News @ M-Media

Tag: singapore

  • သောက်စားမူးယစ်ပြီး လူအများ အပေါ် အနှောင့်အယှက်ဖြစ်စေခြင်းကို ချုပ်ကိုင်တော့မည့် စင်ကာပူ အစိုးရ၏ ပေါ်လစီ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၃
    M-Media

    20131126_drunk

    (HDB)အိုးအိမ်ဖွံ့ဖြိုးရေးဌာနပိုင် တိုက်ခန်းများတွင် နေထိုင်သူတို့ကြုံတွေ့ခံစားခဲ့ရသော မူးယစ် သောက်စားသူတို့၏ အနှောင့်အယှက် အသံဆိုးအသံကြောင်များကို ထိန်းချုပ်တော့မည့် နည်းလမ်းကို ရှာကြံပေးခြင်းဖြင့် လူအများကောင်းမွန်စွာ အိပ်စက်နိုင်ကြပါတော့မည်။

    အစိုးရသည် အများပြည်သူနှင့် သက်ဆိုင်သောနေရာ အများကို အရက်သေစာမရှိရဇုံ(နယ်မြေ)များ အဖြစ် သတ်မှတ်ရန်နှင့် အရက်ရောင်းချသော အချိန်ကို လျှော့ချ သတ်မှတ်ခြင်းဖြင့် အရက်သေစာ သောက်စားမှုကို ချုပ်ကိုင်ရန်နည်းလမ်းရှာဖွေနေပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန(MHA)မှ ပြည်သူလူထု၏ သဘောထားတုံ့ပြန်ချက် ရယူရန် ပြည်သူ့စစ်တမ်းကောက်ယူရေးဌာနမှ အချိန်ကာလ (၅)ပတ်ခန့် အချိန်ယူပြီး ပြည်သူ့သဘောထားများနှင့် အစိုးရ၏ မူဝါဒပေါင်းစပ်ပြီး မူဝါဒချမှတ်ရန် ဆောင်ရွက်နေပါသည်။

    ပထမစဉ်းစားမည့်အချက်မှာ အများပြည်သူနေရာများဖြစ်သောအစိုးရတိုက်ခန်းများ၏ အောက်ဆုံး အထပ်များ(Void Decks)၊ MRTရထားဘူတာ အနီး ပတ်ဝန်းကျင်နေရာများနှင့် အားကစားကွင်း များတွင် အရက်သေစာလုံးဝမရှိရ နယ်မြေများအဖြစ် သတ်မှတ်ရန်ဖြစ်ပြီး စင်ကာပူမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော တံတားများ၏ အနီးအနားနေရာများ၌ လူငယ်များ အများအားဖြင့် စုစည်းပြီး အရက်သေစာသောက်စားလေ့ရှိပြီး ယာယီ အရက်သေစာမရှိရ နယ်မြေအဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် တာပန်ရှိ အရာရှိများက အရက်သေစာသောက်စားသူများကို ဖယ်ရှားရှင်းလင်း နိုင်ခွင့် အာဏာရရှိလာမည်ဖြစ်သည်။ အကယ်၍အဆိုပါနေရာများတွင် အခြေအနေကောင်းမွန်လာပါက တားမြစ်ချက်များကို ပြန်လည် ရုပ်သိမ်းနိုင်ပါမည်။

    (MAH)၏ နောက်ထပ် အဆိုပြုချက်တစ်ရပ်မှာ လက်လီဆိုင်ငယ်များတွင် အရက်ရောင်းချချိန်ကို လျှော့ချပါက ထိုနေရာများတွင် ဈေးပေါသောအရက်များကို ၀ယ်ယူသောက်သုံးသူများလျှော့ချနိုင်မည်ဟု ဆိုပါသည်။ (နောက်နေ့Facebook တွင် သဘောတား တင်သူအချို့က ကြိုတင် ၀ယ်ယူထားပြီး သောက်သုံး နိုင်ကြောင်း တင်ပြထားကြပါသည်။)

    အရက်ရောင်းချသောအချိန်ကို ကန့်သတ်လျှော့ချခြင်းကို စူပါမားကက်မှ စတင်၍ လမ်းဘေး လက်လီဆိုင်များအထိ သတ်မှတ်ကန့်သတ်ပြဿနာဖြစ်သည့်နေရာများတွင် ချမှတ်ပါမည်၊ လူထုအနေဖြင့် အချိန် ကန့်သတ်ချက်ကို နိုင်ငံအ၀ှမ်း(သို့မဟုတ်) သတ်မှတ်နေရာများတွင် ချမှတ်သင့်ကြောင်းနှင့် မည်သို့ သတ်မှတ်သင့်ကြောင်း တင်ပြကြရန် ဖော်ပြထားပါသည်။

