News @ M-Media
Tag: singapore
  • စင်ကာပူ ဟိန္ဒူဘုရားကျောင်းတစ်ခု ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ခံနေရ
    စင်ကာပူ ဟိန္ဒူဘုရားကျောင်းတစ်ခု ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ခံနေရ
    သြဂုတ် ၂၂၊ ၂၀၁၇
    M-Media
    – စင်ကာပူနိုင်ငံရှိ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ရာဇ၀တ်မှုဆိုင်ရာ သံသယဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်ဟု သိရသည်။
    Sri Veeramakaliamman ဘုရားကျောင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လက်ရှိတွင် စီးပွားကူးသန်းဆိုင်ရာဌာနက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သြဂုတ်လ ၂၂ ရက် (ယနေ့) တွင် အတည်ပြုခဲ့သည်။ သို့သော်လည်း မည်သည့်ကိစ္စဆိုသည်ကို တိတိကျကျ ပြောကြားခဲ့ခြင်းမရှိပေ။
    ပရဟိတဆိုင်ရာ ကော်မရှင်နာမင်းကြီး (COC) မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် စုံးစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ မိမိတို့ကို အသိပေးထားကြောင်း၊ ပရဟိတ အက်ဥပဒေပုဒ်မ ၈ အရ မိမိတို့အနေဖြင့်လည်း ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။
    ထို့ပြင် ဘုရားကျောင်းဂေါပကအဖွဲ့မှ ပြန်ကြားမှုကိုလည်း ရရှိထားပြီး၊ စုံစမ်းစစ်ဆေးမှုပြီးမှ နောက်ထပ် ကိစ္စရပ်ကို ဆုံးဖြတ်သွားမည်ဟု ဆိုသည်။
    စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ် ကာလအတွင်း ဘုရားကျောင်း၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများ၊ နေ့စဉ် ပူဇော်မှုများကို ပိတ်ပင်သွားမည်မဟုတ်ဘဲ ဆက်လက် ဆောင်ရွက်ခွင့် ပေးထားမည်ဖြစ်သည်။
    အဆိုပါ ဘုရားကျောင်းမှာ Little India ရပ်ကွက်တွင် ထင်ရှားသည့် အမှတ်သညာတစ်ခုဖြစ်ပြီး စင်ကာပူနိုင်ငံသို့ အစောပိုင်းက ရောက်ရှိခဲ့သည့် အိန္ဒိယရွှေ့ပြောင်းလုပ်သားများက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
    Ref : CNA
  • စင်ကာပူမှာ ဒုက္ခရောက်နေတဲ့ အိမ်အကူ မြန်မာအမျိုးသမီးငယ်တွေကို ဘယ်သူကူညီပေးမှာလဲ
    စင်ကာပူမှာ ဒုက္ခရောက်နေတဲ့ အိမ်အကူ မြန်မာအမျိုးသမီးငယ်တွေကို ဘယ်သူကူညီပေးမှာလဲ
    သြဂုတ် ၇၊ ၂၀၁၇
    M-Media
    – စင်ကာပူနဲ့ မြန်မာတို့က တရားမ၀င် အိမ်အကူလုပ်သား ပို့ဆောင်မှု၊ ခိုင်းစေမှုတို့ကို ပိတ်ပင်ထားပေမယ့် စင်ကာပူနိုင်ငံမှာ အသက် ၁၅ နှစ်လောက်ရှိတဲ့ အသက်မပြည့်သေးသူ မြန်မာမိန်းကလေးတွေဟာ အိမ်အကူအလုပ် လုပ်နေရတယ်လို့ NGO တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။
    ၂၀၁၄ ခုနှစ်ကတည်းက စင်ကာပူနိုင်ငံဆီ အိမ်အကူလုပ်သား ပို့ဆောင်မှုကို မြန်မာအစိုးရက တားမြစ် ပိတ်ပင်ခဲ့တာပါ။
