှိုကိစ္စရပ်များအား လုပ်ဆောင် ရသူဖြစ်သည်။ ၀ီလီယံမှာ ယမန်နှစ်က သေဆုံးခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်မေလက သေမှုသေခင်းအရာရှိမှ ၀ီလီယံမှာ အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့ သေးသည်။
    သူ၏ ရုပ်အလောင်းအား MI6 အဖွဲ့ချုပ်အနီးတွင်ရှိသည့် သူ၏ နေအိမ်တွင် တွေ့ရှိခဲ့ရပြီး ခန္ဓာကိုယ်အား စစ်ဆေးကြည့်ရာ အရက်၊ မူယစ်ဆေးနှင့် အဆိပ်တို့ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်းတွေ့ရှိခဲ့ရပြီး၊ သေဆုံးခဲ့သည့် ရေချိုးခန်းအတွင်း သဲလွန်စများနှင့် အခြားသူများ၏ DNA ကိုလည်း တွေ့ရခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြန်လည်၍ သတင်းထုန်ပြန်ခဲ့သည်။
    Ref : Aljazeera
    ______________________
    အိန္ဒိယတွင် ဘတ်စ်ကားမီးလောင်ပြီး လူ ၇ ဦး သေဆုံး
    အိန္ဒိယတောင်ပိုင်းတွင် ယမန်နေ့က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၇-ဦး သေဆုံးခဲ့ပြီး ၄၀ နီးပါးဒဏ်ရာရရှိခဲ့သည်။
    ယမန်နေ့ နံနက် ၂-နာရီ ၄၅-မိနစ်တွင် နိုင်ငံတောင်ပိုင်း Karnataka ပြည်နယ်၏ မြို့တော် ဘန်ဂလူရူမှ မွန်ဘိုင်းသို့ အရှိန်ပြင်းစွာမောင်းနှင်နေသည့် Volvo အမျိုးအစား ခရီးသည်တင်ယာဉ်မှာ အဝေးအပြးလမ်းမ-၄ ရှိ တံတားတစ်ခုကိုတိုက်မိခဲ့ရာ ဆီတိုင်ကီကို ထိခိုက်မိသွားပြီး မီးထလောင်ခဲ့ခြင်းဖြစ်သည်။
    သေဆုံးခဲ့သူများတွင် ကလေးငယ်တစ်ဦးပါဝင်ခဲ့ပြီး၊ အလောင်းများမှာ မီးများကျွမ်းနေသောကြောင့် မည်သူမည်ဝါမှန်းခွဲခြားမသိကြောင်း၊ ထိုဘတ်စ်ကားနှင့် လိုက်ပါ သွားသည့် ခရီသည်မှာ ၅၂-ဦးရှိကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ခရီးသည်များမှာ အိပ်ပျော်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    လွန်ခဲ့သည့် သီတင်းသုံးပတ်ကလည်း Andhra Pradesh ပြည်နယ်တွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၄၅-ဦးသေဆုံးခဲ့သည်။
    Ref : Xinhua
    ______________________
    ဘရာဇီးတွင် လူဖြူများထက် လူမည်းများ ၀င်ငွေနည်းပါး
    ဘရာဇီးနိုင်ငံရှိ အာဖရိကသွေးပါသော နိုင်ငံသားများမှာ အာဖရိကသွေးမပါသည့် အခြားသောနိုင်ငံသားများထက် ၀င်ငွေ ၃၆ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာ ဆန်းစစ်မှုများအရသိရသည်။
    ထိုလေ့လာမှုအား စာရင်အင်းနှင့် စီးပွားရေးဆိုင်ရာများကို အထူးပြုလေ့လာသည့် Inter-Union ဌာနမှကောက်ယူခဲ့ခြင်းဖြစ်ပြီး ဘရာဇီးနိုင်ငံ လူမည်းများနေ့ မတိုင်မီ တစ်ပါတ်အလို ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
    အလယ်တန်းအဆင့် ပညာအရည်အချင်းရှိသည့် လူမည်းတစ်ဦးမှာ တစ်နာရီလုပ်အားခ ၅.၂၇ ရီယဲလ် (ကန်ဒေါ်လာ ၂.၂၇)သာ ရရှိပြီး၊ လူမည်းမဟုတ်သည့် နိုင်ငံသား များမှာ လုပ်အားခ ၆.၄၆ ရီယဲလ်(ကန်ဒေါ်လာ ၂.၇၈) ရရှိပြီး ၁၈.၅ ရာခိုင်နှုန်းကွာဟမှုရှိနေသည်။
    ထိုကဲ့သို့ကွာဟမှုမှာ ပညာတတ်သည့် အသိုင်းအ၀ိုင်းတွင် ပိုမိုကြီးမားပြီး ဘွဲ့ရ လူမည်းတစ်ယောက်နှင့် ဘွဲ့ရလူဖြူတစ်ယောက်၏ ၀င်ငွေမှာ ၄၀ ရာခိုင်နှုန်း ကွာဟကြောင်း တွေ့ရှိရသည်။
    ထို့ပြင်လူမည်းမဟုတ်သည့် ဘရာဇီးနိုင်ငံသားများ၏ ခေါင်းဆောင်မှုနေရာ ရရှိမှုမှာ ၁၈.၁ ရာခိုင်နှုန်းရရှိပြီး၊ လူမည်းများ၏ ခေါင်ဆောင်နေရာရရှိမှုမှာ ၃.၇ ရာခိုင်နှုန်း ရှိလေသည်။
    Ref : Xinhua
    ______________________
    ပင်ဆယ်လ်ဗားနီယားတွင် သေနစ်ပစ်မှုဖြစ်ပွား ကျောင်းသား ၃ ဦးသေဆုံး
    အမေရိကန်ပြည်ထောင်စု ပင်ဆယ်လ်ဗားနီးယားပြည်နယ်ရှိ အထက်ကျောင်းတစ်ခုတွင် ယမန်နေ့က သေနစ်ပစ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၃-ဦးသေဆုံး ခဲ့သည်ဟု သိရသည်။
