News @ M-Media

Tag: ShortNews

  • အောက်တိုဘာ ၄၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၄၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media

    နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်ခရီးစဉ်အဆုံးသတ်တွင်လည်း ကမန်တိုင်းရင်းသား အိမ်၂-လုံး ထပ်မံမီးရှို့ခံရ

    ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ် အဆုံးသတ်သည့် မနေ့က ည ၁၁း၀၀-နာရီခန့်မှာပင် သံတွဲမြို့ ကျော်ဆိပ်ကျေးရွာမှ ကမန်တိုင်းရင်းသား အိမ် ၃-လုံးအနက် ဦးခင်မောင်ရီနဲ့ ဦးအုန်းတင်ကြီးတို့ နေအိမ် ၂-လုံးအား ထပ်မံ မီးရှို့ဖျက်ဆီးခံရ၍ မီးလောင်ပျက်စီးသွားကြောင်း သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းနိုင်က ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    _______________________

    စစ်အာဏာရှင် စနစ်ကြောင့် အမျိုးသမီးခေါင်းဆောင် နည်းပါး

    မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ နည်းပါးနေရတာဟာ နှစ် ၅၀-လောက် စစ်အာဏာရှင် စနစ်အောက်မှာ နေခဲ့ရပြီး၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အမြဲတမ်းလို ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် အမျိုးသမီးတွေ ကပဲ မိသားစုအိမ်ထောင်ရေးကိစ္စတွေကို ဦးဆောင်ခဲ့ကြရတာကြောင့်လို့ ဒီကနေ့ နေပြည်တော်မှာ စတင် ပြုလုပ်တဲ့ နိုင်ငံရေးတွင် အမျိုးသမီးများဦးဆောင် ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________

    မြန်မာနည်းပညာတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီရန် ဂျပန်က ဒေါ်လာ ၁၃.၅ ဘီလျံ သုံးမည်

    ရန်ကုန်နှင့် မန္တလေးရှိ နည်းပညာတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီဖြစ်စေရန် အဆင့်မြှင့်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၃.၅ ဘီလျံကို သုံးစွဲသွားမှာ ဖြစ်ကြောင်း JICA ဒုတိယဥက္ကဋ္ဌက ဒီနေ့ ပြောဆိုလိုက်ကြောင်း ကမာရွတ်ရုပ်သံ သတင်းမှာ ပါရှိပါတယ်။
    ______________________

    လွှတ်တော်မှ လေ့လာဆန်းစစ်နေသည့် လူငယ်အလုပ်လက်မဲ့များ ကိစ္စ

    မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ ၂၀၁၂-ခု နှစ်ဆန်းပိုင်းနှင့် နှစ်ကုန်ပိုင်းတွင် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် ကောက်ယူခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံ၏ လူငယ်အလုပ်လက်မဲ့ဦးရေမှာ ၆၀ ရာခိုင်နှုန်းရှိပြီဟူသောစစ်တမ်းကို အမျိုးသားလွှတ်တော်သို့ စာတင်ခဲ့ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတစ်ဦးမှ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေသည်ဟု အစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က မဇ္ဈိမကို ပြောကြားခဲ့ပါတယ်။

    ________________________

    နိုက်ဂျီးရီးယားနိုင်ငံတွင် လေယာဉ်ပျက်ကျမှုဖြစ်ပွား လူ ၁၅-ဦးသေဆုံး

    နိုက်ဂျီးရီးယားနိုင်ငံ လာဂိုစ်မြို့တွင် ယမန်နေ့က ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ ၁၅ ဦးအထိမြင့်တက်လာခဲ့သည်ဟု နိုက်ဂျီးရီးယား အာဏာပိုင်များက ပြောကြားခဲ့သည်။ ယမန်နေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Associated Aviation Ltd ကုမ္ပဏီမှ ပိုင်ဆိုင်သည့် အဆိုပါလေယာဉ်မှာ ခရီးသည် ၂၀-ဦးတင်ဆောင်ကာ မာတာလာမိုဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်အပြီး မိနစ်အနည်းငယ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ခရီးသည် ငါးဦးအား ကယ်တင်နိုင်ခဲ့ပြီး နိုင်ဂျီးရီးယားလေတပ် စစ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသလျက်ရှိနေသည်ဟုသိရသည်။
    Ref : xinhua
    ________________________

    မလေးရှား-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး ၂၀၁၇-ခုနှစ်တွင် ကန်ဒေါ်လာ သန်း-၁၆၀ အထိမြှင့်တင်မည်

    မလေးရှားနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏအား ၂၀၁၇-ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း-၁၆၀ အထိမြှင့်တင်ရန် သတ်မှတ်ခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်က ပြောကြားလိုက်သည်။

    မလေးရှားနိုင်ငံတွင်ရောက်ရှိနေသည့် တရုတ်သမ္မတ ဇီဂျင်ပင်းနှင့် မလေးရှားဝန်ကြီးချုပ်တို့ တံခါးပိတ်တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ၅-နှစ်တာ ကြာမြင့်မည့် အဆိုပါအစီအစဉ်တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ပါဝင်ပြီး၊ နှစ်နိုင်ငံသာမန်ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေမှ မဟာဗျူဟာမြောက်သည့် မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ရန်လည်း သဘောတူညီခဲ့သည်ဟုသိရသည်။

    တရုတ်နိုင်ငံအနေဖြင့် မလေးရှားတွင် အမြန်ရထားလမ်းဖောက်လုပ်ရေးပရောဂျက်၊ တရုတ်-မလေးရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကွင်ဇူစက်မှုဇုံနှင့် ကွမ်တန်စက်မှုဇုံ တည်ဆောက်ရေးလုပ်ငန်းများ စသဖြင့် မလေရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှုကိုပြသခဲ့ကြောင်း ၀န်ကြီးချုပ်နာဂျစ်က ထည့်သွင်းပြောကြားခဲ့သည်။
    Ref : nst
    ________________________

    အိန္ဒိယ ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး ရာထူးမှနှုတ်ထွက်

    အိန္ဒိယနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး K. Chiranjeeviမှာ တာဝန်မှ နှုတ်ထွက်သွားပြီဟုသိရသည်။ နိုင်ငံတောင်ဘက် Andhra Pradeshပြည်နယ်ရှိ Telangana ဒေသအား သီးခြားပြည်နယ်အဖြစ် သတ်မှတ်ရန် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် နှုတ်ထွက်သွားခြင်းဖြစ်သည်။

    ရုပ်ရှင်မင်းသားဘ၀မှ နိုင်ငံရေးလောကထဲသို့ဝင်ရောက်ခဲ့ပြီး ခရီးသွားလာရေး ၀န်ကြီးဖြစ်ခဲ့သည့် K. Chiranjeevi မှာ Andhra Pradesh ပြည်နယ်မှ နိုင်ငံရေးသမားဖြစ်ပြီး ယမန်နေ့ညပိုင်းက ၎င်း၏ နှုတ်ထွက်စာကို အိန္ဒိယသမ္မတ မန်မိုဟန်ဆင်းအား ဖက်စ်ဖြင့် ပေးပို့ခဲ့သည်ဟုသိရသည်။

    Telangana ဒေသအား ပြည်နယ်အဖြစ် ခွဲထုတ်မှုကို Andhra Pradesh ပြည်နယ် အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ပါလီမန်အမတ် K. Chiranjeevi မှ ကန့်ကွက်ခဲ့သော်လည်း အိန္ဒိယကက်ဘိနတ်က ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ အမျိုးသားကွန်ဂရက်ပါတီမှာ အိန္ဒိယနိုင်ငံ၏ အာဏာရပါတီလည်းဖြစ်သည်။ ခွဲထုတ်ရေးအား ဆန့်ကျင်သည့်အကြောင်းမှာ Andhra Pradesh ပြည်နယ်၏ မြို့တော် Hyderabad အား နှစ်ပြည်နယ်ခွဲဝေသုံးစွဲရမည်ဖြစ်သောကြောင့်ဟု သိရသည်။
    Ref : xinhua, Photo : topnews