    ဒါပေမယ့် စင်ကာပူက အိမ်အကူလုပ်သား ကူညီရေးအဖွဲ့တစ်ခုက သူတို့ဆီမှာ အကူအညီတောင်းလာကြတဲ့ မြန်မာအမျိုးသမီး အရေအတွက်ဟာ တိုးလာတယ်လို့ ဆိုပါတယ်။ သူတို့ထဲက အချို့တွေဟာ ဆယ်ကျော်သက်တွေဖြစ်ပြီး စင်ကာပူဥပဒေအရ နိုင်ငံရပ်ခြားက အိမ်အကူအမျိုးသမီးတွေဟာ အသက် ၂၃ နှစ်ပြည့်ဖို့ လိုအပ်ပါတယ်။
    “ပျမ်းမျှ တစ်ပတ်ကို ပြဿနာတစ်ခုလောက် ကျွန်မတို့ တွေ့နေရတယ်” လို့ စင်ကာပူနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ကူညီဖေးမနေတဲ့ HOME အဖွဲ့က စတီဖနီ ချော့က်က အသက်မပြည့်သေးတဲ့ မြန်မာအမျိုးသမီး အိမ်အကူတွေကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် သူတို့ဆီမှာ မြန်မာအိမ်အကူ ၂၇၂ ဦးလောက် လာရောက်အကူအညီတောင်းခံခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၁၅၅ ဦး ရှိခဲ့ပါတယ်။
    “အကူအညီတောင်းတဲ့ မြန်မာအိမ်အကူတွေ ပိုများလာတာကို ကျွန်မတို့ တွေ့လာရပါတယ်။ အရင်က ဖိလစ်ပိုင်တွေ၊ အင်ဒိုတွေက များတာပါ။ တစ်ချို့သီတင်းပတ်တွေမှာဆိုရင် အကူအညီလာတောင်းတဲ့သူ ၄၀ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံက ဖြစ်နေတာတွေ ရှိပါတယ်” လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အလ်-ဂျာဇီးရားသတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှုအစီအစဉ် 101 East မှာ မြန်မာနိုင်ငံက အေးဂျင့်တွေဟာ အသက်လိမ်ထားတဲ့ နိုင်ငံကူးလက်မှတ်အတုတွေနဲ့ မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေကို စင်ကာပူမှာ အလုပ်အလုပ်ဖို့ ပို့ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်း ဖော်ထုတ်ထားပါတယ်။
    အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အေးဂျင့်တွေဟာ သူ့ကို စာရွက်စာတမ်းအတုတွေပေးပြီး သူမရဲ့ အသက်ကို လိမ်ခိုင်းကြောင်း၊ ပြီးတဲ့နောက်မှာ စင်ကာပူကို ရောက်လာခဲ့ကြောင်း 101 East ကို ပြောကြားခဲ့ပါတယ်။ စင်ကာပူရောက်တဲ့အခါမှာတော့ သူမဟာ ကလေးငယ်နှစ်ဦးကို ထိန်းကျောင်းရပြီး ညပိုင်းအထိ အိမ်အလုပ်တွေလုပ်ဖို့ အတင်းအဓမ္မ ခိုင်းစေခြင်း ခံနေရပါတယ်။
    စင်ကာပူအစိုးရအဖွဲ့တစ်ခုဖြစ်တဲ့ Transient Workers Count Too က ပြီးခဲ့တဲ့နှစ်အတွင်း ပြုလုပ်တဲ့ စစ်တမ်းမှာ သူတို့ အင်တာဗျူးခဲ့တဲ့ မြန်မာအိမ်အကူအမျိုးသမီး ၅၅ ဦးမှာ ၁၆ ဦးက စင်ကာပူကိုရာက်ရှိစဉ်မှာ ၂၃ နှစ်အောက် အသက်မပြည့်သေးသူ ဖြစ်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
    “အသက် ၁၈ နှစ်အောက် အလုပ်သမားတွေတောင် ရှိပါတယ်။ မြန်မာအမျိုးသမီးတွေအတွက် ဒါဟာ ပုံမှန်ပြဿနာတစ်ခုလို ဖြစ်နေတာပါ” လို့ အဖွဲ့က ဂျွန်ဂီးဆိုသူက ပြောကြားခဲ့ပါတယ်။
    အလုပ်မဖြစ်သည့် လုပ်ငန်းစဉ်များ
