News @ M-Media
Tag: singapore
  • ဒီဇင်ဘာ ၁ ရက်မှစ၍ စင်ကာပူသို့ ဗီဇာမလိုဘဲ သွားနိုင်မည်
    ဒီဇင်ဘာ ၁ ရက်မှစ၍ စင်ကာပူသို့ ဗီဇာမလိုဘဲ သွားနိုင်မည်
    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media
    sg
    – စင်ကာပူသို့ လာရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ ဗီဇာကင်းလွတ်ခွင့်ရမည်ဟု စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ဖြစ်သော Immigration and Checkpoints Authority of Singapore က ယမန်နေ့တွင် တရားဝင် ကြေငြာလိုက်သည်။
    စင်ကာပူ-မြန်မာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ရန် အစီအစဉ်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က သဘောတူခဲ့ခြင်းဖြစ်သည်။
    Immigration and Checkpoints Authority of Singapore က ထုတ်ပြန်သော ကြေငြာချက်တွင် မြန်မာနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မှာ ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ အကျုံးဝင်မည်ဟု ဖော်ပြထားသည်။
    ထို့ကြောင့် စင်ကာပူသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီဇာမလိုဘဲ ၀င်ရောက်နိုင်မည်ဖြစ်ပြီး ရက်ပေါင်း ၃၀ နေထိုင်နိုင်မည်ဖြစ်သည်။
    singapore
    Ref: yangon.coconuts.co
  • မလေးရှား1MDB အရှုပ်တော်ပုံနှင့်ဆက်နွယ်သည့် ဘဏ်လုပ်ငန်းရှင်တစ်ဦးကို စင်ကာပူ ထောင်ချ
    မလေးရှား1MDB အရှုပ်တော်ပုံနှင့်ဆက်နွယ်သည့် ဘဏ်လုပ်ငန်းရှင်တစ်ဦးကို စင်ကာပူ ထောင်ချ
    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    mdb
    – မလေးရှားသူဌေး ဂျိုလို၏ BSI ဘဏ်စာရင်းများနှင့် နာမည်ပျက်နေသော မလေးရှားနိုင်ငံပိုင်လုပ်ငန်း 1MDB ၏ ဘဏ်စာရင်းများ ကိုင်တွယ်ဆောင်ရွက်ပေးသူ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်ဟောင်း ယက်ယွယ်ချူးကို စင်ကာပူ တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၈ ပတ် ချမှတ်ခဲ့သည်ဟု သိရသသည်။
    စာရွက်စာတမ်းအတုပြုလုပ်မှုနှင့် ဒေါ်လာ ၁၀ သန်းကျော် ပါဝင်သည့် သံသယဖြစ်ဖွယ်ငွေလွှဲစာရင်းကို အစီရင်ခံစာတင်ရန် ပျက်ကွက်မှုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိကြောင်း ၀န်ခံခဲ့၍ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၄၀၀၀ လည်း ပေးရမည်ဖြစ်သည်။
    ယက်ယွယ်ချူးမှာ 1MDB လုပ်ငန်းနှင့် စက်ဆပ်၍ စင်ကာပူအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ၄ ဦးထဲမှ တစ်ဦးလည်းဖြစ်သည်။
    အသက် ၅၇ နှစ်အရွယ်ရှိပြီး ဆွစ်ဘဏ် BSI ၏ စင်ကာပူရုံးခွဲ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ယက်က ၎င်းအား တရားစွဲဆိုထားသည့် အမှုပေါင်း ခုနှစ်မှုအနက် လေးမှုတွင် ပါဝင်ကြောင်း ၀န်ခံခဲ့သည်။ ယင်းအမှုများအနက် နှစ်ခုမှာ ဂျိုလိုမိသားစုအတွက် ငွေလွှဲစာအတု ရေးသားမှုနှင့် အခြားနှစ်ခုမှာ ဒေါ်လာဆယ်သန်းကျော်လွှဲမှုအား အစီရင်ခံတင်ရန် ပျက်ကွက်မှုတို့ ဖြစ်သည်။
    မစ္စတာလိုကိုလည်း စင်ကာပူက လက်ရှိစုံစမ်းနေသော 1MDB အမှုနှင့် သက်ဆိုင်သူတစ်ဦးအဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်ဘဏ္ဍာ သန်းထောင်ချီကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။