    လက်ရှိအနေဖြင့် အန်မိုကိုနှင့် အော်ခတ်ကဲ့သို့သောဒေသများနှင့် ဈေးဝယ်သူများနှင့်ပြည့်နှက် နေသည့်နေရာများတွင် အချိန်ပြည့် အရက်ရောင်းချရန် လိုင်စင်လျှောက်ထား ခွင့်ရှိနေပါသည်။ တန်ဂျွန်ပါဂါ ကဲ့သို့လူနေအိမ်နှင့် စီးပွားရေး အဆောက်အဦးများရောပြွန်းနေသောနေရာများတွင် နံနက်(၆)နာရီမှ နံနက် (၃)နာရီအထိ ရုံးဖွင့်ရက်များတွင်လည်းကောင်း နံနက်(၆)နာရီမှ နောက်နေ့နံနက်(၄)နာရီအထိ ရုံးပိတ်ရက် များတွင် ရောင်းချခွင့်ပြုနိုင်ပါသည်။

    (MAH)အနေဖြင့် ဤသဘောထားပြောင်းလဲတင်ပြချက်ကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ရပ်ကွက် အတွင်းနေထိုင်သူတို့၏ ထုတ်ပြန်ချက်(Feedback)များပေါ်တွင် မူတည် စဉ်းစားခဲ့ကြောင်း (MAH) ၏ ယမန်နေ့က ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်ပေါ်တွင် ဖော်ပြထားခဲ့ပါသည်။ ရော်ဘင်ဆင်မြစ်ဆိပ် တံတားနှင့် လစ်တဲလ်အိန္ဒိယ နယ်မြေ အနီးအနားတွင် နေထိုင်သောပြည်သူအများက ဈေးပေါသောအရက် များကို လွယ်ကူစွာ ၀ယ်ယူရရှိမှုသည် လုံခြုံရေးဆိုင်ရာနှင့် လူအများ၏ ငြိမ်းချမ်းစွာနေထိုင်လိုမှုကို ညဖက် သောက်စားမူးယစ်သူတို့က ဖျက်လိုဖျက်ဆီးလုပ်နေကြောင်းတင်ပြခဲ့ကြပါသည်။

    (MAH)၏ သတင်းဖော်ပြချက်တွင် ဆက်လက်ဖော်ပြရာတွင် အရက်အလွန်အကျွံ သောက်သုံးမှုသည် သရုပ်ပျက်အမူအရာ၊ ရန်ဖြစ်ခြင်း၊ ဆူညံခြင်းနှင့် အမှိုက်သရိုက်များ စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းကို ဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍အရက်သောက်စားမှုကြောင့် အကျိုးမဲ့စေသောဖြစ်ရပ်များက လူအများအပေါ် မထိခိုက်ရန်စည်းကမ်းများသတ်မှတ်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

    ဆီလီဂျီအိမ်ယာအတွင်းနေထိုင်သူ ရှုဖန်ဟွေ(၂၃)နှစ်က ပြောကြားရာတွင် ရဲများကို မကြာခဏ ခေါ်ယူကာ အကူအညီတောင်းခံနေရကြောင်း၊ အရက်ရောင်းချသည့် အချိန်လျှော့ချခြင်းကို ထိခိုက်မည် မဟုတ်ကြောင်း၊ ကြိုတင်ဝယ်ယူထားနိုင်ကြောင်း မိမိလေ့လာထားသည်ဟု ဆိုပါသည်။ လစ်တဲလ်အိန္ဒိယ တွင် နေထိုင်သူမဒမ်လော လူကမူ ရုံးပိတ်ရက်များတွင် အစိုးရအိမ်ယာ အနီးအနားရှိ မြက်ခင်းပြင်များတွင် အရက်မူးလွန်ပြီး ပိုးလိုးပက်လက်ဖြစ်နေသောနိုင်ငံခြားသား အလုပ်သမားများကို အများအပြားတွေ့ရ ကြောင်း၊ တစ်ခါတစ်ရံ ခိုက်ရန်ဖြစ်ပွားပြီး ဆူညံစွာအော်ဟစ်နေကြောင်း သူမအတွေ့အကြုံကို ပြောကြားခဲ့ ပါသည်။