    စင်ကာပူမှာ အိမ်အကူအဖြစ် အလုပ်လုပ်နေရတဲ့ မြန်မာမိန်းကလေးငယ်တွေရဲ့ ပြဿနာတော်တော်များများကို ပြီးခဲ့လတွေအတွင်းမှာ မြန်မာမီဒီယာတွေက ဖော်ပြခဲ့ဖူးပါတယ်။
    ဇွန်လတုန်းက အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ စင်ကာပူအဆောက်အဦးတစ်ခုရဲ့ ၁၈ လွှာကနေ ခုန်ချသေဆုံးခဲ့ပါတယ်။
    နောက်ထပ်အဖြစ်အပျက်တစ်ခုက အသက် ၁၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးတစ်ဦးဟာ သူအလုပ်လုပ်နေတဲ့ ၉ လွှာအိမ်က ပြုတ်ကျပြီး အာရုံကြောဒဏ်ရာ ရရှိသွားတာပါ။
    ချော့က်က ပြီးခဲ့တဲ့ ၃ နှစ်မှာ မြန်မာအစိုးရက စင်ကာပူကို အိမ်အကူပို့ဆောင်မှုလုပ်ငန်းကို ပိတ်ပင်ခဲ့ပေမယ့် ပြောင်းလဲမှု သိပ်မရှိဘူးလို့ ဆိုပါတယ်။
    “အိမ်အကူလုပ်သားတွေက စင်ကာပူကို ၀င်ရောက်ခွင့်ရနေတဲ့အတွက် ဒီပိတ်ပင်မှုဟာ မြေပြင်မှာ တကယ် သက်ရောက်မှုမရှိဘူးဆိုတာ ကျွန်မတို့ တွေ့ရပါတယ်။ ကျွန်မတို့အတွက် ဒါဟာ နေ့စဉ်ပုံမှန်ကိစ္စလို ဖြစ်နေပါတယ်”
    စင်ကာပူနိုင်ငံက မြန်မာသံရုံးကတော့ အလ်ဂျာဇီးရားရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
    ဒါပေမယ့် စင်ကာပူအစိုးရရဲ့ လူ့စွမ်းအားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက နိုင်ငံအတွင်း အသက်မပြည့်သေးတဲ့ အိမ်အကူအရေအတွက်ဟာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
    အလုပ်ရှာပေးတဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီး စစ်ဆေးဖို့၊ တွေ့ဆုံမေးမြန်းဖို့ စင်ကာပူအစိုးရက မျှော်လင့်နေပါတယ်။
    ချမှတ်ထားတဲ့စည်းကမ်းတွေ မလိုက်နာမှုအတွက်ကြောင့် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အလုပ်အကိုင်အေဂျင်စီ ၉ ခုကို ၀န်ကြီးဌာနက အရေးယူခဲ့ပါတယ်။
    ဒါပေမယ့် ဘယ်လိုအရေးယူမှုတွေ လုပ်ခဲ့လဲဆိုတာကိုတော့ ကြေငြာချက်မှာ ဖော်ပြမထားပါဘူး။ အေဂျင်စီတွေဟာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀၊ ဒါမှမဟုတ် ထောင်ဒဏ်တွေ ကျခံရနိုင်သလို၊ သူတို့ရဲ့ လိုင်စင်တွေလည်း အသိမ်းခံရနိုင်ပါတယ်။
    အသက်မပြည့်သေးတဲ့သူတွေကို ခိုင်းစေနေလားဆိုတာကို သိရှိစေဖို့အတွက် စင်ကာပူအစိုးရက ဆောင်ရွက်နေတဲ့ အခြားနည်းလမ်းတွေမှာ အရမ်းငယ်ပုံပေါက်နေတဲ့သူတွေကို တွေ့ဆုံမေးမြန်းတာ၊ အသက်သတ်မှတ်ချက်ကို အိမ်အကူတွေ သိရှိစေဖို့အတွက် အသိပညာပေး အစီအစဉ်တွေကို မဖြစ်မနေ တက်ရောက်ရတာတွေလည်း ပါဝင်ပါတယ်။
    ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ်
    စင်ကာပူကအိမ်တွေမှာ အလုပ်လုပ်နေတဲ့ အိမ်အကူအရေအတွက်ဟာ ၂၄၀၀၀၀ လောက်ရှိနေပြီး အများစုက ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့က လာတာဖြစ်ပေမယ့် မြန်မာနိုင်ငံက လာရောက်သူတွေဟာ အချို့တဲ့ဆုံးသူတွေဖြစ်တယ်လို့ NGO အဖွဲ့မှာ လုပ်ကိုနေတဲ့သူတွေက ပြောကြားခဲ့ပါတယ်။