    တမင်ရည်ရွယ်ကာကျူးလွန်ခဲ့သည့် ထိုသေနစ်ပစ်မှုမှာ ပစ်ဘာ့ဂ်မြို့ရှိ Brashear အထက်တန်းကျောင်း အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သည့် ကျောင်းသားများ မှာ အသက် ၁၇-နှစ် ရွယ်တစ်ဦးနှင့် အသက် ၁၅-နှစ်အရွယ် နှစ်ဦးတို့ဖြစ်ကြကာ ကျောင်းသို့သွားမည့် ကားအနီးသို့ လမ်းလျှောက်သွားစဉ် ခေါင်းနှင့် လည်ပင်းတို့တွင် ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
    ထိုကျောင်းမှာ ပစ်ဘာ့ဂ်မြို့တွင်ရှိသည့် အကြီးဆုံးကျောင်းများအနက်မှ တစ်ကျောင်းဖြစ်ပြီး ပညာသင်ယူနေသော ကျောင်းသား ၁၅၀၀ ရှိသည်။ အခင်းဖြစ်ပွားပြီးနောက် အနီးအနားရှိအိမ်များမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ငါးဦးကို ထိန်းသိမ်းထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    မကြာသေးခင်ကလည်း ဒက်ထရွိုက်မြို့နှင် နယူးဂျာဆီတို့တွင် ပစ်ခတ်မှုသုံးခုဖြစ်ပွားခဲ့သေးသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက ကွန်နက်တီကတ်ပြည်နယ် နယူးတောင်း မြို့ရှိ မူလတန်းကျောင်းတစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီးနောက် ယခုအချိန်အထိ အမေရိကန်နိုင်ငံတစ်ဝှမ်း သေနစ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၃၀၄၀၀
    ကျော်သေဆုံးခဲ့ပြီဟု သိရသည်။
    Ref : Press TV
    ______________________
    အစ္စရေးကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနား ဂါဇာတွင်ပြုလုပ်
    အစ္စရေးကပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်ဒေသအပေါ် ယမန်နှစ်က ပြုလုပ်ခဲ့သည့် ၈-ရက်ကြာ ကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနားအား ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းများက ကျင်းပခဲ့ကြသည်ဟုသိရသည်။
    အစ္စလာမ့်မစ်ကာကွယ်ရေးလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်နှင့် အစ္စလာမ့်မစ်ဂျေဟာဒ် လှုပ်ရှားမှုအဖွဲ့များ၏ အဖွဲ့ဝင်များအပါအ၀င် ပါလက်စတိုင်းနိုင်ငံသား ထောင်ပေါင်း များစွာတို့က ဂါဇာရှိလမ်းများပေါ်တွင်စုရုံးကာ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများအတွက် ပြန်လည်ခုခံရန် အဆင်သင့်ရှိကြောင်း ပြသခဲ့ကြသည်။
    ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင် ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် ပါလက်စတိုင်း အရပ်သား ၁၆၀ ကျော်သေဆုံးခဲ့ပြီး ၁၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
    ၂၀၀၈ ခုနှစ်ကလည်း ဂါဇာဒေသအား အစ္စရေးတို့က ၂၂ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း အရပ်သား ၁၄၀၀ ကျော်သေဆုံးခဲ့ကာ သေဆုံးသူများထဲတွင် ကလေးငယ် ၃၀၀ ကျော် ပါဝင်ခဲ့သည်။
    Ref : Press TV
    ______________________
    စစ်ရေးလေ့ကျင့်ခန်းများအား ပြန်လည်စစ်ဆေးရန် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ပေးခံရ
    ဝေးလ်နိုင်ငံတောင်ပိုင်းတွင် ပူပြင်းသောနေ့များတွင် ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုကြောင့် စစ်သားသုံးဦး သေဆုံးခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်းများမှ ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ဆေးလုပ်ဆောင်ရန် အမိန့်ပေးခြင်းခံခဲ့ရသည်ဟု သိရသည်။
    ဝေးလ်နိုင်ငံတောင်ပိုင်း Brecon Beacon ဒေသတွင် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ခဲ့သည့်စစ်သားများအနက် အသက် ၃၁ နှစ်အရွယ် ဂျွန်မဟာ၊ အသက် ၂၄-နှစ်အရွယ် ဂျွန်ရောဘတ်နှင့် အသက် ၃၁ နှစ်အရွယ် ဂျိမ်းဒန်စဘီတို့မှာ ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် သေဆုံးခဲ့ရသည်။
    ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အမှုဆောင်အဖွဲ့(HSE) ကဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်သားများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းအတွက် လုံလောက်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိဟု ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ရေးသားထားသည်။
    ထို့ပြင် HSE စစ်ဆေးရေးမှူးက ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများကြောင့် ဖြစ်ပေါ်လာတက်သော ဆိုးရွားသည့် အန္တရာယ်များနှင့် စပ်လျဉ်းပြီး အရေးယူ ဆောင်ရွက်မှုများပြုလုန်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ အမိန့်ပေးခဲ့သည်။
    ထိုအမိန့်အရ ကာကွယ်ရေးဝန်ကြီးဌာနမှာ ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ အပါအ၀င် စစ်ရေးလေ့ကျင့်မှုများတွင် ဖြစ်ပေါ်တတ်သည့် အန္တရာယ်များကို စစ်ဆေးရန် နိုဝင်ဘာလ အကုန်အထိ အချိန်ရရှိမည်ဖြစ်သည်။
    Ref : Press TV
    ______________________
    တူရကီ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ် ဒီနေ့စတင်မည်
    ကမ္ဘာပေါ်တွင် နှိပ်စက်ညှင်းပမ်းမှု အခံရဆုံး လူသားများအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့် ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေအား အလေးထား လေ့လာရန် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု သိရသည်။
    ကြာသာပတေးနေ့(ယနေ့)တွင် လာရောက်မည်ဖြစ်ပြီး နှစ်ရက်တာကြာမြင့်မည့် အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံရှိ မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို အလေးထား ကြည့်ရှုသွားမည်ဖြစ်သည်။
    Davutoglu မှာ ရခိုင်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအကြား အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။
    ထိုအကြမ်းဖက်မှုများကြောင့် လူအများအပြားသေဆုံးခဲ့ပြီး သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။ ကုလသမဂ္ဂ၏ အဆိုအရ ၂၀၁၂ နှစ်ကုန်ပိုင်းတွင်ပင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ၁၂၅၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။
    ညှင်းပမ်းနှိပ်စက်မှုများနှင့် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင်များအား မြန်မာအစိုးရက ခိုးဝင်လာသူများဟု အမည်တပ်ထားပြီး နိုင်ငံသား သို့မဟုတ် တိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ်လည်း အသိအမှတ်ပြုထားခြင်းမရှိပေ။ ရိုဟင်ဂျာများ၏ နောက်ဆုံး အခြေအနေများကို OIC အဖွဲ့က ဖွဲ့စည်းပေးထားသည့် ရိုဟင်ဂျာ ဆက်သွယ်ရေး အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့က ဆောက်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ ဂျီဘောက်တီ၊ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့ ပါဝင်ကြသည်။
    Ref: Worldbulletin
    ဓါတ်ပုံအညွှန်း- နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ပုံရိပ်အချို့
    ______________________
  • နိုဝင်ဘာ ၁၃ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း စုစည်းမှု
    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media
    မြန်မာပြည်ကို ရောက်ရှိနေတဲ့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် နိုဝင်ဘာ- ၁၄ ရက်နေ့မှာ ဒုတိယသမ္မတ စိုင်းမောက်ခမ်းဦးဆောင်တဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သမ္မတရဲ့ပြောခွင့်ရသူ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် မှာ ပြောကြားချက်ကို RFA မှ ဖော်ပြချက်အရသိရပါတယ်။
    ပြည်တွင်းမှာ သုံးစွဲနေတဲ့ ပိုက်ဆံတွေကို ဗိုလ်ချူပ်အောင်ဆန်း ရုပ်ပုံနှင့် ဖော်ပြဖို့ အဆိုကို လွှတ်တော်မှာ ဦးသိန်းညွန့်က တင်သွင်းခဲ့ပြီး ဗဟိုဘဏ်က အလျဉ်းသင့်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း BBC မှာ ဖော်ပြပါတယ်။