    ________________________

    အစိုးရလုပ်ငန်းများ ရပ်ဆိုင်းထားရမှုကြောင့် အိုဘားမား၏ အာရှခရီးစဉ်အား ဖျက်သိမ်း

    ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အမေရိကန်၏ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းထားရမှုမှာ စတုတ္ထမြောက်နေ့သို့ရောက်ရှိလာပြီး ထိုအခက်အခဲအားဖြေရှင်းရေးကို အာရုံစိုက်နိုင်ရန်အတွက် မူလက တက်ရောက်ရန် စီစဉ်ထားသည့် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ်အား သမ္မတအိုဘားမား အနေဖြင့် တက်ရောက်တော့မည်မဟုတ်ကြောင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်လိုက်သည်။

    “အစိုးရလုပ်ငန်းများအားလုံး ပိတ်ပစ်ရမည့်အရေးကို ကြုံတွေ့နေရပြီး နိုင်ငံခြားသို့ခရီးသွားရန် ခက်ခဲမှုများကြောင့် သမ္မတအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါသည်” ဟု အိမ်ဖြူတော်မှထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ကြောင့် အာရှသို့သွားရောက်မည့် ကန်သံတမန်အဖွဲ့ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဦးဆောင်မည်ဖြစ်သည်။
    Ref : cnn
    Obama
    ________________________

    အမေရိကန် လေယာဉ်သင်္ဘော USS George Washington တောင်ကိုရီးယားသို့ရောက်ရှိ

    လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား သုံးနိုင်ငံ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန် လေယာဉ်သင်္ဘော USS George Washington မှာ တောင်ကိုရီးယား မြို့တော် ဆိုလ်းနှင့် ကီလိုမီတာ ၄၅၀ ကွာဝေးသည့် တောင်ဘက်ဆိပ်ကမ်းမြို့ ဘူဆန်သို့ ယနေ့နံနက်ပိုင်းကရောက်ရှိလာခဲ့သည်ဟုသိရသည်။

    တန်ချိန် ၉၇၀၀၀ ရှိပြီး နျူးကလီးယားစွမ်းအင်သုံး အဆိုပါလေယာဉ်တင်သင်္ဘောအား တိုက်သင်္ဘောများဖြစ်ကြသည့် တိုက်ချင်းပစ်ဒုံးကျည်တပ် USS Antietam CG-54 နှင့် ဒုံးကျည်ဖျက်သင်္ဘော USS Preble DDG 88 တို့က စောင့်ရှောက်လိုက်ပါလာခဲ့ကြသည်။

    အမေရိကန်ရေတပ် တပ်မဟာ ၇ တွင်ပါဝင်သည့် အဆိုပါလေယာဉ်တင် သင်္ဘောမှာ ဘူဆန်ဆိပ်ကမ်းတွင် လေးရက်ကြာရပ်နားမည်ဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့တွင်ဂျပန်နိုင်ငံ၌စတင်မည့် သုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန်အတွက် ဂျပန်နိုင်ငံ ယိုကိုဆူကာမြို့သို့ ဆက်လက်ထွက်ခွာမည်ဟုသိရသည်။
    Ref : xinhua

    ________________________

    အိမ်ဖြူတော်အတွင်းသို့ ဖြတ်ကျော်မောင်းနှင်ခဲ့သည့် အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီး

    အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ လွှတ်တော်အထိ ကားဖြင့် ဖြတ်ကျော်မောင်းနှင်ခဲ့သည့်အမျိုးသမီးတစ်ဦးအား ရဲများက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။ အဆိုပါအမျိုးသမီးမှာ အသက် ၁ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးကို တင်ဆောင်လာသည့် အနက်ရောင် sport car ဖြင့် အိမ်ဖြူတော်နှင့် လွှတ်တော်တစ်ဝိုက်ရှိ တားထားသော အတားအဆီးများကို ဖြတ်ကျော်ကာ လွှတ်တော်အနီး ၂ မိုင်အကွာအဝေးအထိ ၀င်ရောက်သွားခဲ့သောကြောင့် လုံခြုံရေးရဲများက ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားခဲ့သည်။

    ထိုအမျိုးသမီး၏ကားအား ရဲကားများက နောက်မှလိုက်၍ တားဆီးခဲ့သော်လည်း အရှိန်လျှော့ချခြင်းမပြုခဲ့ပဲ ထိုကားဖြင့် ရဲကားတစ်စီးအား တိုက်မိခဲ့သောကြောင့် ရဲတပ်ဖွဲ့တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ၀ါရှင်တန် ရဲတပ်ဖွဲ့အကြီးအကဲ ကေသီ လိန်နီယာက အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး အဖြစ်အပျက်များကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု ပြောဆိုခဲ့သည်။

    “(ကားပေါ်မှာပါလာတဲ့) ကလေးငယ်က ၁ နှစ်လောက်ရှိပြီး ဘာမှမထိခိုက်ပါဘူး။ ကလေးငယ်ကို တာဝန်ရှိသူတွေက စောင့်ရှောက်ထားပါတယ်” ဟု ကေသီက ပြောကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ပုံနှင့်ပက်သက်၍ “အိမ်ဖြူတော်နဲ့လွှတ်တော်အနီးတစ်ဝိုက်မှာ လုံခြုံရေးအဆီးအတားတွေ ချထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သူတို့လုပ်ရမယ့်အရာကို လုပ်ခဲ့တာပါ။ အိမ်ဖြူတော်နဲ့ လွှတ်တော်နှစ်နေရာစလုံးမှာ အတားအဆီးတွေကို ဖြတ်ကျော်မောင်းနှင်ခဲ့တဲ့ အဲဒီအမျိုးသမီးကို လုံခြုံရေးဝန်ထမ်းတွေက ထားခဲ့ကြပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
    Ref : aljazeera

    Untitled
    ________________________

  • အောက်တိုဘာ ၂၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media

    ဘရာဇီးတွင် ဆန္ဒပြကျောင်းဆရာများ အား ရဲများက အကြမ်းဖက်နှိမ်နင်း

    လုပ်ခလစာပိုမိုရရှိရန် ဘရာဇီးနိုင်ငံ ရိုယိုဒီဂျနေရိုးတွင် တစ်လကျော်ကြာ ဆန္ဒပြနေကြသည့် ကျောင်းဆရာများအား ဘရာဇီးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ အကြားအာရုံထိခိုက်စေနိုင်မည့် ဗုံးများသုံးကာဖြိုခွင်းခဲ့သည်ဟုသိရသည်။ ယမန်နေ့ နေ့လည်ပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါဖြိုခွင်းမှုတွင် ရာဘာကြည်ဆံများ၊ အကြားအာရုံထိခိုက်စေနိုင်သည့် လက်ပစ်ဗုံးများဖြင့် ပစ်ခဲ့ကြပြီး အဓိကလမ်းမကြီးများကို ပိတ်ပစ်ခဲ့သောကြောင့် ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့သည်။

    လုပ်ခလစာပိုမို ရရှိရန်အတွက် မြို့တာဝန်ရှိသူများနှင့် ကျောင်းဆရာများ ညှိနှိုင်းဆွေးနွေးမှုမှာ မအောင်မမြင်ဖြစ်ခဲ့ပြီး ကျောင်းဆရာများက ရေးသားထားသော တောင်းဆိုချက်ကို မြို့တော်ဝန်အားပေးရန် မြို့တော်ခန်းမအတွင်းသို့ အတင်းဝင်ရောက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    ရီယိုဒီဂျနေရိုးရဲတပ်ဖွဲ့မှာ ဇူလိုင်လကတည်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအား ပြင်းထန်စွာနှိမ်နင်းခဲ့သောကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး ရဲတပ်ဖွဲ့အကြီးအကဲမှာလည်း အစားထိုးခြင်းခံခဲ့ရသည်။ သို့သော်လည်း ရဲတပ်ဖွဲ့အကြီးအကဲသစ်မှာလည်း ယခင်ကကဲ့သို့ပင် ဆန္ဒပြမှုများအား ပြင်းပြင်းထန်ထန် ဆက်လက်နှိမ်နင်းနေသည်။
    Ref : aljazeera

    __________________________
    ကုလစုံစမ်းစစ်ဆေးရေးအရာရှိများ၏ ဆီးရီးယားခရီးစဉ်စတင်

    ဆီးရီးယားနိုင်ငံရှိ တားမြစ်ထားသောလက်နက်များ သိုလှောင်ထားသည့်လက်နက်တိုက်များအား စစ်ဆေးတွက်ချက်ခြင်းများစတင်ရန် ကုလမှ အဖွဲ့တစ်ဖွဲ့မှာ ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေကြပြီဟုသိရသည်။ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသည့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲမှ စစ်ဆေးရေးမှူးများမှာ လက်ဘနွန်မှတစ်ဆင့် ဆီးရီးယားသို့ ယမန်နေ့ကရောက်ရှိခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉ ဦးပါဝင်သည့် အဆိုပါအဖွဲ့ကို ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက် ခန်မှန်းတန်ချိန် ၁၀၀၀ခန့်ရှိမည့်ဟုယူဆရပြီး ထိုဓာတုလက်နက်များအား သိမ်းဆည်းကာ စနစ်တကျဖျက်ဆီးပစ်ရန်အတွက်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

