News @ M-Media

Tag: singapore

  • ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ စင်ကာပူမွတ်စလင်များနှင့် စုပေါင်း ၀ါဖြေ

    ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ စင်ကာပူမွတ်စလင်များနှင့် စုပေါင်း ၀ါဖြေ

    ဇွန် ၄၊ ၂၀၁၇
    M-Media

    စင်ကာပူ မွတ်စလင်များနှင့် စုပေါင်းဝါဖြေနေသည့် မင်းသားဟယ်ရီ

    – ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ အလည်အပတ်ခရီးစဉ်အဖြစ် ဒီနေ့မှာ စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပြီး မလေးလူမျိုး အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်း အစ်ဖ်သာရ် ၀ါဖြေပွဲမှာ ပါဝင်ခဲ့ပါတယ်။

    စင်ကာပူ မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Jamiyah Singapore ရဲ့ Guillemard Crescent ရပ်ကွက်က ရုံးချုပ်ကို လာရောက်ခဲ့တာဖြစ်ပြီး မလေးလူမျိုးတွေရဲ့ ရိုးရာ အတီးအမှုတ်တွေနဲ့ ကြိုဆိုခဲ့ပါတယ်။

    မင်းသားကို စင်ကာပူက ဆီလတ်ကိုယ်ခံပညာ ကမ္ဘာ့ချန်ပီယံဟောင်း ရှိခ် အလူဒင် ယာကွဘ်က ဦးဆောင်ကာ ခေါ်ဆောင်လာတာဖြစ်ပြီး ကြိုဆိုမှုမှာ ဆီလတ်ကိုယ်ခံပညာနဲ့ အလှပြကစားမှုလည်း ပါဝင်ခဲ့ပါတယ်။

    နေ၀င်သွားချိန်မှာတော့ မင်းသားဟာ မွတ်စလင်လူငယ် ၈၀ နဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲမှာ ပါဝင်စားသောက်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ မွတ်စလင်ငယ်တွေနဲ့ တစ်ဝိုင်းချင်း သွားရောက်တွေ့ဆုံကာ ရမ်ဇာန်ဥပုသ်လနဲ့ပတ်သက်လို့ စကားစမြည် ပြောဆိုခဲ့ပါတယ်။

    “ရမ်ဇာန်ဥပုသ်လဟာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ရတဲ့လပါ။ မိသားစုတွေ၊ မိတ်ဆွေတွေကို အချိန်ပေးတာမျိုး၊ ကိုယ့်ထက်နိမ့်ပါးသူတွေကို ကူညီထောက်ပံ့တာမျိုးလည်း လုပ်ရပါတယ်။ အစ်ဖ်သာရ်ဝါဖြေပွဲမှာ မင်းသားဟယ်ရီ ပါဝင်လာတဲ့အတွက်၊ Jamiyah Singapore အဖွဲ့က အစိတ်အပိုင်းတွေဖြစ်တဲ့ လူငယ်တွေနဲ့
    တွေ့ဆုံတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်” လို့ Jamiyah Singapore ဥက္ကဌ ဒေါက်တာ မိုဟာမက် ဟက်စ်ဘီ အဘူ ဘာကာရ်က ပြောကြားခဲ့ပါတယ်။

    ဒီနေ့မနက်ပိုင်းကလည်း မင်းသား Action for AIDS အခမ်းအနားကို သွားရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက အိခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ပြဿနာအကြောင်းကို လေ့လာခဲ့ပါတယ်။

    Ref: CNA

  • အကြမ်းဖက်မှုအန္တရာယ် အမြင့်ဆုံးရှိနေသည်ဟု စင်ကာပူ ပြော

    အကြမ်းဖက်မှုအန္တရာယ် အမြင့်ဆုံးရှိနေသည်ဟု စင်ကာပူ ပြော

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – စင်ကာပူနိုင်ငံတွင် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုမှာ အမြင့်ဆုံးအဆင့်တွင် ရှိနေပြီး IS အကြမ်းဖက်အဖွဲ့၏ အဓိကပစ်မှတ် ဖြစ်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ‘၂၀၁၇ ခုနှစ် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အကဲဖြတ်အစီရင်ခံစာ’ တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး IS မှာ တိုင်းပြည်အတွက် အဆိုးရွားဆုံး ခြိမ်းခြောက်မှုဖြစ်နေကာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ထိုအဖွဲ့ကို အခြေခံ၍ မိမိတို့၏ လုံခြုံရေး အစီအစဉ်ကို ပုံဖော်နေရသည်ဟုလည်း ဆိုသည်။