    ပြီးခဲ့တဲ့ မတ်လတုံးက မွတ်စလင်မ် များကို အကြမ်းဖက်မှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့တဲ့  မိတ္တီလာမြို့က  ဗုဒ္ဓ ဘာသာဝင်တွေက အိုအိုင်စီအဖွဲ့ကို ဆန္ဒပြဖို့ ပြင်ဆင်နေကြောင်း The Voice Weekly ရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။ အိုအိုင်စီ ကိုယ်စားအဖွဲ့ဟာ မိတ္တီလာမြို့က အကြမ်းဖက်ခံ မွတ်စလင်မ် တွေကို သွားရောက်ကြည့်မယ်လို့ သတင်းတွေမှာ ဖော်ပြချက်အရသိရပါတယ်။
    —————————————————————-
    အီရန်နှင့် အရှေ့အလယ်ပိုင်းအရေး အတွက် အိုဘားမားနှင့် ကင်မရွန်းတို့ ဖုန်းဖြင့်ဆွေးနွေးခဲ့ကြ
    နျူးကလီးယားအရေး အီရန်နှင့် ထပ်မံ၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်နှင့် အရှေ့အလယ်ပိုင်း လုံခြုံရေးကိစ္စများနှင့် စပ်လျဉ်း၍ အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ယမန်နေ့က ဖုန်းဖြင့်ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် သတင်းထုန်ပြန်ခဲ့သည်။
    အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံဖြစ်သည့် အမေရိကန်၊ ဗြိတိန် ရုရှား၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့၏ အီရန်နျူးကလီးယားအရေး ဆွေးနွေးမှုကို ပြီးခဲ့သည့် ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာတွင် ပြုလုပ်ခဲ့ပြီး ပဏာမ သဘောတူညီချက်ရရှိခဲ့ကာ လာမည့် နိုဝင်ဘာ ၂၀ ရက်နေ့ ဒုတိယအကြိမ်ဆွေးနွေးမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
    အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်နျူကလီးယားအရေး ဖြေရှင်းရာတွင် အပြင်အလှန်ယုံကြည်မှုပေါ်တွင် အခြေခံသင့်ပြီး၊ အီရန်နိုင်ငံအား အမိန့်ပေးခြင်းမျိုးကို လုံးဝလက်မခံဟု ဂျီနီဗာ ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။
    အစ္စရေးနှင့် အနောက်နိုင်ငံတစ်ချို့က အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်မှာ လက်နက်ထုတ်လုပ်ရန်အတွက်ဟု စွပ်စွဲပြောဆိုနေသော်လည်း အီရန်နိုင်ငံကမူ အရပ်ဖက်တွင်အသုံးပြုရန်သာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန် ပြောဆိုထားသည်။
    Ref:aljazeera
    201382811544557580_20
    …………………………………..
    လူငယ်များ အလုပ်လက်မဲ့ဖြစ်နေမှုများကို ဖြေရှင်းရန် ဥရောပခေါင်းဆောင်များ ဆုံးဖြတ်
    ဥရောပတစ်ဝှမ်းတွင် ကြုံတွေ့နေရသည့် လူငယ်များအလုပ်လက်မဲ့နှုန်းမြင့် တက်နေမှုများကို ၂ နှစ်အတွင်း ဖြေရှင်းရန် ဥရော ၂၄ နိုင်ငံ၏ ခေါင်းဆောင် များက ယမန်နေ့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
    ခေါင်းဆောင်များမှာ ယမန်နေ့က ပဲရစ်မြို့တွင် တွေ့ဆုံခဲ့ကြပြီး အသက် ၂၅ နှစ်အောက် လူငယ်များအလုပ်လက်မဲ့နှုန်းမြင့်တက်နေမှုများ လျော့ချရေးအတွက် ရှိပြီးသားအစီအစဉ်များကို ထိရောက်အောင် အကောင်အထည်ဖော်သွား မည်ဖြစ်ပြီး အစီအစဉ်အသစ်များ ထပ်မံပြုလုပ်မည်မဟုတ်ဟု ကြေညာခဲ့ကြသည်။
    ဥရောပတစ်ဝှမ်းတွင် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးအခက်အခဲများနှင့် ချွေတာရေးအစီအစဉ်များကြောင့် လူငယ်အလုပ်လက်မဲ့နှုန်းမှာ လွန်ခဲ့သည့် တစ်နှစ်အတွင်း ၂၃.၁ ရာခိုင်နှုန်းမှ ၂၃.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဥရောပတစ်ဝှမ်းရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ် ၇.၅ သန်းမှာ အလုပ်၊ ကျောင်းနှင့် သင်တန်းလက်မဲ့ဖြစ်နေရသည်။
    ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဥရောပတစ်ဝှမ်း လူငယ်များအလုပ်လက်မဲ့ နှုန်းကိုဖြေရှင်းရန်အတွက် ဥရောပ သမဂ္ဂမှ ယူရို ဘီလီယံ ၆၀ သုံးစွဲရန် ရှိနေသည်။
    Ref:aljazeera
    …………………………………..