    “လာမယ့်နေ့တွေမှာ ဆီးရီးယားအစိုးရကပေးထားတဲ့ အချက်အလက်တွေကိုစစ်ဆေးမှုအပေါ် သူတို့အနေနဲ့ အာရုံစိုက်လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့ ဆီးရီးယားအနေနဲ့ ဓာတုလက်နက်ထုတ်လုပ်တဲ့ ပစ္စည်းကိရိယာတွေကို ဖျက်ဆီးတဲ့လုပ်ငန်းစဉ်မှာ ကူညီဖို့ ကနဦးအစီအစဉ်ကိုလည်း အာရုံစိုက်သွားမှာပါ” ဟု ကုလသမဂ္ဂကထုတ်ပြန်သောကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

    ဓာတုလက်နက်များအား ၂၀၁၄ နှစ်လည်ပိုင်းတွင် နောက်ဆုံးထား၍ဖျက်ဆီးရမည်ဖြစ်ပြီး ထိုအဖွဲ့မှာ ၎င်းတို့၏လုပ်ငန်းစဉ်များကို အပြည့်အစုံဆောင်ရွက်ရန် ၉ လရရှိမည်ဖြစ်သည်။
    Ref : aljazeera
    111
    __________________________
    စပိန်တွင် အလုပ်လက်မဲ့လူဦးရေ ငါးသန်းနီးပါးရှိ

    စပိန်နိုင်ငံရှိ အလုပ်လက်မဲ့လူဦးရေမှာ တိုးလာနေပြီး ယခုလက်ရှိအချိန်တွင် ငါးသန်းနီးပါးရှိနေပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စပိန်အလုပ်သမား ၀န်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်သောအစီရင်ခံစာတွင် အလုပ်လက်မဲ့အဖြစ် စာရင်းပေးသွင်းထားသူမှာ စက်တင်ဘာလအတွင်း ၂၅၅၇၂ ဦးရှိနေပြီး စပိန်နိုင်ငံအတွင်း စုစုပေါင်းအလုပ်လက်မဲ့လူဦးရေမှာ ၄.၇ သန်းရှိနေသည်ဟုဖော်ပြထားသည်။

    စပိန်နိုင်ငံမှာ ဥရောပ၏ စီပွားရေးတွင် ၄ ခုမြောက်အကြီးဆုံးနိုင်ငံလည်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဒုတိယလေးလပတ်တွင် အလုပ်လက်မဲ့ ၂၆- ရာနှုန်းတိုးလာခဲ့သည်။

    Ref : presstv
    __________________________

     

    တောင်အာရှနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်သော်လည်း ဆင်းရဲမွဲတေမှုနှုန်းလျော့ကျခြင်းမရှိ

    တောင်အာရှနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၂၀၀၀-ခုနှစ်မှ ၂၀၁၂-ခုနှစ်အတွင်း ပျမ်းမျှ ၆.၅ ရာခိုင်နှုန်းဖြင့် နှစ်စဉ်နှစ်တိုင်းတိုးတက်လာသော်လည်း ဆင်းရဲမွေတေမှုကို လုံလောက်အောင် မလျှော့ချနိုင်ဟု တောင်အာရှဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SAARC) က ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

    ‘SAARC ဒေသတွင်း ဆင်းရဲမွဲတေမှုလေ့လာချက်’ ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါအစီရင်ခံစာတွင် တောင်အာရှတွင် နေထိုင်သူ ၃၂ ရာခိုင်နှုန်းမှာ နေ့စဉ်ပျမ်းမျှဝင်ငွေ ကန် ၁.၂၅ ဒေါ်လာအောက်ဖြင့် အသက်ရှင်နေရသည်ဟု ဖော်ပြထားသည်။
    “အချို့သောနိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင်ပြည့်မည်ဖြစ်သည့် အလွန်ဆင်းရဲမွဲတေမှုနှုန်း ထက်ဝက်လျော့ကျရေး ထောင်စုနှစ်ရည်မှန်းချက်ကို ပြည့်မီနိုင်ခြေရှိနေပြီး၊ အချို့သောနိုင်ငံများသည် ဆင်းရဲမွဲတွေမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အဟာရချို့တဲ့မှု ပမာဏမှာ ဆက်လက်မြင့်မားလျက်ရှိသည်” ဟု အဆိုပါအစီရင်ခံစာတွင်ဖေါ်ပြထားသည်။

    Ref : xinhua

    __________________________

     

    စင်ကာပူစက်ရုံပြုပြင်မှု ငြမ်းစင်ပြိုကျမှုကြောင့် လူ ၅-ဦးဒဏ်ရာရ

    စင်ကာပူနိုင်ငံရှိ စက်ရုံတစ်ရုံအား ပြင်ဆင်မှုများပြလုပ်နေစဉ်အတွင်း ငြမ်းစင်ပြိုကျမှုကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို Tan Tock Seng ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု စင်ကာပူလူထုကာကွယ်ရေးတပ်ဖွဲ့(SCDF) က သတင်းထုတ်ပြန်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့ မတော်တဆဖြစ်မှုမှာ တစ်ပါတ်အတွင်း နှစ်ကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်ပြီး ပြီးခဲ့သည့်တနင်္လာနေ့ကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကရိန်းပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်။
    Ref : channelnewsasia

    Untitled
    __________________________

  • အောက်တိုဘာ ၁၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၁၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၁၊ ၂၀၁၂
    M-Media

     

    ဂတ်စ်ပိုက်လိုင်းစီမံကိန်း ပြဿနာများ ကြီးထွားလာရသည်မှာ လူအခွင့်အရေးချိုးဖောက်မှုများရှိနေ၍ဟု အစီရင်ခံစာထွက်ပေါ်

    ရခိုင်ပြည်နယ်ကနေ ယူနန်အထိ သွယ်တန်းထားတဲ့ ရွှေ ဂတ်စ်ပိုက်လိုင်း ပို့လွှတ်နေတဲ့အချိန်ထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အပြင် ပြဿနာတွေ ပိုကြီးထွား လာနေပြီး အစိုးရလုပ်ဆောင်သည့် စီမံကိန်းတိုင်းတွင် ဒေသခံတွေနှင့် ဖြစ်ပွားသည့် ပြဿနာများအား အချိန်မီ မဖြေရှင်းပါက စီမံကိန်းနှင့်ပတ်သက်၍ အစိုးရအပေါ်အယုံကြည် မဲ့လာနိုင်သလို ဒေသခံတွေ ပါဝင်မည့် အခြေအနေကို ဖန်တီးပေးသင့်ကြောင်းကို ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ စက်တင်ဘာ ၃ဝ-ရက်နေ့က ပြောဆိုလိုက်ကြောင်း ကမာရွတ်ရုပ်သံ မီဒီယာမှာ ဖော်ပြထားတာကို သိရှိရပါတယ်။
    _____________________

    ရခိုင် ပြည်သူ့စစ်ဖွဲ့စည်းရေး ဦးရွှေမန်းမှ သမ္မတထံ တင်ပြမည်ပြော

    ရခိုင်ဒေသ လုံခြုံရေးအတွက် ပြည့်သူ့စစ်ဖွဲ့စည်းရန် ရခိုင်လူထု ကိုယ်စားလှယ်များ၏တောင်းဆိုမှုအား ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစ်သတင်းစာတွင် ဖော်ပြထားကြောင်း ဧရာဝတီသတင်းဌာနမှတဆင့် သိရှိရပါတယ်။
    ______________________

    နိုင်ငံရေးမှာ တပ်မတော် ၀င်မပါရန် ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