    စိုးရိမ်ရမှု အမြင့်ဆုံးအဆင့် ဖြစ်နေသော်လည် လတ်တလော တိုက်ခိုက်နိုင်ချေ မရှိကြောင်း၊ လုံခြုံရေးအဖွဲ့များမှာ သတိဝိရိယဖြင့် ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အရှေ့တောင်အာရှ ဒေသအတွင်း ၂၀၁၆ ခုနှစ် ဇန်န၀ါရီတွင် အင်ဒိုနီးရှား၊ ဇွန်လတွင် မလေးရှားတို့၌ IS နှင့် ဆက်နွယ်သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယခုနှစ် မေလအထိ အင်ဒိုနီးရှားနိုင်ငံအတွင် ဗုံးခွဲမှုများ၊ သေနတ်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

    အစီရင်ခံစာတွင် IS ထောက်ခံသူ စစ်သွေးကြွများမှာ အရှေ့တောင်အာရှဒေသအတွင်း ရင်ဆိုင်ရန် ပိုမိုခက်ခဲမည့် အခြေစိုက်စခန်းများကို ဖန်တီးလာနိုင်ကြောင်း ဖော်ပြခဲ့ပြီး ‘IS အရှေ့အာရှအဖွဲ့’ က ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့အား လတ်တလော စီးနင်းထားမှုကို ထောက်ပြခဲ့သည်။

    ထို့ပြင် စင်ကာပူမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့တွင် ပါဝင်မှုအတွက် အကြမ်းဖက်အဖွဲ့၏ ပစ်မှတ်ထားခြင်းကို ဆက်လက် ခံနေရမည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    IS အဖွဲ့မှာ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်က တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်မှုကို စင်ကာပူ အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံက ဘာတမ်ကျွန်းမှ အကြမ်းဖက်သမားများက စင်ကာပူ မရီနာဘေးကို ဒုံးကျည်ဖြင့် ပစ်ခတ်ရန် စီစဉ်မှုကိုလည်း အင်ဒိုနီးရှားက ဖော်ထုတ်နိုင်ခဲ့သည်။

    အရှေ့တောင်အာရှ ဒေသအတွင်း IS အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများ

    Ref: CNA

  • ရမ်ဇာန်ဥပုသ်လ ဗလီသွားနိုင်ရေး ဖုန်းဆော့ဖ်ဝဲတစ်ခု စင်ကာပူလူငယ်များ ဖန်တီး

    ရမ်ဇာန်ဥပုသ်လ ဗလီသွားနိုင်ရေး ဖုန်းဆော့ဖ်ဝဲတစ်ခု စင်ကာပူလူငယ်များ ဖန်တီး

    မေ ၂၂၊ ၂၀၁၇
    M-Media

    စင်ကာပူ မွတ်စလင်ရေးရာဝန်ကြီးနှင့် အဖွဲ့က ပြပွဲတွင် ကြည့်ရှုနေစဉ်

    – ဗလီဝတ်ကျောင်းတော်သို့ သွားရောက်မည့် ခရီးစဉ်အတွက် ကားများကို မျှဝေသုံးစွဲနိုင်မည့် မိုဘိုင်းဖုန်း အက်ပလီကေးရှင်းတစ်ခုကို စင်ကာပူကျောင်းသားများက ရမ်ဇာန် ဥပုသ်လအမီ ထုတ်ပြန်ရန် ရှိနေသည်။

    Terawhere ဟု အမည်ပေးထားသည့် အဆိုပါ အက်ပလီကေးရှင်းကို စင်ကာပူနိုင်ငံရှိ မလေးလူ့အဖွဲ့အစည်းမှ လူငယ် ၁၅ ဦးက ဖန်တီးထားခြင်းဖြစ်ပြီး လာမည့် သောကြာနေ့တွင် ထုတ်ပြန်မည်ဟု ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် Touch of Ramadan Celebrations ပြပွဲတွင် ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်သို့မသွားခင် ကားပိုင်ရှင်မှာ အခြား သွားရောက်လိုသူများနှင့် တွေ့ဆုံမည့်အချိန်၊ နေရာ၊ ကားနံပါတ်နှင့် ကား၏ အရောင်များကို အဆိုပါအက်ပလီကေးရှင်းသုံး၍ ကြေငြာနိုင်မည်ဖြစ်သည်။

    ကားကြုံလိုက်မည့်သူကလည်း အဆိုပါဆောဖ့်ဝဲကို အသုံးပြုကာ နီးစပ်ရာနေရာမှ ကားများကို ရှာဖွေနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ကားကြုံစီးချင်သူများနှင့် ယာဉ်မောင်း စုစုပေါင်း ၄၀၀ ခန့်မှာ မိမိတို့ပေးထားသော လင့်တွင် sign up လုပ်ထားကြသည်ဟု အက်ပလီကေးရှင်း ပူးတွဲဖန်တီးခဲ့သူ အသက် ၂၄ နှစ်အရွယ် တန်ကူ ဟာဖစ်ဇ်က ပြောကြားခဲ့သည်။