    တရားမ၀င်အိမ်ရာများ ဆောက်လုပ်ရန်စီစဉ်မှုအား အစ္စရေးပယ်ဖျက်
    အမေရိကန်နှင့် ပါကလက်စတိုင်းတို့က ကန့်ကွက်ပြီးနောက် မတရားသိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေတွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် အိမ်ရာ ၂ သောင်းအား ဆောက်လုပ်ခြင်းမပြုရန် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ယမန်နေ့ညပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
    အစ္စရေးသမ္မတရုံးက ထုန်ပြန်သောကြေညာချက်တွင် နေတန်ယာဟုက ထိုဆောက်လုပ်မည့် ကိစ္စရပ်များကို ပြန်လည်စဉ်းစားရန် အိုးအိမ်ဝန်ကြီး ယူရီ အရီယဲလ်အား အမိန့်ပေးခဲ့သည်ဟုသိရသည်။
    ထို့ပြင် ထိုကဲ့သို့ဆောက်လုပ်မှုမှာ ဥပဒေကြောင်းအရ အဓိပ္ပါယ်မရှိကြောင်း၊ အီရန်၏နျူကလီးယားကိစ္စနှင့် ပက်သက်၍ ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးစားနေချိန်တွင် မလိုအပ်သော မလိုမုန်းထားမှုများဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ရေးသားထားသည်။
    အစ္စရေးနိုင်ငံမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ကုလသမဂ္ဂက သတ်မှတ်ပေးထားသည့် ပါဘက်စတိုင်းပိုင်နက်များအား မတရားသိမ်းပိုက်ထားခဲ့ပြီး ထိုအချိန်မှစ၍ ထိုဒေသများတွင် တရားမ၀င်အိမ်ရာများဆောက်လုပ်ကာ အစ္စရေးနိုင်ငံသားများအား နေထိုင်စေခဲ့ပြီး ယခုအခါ ပါလက်စတိုင်းပိုင်းနယ်မြေများအတွင်း နေထိုင်သည့် အစ္စရေးနိုင်ငံသား သက်ဝန့်ခန့်ရှိသည်ဟု သိရသည်။
    Ref:channelnewsasia
    ……………………………..
    အမေရိကန်ရှိ မြို့တစ်မြို့ ဘဏ္ဍာရေး အခက်အခဲနှင့် ကြုံတွေနေရ
    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ် လော့စ်အိန်ဂျလီစ်ရှိ Desert Hot Springs မြို့မှာ မြို့နယ်အတွင်းရှိ ၀န်ထမ်းများ၏ လုပ်ခလစာများနှင့် ပင်စင်လခများ၏ ၀န်ထုပ်ဝန်ပိုးများကြောင့် အစိုးရအသုံးစားရိတ်မှာ လာမည့် ၂၀၁၄ ခုနှစ်မတ်လတွင် ပြတ်တောက်တော့ မည်ဟု သိရသည်။
    ထို့ကြောင့် ပြည်နယ်အတွင်းရှိ San Bernardino မြို့နှင့် Stockton မြို့များပြီးနောက် အကြွေးရှင်များ၏လက်မှ တရားရုံး၏ အကာအကွယ်ပေးမှုကို တောင်းဆိုရတော့မည် တတိယမြောက်မြိုကဖြစ်လာတော့မည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
    Desert Hot Springs မြို့၏ ဘဏ္ဍာရေးအကျပ်အတည်းမှာ ပြီးခဲ့သည့် သီတင်းပတ်က မြို့၏ ဘဏ္ဍာရေးဒါရိုက်တာ အေမီ အဂွာမှ ဘဏ္ဍာရေးအခြေအနေကို ဆန်းစစ်ခဲ့ပြီး အစိုးရသုံးငွေ ကန်ဒေါ်လာ ၁၃.၅ သန်းတွင် ၃.၃ သန်းလိုငွေပြနေကြောင်းတွေ့ရှိ၍ ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
    ထိုကဲ့သို့ လိုငွေပြမှုများ ပင်စင်လစာများနှင့် အစိုးရ၀န်ထမ်းများ၏ လစာများ မျှော်မှန်းထားသည့်ထက် များပြား၍ဖြစ်ကြောင်း၊ ယခုချိန်အတွင် အစိုးရသုံးငွေ၏ ၇၀ ရာခိုင်နှုန်းမှာ ကုန်ဆုံးသွားပြီဟု အေမီက ထပ်လောင်းပြောကြားခဲ့သည်။
    Ref:presstv
  • နိုဝင်ဘာ ၁၂၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    နိုဝင်ဘာ ၁၂၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    OIC အဖွဲ့ ခရီးစဉ်အား မြန်မာ ဗုဒ္ဓဘာသာဝင်များ ကန့်ကွက်ဆန္ဒပြ
    မြန်မာပြည်ရဲ့မြေကို မြန်မာပြည်ရှိ လူကြီးများမှ ဖြေရှင်းသည်ကိုသာလိုလားပြီး နိုင်ငံတကာပြင်ပအဖွဲ့အစည်းတွေ ၀င်ရောက်စွက်ဖက်မှုအား အလိုမရှိကြောင်း၊ ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၃၀ အရ ကိုက်ညီမှုမရှိတာကြောင့် တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိတာကြောင့် OIC မြန်မာနိုင်ငံ လာရောက်မှုနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း OIC လာရောက်မှုအား ဆန္ဒပြရာတွင် ပါဝင်လှုပ်ရှားသူ မကွေးပရိယတ္တိစာသင်တိုက်မှ
    ဆရာတော် ဥူးပါမောက္ခကပြောကြားကြောင်းနှင့် OIC အဖွဲ့ ခရီးစဉ်အား သံဃာတော်များအပါအ၀င် ဗုဒ္ဓဘာသာဝင် ရာချီပြီး ယနေ့ နေ့လည် ၁-နာရီမှ ၃-နာရီအထိ ရွှေတိဂုံဘုရားမှ ဆူးလေဘုရားထိ လမ်းလျှောက် ချီတက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း ဧရာဝတီသတင်းမှ တဆင့် သိရှိရပါတယ်။