    ချော့က်ကတော့ မြန်မာနိုင်ငံက အိမ်အကူလုပ်သားတွေဟာ အင်္ဂလိပ်စကား သိပ်မပြောတတ်ဘဲ သူတို့စာချုပ်မှာ သတ်မှတ်ထားသလိုမျိုး ပိတ်ရက်လည်း မရဘူးလို့ ဆိုပါတယ်။
    “ဒါက သူတို့ကို ပိုပြီး အထီးကျန်စေပါတယ်”
    စင်ကာပူက ကူညီကယ်ဆယ်ရေး NGO တွေကို ရောက်လာကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ပြဿနာတွေထဲမှာ လုပ်ခလစာ မရတာကနေ၊ အိမ်ရှင်တွေက နှုတ်နဲ့စော်ကားတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ပါဝင်ပါတယ်။
    အိမ်ရှင်တွေက အစားအသောက် ၀အောင်မကျွေးတာ၊ ပေါင်မုန့်လောက်ပဲ ကျွေးတာတွေ ရှိတယ်လို့လည်း တစ်ချို့တွေက ပြောပါတယ်။
    “‘ဗိုက်စာပြေအောင် သမီးတို့ ဘာစားလဲ’ လို့ ကျွန်မ သူတို့ကို မေးတဲ့အခါ။ သူတို့က ရေသောက်တယ်လို့ ပြောပါတယ်” လို့ ချော့က်က ပြောကြားခဲ့ပါတယ်။
    Transient Workers Count Too အဖွဲ့က ဂျွန်ဂီးက မြန်မာအိမ်အကူလုပ်သားတွေဟာ အိမ်ရှင်တွေရဲ့ ပိတ်လှောင်ခံရမှုမျိုး ရှိနေပြီး ဖုန်းဆက်ခွင့်လည်း မရဘူးလို့ ဆိုပါတယ်။
    “အကူအညီအများဆုံးလိုအပ်တဲ့ အမျိုးသမီးတွေဟာ ဒီလို အခွင့်အလမ်းမျိုးကို အနည်းဆုံးရသူတွေ ဖြစ်နေပါတယ်”
    စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာနက အိမ်အကူတွေကို နှိပ်စက်တဲ့ အိမ်ရှင်တွေအနေနဲ့ ဒဏ်ငွေအများအပြား၊ ဒါမှမဟုတ် ထောင်ဒဏ်တွေ ကျခံရမယ်လို့ ဆိုပါတယ်။
    “နိုင်ငံခြား အိမ်အကူလုပ်သားတွေကို ညှင်းပမ်းသူတွေဟာ ပြစ်ဒဏ်ရဲ့ တစ်ဆခွဲလောက် ပြင်းထန်တဲ့ အရေးယူမှုကို ခံရနိုင်ပြီး နိုင်ငံရပ်ခြား အိမ်အကူတွေကို နောက်ထပ် အလုပ်ခန့်ထားခွင့်လည်း ပိတ်ပင်ခံရနိုင်ပါတယ်” လို့ ၀န်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    HOME က စီစဉ်ပေးထားတဲ့ နေရာမှာတော့ အကူအညီတောင်းလာတဲ့ အမျိုးသမီးတွေအားလုံးကို နေရာပေးဖို့ မဆန့်တော့ဘူးလို့ ချော့က်က ဆိုပါတယ်။
    “အခန်းက အမြဲတမ်းပြည့်နေတာရှင့်”
    Ref: Aljazeera
    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Underage maids from Myanmar seek help in Singapore ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • စင်ကာပူသမ္မတအဖြစ် လွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ၀င်ရောက်အရွေးခံမည်
    စင်ကာပူသမ္မတအဖြစ် လွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ၀င်ရောက်အရွေးခံမည်
    သြဂုတ် ၇၊ ၂၀၁၇
    M-Media
    စင်ကာပူ လွှတ်တော်ဥက္ကဌ ဟာလီမာ ယာကွဘ်
    – လက်ရှိတွင် စင်ကာပူ လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မွတ်စလင်အမျိုးသမီး ဟာလီမာ ယာကွဘ်က မကြာခင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ယမန်နေ့တွင် ကြေငြာလိုက်သည်။