    တပ်မတော်၏ အခန်းကဏ္ဍမှာ တိုင်းပြည်နှင့် ပြည်သူလူထုကို ကာကွယ်ရန်ဖြစ်တဲ့အတွက် နိုင်ငံရေးထဲ ၀င်ပါသည့် တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အားမပေးကြောင်း၊ ပြည်သူလူထု ရွေးချယ်ထားသည့် အရပ်သားအစိုးရအနေဖြင့် တပ်မတော်အတွက် တာဝန်ယူရမည်ဖြစ်ပြီး၊ တပ်မတော်ကိုလည်း တကယ့်အရည်းအချင်းပြည့်ဝ ကမ္ဘာ့စံချိန်မီတဲ့ ပြည်သူက တကယ်ချစ်ပြီး ထောက်ခံအားပေးတဲ့ တပ်မတော်ဖြစ်စေချင်တယ်လို့ နေပြည်တော် လွှတ်တော်ဝင်းမှာ ဒီနေ့နေ့လည်ပိုင်းက သတင်းထောက်များနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တယ်လို့ RFA သတင်းစာမျက်နှာ ဖော်ပြထားပါတယ်။
    _______________________

    မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မလိုလား၍ ဖျက်ဆီးရန် ဆောင်ရွက်နေသူများရှိသည်ဟု ဦးဝဏ္ဏမောင်လွင်ပြော

    မြန်မာ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ စိတ်ချ တည်ငြိမ်တဲံ အခြေအနေမရောက်သေးတာကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ တိုးတက်အောင်မြင်မှုတွေ ရှိသလို တဘက်မှာ သတိထားရမယ့်အခြေရှိတယ်လို့ သမ္မတဦးသိန်းစိန်ကိုယ်တိုင်ပြောကြားကြောင်းကို ကုလသမဂ္ဂနှစ်ပတ်လည်ညီလာခံ မိန့်ခွန်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြေဆိုခဲ့ကြောင်း VOA သတင်းဌာနကို ကိုးကား၍ ဖော်ပြလိုက်ရပါတယ်။
    _________________________

    သက်ကြီးရွယ်အို အခမဲ့ စောင့်ရှောက်ရေးဂေဟာ ရန်ကုန်တွင် ဖွင့်မည်

    မြန်မာနိုင်ငံမှာ အသက် ၇၀-အထက် အဘိုးအဘွားတွေအတွက် Day Care အခမဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ်ရန်စီစဉ်ထားပြီး
    လျှောက်ထားသူ ၂၀၀-ကျော်ရှိတယ်လို့ ဒီနေ့ အောက်တိုဘာ ၁-ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ မြန်မာအစိုးရက
    ပြောကြားလိုက်တယ်လို့ ကမာရွတ်ရုပ်သံ မီဒီယာမှာ ဖော်ပြထားပါတယ်။

    ___________________________

    မလေးရှားတွင် အစာအဆိပ်သင့်မှုဖြစ် ၃-ဦးသေဆုံး

    မလေးရှားနိုင်ငံ ကဒါ့ ပြည်နယ်ရှိ စွန်ဂိုင်းပတ္တာနီမြို့တွင် ပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်တွင် အစာအဆိပ်သင့်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၃-ဦးသေဆုံးခဲ့ကာ ၆၅-ဦး ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

    မနက်ပိုင်းတွင် မင်္ဂလာပွဲသို့သွားရောက်ခဲ့ကြသူများမှာ ညနေပိုင်းတွင် အော့အန်ခြင်းနှင့် ၀မ်းလျှောခြင်းများ ဖြစ်ပွားခဲ့ကြပြီး အသက် ၂၀-အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၁၁-နှစ်ရွယ် ကလေးငယ် ၁-ဦးနှင့် အသက် ၆၅-နှစ်အရွယ် လူကြီးတစ်ဦးတို့ သေဆုံးခဲ့ကြသည်။

    ထိုမင်္ဂလာပွဲသို့ တက်ရောက်ခဲ့ကြသည့် သူများထဲမှ ၃၅-ဦးမှာ စွန်ဂိုင်းပတ္တာနီဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး နှစ်ဦးမှာ စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေသည်။ အခြားသော လူ-၃၀ မှာလည်း ယန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။
    Ref : nst

    ______________________

     

    တိုင်ဖုန်းဝူတစ်ကြောင့် ဗီယက်နမ်တွင် ၃-ဦးသေ ၃၅-ဦးဒဏ်ရာရ

    တရုတ်နိုင်ငံမှ ဗီယက်နက်နိုင်ငံအလယ်ပိုင်းသို့ရွှေ့လျားသွားသော တိုင်ဖုန်းဝူတစ်ကြောင့် ဗီယက်နက်နိုင်ငံတွင် လူ ၃- ဦး သေဆုံးခဲ့ပြီး ၃၅-ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လည်ပိုင်းက၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၉၅၀၀၀-ခန့် ပျက်စီးခဲ့ကာ သေဆုံးသူများမှာ Quang Binh ပြည်နယ်မှဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ Ha Tinhပြည်နယ်၊ Quang Tri ပြည်နယ် နှင့် Thua Thien Hue ပြည်နယ်တို့မှဖြစ်ကြသည်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း မုန်တိုင်းများ တိုက်ခိုက်မှုကြောင့် အဆောက်အဦးများ၊ ကောက်ပဲသီးနှံများပျက်ဆီးခဲ့ရပြီး လျှပ်စစ်ဓာတ်အားလိုင်း များလည်း ပြတ်တောက်နေသည်ဟု သိရသည်။
    Ref : xinhuanet

    ______________________


    ဘဏ္ဍာရေးအကြပ်အတည်းအား ဖြေရှင်းနိုင်ခြင်းမရှိသေးသောကြောင့် အစိုးရလုပ်ငန်းများအား ရပ်ဆိုင်းထားရန်

    အိမ်ဖြူတော်ညွှန်ကြား

    အစိုးရယန္တရားများရပ်ဆိုင်းရခြင်းကိုရှောင်လွှဲရန်အတွက် ထောက်ပံ့မှုများပြုလုပ်ပေးရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် တို့တွင် သဘောတူညီမှု မရခဲ့သောကြောင့် ပြည်ထောင်စုအတွင်းရှိ အစိုးရလုပ်ငန်းများအားလုံးကို ပိတ်ထားရန် အိမ်ဖြူတော်မှ ညွှန်ကြားခဲ့သည်ဟုသိရသည်။

    “(ကူညီဖို့) လျာထားငွေမရှိတဲ့အတွက်ကြောင့် (အစိုးရ)လုပ်ငန်းတွေအားလုံး ပိတ်ထားဖို့ဆိုတဲ့ အမိန့်ကို လိုက်နာဆောင်ရွက်သင့်ပါတယ်”ဟု အိမ်ဖြူတော် အဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးရုံးမှ ဒါရိုက်တာ ဆယ်လ်ဗီယာ မက်သယူး ဘာဝယ်လ်က ပြောကြားခဲ့သည်။

    ထိုအမိန့်မှာ အမေရိကန်အစိုးရ ဘဏ္ဍာငွေ လုံးဝပြတ်တောက်သွားပြီး နောက်ပိုင်း ၁၀-မိနစ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗဟိုအစိုးရမှ ဘဏ္ဍာငွေထုတ်ပေးရန် သမ္မတအိုဘားမားက အဆိုတင်သွင်းခဲ့သော်လည်း အမေရိကန် ကွန်ဂရက်ရှိ အတိုက်အခံ အုပ်စုနှစ်ခုအကြား သဘောတူညီမှုမရရှိခဲ့ပေ။ ထိုအကြပ်အတည်းကြောင့် အစိုးရ၀န်ထမ်း ၇-သိန်းကျော်မှာ လခမရသည့် ပိတ်ရက်ရရှိမည် ဖြစ်ပြီး အကယ်၍ အစိုးရရုံးများ ပြန်ဖွင့်ပါကလည်း
    ထိုပိတ်ရက်များအတွက် လခရရှိရန်မသေချာပေ။ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အမေရိကန်အစိုးရလုပ်ငန်းများ ပိတ်ပစ်ရမှုမှာ ၁၇-နှစ်အတွင်း ထမဦးဆုံးအကြိမ်ဖြစ်ပွားခြင်းလည်းဖြစ်သည်။
    Ref : presstv
    2.10
    ______________________

     