    ကုန်ပစ္စည်းမျိုးစုံရောင်းချနေသူဆိုင်ရှင်တစ်ဦးကမူ သူ့အနေဖြင့် ညသန်းခေါင်ချိန် အထိ အရက် ရောင်းချကြောင်း၊ ၀ယ်သူများသည် ည(၁၀)နာရီ အထိသာ ရောင်းချရမည်ဟု ကန့်သတ် ပါက ရောင်းချရမှု ကို ထိခိုက်စေနိုင်ကြောင်း ပြောကြားပါသည်။ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့တွင် အရက်မရှိရနယ်မြေများ မရှိပါ။ သြစတေးလျနိုင်ငံ၏ အချို့ပြည်နယ်များတွင် အရက်များကို ည(၁၀)နာရီထိသာ ရောင်းချခွင့်ပြုထား ပါသည်။

    စင်ကာပူနိုင်ငံသည် (Secular)ဟုခေါ်ဆိုသည့် ဘာသာရေးနှင့် နိုင်ငံရေးခွဲခြားထားသည့်သေးငယ် သော်လည်း ကမ္ဘာတွင် အဆင့်မျိုးစုံတွင် တန်းဝင်နေသောနိုင်ငံဖြ စ်ပါသည်။ အစိုးရ၏ အုပ်ချုပ်မှုအောက် တွင် လူထု၏ တုံ့ပြန်ချက်(Feedback)ကို အလေးထားသကဲ့သို့ နိုင်ငံအတွက် အကျိုးရှိမည့်ကိစ္စဟူသမျှ အနက် ကျွန်တော်တို့က အသေးအဖွဲဟု ယူဆထားသည်ကို သူတို့က အလေးအနက်ထားဆောင်ရွက်နေ ကြသည်ကို သတိထားမိပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ဘာသာရေး ကိစ္စကို အလေးထားကြသူ အများစုဖြစ်ကြပါသည်။ အရက်သေစာသည် ရှောင်ကြဉ်ရမည့်ကံကြီး(၅)ပါးတွင် အရေးပါဆုံးနှင့် အခြေခံ အကျဆုံးဟု လက်ခံထားကြပါသည်။ လက်တွေ့တွင်မူ အရက်ဆိုင်၊ ဘီယာဆိုင်များမှိုလိုပေါက်နေသလို စာသင်ကျောင်းများအနီးတွင် အရက်သေစာနှင့် လောင်းကစားကိစ္စများရှိနေပါသည်။ အထူးသဖြင့်မြို့ပြင် တက္ကသိုလ်ကျောင်းတော်ကြီးများပတ်ဝန်းကျင်တွင် ပိုမိုဆိုးရွားနေပါသည်။

    အထက်ပါဆောင်းပါးကို တိုက်ဆိုင်၍ ဖတ်မိကြမည့်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ အများက သက်ဆိုင်ရာဝန်ကြီးဌာနသို့ သဘောထား မှတ်ချက်များပေးပို့ခြင်းဖြင့် မိမိတို့ အာဆီယံအဖွဲ့ဝင် နိုင်ငံလေး၏ ဒီမိုကရေစီကျင့်စဉ်တစ်ခုကို အတုယူပြီး လိုက်နာကြည့်သင့်ပါသည်။

    Ref: MyPaper

    ဦးသံကြိုး(ခေတ္တ-စင်ကာပူ)

  • NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင်

    NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင်

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    စင်ကာပူနိုင်ငံ၏ နန်ယန်နည်းပညာတက္ကသိုလ်မှ ဘွဲ့ကြိုကျောင်းသားများက တက္ကသိုလ်၏ ဓာတ်ခွဲခန်းအတွင်း တည်ဆောက်ခဲ့သော အလေးချိန်(1.33)ကီလိုဂရမ်ရှိသည့် Velox-P11ဟု အမည် ပေးထားသောဂြိုဟ်တုကို လွန်ခဲ့သောကြာသပတေးနေ့က ရုရှားဒုံးပျံ RS-20B ဖြင့် ညနေ(၃)နာရီ(၁၀)မိနစ် တွင် အာကာသတွင်းသို့ လွှတ်တင်ခဲ့ပါသည်။ ဂြိုဟ်တုကို ရုရှားနိုင်ငံ၊ အော်ရမ်ဘတ်ဒေသရှိ ယက်ဇနီ ဒုံးပျံ လွှတ်စင်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ဒုတိယမြောက်ဂြိုဟ်တုဖြစ်ပါသည်။ ပထမဂြိုဟ်တု ဖြစ်သော X-Sat ကို DSO အမျိုးသားဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းနှင့် ဤနည်းပညာကျောင်းတို့က ပူးပေါင်း တည်ဆောက်ခဲ့ကြပြီး ၂၀၁၁-ခုနှစ်၊ ဧပြီလက လွှတ်တင်ခဲ့ပါသည်။