    “ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတနေရာဟာ စင်ကာပူပြည်သူအားလုံးနဲ့ စင်ကာပူနိုင်ငံ အကျိုးအတွက် ဆောင်ရွက်ပေးဖို့ အင်မတန်ကောင်းမွန်တဲ့နေရာဆိုတာ ကျွန်မသိပါတယ်။ ဒါ့ကြောင့် လာမယ့် သမ္မတရွေးကောက်ပွဲမှာ ကျွန်မ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ အသိပေးချင်ပါတယ်” ဟု ဟာလီမာက Marsiling Mega Sports Park တွင်ပြုလုပ်သည့် အမျိုးသားနေ့ ညစာစားပွဲတွင် ပြောကြားခဲ့သည်။
    စင်ကာပူတွင် ယခုတစ်ကြိမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည့်အလှည့်မှာ မလေးလူမျိုးများ၏ အလှည့်ဖြစ်ပြီး မဒမ် ဟာလီမာမှာ ယနေ့တွင် လွှတ်တော်ဥက္ကဌအဖြစ်မှလည်းကောင်း၊ လွှတ်တော်အမတ်အဖြစ်မှလည်းကောင်း နှုတ်ထွက်သွားမည်ဖြစ်သည်။
    သူမတာဝန်ထမ်းဆောင်နေသည့် လွှတ်တော်အမတ်နေရာအတွင် အလျင်အမြန် အစားထိုးပေးရန် ၀န်ကြီးချုပ် လီရှန်လွန်းကို တောင်းဆိုထားသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။
    ညစာစားပွဲအပြီး မီဒီယာသို့ ဖြေကြားမှုတွင် ဟာလီမာက သမ္မတရာထူးမှာ ‘အလွန်မလွယ်သည့်အလုပ်ဖြစ်ပြီး၊ တာဝန်ကြီးသောကြောင့်’ ‘သေသေချာချာ စဉ်းစားရန်’ အချိန်ယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    “သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရေး စဉ်းစားဖို့ စင်ကာပူပြည်သူတွေရဲ့ တိုက်တွန်းမှုအတွက် ကျွန်မအနေနဲ့ တော်တော်လေး ပီတီဖြစ် ဂုဏ်ယူမိပါတယ်”
    အဆိုပါ ‘ခက်ခဲသည့် ဆုံးဖြတ်ချက်’ ကို ချမှတ်ရန်အတွက် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရင်းနှီးသည့် သူငယ်ချင်းများနှင့် တွေ့ဆုံကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့ရသည်ဟုလည်း ဟာလီမာက ဆိုသည်။
    အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Lawrence Wong က မဒမ်ဟာလီမာမှာ သူမ၏ ဆုံးဖြတ်ချက်အတွက် ၎င်းအပါအ၀င် Marsiling-Yew Tee ဒေသမှ လွှတ်တော်အမတ်များနှင့် ဆွေးနွေးခဲ့သည်ဟု Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    ဟာလီမာကလည်း သမ္မတဆိုသည်မှာ နိုင်ငံကို စည်းလုံးစေကာ၊ စင်ကာပူနိုင်ငံနှင့် စင်ကာပူပြည်သူများအကျိုးကို ဆောင်ရွက်ပေးခြင်းဟူသည့် တန်ဖိုးများကို ပြသရမည်သူဖြစ်သည်ဟု မိမိထင်ကြောင်း ယမန်နေ့က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    “ဒီလိုသမ္မတမျိုး ကျွန်မ လိုချင်တာပါ။ ဒီလိုသမ္မတမျိုး ကျွန်မဖြစ်ချင်တာပါ” ဟု သူမက ရေးသားခဲ့သည်။