    ယာဉ်မတော်တဆမှုများကြောင့် ကမ္ဘောဒီးယားတွင် ၉-လအတွင်း ၁၄၆၉-ဦးသေဆုံး

    ကမ္ဘောဒီးယားနိုင်ငံတွင် ယာဉ်မတော်တဆမှုများကြောင့် ၉-လအတွင်း လူပေါင်း ၁၄၆၉-ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ၁၄၈၃-ဦးသေဆုံးခဲ့သည့် ယမန်နှစ်ကထက် ၁-ရာခိုင်နှုန်းလျော့ကျခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ မတော်တဆမှုပေါင်း ၃၂၄၃-ခုဖြစ်ပွားခဲ့ပြီး၊ ယမန်နှစ် ၃၂၇၉-ခုဖြစ်ပွားခဲ့သောကြောင့်
    အနည်းငယ်လျော့ကျခဲ့သည်။

    မတော်တဆမှုများ၏ ၅၀-ရာခိုင်နှုန်းမှာ သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုကြောင့်ဖြစ်ပြီး၊ ၁၃-ရာခိုင်နှုန်းမှာ အရက်သောက်၍မောင်းနှင်မှု၊ ကျန်သည့် မတော်တဆမှုများမှာ သတိလက်လွတ်မောင်းနှင်မှုနှင့် ယာဉ်စည်းကမ်းများ ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီဌာန ၀န်ကြီး Preap Chan Vibol က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ သေဆုံးမှုများထဲတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုမှာ အများဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် ယမန်နှစ်က အမေရိကန်ဒေါ်လာ သန်း ၃၀၀-ဖိုးခန့် ဆုံးရှုံးခဲ့ရသည်။
    Ref : xinhua

    ______________________

  • စက်တင်ဘာ ၂၉ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    စက်တင်ဘာ၊ ၂၉
    M-Media

    လက်ပံတောင်းတောင်ခြေ စေတီတော်ကိုကာကွယ်ရန် လမ်းလျှောက်သူများနှင့် လုံခြုံရေးအဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

    လက်ပံတောင်းတောင်ခြေရှိ စေတီတော်နှင့် လယ်တီသိမ်ကို ကာကွယ်စောင့်ရှောက်ရန် မန္တလေးမြို့ အမရပူရမြို့နယ်မှ စတင် လမ်းလျှောက်လာခဲ့သော တက်ကြွသူ ၅၀-ခန့်ပါဝင်သော အဖွဲ့မှ ကိုသန့်စင်နှင့် ဦးဘမြင့်တို့အား ဖမ်းဆီးရန်ကြိုးပမ်းရာမှ စစ်ကိုင်းမြို့ ဧရာဝတီတံတားအဆင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရန် တားဆီးရာမှ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။
    _________________________
    White Card ကိုင်သူများ မဲပေးခွင့် မရသင့်ဟု ရခိုင်များပြောဆို

    ၁၉၈၂-ဥပဒေမှာ White Card နဲ့ပတ်သက်၍ မပါရှိတာကြောင့် မောင်တော၊ ဘူးသီးတောင်က ကိုယ်စားလှယ်များအား ဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိစိစစ်ပေးရန် ရန်ကုန်မြို့ IBC မှာ ဒီနေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ရခိုင်များနှင့် ဆွေးနွေးရာမှာ ရခိုင်ကိုယ်စားလှယ်များမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား တင်ပြခဲ့ကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
    __________________________________
    အဝေးပြေးကားအစီးရေတိုးချဲ့မည့် ဆီးဂိမ်းကာလ

    မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရှေ့တောင်အာရှ ဆီးဂိမ်းကို ပြုလုပ်မည်ဖြစ်ပြီး ထိုကာလအတွင်း အဝေးပြေးကားများကို တိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပမည့်ပွဲများသို့ သွားရောက်ကြည့်ရှုနိုင်ရန်အတွက် express ကား အစီး ၄၀-ကျော် ထပ်မံ ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

    __________________________________

    နျူးကလီးယား သန့်စင်ရေးလုပ်ငန်းများကို ရပ်တန့်မည်မဟုတ်ဟု အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးပြော

    1383399_596602810382193_304891836_n

    အီရန်နိုင်ငံ၏ နျူးကလီးယားသန့်စင်ရေးလုပ်ငန်းများ ရပ်တန့်ရန်မှာ ဖြစ်နိုင်မည် မဟုတ်ဟု အီရန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့သည်ဟုသိရသည်။ “ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတာ ၁၀-နှစ်လောက်ရှိပါပြီ။ ဒါကြောင့် ရပ်တန့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အဘတ်စ် အာရက်ချီက ယမန်နေ့က ပြောကြားခဲ့သည်။ သို့ရာတွင် သန့်စင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် ပုံစံ၊ အဆင့်၊ ပမာဏနှင့် နေရာတို့နှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွင် ထည့်သွင်းနိုင်သည်ဟု ထည့်သွင်းပြောဆိုခဲ့ပြီး နျူးကလီးယားအစီအစဉ်နှင့် ပက်သက်၍ အီရန်နိုင်ငံနှင့် အင်အားကြီး ခြောက်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးမှု မှာ သေချာသော ဆွေးနွေးမှု တစ်ခုဖြစ်သော်လည်း သံတမန် အဆင့်တွင် အခြားသော ကိုယ်စားလှယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်မရှိဟု ထည့်သွင်းပြောဆိုသွားခဲ့သည်။
    Ref : presstv
    _____________________
    ဒက်ထရွိုက်မြို့အတွက် အမေရိကန်ဗဟိုအစိုးရမှ သန်း-၃၀၀ အကူအညီပေးရ

    နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး ငွေးကြေးအကြပ်အတည်းနှင့် ကြုံတွေ့နေသည့် ဒက်ထရွိုက်မြို့အား အမေရိကန်ဗဟိုအစိုးရမှ အကူအညီသည့် ကန်ဒေါ်လာ သန်း-၃၀၀ ကို အိမ်ဖြူတော်အကြီးတန်းအရာရှိများက သောကြာနေ့တွင် သွားရောက်ပေးအပ်ခဲ့သည်ဟု သိရသည်။ အဖွဲ့ဝင်သုံးဦးပါသည့် အဆိုပါအဖွဲ့ကို အိမ်ဖြူတော် စီးပွားရေးကောင်စီမှ ဒါရိုက်တာ ဂျီနီ စပါလင်က ဦးဆောင်ကာ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဒက်ထရွိုက်မြို့မှာ နှစ်လတာငွေကြေး အကြပ်အတည်းကို ကြုံတွေ့ရပြီးနောက် ယခုကဲ့သို့ ဗဟိုအစိုးရထံမှ အကူအညီရရှိခြင်းဖြစ်သည်။
    ထိုရရှိသည့် ထောက်ပံ့ငွေများကို ရဲတပ်ဖွဲ့ဝင်အသစ်များ၊ မီးသတ်ဝန်ထမ်း အသစ်များ ခန့်အပ်ခြင်း ပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်အောင် လုပ်ဆောင်ခြင်း၊ ပျက်ဆီးနေသည့် အဆောက်အအုံများ ဖယ်ရှားခြင်းနှင့် လူမှုဝန်ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုရမည် ဖြစ်ပြီး အမေရိကန် ဘဏ္ဍာရေးဌာနမှ လက်ထောက် အတွင်းရေးမှူး ဒွန်ဂရေ့ဗ်က စောင့်ကြည့် ကြီးကြပ်သွားမည်ဟု သိရသည်။
    Ref : xinhua
    _____________________
    ဘရာဇီးတွင် ဘိလပ်မြေသိုလှောင်ရုံတစ်ခု မီးလောင်