    NTU ဟုခေါ်သည့် နန်ယန်း နည်းပညာတက္ကသိုလ်သည် ဘွဲ့ကြိုကျောင်းသားများအတွက် ဂြိုဟ်တု နည်းပညာကို ၂၀၀၉-ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လာမည့်(၁၀)နှစ်အတွက် စီမံကိန်းချမှတ်ထားပါသည်။ ကျောင်းသားများကို ကျွမ်းကျင် ပညာရှင်များဖြစ်လာအောင် လေ့ကျင့်ပေးပြီး အနာဂတ်အာကာသ နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်အောင် ရည်ရွယ်ထားပါသည်။ ထို(၁၀)နှစ်ကာလအတွင်း အသေးစားဂြိုဟ်တု(၄)လုံးခန့် ဆောက်လုပ်သွားရန် စီစဉ်ထားပါသည်။

    ယခုလွှတ်တင်လိုက်သော Velox-P11သည် ကမ္ဘာမြေပြင်အထက်ကီလိုမီတာ(၆၀၀)အကွာအဝေးရှိ နေပြီး ပုံသေနေရာယူထားသော ကမ္ဘာပတ်လမ်းကြောင်းပေါ်မှ မြေပြင်နှင့် အဆက်အသွယ်ပြုလုပ်နေပါသည်။ NTUသည် ဂြိုဟ်တုပြုလုပ်နိုင်သော စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ်ဖြစ်ပြီး လက်ရှိအနေဖြင့် အလေး ချိန်(၄.၅)ကီလိုဂရမ်လေးသည့် အသေးစားဂြိုဟ်တုVelox-1 ကို တည်ဆောက်နေရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး စမ်းသပ်မှုများ ဆောင်ရွက်ပြီးစီးပါက ၂၀၁၄-ခုနှစ်ဆန်းပိုင်းတွင် လွှတ်တင်မည်ဖြစ်ပါသည်။ NTU၏ ဂြိုဟ်တု လေ့လာ စမ်းသပ်ရေးဌာနသည် နိုင်ငံ၏ ပထမဦးဆုံး မိုးလေ၀သ လေ့လာရေးဂြိုဟ်တု တည်ဆောက်ရန် စီစဉ်နေပြီး ပုဂ္ဂလိက အဖွဲ့ဖြစ်သော DSO နှင့် ပူးပေါင်းပြီး အဝေးထိန်းစနစ် အသုံးပြုထား သည့်စီးပွားရေး ဂြိုဟ်တုတစ်လုံးကို တည်ဆောက်နေပါသည်။ ထိုဂြိုဟ်တုကို Teleos-1 ဟု အမည်ပေး ထားပါသည်။

    Ref: စင်ကာပူ Today သတင်းစာ

    မောင်ထွေးဝင်း(ဓနုဖြူ)

  • ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စင်္ကာပူရောက် မြန်မာများလည်း ပါဝင် လက်မှတ်ရေးထိုး

    နိုဝင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    စင်္ကာပူ ။           ။           ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆွေးနွေးဟောပြောပွဲများ ပြုလုပ်နေ သကဲ့သို့ စင်္ကာပူနိုင်ငံရောက် မြန်မာများလည်း တဘက်တလမ်းမှ ပါဝင်ဆောင်ရွက်နေကြောင်း သိရပါတယ်။

    ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းသည် ၂၀၁၅-ခု ရွေးကောက်ပွဲအတွက်သာမက အနာဂတ်မြန်မာနိုင်ငံအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ကြီးမှူး၍ မြန်မာနိုင်ငံသားတို့၏ ဆန္ဒသဘောထားများ ကောက်ခံလျက်ရှိကြောင်း၊ ထိုနည်းအတူ စင်္ကာပူနိုင်ငံရောက် မြန်မာများမှလည်း မိမိတို့တိုင်းပြည် ပြောင်းလဲရေးတွင် အုတ်တချပ် သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရန် ဆန္ဒသဘောထားများကို လက်မှတ်ရေးထိုးပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    “ကျွန်တော်တို့နိုင်ငံမှာ ဒီ ၂၀၀၈-အခြေခံ ဥပဒေဆိုတာနဲ့ ဆက်သွားနေလို့ မရဘူး။ ပြောင်းပစ်မှရမယ်။ ဒါကြောင့် ပြည်ပရောက်နေတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့လည်း တဘက်တလမ်းကနေ ကိုယ့်နိုင်ငံအတွက် ပါဝင်ကြတာပါ။ ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဒီ ရရှိတဲ့လက်မှတ်တွေကို ပြည်တွင်းကို ပို့မှာပါ။ စမ်းချောင်းမြို့နယ် NLD ကို ပို့မယ်။ အဲ့ဒီကမှတဆင့် ရုံးချုပ်ကို ရောက်သွားမှာပါ။ ကိုယ့်နိုင်ငံကို တကယ်ချစ်ပြီး ပြောင်းလဲစေလိုတဲ့သူတိုင်း ပါဝင်လက်မှတ်ရေးထိုးကြပါတယ်။”ဟု ဆန္ဒသဘောထား လက်မှတ်ရေးထိုး ကောက်ခံပေးနေသူ စင်္ကာပူရောက် မြန်မာတစ်ဦးမှ ပြောပါတယ်။