    _______________________
    ချင်းအမျိုးသားများ ဘုံသဘောတူမှုရရန် ကြိုးပမ်းမည့် ညီလာခံ စတင်
    နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများတွင် ချင်းလူမျိုးများ၏ ဘုံသဘောထား ဖော်ထုတ်နိုင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ချင်းလူမျိုးများ၏ ဆွေးနွေးမည့် အကြောင်းအရာများ ကို ရှာဖွေရန်၊ ပြန့်ကျဲနေသည့် ချင်းလူမျိုးစုကြားမှာ ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်သည့် ချင်းနိုင်ငံရေးပါတီများ၊ ချင်းလက်နက်ကိုင်အဖွဲ့နှင့် ချင်းလူထုပါဝင်သော ချင်းအမျိုးသားညီလာခံတစ်ရပ်ကို ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပနေပြီး ချင်းအမျိုးသားများ၏ ဘုံသဘောထားကို ဖော်ထုတ်မည်ဟု ညီလာခံဖြစ်မြောက်ရေး
    ကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငယ်ပီးက မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
    ______________________
    မီတာခတိုးမြှင့်မှုအး လျှပ်စစ်ဝန်ကြီးဌာန ယာယီရပ်ဆိုင်း
    လျှပ်စစ်ဝန်ကြီးဌာနက တိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိသော မီတာခများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း လျှပ်စစ် ၀န်ကြီးဌာနသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်နိုင်ငံလုံး မီးပေးနိုင်ရေး အရှုံးခံဆောင်ရွက်ရန် မဖြစ်နိုင်သည့်အတွက် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင်မှ ပြည်ထောင်စုလွှတ်တော်နှင့် ညှိနှိုင်းပြီး မီတာခများ စိစစ်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
    လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားလိုက်ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    ______________________
    စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက် တိုက်ခိုက်ခံရ
    စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက်နှင့် သမ္မတအိမ်တော်မှ လွှင့်တင်ထားသော ၀ဘ်ဆိုက်တို့မှာ ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ယူဆရသူ လူ ၅ ဦးအား စင်ကာပူရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေသည်ဟုသိရသည်။
    ထိုကဲ့သို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း တိုင်ချက်ကို နိုဝင်ဘာ ၈-ရက်နေ့တွင် ရဲတပ်ဖွဲ့က ရရှိခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုများအရ တိုက်ခိုက်သူမှာ ၀ဘ်ဆိုဒ်၏ အားနည်း ချက်အား အသုံးချကာ ထိုစာမျက်နှာတွင် အခြားသော အင်တာနက်ရင်းမြစ်များမှ ပုံရိပ်များပေါ်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ထုတ်ပြန်ခဲ့သော ရဲတပ်တပ်ဖွဲ့၏ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    Ref : Channelnewsasia
    1__________________________
    ရဲတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် ကမ္ဘောဒီးယားတွင် ဆန္ဒပြသူ တစ်ဦးသေဆုံး
    မကျေနပ်မှုများကြောင့် ဆန္ဒပြနေကြသည့် ကမ္ဘောဒီယားအထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူတစ်ဦးသေဆုံးကာ ၆-ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    မြို့တော် ဖနွမ်းပင် အရှေ့တောင်ပိုင်း Meanchey ခရိုင်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီယားပိုင် SL Garment Processing အထည်ချုပ် စက်ရုံမှ လုပ်သားများမှာ ၎င်းတို့အား လုပ်ခလစာများ တိုးမြှင့်ပေးရေးနှင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခြေအနေများအတွက် တောင်းဆိုရန် ၀န်ကြီးချုပ် ဟန်ဆန်၏ နေအိမ်သို့ ချီတက်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
    သုံးနာရီကြာဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများအတွင်း ရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ ရာဘာကျည်ဆန်များ၊ မီးခိုးဗုံးများအသုံးပြုကာ လူစုခွဲခဲ့ကြပြီး၊ ဆန္ဒပြသူများ ကလည်း ကျောက်တုံးများ ဖြင့်ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ၊ အခြား ၆ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
    သေဆုံးသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး အစားအသောက်များဝေငှသည့် ယာယီမဏ္ဍပ်အရှေ့တွင်ရပ်နေစဉ် ရဲတပ်ဖွဲ့မှပစ်ခတ်သော ရာဘာကျည်ဆံ ရင်ဘတ်တွင် ထိမှန်ခဲ့သောကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ပြောကြားခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များမှာ ကျည်ဆန်အစစ်များဖြင့်လည်း ပစ်ခတ်သည်ဟု မျက်မြင် သက်သေများက ထွက်ဆိုခဲ့ကြသည်။
    Ref : Xinhua
    __________________________
    စွမ်းအင်ကဏ္ဍအတွက် ဗီယက်နမ်နှင့် ရုရှားတို့ ပူးပေါင်းဆောင်ရွက်မည်
    နိုင်ငံ၏ စွမ်းအင်ကဏ္ဍအပါအ၀င် ဗီယက်နမ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပိုမိုအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု ဗီယက်နက် ၀န်ကြီးချုပ် ငုယင်တန်ဒေါင်က ပြောကြားလိုက်သည်။
    တန်ဒေါင်မှာ ရုရှားနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သည့် Gazprom Neft ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ အလက်ဇန်းဒါး ဂျူကော့ဗ်နှင့် ယမန်နေ့က မြို့တော်ဟနွိုင်းတွင် တွေ့ဆုံခဲ့ပြီး မကြာသေးမီနှစ်များအတွင်းက ဗီယက်နမ် အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ PetroVietnam နှင့် Gazprom Neft ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးသက်ရောက်မှုများကို ကျေနပ်နှစ်သက်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Gazprom Neft အပါအ၀င် ရုရှားနိုင်ငံရှိ စွမ်းအင် ကုမ္ပဏီများနှင့် PetroVietnam တို့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်အတွက် ဗီယက်နမ်အစိုးရက အားပေးထောက်ခံကြောင်း ဒေါင်က အတည်ပြုပြောကြားခဲ့သည်။
    ထို့ပြင် တန်ဒေါင်ကာ ဗိယက်နမ်နိုင်ငံသို့ မကြာမီလာရောက်မည့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ထိုကဲ့သို့ လာရောက် လည်ပတ်ခြင်းက နှစ်နိုင်ငံ အပြန်အလှန် ပြည့်ဝသော မိတ်ဖက်နိုင်ငံများအဖြစ် ပိုမိုနက်ရှိုင်းစေလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref : Xinhua
    __________________________
    အီရန်၏ နျူးကလီးယားကိစ္စဆွေးနွေးမှုမှာ အပြန်အလှန်ယုံကြည်မှုပေါ်တွင် အခြေအခံသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော
    နိုင်ငံ၏ နျူးကလီယား ကိစ္စအပေါ် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် အီရန်နိုင်ငံတို့ အကြား ညှိနှိုင်းဆွေးနွေးမှုများမှာ အပြန်အလှန် ယုံကြည်မှုအပေါ်တွင် အခြေခံသင့်သည် ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်သည်။
    “ဆွေးနွေးပွဲဟာ အပြန်အလှန်ယုံကြည်မှုအပေါ်မှာ အခြေခံသင့်ပြီး၊ တူညီတဲ့ ခြေလှမ်းတွေပေါ်မှာပဲ ဖြစ်သင့်ပါတယ်။ အီရန်အပေါ် အခြေအနေတစ်ခုကို ပြဌာန်းပေးတာ၊ ပါတီတစ်ခုက အမိန့်ပေးတာမျိုးတွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ယမန်နေ့ညပိုင်းက IRIB ရုပ်သံနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဇာရစ်ဖ်က ပြောကြား ခဲ့သည်။
    ထို့ပြင် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့၏ အီရန်အား ဆက်ဆံသည့်ပုံ မတူညီမှု ကိုလည်း ဇာရစ်ဖ်က ထောက်ပြပြောဆိုသွားခဲ့သည်။
    အီရန်နိုင်ငံ၏ နျူးကလီးကိစ္စနှင့် ပက်သက်၍ ဆွေးနွေးကြည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့၏ အစည်းအဝေးကို ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၇-ရက်နေ့မှ ၉-ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မည်သည့် သဘောတူညီချက်မှ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။
    Ref : Press TV
    __________________________