    စင်ကာပူသမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မလေးလူမျိုး သမ္မတလောင်းများ၏ လျှောက်ထားမှုများကို ဇွန်လ ၁ ရက်နေ့က စတင်လက်ခံခဲ့ကာ ယခုလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်မှုများ ပြုလုပ်ပြီး ၅ ရက်အကြာတွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။
    Ref: CNA
  • အစွန်းရောက်တိုက်ဖျက်ရေး ကူညီမှုအတွက် မလေးလူ့အဖွဲ့အစည်းကို စင်ကာပူဒုဝန်ကြီးချုပ် ချီးကျူး
    အစွန်းရောက်တိုက်ဖျက်ရေး ကူညီမှုအတွက် မလေးလူ့အဖွဲ့အစည်းကို စင်ကာပူဒုဝန်ကြီးချုပ် ချီးကျူး
    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media
    – နိုင်ငံတွင်း သွေးခွဲမှု၊ အစွန်းရောက်ဝါဒနှင့် အစွန်းရောက်သင်ကြားချက်များကို တိုက်ဖျက်ရာတွင် မလေးမွတ်စလင်လူ့အဖွဲ့အစည်းမှာ အရေးပါသည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်ဟု စင်ကာပူ ဒုတိယ၀န်ကြီးချုပ် Teo Chee Hean က ပြောကြားလိုက်သည်။
    စင်ကာပူ People’s Association ၏ မလေးလူမျိုးများဆိုင်ရာ အမှုဆောင်ကော်မတီ (MAEC) ၏ ယမန်နေ့ကပြုလုပ်သော နှစ် ၄၀ ပြည့် အခမ်းအနားတွင် ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်ပြီး စင်ကာပူရှိ အခြားလူ့အဖွဲ့အစည်းများကလည်း စည်းလုံးညီညွတ်မှုကို ပြသကြောင်း၊ မလေးမွတ်စလင်လူ့အဖွဲ့အစည်းကို လက်တွဲခေါ်ကာ လူမျိုးစုံဘာသာစုံရှိသည့် စင်ကာပူနိုင်ငံဖြစ်ရန် ကူညီဆောင်ရွက်ပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    MAEC မှာ ယဉ်ကျေးမှုအဖွဲ့တစ်ခုအဖြစ် People’s Association အောက်တွင် ၁၉၇၇ ခုနှစ်က ပေါ်ထွက်လာခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် ၄၅၀၀၀၀ အထိ ရောက်ရှိနေပြီဖြစ်သည်။
    မစ္စတာ Teo က ပိုမိုလုံခြုံပြီး၊ သဟဇာတဖြစ်သည့် စင်ကာပူနိုင်ငံကို တည်ဆောက်ရန်အတွက် ပြည်သူလူထုမှာ ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ နားလည်မှု၊ ယုံကြည်မှု၊ သဟဇာတဖြစ်မှု တည်ဆောက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ စင်ကာပူရှိ လူ့အဖွဲ့အစည်းအားလုံး ပါဝင်မှုအတိုင်းအတာ ကျယ်ပြန့်လာမည်ဖြစ်ကာ၊ ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းလာမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။
    စင်ကာပူမှာ မကြာမီတွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ယခုအလှည့်မှာ မလေးလူ့အဖွဲ့အစည်းထဲမှ တာဝန်ထမ်းဆောင်ရမည့် အလှည့်ဖြစ်သည်။
    ဒုတိယ၀န်ကြီးချုပ်က သမ္မတဆိုသည်မှာ စင်ကာပူနိုင်ငံအတွက် စုစည်းညီညွတ်မှု ပြယုဂ်ဖြစ်ကြောင်း မိမိတို့၏ ပထမဆုံးသမ္မတ အန်ချစ် ယူစွဖ် အစ္စဟက်မှာ မိမိတို့၏ ဘာသာစုံလူမျိုးစုံ၊ သဟဇာတဖြစ်သော တန်းဖိုးများအတွက် ရပ်တည်ပေးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: CNA