    ဆန္ဒပြုလက်မှတ်ထိုးခြင်းကို ဒီဇင်ဘာလ ပထမပတ်အထိ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပါဝင်လိုသူ စင်္ကာပူရောက် မြန်မာများအနေနှင့်လည်း စင်္ကာပူရှိ မြနန်းနွယ် (၀၂-၄၁) နှင့် သပြေနု(၀၂-၅၅) ဆိုင်များတွင် ဆန္ဒပြု လက်မှတ်ရေးထိုးနိုင်ကြောင်း သိရပါတယ်။

    DSCN2655

  • ဒေါ်အောင်ဆန်းစုကြည်၏ စင်္ကာပူ ခရီးစဉ်

    စက်တင်ဘာ ၁ ၊ ၂၀၁၃
    M-Media

    _60582363_assk
    ၂၀၁၂ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် မြန်မာရွှေပြောင်း အလုပ်သမားများကြိုဆို နှုတ်ဆက်စဉ် (ဓါတ်ပုံ -BBC)

    စင်္ကာပူ။           ။မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သင်္ကေတဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး စင်္ကာပူခရီးစဉ်အား စက်တင်ဘာလတွင် သွားရောက်မည်ဖြစ်ပြီး၊ စင်္ကင်္ာပူနိုင်ငံရှိ ထိပ်သီးညီလာခံ၌ အရေးပါသောမိန့်ခွန်း တစ်ရပ်ကို ပြောကြားမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

    စက်တင်ဘာလ ၂၀ မှ ၂၂ ရက်ထိ ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် စင်္ကင်္ာပူနိုင်ငံ၏ ထိပ်သီးညီလာခံတွင်  “ အပြောင်းအလဲကြားကာလထဲရှိ မြန်မာနိုင်ငံ ” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောရန် သူမအား ရွေးချယ်ထားသည်။

    ကန့်သတ်ဖိတ်ကြားခံများသာတက်ရောက်ခွင့်ရှိသည့်ညီလာခံအား အစိုးရကြားခံဌာနတစ်ခုဖြစ်သော Global-Asia Programme ရုံးမှ စီစဉ်ခြင်းဖြစ်ပြီး၊ ၄င်းနှင့်အတူ စင်္ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ နှင့် စင်္ကင်္ာပူဘဏ္ဍာရေးအုပ်ချုပ်မှုအဖွဲ့က ဦးဆောင်ကာ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ GIC နှင့် Temasek တို့ကလည်း အတူပူပေါင်းပါဝင် စီစဉ်ကြမည်ဖြစ်သည်။

    လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးအပြောင်းအလဲနှင့်နိုင်ငံဖွံဖြိုးရေး လုပ်ဆောင်နေသောကြားကာလ၌ ရောက်ရှိနေသဖြင့် ဒေါ်အောင်ဆန်းဆုကြည်၏ခရီးစဉ်သည် စင်္ကင်္ာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အား လေ့လာရန် ရည်ရွယ်ချက်တစ်ခုအနေဖြင့်လည်း ပါဝင်သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး နှင့် နိုင်ငံရေးအကူးအပြောင်းမှာ နိုင်ငံတိုင်းတွင် အရေးကြီးသည် ဆိုသည့် သူမ၏ နိုင်ငံရေးအသိပေးချက်ဓာတ်ပြားဟောင်းကိုပင် ဖွင့်လှစ်ဦးမည်ဟု သုံးသပ်ထားကြသည်။