    ဘရာဇီးနိုင်ငံမြို့ငယ်တစ်မြို့ရှိ ဘိလပ်မြေသိုလှောင်ရုံတစ်ခုမှာ ဗုဒ္ဓဟူးနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀၀-ခန့် ဆေးရုံသို့ ပိုဆောင်ခဲ့ရသည်ဟု သိရသည်။ ဆန်တာနာ ကတ်တရီနာ ပြည်နယ် ဆာအိုဖရန်စစ္စကိုမြို့ရှိ ဘိလပ်မြေ တန်-၄၀ ခန့်သိုလှောင်ထားသော ဂိုထောင်တစ်ခုဖြစ်ပြီး အင်္ဂါနေ့ညပိုင်းကတည်းက မီးလောင်ခဲ့ကာ ထိုမီးလောင်မှုကြောင့် အဆိပ်ဓာတ်ငွေ့များ ပါသည့် မီးခိုးငွေ့များ ကောင်းကင်တွင် ပျံ့နှံ့ခဲ့သည်။ အစိုးရက စောစောပိုင်းတွင် အဆိပ်ဓာတ်ငွေ့များ မပါဟု ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ထိုမီးခိုးငွေ့များမှာ အဆိပ်ဓာတ်ငွေ့များ အနည်းငယ်ပါဝင်ပြီး အတန်အသင့် အန္တရာယ်ရှိနိုင်သည်ဟု ပြန်လည်ထုတ်ပြန်ခဲ့ကာ ထိုအဆိပ်ဓာတ်ငွေ့ကြောင့် အရေပြား၊ မျက်စိ၊ နှာခေါင်းအမြှေးနှင့် လည်ချောင်းများ ယားယံကျိန်းစပ်ခြင်းများ ဖြစ်နိုင်သည်ဟု ကြေညာခဲ့သည်။ မီးလောင်ရာပတ်ဝန်းကျင်ရှိ လူများကိုလည်း ရွှေ့ပြောင်းပေးခဲ့ကာ၊ ကျောင်းများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားစေပြီး ဆာအို ဖရန်စစ္စကို အဝေးပြေးလမ်းကိုလည်း ပိတ်ထားသည်ဟု သိရသည်။
    Ref : xinhua
    _____________________
    တ်ာဝန်မိသားစုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ စပိန်တွင်ပြုလုပ်

    စပိန်နိုင်ငံရှိ တော်ဝင်မိသားစုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ မက်ဒရစ်မြို့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး စပိန်ဘုရင် ဂျူအန်ကားလို့စ် နန်းစွန့်ရန်၊ ဘုရင် စနစ်အား အဆုံးသတ်ပြီး ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ထို့ပြင် “ဘုရင်ကြီးကို စားပစ်” စပိန်ဟာ မနက်ဖြန် ပြည်သူ့သမ္မတနိုင်ငံဖြစ်ရမည်” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့တော်တစ်ဝှမ်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

    သို့ရာတွင် သုံးနှစ် အတွင်း ခွဲစိတ်ကုသမှု ၈-ကြိမ်ပြုလုပ်ခဲ့ရသည့် ဘုရင် ဂျူအန်ကားလို့စ်က ၎င်းအနေဖြင့် နန်းစွန့်အစီအစဉ် ရှိသည်ဆိုသည့် ကောလဟာလအား မဟုတ် မမှန်ကြောင်း ငြင်းဆိုခဲ့သည်။ ၁၉၃၆-ခု စပိန် ပြည်တွင်းစစ်ဖြစ်ပြီး နောက်ပိုင်း ဗိုလ်ချုပ် ဖရန်စစ္စကို ဖရန်ကိုက စတင်ခဲ့သည့် ထိုဘုရင်စနစ်မှာ တရားမ၀င်ဟု ဝေဖန်သူများက ယူဆကြသည်။
    Ref : presstv
    _____________________
    ၂၀၁၃-ခုနှစ် မယ်ကမ္ဘာဆုအား ဖိလစ်ပိုင်မယ်ဆွတ်ခူး

    အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင်ကျင်းပပြလုပ်ခဲ့သည့် ၂၀၁၃-ခုနှစ် မယ်ကမ္ဘာပြိုင်ပွဲတွင် ဖိလစ်ပိုင်မယ်က မယ်ကမ္ဘာဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ ကမ္ဘာတစ်ဝန်းမှ မယ် ၁၂၆-ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် အသက် ၂၃-နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံဖွား ဖိလစ်ပိုင်မယ် မီဂန်ယန်းက မယ်ကမ္ဘာဆုကို ဆွတ်ခူးခဲ့ပြီး သက်တမ်းတစ်လျှောက် အကောင်းဆုံးမယ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။ ဒုတိယဆုကို ပြင်သစ်မယ် မရိန်း လော်ဖလင်းက ရရှိခဲ့ပြီး၊ ဂါနာမယ် အိုကယ်လီ ရူတာက တတိယရရှိခဲ့သည်။
    Ref : bbc
    _____________________
    ဂရိနာဇီလက်သစ်ပါတီမှ နိုင်ငံရေးသမားများအဖမ်းခံရ

    ဂရိနိုင်ငံရှိ လက်ယာယိမ်း နာဇီလက်သစ်ပါတီ Golden Dawn ကို တည်ထောင်ခဲ့သူ ပါတီ ခေါင်းဆောင် နီကို့စ် မီခါလိုလီယာကို့စ်အပါအ၀င် ထိုပါတီမှ နိုင်ငံရေးသမားငါးဦးအား ရာဇ၀တ်မှု ကျူးလွန်သည့် အဖွဲ့အစည်းများနှင့် ဆက်နွယ်နေမှုကြောင့် တရားစွဲဆိုတော့မည်ဟု သိရသည်။ ဂရိရဲတပ်ဖွဲ့က ယမန်နေ့ကပြုလုပ်ခဲ့သည့် ဖမ်းဆီးမှုတွင် Golden Dawn ပါတီမှ အဖွဲ့ဝင် ၁၃-ဦးနှင့် ရဲအရာရှိနှစ်ယောက်တို့ပါဝင်ခဲ့ပြီး တရားရုံးသို့မတင်မီအထိ ထိန်းသိမ်းထား မည်ဖြစ်သည်။

    ထိုကဲ့သို့ဖမ်းဆီးမှုမှာ လက်ဝဲပါတီအား ထောက်ခံအားပေးသည့် ဂရိ ဟစ်ဟော့ အဆိုတော် အသတ်ခံရမှုအတွက် Golden Dawn ဖွဲ့ဝင်များအပေါ် ပြစ်တင်မှုများဖြစ်ပေါ်လာခဲ့ပြီးနောက် အစိုးရက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ Golden Dawn ပါတီမှာ ဂရိပါလီမန်တွင် နေရာ ၁၈-နေရာ ရရှိထားသည့် ပါတီဖြစ်ပြီး ထိုကဲ့သို့ဖမ်းဆီးမှုမှာ ၁၉၇၄-ခုနှစ်နောက်ပိုင်း ပါလီမန်အမတ်များကို ပထမဦးဆုံးဖမ်းဆီးခြင်းလည်းဖြစ်သည်။

    ဂရိနိုင်ငံအတွင်းရှိ လူနည်းစုများကို တိုက်ခိုက်မှုများတွင် Golden Dawn ပါတီမှ ပါဝင်ခဲ့သည်ဟု စွပ်စွဲမှုများရှိပြီး ယခုကဲ့သို့ ဖမ်းဆီးမှုအား ဥရောပတစ်ဝှမ်းရှိ အစိုးရများကကြိုဆိုဖွယ်ရှိနေသည်။
    Ref : aljazeera

  • စက်တင်ဘာ ၂၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ ၂၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media

     

    ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ မပြင်ဆင်နိုင်ရင် ပြဿနာတွေ ကြီးထွားလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

    လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမယ့် ၂၀၁၅-ခု ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ အကယ်၍ အချိန်မီ မပြင်ဆင်နိုင် ပါက ပြဿနာများ ပိုမိုများပြား ကြီးထွားလာနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်ကြောင်း VOA အင်တာနက် သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ________________________

    လက်ရှိဖွဲ့စည်းပုံဥပဒေကိုဖျက်ပြီး အသစ်တစ်ခုပြဋ္ဌာန်းရန် မလိုအပ်ဟု ဦးဋ္ဌေးဦးပြော

    ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် ဖျက်သိမ်းရန်ဆိုသည့် တောင်းဆိုချက်အား ရှစ်လေးလုံး ရွှေရတုမှ အစပြုပြီး၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများမှ ထွက်ပေါ်လာပြီးနောက် လက်ရှိပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ကျင့်သုံးနိုင်ရန် ရည်ရွယ် ရေးဆွဲခဲ့တာ ဖြစ်တာကြောင့် အသစ်ရေးဆွဲ ပြဋ္ဌာန်းရန် မလိုအပ်ပဲ လူထုဆန္ဒအရ လိုအပ်လာတယ်ဆိုရင် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်ပေးသွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဋ္ဌေးဦးမှ ပြောဆိုလိုက်ကြောင်း ဧရာဝတီသတင်းဋ္ဌာနကို ကိုးကား၍ သိရှိရပါတယ်။

    _________________________

    တောင်ကြီး ငြိမ်းချမ်းရေးယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲမှ ဖက်ဒရယ်နှင့် ပင်လုံညီလာခံကျင်းပရန် တောင်းဆို

