News @ M-Media
Tag: sittwe
  • ယနေ့ စစ်တွေတွင် ရိုဟင်ဂျာနှင့် ရဲများ ပဋိပက္ခဖြစ်၊ ရဲများ ပစ်ခတ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာ ငါးဦးသေဆုံး
    ယနေ့ စစ်တွေတွင် ရိုဟင်ဂျာနှင့် ရဲများ ပဋိပက္ခဖြစ်၊ ရဲများ ပစ်ခတ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာ ငါးဦးသေဆုံး
    သြဂုတ်လ-၉၊ ၂၀၁၃
    သတင်းအချက်အလက် – မြန်မာတိုင်းမ်စ်၊ ဧရာဝတီ၊ RB News နှင့် M-Media သတင်းဌာန
    သတင်းအချက်အလက်များအရ ရခိုင်ပြည်နယ် စစ်တွေတွင် ရိုဟင်ဂျာများနှင့် ရဲလုံထိန်းများအကြား အခြေအနေတင်းမားနေကြောင်း သိရသည်။ ရဲလုံထိန်းတို့က ငါးဖမ်းသမားတစ်ယောက်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ရာမှ စတင်ပြီး နောက်ဆက်တွဲ အခင်းများဆက်တိုက်ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
    အုန်းတောကြီးကျေးရွာမှ ငါးဖမ်းသမားနှစ်ဦးကို ရဲများက ရိုက်နှက်ခဲ့ရာ တစ်ဦးမှာ နံပါတ်တုတ်ဖြင့် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ အုန်းတောကြီးရွာတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတည်ရှိပြီး အခင်းဖြစ်ပွားချိန်၌ စခန်းတွင် မွတ်စလင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲနေချိန်ဖြစ်သည်။
    ငါးဖမ်းသမားများအား တိုက်ခိုက်ခံရမှုသတင်း ဒုက္ခသည်စခန်းသို့ ပျံ့နှံ့လာသဖြင့် စခန်းမှ ဒေါသထွက်နေသော လူအချို့စုဝေးပြီး နံနက် ၁၁ နာရီကျော်တွင် ရဲစခန်းကို သွားရောက် မီးရှို့ခဲ့ကြဟု သတင်းများတွင် ထုတ်ပြခဲ့သည်။ သတင်းမျအားအရ လ့ ရဲများက ပြန်လည်ပစ်ခတ်သဖြင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့သည်။
    ရိုဟင်ဂျာ သတင်းများကို ဦးစားပေးဖော်ပြသည့်  RB News ၏ ဖော်ပြချက်တွင်  ပစ်ခတ်ရသည့် အကြောင်းကို အကွက်ဆင် ပြသရန် အတွက် လုံထိန်းစခန်းကို လုံထိန်းများ ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ ပြောကြားကြောင်းနှင့် အဆိုပါ လုံထိန်း စခန်းသည် ယခင်က နစက စခန်း ဖြစ်ကြောင်း သိရပါသည်။
    မြန်မာတိုင်းမ်စ်သတင်းဌာနက ရိုဟင်ဂျာကိုယ်စားပြု ပြောခွင့်ရပုဂ္ဂိုလ် ကိုအောင်ဝင်းအား ဆက်သွယ်မေးမြန်းထားသည်။ ကိုအောင်ဝင်းက အခင်းဖြစ်ပွားပုံကို မြင်တွေ့ခဲ့ကြောင်း၊ ရဲစခန်းနှင့် အိမ်အများအပြားကို ဒုက္ခသည်စခန်းနေ အချို့သော လူများ သွားရောက်မီးရှို့ခဲ့ကြောင်း၊ လုံထိန်းရဲများက အီးဒ်ပွဲတော်ကျင်းပနေသော ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာများကို ရည်ရွယ်ချက်ရှိရှိ ရန်စစော်ကားခြင်းမျိုး ဖြစ်နိုင်မဖြစ်နိုင်ကိုမူ သူ့အနေဖြင့် မသိရှိပါကြောင်း ပြောပြသည်။