  • မွတ်စလင်အိမ်ရှေ့တွင် ၀က်သားတုံးသွားချသည့် အမျိုးသမီးကို စင်ကာပူ ပြစ်ဒဏ်ချ
    မွတ်စလင်အိမ်ရှေ့တွင် ၀က်သားတုံးသွားချသည့် အမျိုးသမီးကို စင်ကာပူ ပြစ်ဒဏ်ချ
    ဇွန် ၃၀၊ ၂၀၁၇
    M-Media
    မွတ်စလင်အိမ်နီးချင်း၏ အိမ်ရှေ့တွင် ၀က်သားတုံးသွားချသည့် လီဂျီလင်း
    – မွတ်စလင်အိမ်နီးချင်း၏ အခန်းရှေ့တွင် ၀က်သားတုံးသွားချထားသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကို စိတ်ကျန်းမာရေးဆေးရုံ၌ ၂ နှစ်တိတိ ကုသမှုခံယူရန် စင်ကာပူက ယနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
    စိတ်ရောဂါ ခံစားနေရသည့် လီဂျီလင်းဆိုသူ အမျိုးသမီးဖြစ်ပြီး သူမ၏ အိမ်နီးချင်း မွတ်စလင်အမျိုးသမီး မာလီယာ ဂျိုနတ်၏ အခန်းရှေ့တွင် ၀က်သာစိမ်းကို သွားချကာ အရှက်ရအောင် ပြုလုပ်သည့် စွဲချက်၊ လူတစ်ဦး၏ ဘာသာရေး ယုံကြည်သက်ဝင်မှုကို တမင်ရည်ရွယ်၍ စိတ်နှလုံးညှိုးနွမ်းအောင် ပြုလုပ်သည့်စွဲချက် စသည့် စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ဧပြီလတွင် ၀န်ခံခဲ့သည်။
    ထို့ပြင် မာလီယာအား ၀က်ပုံသဏ္ဍာန် ပြုလုပ်ပြပြီး မလေးဘာစကားဖြင့် ‘ဘာဘီ’ (၀က်) ဟု ပြောကြားမှုအတွက် အရှက်ရစေမှု စွဲချက်ကိုလည်း ထည့်သွင်း စဉ်စားခဲ့သည်။
    ၂၀၁၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ညဘက် ၁၁ နာရီခွဲအချိန်တွင် မီးဖိုဆောင် ပြတင်းပေါက်မှနေ၍ လီဂျီလင်း၏ အသံကို ကြားသောကြောင့် အပြင်ကိုကြည့်ရာ လီဂျီလင်းမှာ အတွင်းခံဘောင်းဘီများ လှန်းထားသည့် ၀ါးလုံးတစ်ဖက်ကို သူမ၏ မီးဖိုဆောင်ပြတင်းပေါက်တွင် တင်ကာ၊ အခြားတစ်ဖက်ကို မိမိ၏ မီးဖိုဆောင် ပြတင်းပေါက်၌ တင်ရန် ကြိုးစားကြောင်း မာလီယာက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
    ရက်အနည်းငယ်အကြာ ၁၈ ရက်နေ့တွင် ညဘက် ၁၁ နာရီ ၄၀ အချိန်တွင် မာလီယာက အိမ်ရှေ့တံခါးကို ဖွင့်သည့်အခါ ၀က်သားအစိမ်းတုံးတစ်ခုကို တွေ့ရှိခဲ့ပြီး သူမ၏ အိမ်အပြင်ဘက်တွင် တပ်ဆင်ထားသည့် CCTV ကို ဖွင့်ကြည့်ရာ ထိုနေ့ည ၈ နာရီခန့်အချိန်တွင် လီဂျီလင်းက ထိုဝက်သားတုံးကို လာရောက်စွန့်ပစ်သွားသည်ကို တွေ့ခဲ့ရသည်။ နောက်နေ့မနက်တွင် မာလီယာက ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့သည်။
    ဘာသာရေး ယုံကြည်သက်ဝင်မှုကို တမင်ရည်ရွယ်၍ စိတ်နှလုံးညှိုးနွမ်းအောင် ပြုလုပ်ခြင်းအတွက် လီမှာ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံရနိုင်ပြီး အရှက်ရအောင် ပြုလုပ်မှုအတွက် ထောင်ဒဏ်ခြောက်လ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅ ထောင်၊ သို့မဟုတ် ဒဏ်နှစ်စလုံး ကျခံရနိုင်သော်လည်း တရားရုံး စိတ်ကျန်းမာရေးဆေးရုံတွင် ၂ နှစ် တက်ရောက်ကုသရန် အမိန့်ချခဲ့သည်။
    Ref: CNA