    East Asian Institute of the National University of Singapore မှ ဧည့်သည်တော်ပါမောက္ခ သုတေသီ ဒေါက်တာ အလစ္စတဲရ် ကုခ် (Dr. Alistair Cook) က “  မြန်မာလူထုအပေါင်းရဲ့ကောင်းကျိုးဖြစ်ထွန်းစေလိုတယ်ဆိုယင် စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့အတူ ပွင့်လင်းမြင်သာမှု၊ နိုင်ငံရေးပြုပြင်တည်ဆောက်မှု၊ လွတ်လပ်သောတရားစီရင်မှု၊ တရားဥပဒေစိုးမိုးရေး နဲ့ ပြည်တွင်းမှာနေထိုင်သူအားလုံးအတွက် တန်းတူညီမျှမှုတွေကိုလည်း ဖော်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အဲ့ဒါတွေဟာ တစ်ခုနဲ့တစ်ခု ခွဲမရအောင် ချိတ်ဆက်နေပါတယ်။ နိုင်ငံအတွင်းက နိုင်ငံရေး ပဋိပက္ခတွေ အဖြေရှာရေးအတွက် လိုအပ်ချက်တွေကိုလည်း သူမအနေနဲ့ သေချာပေါက်ပြောဆိုဦးမှာပါ။ အကျယ်တ၀င့်ပြောရယင်ဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ သင့်မြတ်ရေးအပြင် လတ်တစ်လော နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ လူမျိုးစုတွေအကြား တင်းမာနေမှုတွေက ယခင်ကထက်စာယင် ပိုမိုဆိုးရွားနေတယ်လို့ ကျွန်တော်တို့ တွေ့ကြရတယ်။ ပြောင်းလဲမှုကို ဘယ်လိုရေရှည် တည်တံ့အောင်လုပ်ဖို့၊ ကျွန်မတို့ရဲ့လက်ရှိ အခြေအနေကကောင်းနေပါတယ်လို့မဆိုကြဖို့ကို ပညာသားပါပါ ပြောကြားဦးမှာဖြစ်ပါတယ် ” ဟု ရှင်းပြခဲ့၏။

    ဒေါ်စုကြည်သည် ၂၀၁၀ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် အမေရိကန်၊ ပြင်သစ် နှင့် ဗြိတိန် အပါအ၀င် နိုင်ငံများစွာသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။

    စင်္ကင်္ာပူခရီးစဉ်သည် သူမအတွက် ပထမဆုံးအကြိမ်ဖြစ်၍၊ အိမ်နီးချင်းအာဆီယံနိုင်ငံခရီးစဉ်အနေနှင့် ဒုတိယအကြိမ်ဖြစ်သည်။ သူမသည် ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။

    ဒေါက်တာကုခ်ကပြောသည်မှာ သူမအား စင်္ကင်္ာပူနိုင်ငံ၏ထိပ်သီးညီလာခံတွင် ပါဝင်ရန် ဖိတ်ကြားသည်မှာ အလွန်ကိုထူးခြားသည့်ကိစ္စတစ်ခုဖြစ်ကြောင်း ဆိုလိုက်သည်။

    “ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာနဲ့ပြောဆိုတဲ့အခွင့်အရေး ရထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့အကူးအပြောင်းကာလဟာ အဓိကကျ လှကြောင်း ပြောခွင့်ရမယ် ထင်ယင် သူမကတော့ လိုလိုလားလား (နိုင်ငံတကာနဲ့ပြောဆိုမှုကို) လုပ်မှာပါဘဲ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးချက်ဟာ တကယ်ကို အရေးကြီးတဲ့ အကြောင်းအရာတစ်ရပ်ပါ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးချက်ဟာ တကယ်ကို အရေးကြီးတဲ့ အကြောင်းအရာတစ်ရပ်ပါ။ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံထဲက အခွင့်အလမ်းနဲ့စိန်ခေါ်ချက်တွေအပေါ် အများအပြားရှိနေပါတယ်။ ယခုလို ဟောပြောမှုအခွင့်အရေးသည် သူမအတွက် ပွင့်လင်း မြင်သာမှုအား ပိုမိုရှိလာအောင် တိုက်တွန်းခြင်း နှင့် ရင်းနှီးမြှပ်နှံချက်များမှ ဆုံးရှုံးမှုများ မဖြစ်စေရန် အဘယ်ကဲ့သို့ ကူညီမှုနည်းလမ်းများကို အသုံးပြုရမည်ကို ပြောကြားရမည့် နေရာဖြစ်သည်။ စင်္ကင်္ာပူနိုင်ငံဟာ  မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံတစ်ခုဖြစ်ပြီး၊ နိုင်ငံတကာကလာပြီး တိုက်ရိုက် ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ဆဌမအဆင့်၊ အာဆီယံဒေသအတွင်းမှာ ဒုတိယမြောက် အကြီးဆုံး (မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံသူ)လည်းဖြစ်တာကို ထင်ထင်ရှားရှား တွေ့နေရပါတယ်။  ဒါကြောင့် စင်္ကင်္ာပူဟာ ပြန်လည်ပြုပြင်တည်ဆောက်ရေးကို ကူညီတဲ့ အခန်းကဏ္ဍအတွက် အကြီးစား အဓိကမြှုပ်နှံသူ နဲ့ ငွေပင်ငွေရင်းတစ်ရပ် ဖြစ်နေတာ အခိုင်အမာပါဘဲ ” ဟု သုံးသပ်ပြောကြားခဲ့သည်။