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ၂၁-ရက်နေ့မှ ၂၃-ရက်နေ့အထိ ပြုလုပ်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းမှု ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲမှ အချက် ၅-ချက်ပါဝင်သော ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း၊ ယင်းတို့မှာ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ၊ မတရား အသင်း ဥပဒေ အပါအ၀င် ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊ တန်းတူ၍ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံ စိတ်ဓာတ်ကို အခြေခံသော ညီလာခံကြီးတစ်ရပ် ကျင်းပရေး နှင့် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည် ရေးဆွဲရေးတို့ ပါဝင်ကြောင်း ဧရာဝတီ သတင်းဋ္ဌာနမှာ ဖော်ပြထားပါတယ်။

    _________________________

    စင်္ကာပူနိုင်ငံ ခရီးစဉ်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက်ရှိ

    စက်တင်ဘာ ၂၀-ရက်နေ့မှာ စင်္ကာပူကို စတင်သွားရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး စင်္ကာပူခရီးစဉ်အတွင်းမှာ စင်္ကာပူထိပ်သီးညစာစားပွဲနှင့် ဆွေးနွေးပွဲ၊ စင်္ကာပူရောက် မြန်မာမိသားစုနှင့်
    တွေ့ဆုံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပညာရေးတိုးတက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့သလို စင်္ကာပူဝန်ကြီးချုပ်၊ နိုင်ငံခေါင်းဆောင်အချို့ အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ RFA သတင်းစာမျက်နှာမှာ ရေးသားထားပါတယ်။

    _________________________

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာများပေးအပ်

    ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ မစ္စတာ အင်ဒရူး ပက်ထရစ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂအဖွဲ့ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ မစ္စတာ ရိုလန် ကိုဘီယာတို့က ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ယနေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတထံ ပေးအပ်ခဲ့ကြောင်း သမ္မတရုံး၏ အင်တာနက် စာမျက်နှာမှတဆင့် သိရှိရပါတယ်။

    __________________________

    အီရန် နျူးကလီးယားကိစ္စနှင့် ပက်သက်သည့် ၆-နိုင်ငံဆွေးနွေးပွဲအား အီရန်ပါဝင်မည်

    အီရန်က ပြုလုပ်နေသည့် နျူးကလီးယားအစီအစဉ်အား ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂတွင်ပြုလုပ်မည့် ၆-နိုင်ငံဆွေးနွေးပွဲတွင် အီရန်နိုင်ငံကပါဝင်မည်ဟု ဥရောပယူနီယံ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်း အရှ်တန်က ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့ နယူးယောက်တွင်ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သီခြားပြုလုပ်ရန်ရှိသည့် အဆိုပါဆွေးနွေးပွဲတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်လာမည်ဖြစ်ပြီး ၆-နှစ်အတွင်း ပထမဦးဆုံး ပါဝင်ခြင်းဖြစ်သည်။ ထိုအစီအစဉ်မှာ ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ့်မစ်တော်လှန်ရေး ဖြစ်ပွားပြီးခဲ့တကည်းက ပြတ်တောက်ခဲ့သည့် သံတမန်ဆက်ဆံရေး မကြာသေးခင်က ပြန်လည်စတင်ပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ နျူးကလီးယားအစီအစဉ်အား အရပ်ဖက်တွင်အသုံးပြုရန်ဖြစ်သည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အမေရိကန်နှင့် အပေါင်းအပါများက လက်နက်ထုတ်လုပ်ရန် အတွက်ဟု စွပ်စွဲထားသည်။

    Ref : aljazeera
    __________________________

    သမီးငယ်နှစ်ဦး အ၀တ်လျှော်စက် အတွင်းတွင်သေဆုံးမှု တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့

    တရုတ်နိုင်ငံ ဂျန်ရှိပြည်နယ်တွင် ကလေးငယ်နှစ်ဦးမှာ အ၀တ်လျှော်စက် အတွင်းတွင် သေဆုံးနေကြာင်း တွေ့ရှိခဲ့ရပြီး ထိုကိစ္စနှင့်ပက်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးနေသည်ဟုသိရသည်။

    ဇီဂျန်ကောင်တီ၊ ကွီအိုရှိမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃-နှစ်နှင့် ၂-နှစ် အရွယ်သမီးငယ် နှစ်ဦးမှာ အိမ်အတွင်းကစားနေစဉ် အ၀တ်လျှော်စက်ထဲသို့ ၀င်ရာက်ခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

    အခင်းဖြစ်ပွားချိန်တွင် မိခင်ဖြစ်သူမှာ ချက်ပြုက်နေပြီး ဖခင်ဖြစ်သူက သီးချင်းနောထောင်နေကာ အသက် ၁-နှစ် အရွယ် သားငယ်တစ်ဦးလည်း အိမ်တွင်ရှိနေသည်ဟုသိရသည်။ သမီးငယ်နှစ်ဦးမှာ အသက်ရှုကျပ်၍သေဆုံးခဲ့ခြင်းဟု ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပြီး အ၀တ်လျှော်စက် ထုတ်လုပ်သည့်ကုမ္ပဏီက တာဝန်ရှိသူများလည်း စုံးစမ်းစစ်ဆေးမှုကိုခံယူရန် ရဲစခန်းသို့လာရောက်ခဲ့ကြသည်။

    Ref : xinhua, Photo : channelnewsasia
    __________________________

    ဖိလစ်ပိုင် မြေပြိုမှုအတွင်း လူ ၁၉-ဦးသေ

    ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် သည်းထန်စွာမိုးရွာသွန်းမှုကြောင့် လူ ၁၉-ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ကြသည်ဟု နိုင်ငံပိုင်မီဒီယာက ဖေါ်ပြခဲ့သည်။ ထို့ပြင် လူ ၄-ဦးပျောက်ဆုံးနေပြီး မြို့နယ်အများစုမှာလည်း ရေလွှမ်းနေသည်ဟု သိရသည်။

    သေဆုံးသူအများစုမှာ Zambales ပြည်နယ်တွင်ဖြစ်ပြီး မိုးသည်းထန်စွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သောမြေပြိုမှုများတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အစိုးရပိုင် PNA သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကောင်စီက အတည်ပြုခဲ့သည်။ စူဘစ်မြို့တွင်မြေပြိုမှုကြောင့် လူ ၁၆-ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၀-ဦးမှာ အသက် ၁၂-နှစ်အောက် ကလေးငယ်များဖြစ်ကြသည်။

    Ref : cnn
    __________________________

    မွေးစားကလေးငယ်နှစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သည့် ဇနီးမောင်နှံနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

    အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရှိ ဇနီးမောင်နှံနှစ်ဦးမှာ ၎င်းတို့၏ မွေးစားကလေးနှစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့ကြောင်းတွေ့ရှိခဲ့ရသည့်အတွက် တနင်္လာနေ့က ထောင်ဒဏ်အသီးသီးချမှတ်ခြင်းခံခဲ့ရသည်ဟုသိရသည်။

    ထိုဇနီးမောင်နှံမှာ အသက်၅၀-နှစ် အရွယ်ရှိ ဂျိုးဆက် မေယော့တီ နှင့် အသက် ၄၉-နှစ်အရွယ်ရှိ လင်ဒါ မေယောတီတို့ ဖြစ်ကြသည်။ ဂျိုးဆက်မှာ အသက် ၁၃-နှစ်အရွယ်မွေးစားသမီးအား အသက် ၈-နှစ်မှစပြီး အဓ္ဓမကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှု ၁၁-မှုဖြင့် စွဲချက်တင်ခံခဲ့ရကာ ထောင်ဒဏ် နှစ်-၂၀ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

    သူ၏ဇနီးဖြစ်သူ လင်ဒါမှာ အသက် ၁၅-နှစ်အရွယ်သာ ရှိသေးသည့် မွေးစားသားအား အဓ္ဓမပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ကိုယ်ဝန်ရရှိသည်အထိ ဖြစ်ခဲ့သည်။ လင်ဒါမှာ စွဲချက် ၁၉-ခုဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၂၂-နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

    Ref :  cnn
    __________________________

     

    ကင်ညာ ရှော့ပင်းမောလ် တိုက်ခိုက်မှုအား ရုရှားမွတ်စလင် ခေါင်းဆောင်များ ပြင်းပြင်းထန်ထန်ရှုတ်ချ