     သြစတေးလျ နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    လက်ဝှေ့အားကစားသမားတစ်ဦး၏ အကူအညီကြောင့် သြစတေးလျ နာမည်ကြီး ရဘ်ဘီကစားသမားတစ်ဦးဖြစ်သည့် ဘလက် ဖာဂူဆန်မှာ အစ္စလာမ်ဘာသာ အတွင်းသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့် သောကြာနေ့က ဆစ်ဒနီမြို့ရှိ Zetland ဗလီဝတ်ကျောင်းတော်တွင် သြစတေးလျ လက်ဝှေ့ကစားသမား မွန်ဒိုင်းနှင့်အတူ ၀တ်ပြုဆုတောင်းနေသည့် ဖာဂူဆန်၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် သတင်းများက ဖာဂူဆန်မှာ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ကြောင်း ဖော်ပြခဲ့ကြသည်။
    ဖာဂူဆန်က အစ္စလာမ်မှာ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည့် ၎င်း၏ဘ၀အား ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီနိုင်မည်ဟု ယူဆသည့်အတွက်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အယူဝါဒအသစ်သို့ ပြောင်းလဲခြင်းအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    ဖာဂူဆန်မှာ အစ္စလာမ်သို့ ပြောင်းလဲဝင်ရောက်လာသည့် ပထမဆုံး ရဘ်ဘီကစားသမားမဟုတ်ဘဲ၊ လွန်ခဲ့သည့်ငါးနှစ်က နယူးဇီလန် ရဘ်ဘီအကျော်အမော် ဘီလ် ၀ီလီယံမှာ ဆစ်ဒနီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုအတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင် လာခဲ့သည့် ပထမဦးဆုံး ရဘ်ဘီကစားသမားဖြစ်သည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးလျှင် သြစတေးလျရှိ ဒုတိယအကြီးဆုံးအယူဝါဒတစ်ခုဖြစ်ပြီး သြစတေးလျလူဦးရေ သန်း ၂၀ ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာ ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။
    Ref : Islam RU
    __________________________
    တောင်အာဖရိကတွင် ခရီးသည်တင် ဘတ်စ်ကားမတော်တဆမှုဖြစ်ပွား လူ ၂၉ ဦးသေဆုံး
    တောင်အာဖရိကနိုင်ငံတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီနှင့် ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့မှုကြောင့် လူ ၂၉ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု တောင်အာဖရိက အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
    နိုင်ငံအရှေ့ပိုင်း Mpumalanga ပြည်နယ်တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။
    တောင်အာဖရိကနိုင်ငံတွင် ယာဉ်မတော်တဆမှုများကြောင့် ခရီးသည်မြောက်များစွာ သေဆုံးမှုမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ဂရုစိုက်မှုအားနည်းသည့် ယာဉ်မောင်းသူ များနှင့် ဆိုးရွားသောလမ်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
    ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း မြို့တော် ကိပ်တောင်းအနီးရှိ စပျစ်သီးစိုက်ပျိုးသည့် ဒေသတွင် ယဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၄ ဦးသေဆုံး ခဲ့ရ သည်။
    Ref : Foxnews
    __________________________
  • စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက် တိုက်ခိုက်ခံရ
    စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက် တိုက်ခိုက်ခံရ
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    1
    စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက်နှင့် သမ္မတအိမ်တော်မှ လွှင့်တင်ထားသော ၀ဘ်ဆိုက်တို့မှာ ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ယူဆရသူ လူ ၅ ဦးအား စင်ကာပူရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေသည်ဟုသိရသည်။
    ထိုကဲ့သို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း တိုင်ချက်ကို နိုဝင်ဘာ ၈-ရက်နေ့တွင် ရဲတပ်ဖွဲ့က ရရှိခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုများအရ တိုက်ခိုက်သူမှာ ၀ဘ်ဆိုဒ်၏ အားနည်း ချက်အား အသုံးချကာ ထိုစာမျက်နှာတွင် အခြားသော အင်တာနက်ရင်းမြစ်များမှ ပုံရိပ်များပေါ်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ထုတ်ပြန်ခဲ့သော ရဲတပ်တပ်ဖွဲ့၏ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    Ref : Channelnewsasia