    အတိုက်ခံခေါင်းဆောင် တစ်ဦးဖြစ်သူ သူမအား တွေ့ဆုံရန်စိတ်အား ထက်သန်နေသူများမှာ ထိပ်တန်း စီးပွားရေးသမားများ နှင့် နိုင်ငံရေးသမားများပင် မကသေး၊ ဒေါ်စုကြည်အား သတင်းစာ နှင့် မီဒီယာများတွင်သာ တွေ့ဖူးသော ပြည်ပရောက် မြန်မာနိုင်ငံသားများသည်လည်း သူမ စင်္ကာပူသို့လာရောက်မည့်အပေါ် အလွန်ကိုစိတ်လှုပ်ရှားလျက်ရှိနေကြပေသည်။

    ဒေါ်စုကြည်အား တွေ့ဆုံရန် နှင့် စကားပြောဆိုနိုင်ရန် အတွက် မြန်မာနိုင်ငံသား အယောက် ၃၀၀၀ အထက် တက်ရောက်ရေး အတွက် မြန်မာကလပ်အသင်းမှ စီစဉ်နေကြောင်း၊ ၄င်းဦးရေထက် ပိုမိုများပြားမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် စင်္ကာပူနိုင်ငံ အတွင်းရောက်ရှိနေထိုင်နေသူ နှင့် အလုပ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများမှာ ၂၀၀,၀၀၀ ကျော်ရှိသောကြောင့် ဖြစ်၏။

    “ သူမ ဒီကို လာရောက်မယ်ဆိုတာကိုသိရလို့ ကျွန်တော်တို့ထဲက အတော်များများဟာ ၀မ်းမြောက်ကြည်နှူးနေကြတယ်။ နိုင်ငံအတွက်၊ နိုင်ငံရပ်ခြားရောက်  မြန်မာလူမျိုးတွေအတွက် သူမရဲ့အစီအစဉ်များကို ကြားနာချင်ပါတယ်။ မြန်မာနိုင်ငံအစိုးရ သမ္မတကြီးသိန်းစိန် နဲ့ ၀န်ကြီးတစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းထံက အစီအစဉ်တစ်ချို့ကိုတော့ ကျွန်တော်တို့ ကြားဖူးပြီးသားဖြစ်ပါတယ် ” ဟု မြန်မာကလပ်၏ ဦးစီးအဖွဲ့ဝင်ဖြစ်သူ ရွှေဥာဏ်ဝင်းက ပြောပြသည်။

    မြန်မာနိုင်ငံအပြောင်းအလဲ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ သူမ၏ အတွေးအမြင်များကို ဝေမျှပေးနိုင်လိမ့်မည်၊ သူမသည် အစိုးရနှင့်အတူတစ်ကွ လုပ်ကိုင်ဆောင်ရွက် သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသူ များစွာ ရှိနေကြပါ၏။

    – CNA/fa

  • လော်လီဖောက်ပြားမှုဖြင့် အစွပ်စွဲခံ ချာ့ခ်ျကျောင်းမှ အလုပ်သမကို နစ်နာကြေးပေးရန် စင်ကာပူ အစိုးရ အမိန့်ချမှတ်

    သြဂုတ်လ- ၂၀ ရက်၊ ၂၀၁၃
    M-Media
    Source : Straits Times

    Compensate woman fired for adultery
    စင်္ကာပူရှိ အကြီးဆုံးချာ့ခ်ျကျောင်းတစ်ခုမှ ၀တ်ကျောင်း အလုပ်သမတစ်ဦးအား လိင်မှုဖောက်ပြန်ကြောင်း စွပ်စွဲ၍ အလုပ်ထုတ်လိုက်သည့် အတွက် သူမအား နစ်နာကြေးပေးရန် အစိုးရက ယင်းကျောင်းတော်ကို အမိန့်ထုတ်လိုက်သည်။

    Faith Community Baptist Church (FCBC) မှ အလုပ်သမ တစ်ဦးသည် အခြားကျောင်းတော်မှ ၀န်ထမ်း တစ်ဦးနှင့် ကိုယ်ဝန်ရသည်ကို သိရှိပြီးနောက် လွန်ခဲ့သည့် စက်တင်ဘာလ၌ အလုပ်ထုတ်ပစ်ရာ ယင်းအမျိုးသမီးက ပြည်သူ့အင်အားဦးစီးဌာန(Ministry of Manpower – MOM) သို့ တိုင်ကြားခဲ့သည်။