    ဆော့ဖ်ဝဲ၏ အမည်မှာ ရမ်ဇာန်ဥပုသ်လတွင် ၀တ်ပြုရသည့် သာရာဝီ ၀တ်ပြုဆုတောင်းမှုကို အခြေခံကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။

    အလ်-အန်ဆာရ် ဗလီဝတ်ကျောင်းတော်တွင် ပြုလုပ်သည့် Touch of Ramadan Celebrations ပြပွဲတွင် စင်ကာပူ မွတ်စလင်ရေးရာဝန်ကြီး ယကွဘ် အီဘရာဟင်က ယခုကဲ့သို့ ကားများကို မျှဝေသုံးစွဲနိုင်မည့် အက်ပလီကေးရှင်း ဖန်တီးမှုကို ချီးကျူးခဲ့သည်။

    စင်ကာပူရှိ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ယခုလကုန်ပိုင်းတွင် စတင်မည့် ရမ်ဇာန်ဥပုသ်လအတွက် ပြင်ဆင်မှုများကို ပြုလုပ်နေကြပြီး ကျန်းမာရေးအသိ မြှင့်တင်ပေးရေး ဘုတ်အဖွဲ့က South-East ဗလီဝတ်ကျောင်းတော်နှင့် ပူးပေါင်းကာ ဥပုသ်လအတွင်း ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ချင့်ချိန်စားသောက်နိုင်ရေး လမ်းညွှန်စာအုပ်များကိုလည်း ထုတ်ပြန်ရန် ရှိနေသည်။

    ထို့ပြင် မဒ်ရာဆာ ဘာသာရေးကျောင်းများ၊ ဗလီဝတ်ကျောင်းတော်တွင် ဖွင့်လှစ်ထားသည့် မူကြိုများရှိ အသက် ၅ နှစ်မှ ၁၆ နှစ်အထိ ကလေးငယ်များကို စုဘူးတစ်သောင်း ဝေငှရန် အစီအစဉ်တစ်ခုလည်း ရှိနေပြီး ရမ်ဇာန်ဥပုသ်လအတွင်း ၎င်းတို့၏ နေ့စဉ်မုန့်ဖိုးများကို ထိုစုဘူးထဲတွင် စုထားရန် ရည်ရွယ်သည်။

    ဇွန်လ ၁၁ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းများ၌ ကုရ်အာန်ကျမ်းတ်ာမြတ်ကို စုပေါင်း ရွတ်ဖတ်မည့် Quran Hour အစီအစဉ်ကိုလည်း ပြုလုပ်ရန် ရှိနေသည်။

    Ref: Todayonline

  • ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ စင်ကာပူမွတ်စလင်များ၏ အစ်ဖ်သာရ်ဝါဖြေပွဲတွင် ပါဝင်မည်

    ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ စင်ကာပူမွတ်စလင်များ၏ အစ်ဖ်သာရ်ဝါဖြေပွဲတွင် ပါဝင်မည်

    မေ ၁၉၊ ၂၀၁၇
    M-Media

    – ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီမှာ ဇွန်လ၌ စင်ကာပူသို့ လာရောက်မည့်ခရီးစဉ်၌ စင်ကာပူမွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လ အစ်ဖ်သာရ် ၀ါဖြေပွဲတွင် ပါဝင်သွားမည်ဟု ဗြိတိန်နန်းတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

    အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လမှာ မေလကုန်ပိုင်းတွင် စတင်မည်ဖြစ်ပြီး တစ်လတာ ကြာမြင့်မည်ဖြစ်သည်။ ထိုလတွင် မွတ်စလင် အမျိုးသား၊ အမျိုးသမီးများမှာ ဥပုသ်သီလဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ မကောင်းမှုအကုသိုလ်များမှ ရှောင်ရှားခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ကျမ်းစာများရွတ်ဖတ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတို့ကို သာမန်ရက်များထက် အထူးအဓိကထား ဆောင်ရွက်ကြမည်ဖြစ်သည်။

    မင်းသားမှာ ဇွန်လဆန်းပိုင်းတွင် စင်ကာပူသို့ လာရောက်မည်ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့တွင် Action for AIDS အခမ်းအနားကို တက်ရောက်မည်ဖြစ်ကာ၊ ဇွန်လ ၅ ရက်နေ့တွင် စင်ကာပူ ပိုလိုကလပ်၌ ကျင်းပမည့် Royal Sentebale Royal Salute Polo Cup ပိုလိုပြိုင်ပွဲတွင် ပါဝင်ကစားမည်ဖြစ်သည်။