    ယက်ယွယ်ချူးမှာ စာရွက်စာတမ်းအတုလုပ်မှုအတွက် အမြင့်ဆုံး ထောင်ဒဏ်လေးနှစ်နှင့် ဒဏ်ငွေကိုလည်းကောင်း သံသယဖြစ်ဖွယ် ငွေလွှဲမှုအား သတင်းပေးပို့ရန် ပျက်ကွက်မှုအတွက် စင်ကာပူဒေါ်လာ ၂၀၀၀၀ အထိလည်းကောင်း ကျခံရနိုင်သည်။
    Ref : CNA
  • ပါလက်စတိုင်းပိုင်နက်များဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးကို စင်ကာပူ ခန့်အပ်
    ပါလက်စတိုင်းပိုင်နက်များဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးကို စင်ကာပူ ခန့်အပ်
    နိုဝင်ဘာ ၉၊ ၂၀၁၆
    M-Media
    sig-2
    ပါလက်စတိုင်းပိုင်နက်ဆိုင်ရာ စင်ကာပူကိုယ်စားလှယ် ဟာဝါဇီ ဒိုင်ပီ
    – ယခင် လွှတ်တော်အတွင်းဝန်တစ်ဦးဖြစ်သူ ဟာဝါဇီ ဒိုင်ပီကို ပါလက်စတိုင်းပိုင်နက်များအတွက် စင်ကာပူဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်သွားမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန MFA က တနင်္လာနေ့တွင် ကြေငြာလိုက်သည်။
    MFA က ထုတ်ပြန်သည့် ကြေငြာချက်တွင် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ အကြီးတန်းဝန်ကြီး မာလီကီ အိုစ်မန်က ရာမာလာတွင် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PNA ၏ ခေါင်းဆောင် သမ္မတ မဟ်မူဒ် အဘတ်စ်၊ အခြား အကြီးတန်းအရာရှိများနှင့် တွေ့ဆုံစဉ် မစ္စတာ ဟာဝါဇီအား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်းကို ကြေငြာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
    “PNA ခေါင်းဆောင်တွေက ဒီ ခန့်အပ်မှုအတွက် ကြိုဆိုခဲ့ပါတယ်” ဟု ကြေငြာချက်က ဆိုသည်။
    ယခုကိုယ်စားလှယ်တာဝန်မှာ ပါလက်စတိုင်းတွင် သွားရောက်နေထိုင်စရာမလိုအပ်သည့် တာဝန်မျိုးဖြစ်ပြီး စင်ကာပူ၏ ‘ပါလက်စတိုင်းပြည်သူများအတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီမှုတိုးမြှင့်ရေး အစီအစဉ်’ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
    ယခုနှစ်ဧပြီလတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မိမိတို့နိုင်ငံမှာ ပါလက်စတိုင်းပြည်သူများအား စွမ်းရည်တိုးမြှင့်ရေးအတွက် အကူအညီပေးမှုအစီအစဉ်တွင် စင်ကာပူဒေါ်လာ ၅ သန်းမှ ၁၀ သန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ကြေငြာခဲ့သည်။
    ပါလက်စတိုင်းအာဏာပိုင်များနှင့် တွေ့ဆုံစဉ်အတွင်း ၀န်ကြီ မစ္စတာ မာလီကီက စင်ကာပူအနေဖြင့် ပါလက်စတိုင်းပြည်သူများ စွမ်းအားမြှင့်တင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးသွားရန် စိတ်ပိုင်းဖြတ်ထားမှုကို ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် စင်ကာပူ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် SCP အောက်တွင် သင်ကြားပေးနေသည့် ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် မြို့ပြစီမံခန့်ခွဲရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် ဘာသာရပ်များတွင် ပါလက်စတိုင်းပြည်သူ ၂၂၀ ကျော် တက်ရောက်နေကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