    ဆိုမာလီအခြေစိုက်အကြမ်းဖက်အဖွဲ့ အလ်ရှာဘတ်အဖွဲ့၏ အစ္စလာမ်သာသနာ အမည်အား အလွဲသုံးစားလုပ်ကာ ကင်ညာမြို့တော် နိုင်ရိုဘီရှိ Westgate ရှော့ပင်းမောလ်အား ၀င်ရောက် စီးနင်းတိုက်ခိုက်သည့် လုပ်ရပ်ကို ရုရှားရှိ အစ္စလာမ့် ပညာရှင်များက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

    ထိုတိုက်ခိုက်မှုအတွင်းလူပေါင်း ၆၀ ကျော်သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထိုကဲ့သို့ ဆိုးရွားသည့် တိုက်ခိုက်မှု သတင်းက ပူပင်သောကရောက်စေပြီး မကျေမနပ်ဖြစ်စရာကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု မွတ်စလင်ခေါင်းဆောင်များက ပြောကြားခဲ့သည်။ “မွဖ်သီ (အစ္စလာမ့်ဓမ္မသတ် ပညာရှင်များ)ကောင်စီက အစ္စလာမ်အရေခြုံပြီးလုပ်တဲ့ ရာဇ၀တ်မှုမြောက်တဲ့ ဒီလိုအကြမ်းဖက် လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အစ္စလာမ်က အကြမ်းဖက်ဝါဒကို ရွံရှာပါတယ်။

    အပြစ်မဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖြတ်ခြင်းဟာ လူသားအားလုံးကို သတ်ဖြတ်ခြင်းသာဖြစ်တယ်လို့ ကုရ်အာန်မှာ တိတိကျကျဆိုထားပါတယ်။ အကြမ်းဖက်သမား တစ်ယောက်၊ ဒါမှမဟုတ် ရာဇ၀တ်မှုကျူးလွန်သူ တစ်ယောက်ဟာ မွတ်စလင် မဖြစ်နိုင်တော့ပါဘူး။ အဲဒီလိုပဲ စစ်မှန်တဲ့ မွတ်စလင်တစ်ယောက်ဟာလည်း အကြမ်းဖက်သမား မဖြစ်နိုင်ပါဘူး။” ဟု မွဖ်သီကောင်စီ၏ကြေညာချက်ကို ပြောကြားခဲ့သည်။

    လူသတ်သမားများသည် ငရဲဘုံသို့ သွားရမည်ဟု ကုရ်အာန် ကျမ်းတော်မြတ်တွင် ဖော်ပြထားသောကြောင့် ယခုကဲ့သို့ လုပ်ရပ်များကိုကျူးလွန်နေသောတရားခံများမှာ ၎င်းတို့၏လုပ်ရပ်များ အတွက်ပြန်လည်ပေးဆပ် ရမည်ဟု အစ္စလာမ့်ပညာရှင်များက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာတွင် မိမိအားမတရားသဖြင့် အနိုင်ကျင့်ကျူးကျော်သူများကို ထိုသူတို့၏ မတရားသောလုပ်ရပ်များ ချုပ်ငြိမ်းသွားသည် အထိ ခုခံ ပိုင်ခွင့်ပေးထားသော်လည်း အပြစ်မဲ့သူများအား သတ်ဖြတ်ခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။

    အလ်ရှာဘတ်အဖွဲ့မှာ ဆိုမာလီယာတွင် အခြေစိုက်ပြီး အာဖရိက တစ်ဝှမ်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ အကျိုး စီးပွားများအား အကြမ်းဖက် တိုက်ခိုက်နေသည့် စစ်သွေးကြွအဖွဲ့ တစ်ခုဖြစ်ပြီး သီတင်းနှစ်ပတ်ကျော်ခန့်ကပင် ဆိုမာလီယာ အစ္စလာမ့် ပညာရှင်များက အလ်ရှာဘတ်အဖွဲ့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်ကြောင်း ဓမ္မသတ်ထုတ်ပြန်ခဲ့သေးသည်။

    Ref: Voice Of Russia

    _________________________

    ဆီးရီးယားရှိ ဓါတုလက်နက်များလွှဲပြောင်းယူခဲ့သည်ဆိုသည့်သတင်းအား ဟစ်ဇ်ဘိုလာငြင်းဆို



    ဆီးရီးယားအစိုးရ၏ ခိုင်မာသော မဟာမိတ်ဖြစ်သည့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန်နာဆရာလာက ၎င်းတို့အဖွဲ့အနေဖြင့် ဆီးရီးယားမှ ဓာတုလက်နက်များ လွှဲပြောင်းရယူခဲ့သည့်ဆိုသည့် သတင်းအား ငြင်းဆိုလိုက်သည်။

    ဆီးရီးယားအနေဖြင့် ဓာတုလက်နက်များအား နိုင်ငံတကာ ထိန်းချုပ်မှု လက်သို့အပ်ရန် သဘောတူညီပြီးနောက် ထိုသဘောတူညီချက်အား ရှောင်ရှားရန် ဓာတုလက်နက်များကို လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့အား လွှဲပြောင်းပေးခဲ့သည်ဟု ဆီးရီးယားအတိုက်အခံတပ်ဖွဲ့မှ ပြီးခဲ့သည့်လက စွပ်စွဲခဲ့သည်။

    “ဒီစွပ်စွဲမှုဟာ သိပ်ကိုရယ်စရာကောင်းပါတယ်။ ဒီစွပ်စွဲမှုကို ဖြစ်ပေါ်လာတဲ့ နောက်ခံအကြောင်းအရင်းနဲ့ ရှုထောင့်တွေကို ကျွန်တော်တို့နားလည်ပါတယ်။ ပြီးတော့ ဒီစွပ်စွဲချက်မှာ လက်ဘနွန်နိုင်ငံအတွက် အန္တရာယ်ရှိတဲ့ အကျိုးဆက်ရှိနေပါတယ်” ဟု ယမန်နေ့က ရုပ်သံတွင်ပြောကြားခဲ့သည်။

    Ref : aljazeera
    _________________________

    ဇနီးသည်အား ကြောက်ရွံ့မှုကြောင့် ဆေးလိပ်ဖြတ်ခဲ့သည်ဟု အိုဘားမားဆို

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၎င်းအနေဖြင့် ဆေးလိပ်ဖြတ်ခဲ့ခြင်းမှာ
    သူ၏ မိန်းမအားကြောက်ရွံ့သောကြောင့် ဖြစ်သည်ဟုအမှတ်တမဲ့ ပြောဆိုခဲ့ခြင်းအား မိုကရိုဖုန်းတစ်ခုမှ ဖမ်းယူနိုင်ခဲ့သည်။
    ကုလသမဂ္ဂအထွေထွေ ညီလာခံအတွင်း တနင်္ဂနွေနေ့က သီးခြားပြုလုပ်ခဲ့သည့် ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ အရေးပါမှုနှင့်ပက်သက်ပြီး ပြုလုပ်သော ပွဲတစ်ခုအပြီး စကားပြောဆိုနေချိန်တွင် ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

    ထိုပွဲပြီးနောက် အိုဘားမားက ရပ်နေပြီး ၎င်း၏ ဘေးနားရှိလူအား ဆေးလိပ်ဖြတ်လိုက်ပြီလားဟု မေးမြန်းခဲ့သည်။ ထိုလူမှ အိုဘာမားအား ပြန်လည်မေးမြန်းရာတွင် အိုဘာမားက ပြုံးစစဖြင့် “ကျွန်တော် ဆေးလိပ်မသောက်တော့တာ ၆-နှစ်လောက်ရှိပြီ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့မိန်းမကို ကြောက်ရလို့ပါ” ဟု
    အမှတ်တမဲ့ပြောကြားခဲ့မှုအား CNN သတင်းဌာန၏ သတင်းထောက်မှ အသံဖမ်းယူမိခဲ့သည်။

    အိုဘာမား၏လက်ရှိပုံစံမှာ ကျန်းမာသောသူတစ်ဦးအဖြစ် မြင်ရသော်လည်း ငယ်ငယ်ကဆေးလိပ်စွဲခဲ့ကာ၊ ကျန်းမာရေးချို့တဲ့ခဲ့သည်ဟု သူကိုယ်တိုင် ရေးသားသည့် “Dreams From My Father” စာအုပ်တွင်ရေးသားထားသည်။

    Ref : afp

    _________________________