    ယင်းချာ့ခ်ျကျောင်းသည် သူမကို လစာငွေ နှင့် မီးဖွားစရိတ် မပေးခဲ့ကြောင်း တိုင်တန်းမှု၌ ဖော်ပြသည်။ ကိုယ်ဝန်လေးလ အချိန်မှစ၍ ဥပဒေက မိခင်လောင်းဖြစ်သူအား အကာအကွယ်ပေးထားသည်။ အကယ်၍ ယင်းကာလအတွင်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံရခြင်းမှနှ်လျှင် အလုပ်သမားဥပဒေအရ အလုပ်ရှင်ဖြစ်သူသည် သူမ၏မီးဖွားစားရိတ်အား ပေးဆောင်ရမည်ဖြစ်သည်။ အမျိုးသမီးမှာ အလုပ်ထုတ်ခံရချိန်၌ ပဋိသန္ဒေကာလ ၇ လခန့် ရှိနေပြီဖြစ်ကြောင်း ပြောခဲ့သည်။

    ဤပြဿနာနှင့်စပ်လျဉ်း၍ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး Tan Chuan-Jin က သူမအား မီးဖွားစားရိတ်အပါအ၀င် နစ်နာကြေး ဒေါ်လာ ၇၀၀၀ ပေးရန် ညွှန်ကြားခဲ့သော်လည်း၊ မိမိတို့၏ ၀န်ထမ်းနှင့်အသင်းသားများမှာ ယင်းသို့စာရိတ္တအခြေအနေများနှင့်ကင်းရှင်းရမည်ဟု မှာကြားထားကြောင်းဆို၍ ချာ့ခ်ျမှ ပေးဆောင်ရန် ငြင်းဆိုလိုက်သည်။ ဥပဒေကြောင်းအရ ၀န်ကြီး၏ညွှန်ကြားအမိန့်ကို ငြင်းဆန်သူသည် ဒဏ်ငွေ ဒေါ်လာတစ်သောင်း နှင့် ထောင်ဒဏ်တစ်နှစ်ကျခံရဖွယ်ရှိသည်။

    “ လွန်ခဲ့တဲ့ ဧပြီလက သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရတယ်။ ကျွန်တော်တို့မေးမြန်းတော့ အခြားသူတစ်ဦးနဲ့ငြိစွန်းမှုရှိခဲ့ကြောင်းကိုလည်း ၀န်ခံပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ သူမခင်ပွန်းဟောင်းနဲ့ကွာရှင်းကိစ္စက မပြီးပြတ်သေးပါဘူး။ ကျောင်းတော်အနေနဲ့ အသင်းသားဖြစ်နေတဲ့ သူမကို အလုပ်လုပ် ခွင့်ပြန်ပေးပါမယ်၊ သူ့ကလေးကိုလည်း ထိန်းသိမ်းပေးပါမယ်။ သို့သော်လဲ သူမအနေနဲ့ သူမလုပ်ရပ်အတွက် ၀န်ချတောင်းပန်မှုပြုရပါမယ်၊ ကြားနာမှုကို ခံယူရပါမယ်၊ ပြီးတော့ ငြိစွန်းခဲ့သူနဲ့ အဆက်ဖြတ်ရပါလိမ့်မယ်။ အမျိုးသမီး အလုပ်ခန့်အပ်ရေး စာချုပ်မှာ လော်လီဖောက်ပြားယင် အလုပ်ထုတ်ခံရမယ်လို့ ရှင်းရှင်းလင်းလင်း မဖော်ပြတာကိုတော့ ၀န်ခံပါတယ်။ ဒါကို ၀န်ထမ်း အပေါင်းကလည်း နားလည်မှုရှိထားပြီးဖြစ်ပါတယ်။ MOM ရဲ့အမိန့်အရ သူမကို ကျွန်တော်တို့ နစ်နာကြေးပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအလုပ် ထုတ်လိုက်ခြင်းက မတရားမှုဖြစ်တယ်လို့ ၀န်ခံထွက်ဆိုစေမှုကို လက်မခံနိုင်ကြောင်း ၀န်ကြီးဌာနကို အရေးဆိုသွားပါမယ်။ ဒါဟာ မတရားမှုဖြစ်တယ်လို့ ၀န်ခံထွက်ဆိုစေမှုကို လက်ခံလိုက်မယ်ဆိုယင် ကျွန်တော်တို့က လော်လီ ဖောက်ပြားမှုအပေါ် အားပေးရာ ရောက်နေတယ် ဆိုတဲ့ အနက် ထွက်သွားပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့အသင်းတော်ရဲ့ နာမ်ပိုင်း၊ စာရိတ္တပိုင်းတွေမှာ ချည့်နဲ့အောင် လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ် ” ဟု ဂိုဏ်းအုပ်တစ်ဦးဖြစ်သူ Mr Lawrence Khong က The Straits Times သို့ပြောကြားလိုက်သည်။