    စင်ကာပူအနေဖြင့် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းစွာ၊ လုံခြုံစွာ အတူယှဉ်တွဲနေထိုင်ရေး အဖြေအတွက် ဆက်လက်ရပ်တည်ကာ၊ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်စတင်ရေး၊ တရားမျှတပြီး ရေရှည်ခံသည့် အဖြေတစ်ခု ထွက်လာရေးအတွက် တိုးတက်အောင် ဆောင်ရွက်ရေး မျှော်လင့်ကြောင်း မစ္စတာမာလီကီက အလေးအနက်ထား ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • စင်ကာပူ၏ လာမည့်နှစ် သမ္မတနေရာကို မလေးလူမျိုးအတွက် သတ်မှတ်ပေး
    စင်ကာပူ၏ လာမည့်နှစ် သမ္မတနေရာကို မလေးလူမျိုးအတွက် သတ်မှတ်ပေး
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    sig
    – နိုင်ငံအတွင်း အာဏာခွဲဝေမှု ပြယုဂ်အဖြစ် တိုင်းပြည်အတွင်းမှာရှိနေတဲ့ လူမျိုးစုတိုင်းကို သမ္မတဖြစ်ခွင့်ပေးတဲ့ hiatus- triggered model စနစ်အရ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲအတွက် သမ္မတနေရာဟာ မလေးလူမျိုးတွေအတွက် သတ်မှတ်ထားတယ်လို့ စင်ကာပူသမ္မတ လီရှန်လွန်းက ဒီနေ့ လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က စတင်ခဲ့တဲ့ သမ္မတရွေးကောက်တင်မြှောက်ရေးနစ်အတွက် အဆိုပြုထားတဲ့ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးအတွင်းမှာ ဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။
    ဒါ့ကြောင့် နှောက်နှစ်မှာပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတအရည်အချင်းပြည့်မီတဲ့ မလေးလူမျိုး သမ္မတလောင်း ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်တော့ စင်ကာပူနိုင်ငံဟာ မလေးလူမျိုးသမ္မတ ရရှိလိမ့်မယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။
    “မနေ့က မစ္စတာယာကွဘ် အီဘရာဟင် (မွတ်စလင်ရေးရာဝန်ကြီး) က ပြောသလိုပဲ ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးသမ္မတကြီး အန်ချစ် ယူစွဖ် အစ္စဟက် ပြီးတဲ့နောက်ပိုင်းမှာ နှစ်ပေါင်း ၄၆ နှစ်အတွင်း ပထမဆုံး (မလေးသမ္မတ) ဖြစ်လာမှာပါ။ ဒီအတွက် ကျွန်တော် ရှေ့ဆက်ဆောင်ရွက်သွားမှာပါ” လို မစ္စတာလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    hiatus-triggered model စနစ်အရ သမ္မတရွေးကောက်ပွဲမှာ ယေဘူယျအားဖြင့် လူမျိုးအားလုံးကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားပေမယ့် နိုင်ငံအတွင်းမှာရှိတဲ့လူ့အဖွဲ့အစည်းတစ်ခုက တစ်ဦးဦးဟာ သမ္မတသက်တမ်း ၅ နှစ်ဆက်တိုက် သမ္မမဖြစ်ခဲ့ဘူးဆိုရင်တော့ ၆ ကြိမ်မြောက်မှာ သမ္မတနေရာကို အဲဒီလူ့အဖွဲ့အစည်းအတွက် သက်မှတ်ပေးရတာဖြစ်ပါတယ်။
    လက်ရှိစင်ကာပူလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေး ဥပဒေကြမ်းမှာ အဆိုပြုထာတဲ့ ပြောင်းလဲမယ့်ကိစ္စတွေထဲမှာ ရွေးကောက်ခံသမ္မတနေရာအတွက် လူမျိုးစုံ ဘာသာစုံက ကိုယ်စားပြုခွင့်ရရေး ဖြစ်တယ်လို့လည်း မစ္စတာလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    စင်ကာပူနိုင်ငံရဲ့ အကြီးအကဲဖြစ်လာမယ့် သမ္မတလောင်းဟာ စင်ကာပူနိုင်ငံသားအားလုံးကို ကိုယ်စားပြုရမှာဖြစ်ပြီး သမ္မတရုံးကလည်း လူမျိုးစုံပါဝင်ရမှာဖြစ်ကြောင်း၊ တကယ်လို့ သမ္မတဟာ လူမျိုးတစ်မျိုးထဲကသာ ဖြစ်မယ်ဆိုရင် ဒါဟာ နိုင်ငံရဲ့ ခိုင်မာတဲ့ အမှတ်သညာမျိုး မဖြစ်ယုံသာမက၊ တိုင်းပြည်ရဲ့ ဘာသာစုံလူမျိုးစုံ ညီညွတ်မှုကလည်း မေးခွန်းထုတ်စရာဖြစ်လာမှာဖြစ်ကြောင်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “တရုတ်၊ မလေး၊ အိန္ဒိယနဲ့ အခြားလူမျိုးတွေအပါအ၀င် နိုင်ငံသားတိုင်းဟာ သူတို့လူ့အဖွဲ့အစည်းက တစ်ယောက်ယောက် သမ္မတဖြစ်နိုင်တယ်၊ တစ်ချိန်ချိန်မှာ သမ္မတဖြစ်မယ်ဆိုတာကို သိထားရပါမယ်”
    မလေးရှားနိုင်ငံက ခွဲထွက်ပြီး ပထမဆုံး လွတ်လပ်တဲ့ စင်ကာပူနိုင်ငံအဖြစ် တည်ထောင်ခဲ့တဲ့အချိန်မှာ သမ္မတဖြစ်လာ သူကတော့ မလေးလူမျိုး မစ္စတာ ယူစွဖ်အစ္စဟက်ဖြစ်ပြီး ၁၉၆၅ ခုနှစ်ကနေ ၁၉၇၀ အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
    နောက်ပိုင်းမှာတော့ မလေးလူမျိုးတွေထဲက သမ္မတမဖြစ်ခဲ့ဘဲ လက်ရှိသမ္မတကတော့ မစ္စတာ တိုနီတန်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ စတင် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
    Ref: Channelnewsasia
  • မြန်မာခရီးသွားများကို စင်ကာပူ ပိုမိုမျှော်လင့်
    မြန်မာခရီးသွားများကို စင်ကာပူ ပိုမိုမျှော်လင့်
    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media
    sing
    – မြန်မာနိုင်ငံမှ လာရောက်လာည်ပတ်သည့် ခရီးသွားအရေအတွက် သိသိသာသာတိုးလာရန် မျှော်လင့်နေသည်ဟု မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ‘စင်ကာပူပွဲတော်’ တွင် စင်ကာပူအစိုးရ တာဝန်ရှိသူက ပြောကြားလိုက်သည်။
    ၂ ရက်တာကြာမြင့်ခဲ့သည့် အဆိုပါ ပွဲတော်ကို စင်ကာပူ ခရီးသွားလာရေး ဘုတ်အဖွဲ့ STB က ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံအတွင်းရှိ ခရီးသွားများကို စွဲဆောင်နိုင်မည့် နေရာများကို အဓိကထား ပြသခဲ့သည်။
    “စင်ကာပူကို မြန်မာနိုင်ငံက လာရောက်လည်ပတ်သူတွေ ပိုများလာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ၂၀၁၆ ပထမ ၇ လအတွင်းမှာ မြင်ခဲ့ရတဲ့ ၇.၈ ရာခိုင်နှုန်းလောက် တိုးလာတာကို ပြောတာဟုတ်ပါဘူး။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မြန်မာခရီးသွားတွေဟာ ဂဏန်း ၂ လုံးလောက် တိုးလာမယ်ဆိုရင် တစ်နှစ်ကို မြန်မာ ၂ သိန်းခွဲလောက် စင်ကာပူကို လာလည်တာ တွေ့ရမှာဖြစ်ပါတယ်” ဟု STB ၏ အရှေ့တောင်အာရှအတွက် အမှုဆောင်ဒါရိုက်တာဖြစ်သူ မစ္စတာ အဒ်ဝပ် ခို က ပြောကြားခဲ့သည်။
    ၂၀၁၅ ခုနှစ်အတွင်း စင်ကာပူသို့ သွားရောက်လည်ပတ်ခဲ့သည့် မြန်မာနိုင်ငံသား အရေအတွက်မှာ ၁၀၅၀၀၀ ရှိခဲ့သည်။
    ယခုပြုလုပ်ခဲ့သည် စင်ကာပူပွဲတော်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကိုလည်း ဖော်ကျူးနေပြီး နှစ်နိုင်ငံစလုံးမှ နိုင်ငံသားများ ပိုမို ရင်းနှီးချစ်ကျည်ရေး ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။
    မြန်မာနိုင်ငံနှင့် စင်ကာပူတို့မှာ ယခုနှစ် ဒီဇင်ဘာမှစ၍ ဗီဇာမလိုဘဲ သွားလာနိုင်မည်ဖြစ်ပြီး စင်ကာပူသို့ လာရောက်လည်ပတ်သူတစ်ဦးအနေဖြင့် အများဆုံး ရက်ပေါင်း ၃၀ နေထိုင်နိုင်မည်ဖြစ်သည်။
    Ref: Channelnewsasia