    အဆိုပါပြိုင်ပွဲမှာ အာဖရိကတောင်ပိုင်းရှိ HIV ကူးစက်နေသော ကလေးများအား ထောက်ပံ့ကူညီရေး မင်းသားဟယ်ရီနှင့် လီဆိုသိုနိုင်ငံမှ တော်ဝင်မင်းသား ဆီဆိုတို့ ပူးပေါင်းကာ ၂၀၀၆ ခုနှစ်က ထူထောင်ခဲ့သော Sentebale ပရဟိတအဖွဲ့၏ နှစ်ပတ်လည် ရန်ပုံငွေရှာဖွေပွဲလည်း ဖြစ်သည်။

    မင်းသားဟယ်ရီမှာ စင်ကာပူမှတစ်ဆင့် သြစတေးလျနိုင်ငံ ဆစ်ဒနီသို့ ထွက်ခွာရန် ရှိနေသည်။

    Ref: CNA

  • ယာဉ်ထိန်းရဲအား လက်ဖက်ရည်ဖိုးပေးသည့် မလေးနိုင်ငံသားတစ်ဦးကို စင်ကာပူ ထောင်ချ

    ယာဉ်ထိန်းရဲအား လက်ဖက်ရည်ဖိုးပေးသည့် မလေးနိုင်ငံသားတစ်ဦးကို စင်ကာပူ ထောင်ချ

    မေ ၅၊ ၂၀၁၇
    M-Media

    – ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုးမတပ်ထားသည့်အတွက် ဖမ်းဆီးသော ယာဉ်ထိန်းရဲကို လာဘ်ထိုးရန် ကြိုးစားခဲ့သည့် မလေးရှားနိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတစ်ဦးကို စင်ကာပူက ယမန်နေ့တွင် ထောင်ဒဏ် ၄ ပတ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ပြင်ဒဏ်ချမှတ်ခံရသူမှာ အသက် ၃၀ အရွယ် ဆန်းကျားဝွန်ဆိုသူ ဖြစ်ပြီး ဇန်န၀ါရီ ၁၁ ရက်နေ့က ၀ုဒ်လန်း ဂိတ်မှ စင်ကာပူနိုင်ငံသို့ ၀င်ရောက်လာပြီးနောက် ဘူကစ် တီမဟ် အဝေးပြေးလမ်း၌ ဦးထုပ်ကို မေးသိုင်းကြိုးမပတ်ဘဲ ဆိုင်ကယ်စီးနင်းနေစဉ် ပတ္တရောင်လှည့်နေသည့် ယာဉ်ထိန်းရဲတစ်ဦးက တွေ့ရှိခဲ့သည်။

    ထို့နောက် ယာဉ်ထိန်းရဲက မေးသိုင်းကြိုးမပတ်သည့်အတွက် ရုံးမှ ဆင့်ခေါ်မှုကို ခံရကာ၊ စင်ကာပူဒေါ်လာ ၁၂၀ ဒဏ်ငွေပေးဆောင်ရမည်ဟု ပြောသည့်အခါ ဆန်းကျားဝွန်က မိမိမှာ မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူးမှ တစ်ပတ်လျှင် ၃ ကြိမ် ဆောက်လုပ်ရေးလုပ်ငန်းကို လာရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး၊ တစ်နေ့လျင် ဒေါ်လာ ၈၀ သာရကြောင်း၊ လုပ်အားခ မရသည်မှာလည်း ရက်အနည်းငယ် ကြာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဒဏ်ငွေမဆောင်ရရန်အတွက် လက်ဖက်ရည်ဖိုး စင်ကာပူဒေါ်လာ ၃၀ ကို ယာဉ်ထိန်းရဲ၏ အိပ်ကပ်ထဲသို့ ထည့်ပေးခဲ့ပြီး၊ ထိုနေရာမှတွင်ပင် ဖမ်းဆီးခံခဲ့ရကာ လာဘ်ငွေပေးရန် ကြိုးစားမှုဖြင့် တရားစွဲဆို ခံခဲ့ရသည်။

    တရားရုံးတွင် ဆန်းဂျားဝွန်က မိမိအနေဖြင့် မှားယွင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သက်ညှာပေးရန် တောင်းဆိုပါကြောင်း၊ မိခင်ကြီးမှာ ခွဲစိတ်ကုသမှု ပြုလုပ်ထားရသည့်အတွက် ထောင်ဒဏ် ၄ ပတ်ကို ၂ ပတ်မှ လေးပိတ်အထိ ရွှေ့ဆိုင်းပေးရန် လျှောက်ထားပါကြောင်း ပြောကြားခဲ့သော်လည်း တရားရုံးက လက်မခံခဲ့ဘဲ ယမန်နေ့တွင် ချက်ခြင်းဖမ်းဆီးကာ ထောင်ဒဏ် ချမှတ်ခဲ့သည်။

    စင်ကာပူဥပဒေအရ ရဲတပ်ဖွဲ့အား လာဘ်ငွေပေးရန် ကြိုးစားမှုအတွက် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁ သိန်း ချမှတ်ခံရနိုင်သည်။

    Ref: CNA