    ရဲလုံထိန်းများက အီးဒ်ပွဲတော်ကျင်းပနေသည့် ရိုဟင်ဂျာများကို တမင်ရည်ရွယ်၍ ရန်စခြင်းမျိုးဖြစ်နိုင်ကြောင်း ကောလဟလများနှင့် မုဒိန်းမှုပါဝင်သည့် ထိုထက်ဆိုးသော ကောလဟလများလည်း ပျံ့နှံ့နေသည်။
    ကိုအောင်ဝင်းက သူ့အနေဖြင့် အသေအပျောက်စာရင်းကို မခန့်မှန်းနိုင်ကြောင်း၊ သူ့အတွေ့အကြုံအရ ပြီးခဲ့သည့်နှစ်ဇွန်လနောက်ပိုင်း အကြမ်းဖက်မှုများအပြီး အဆိုးဆုံး အဓိကရုဏ်းဖြစ်ကြောင်း ဆိုသည်။ ထို့ပြင်သူက – “ရဲတွေက လူသေအလောင်းတွေကို ဖျောက်ဖျက်ပြစ်နေတယ်၊ ဒါတွေတင်မက ဒဏ်ရာရတဲ့သူအားလုံးကိုလည်း ဆေးရုံမပို့ခဲ့ဘူး၊ အဲဒါတွေကို ကျနော်စိုးရိမ်တယ်။ ရဲတွေက လူ ၁၅ ယောက်၊ အယောက် ၂၀ လောက်ကို ထရပ်ကားတစ်စီးပေါ် ဖမ်းခေါ်သွားတယ်၊ သူတို့ကို အကြောင်းပြချက်မခိုင်လုံဘဲ ဆက်ပြီးဖမ်းထားမှာကိုလည်း ကျနော် စိုးရိမ်ပါတယ်။” ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြသည်။
    အုန်းတောကြီးကျေးရွာနေ အမျိုးသမီးများက မိမိတို့အား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိလာမည်ကို စိုးရိမ်ကြသဖြင့် ရွာကိုစွန့်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း ကိုအောင်ဝင်းက ပြောပြသည်။
    “ညနေ ၂ နာရီလောက်ရောက်တော့ အမျိုးသမီးတွေ ရွာကိုစွန့်ပြီးထွက်ပြေးဖို့ ကြိုးစားကြတယ်။ လုံထိန်းရဲတွေ ရောက်လာပြီး သူတို့ကို ရိုက်တော့တာပဲ”  ဟု ကိုအောင်ဝင်းက ဆိုသည်။
    မြန်မာတိုင်းမ်စ်သတင်းဌာန၏ မြေပြင်သတင်းထောက်မှ တိုက်ရိုက်သတင်းပေးပို့ချက်အရမူ အခင်းဖြစ်ပွားသည့်နေရာတွင် လုံခြုံရေးအခြေအနေ သိသိသာသာတိုးမြှင့်ထားကြောင်း သိရသည်။
    မြန်မာတိုင်းမ်စ်သတင်းဌာနက အင်ဂျီအိုကားမောင်းသမားတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။ ထိုကားမောင်းသမားမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ နေ့စဉ်ဝင်ထွက်နေသူလည်းဖြစ်ကြောင်းသိရသည်။ သူ၏ပြောပြချက်အချက် ကြာသပတေးနေ့ညဘက်အထိ ဒုက္ခသည်စခန်းတွင် ငြိမ်ငြိမ်သက်သက်ပင်ရှိနေကြောင်း၊ အီးဒ်ပွဲတော်လည်း စတင်တော့မည်ဖြစ်၍ ထိုသို့ ငြိမ်သက်နေခြင်းဖြစ်ကြောင်း သိရသည်။
    “(ဒုက္ခသည်စခန်းက) လူတိုင်းကြည့်ရတာ ပျော်နေပုံပဲ၊ လုံလုံခြုံခြုံလည်းရှိနေတာကိုး။ မနေ့က ကျနော်ဒုက္ခသည်စခန်းကိုမသွားခင် စခန်းက ကျနော့်အဆက်အသွယ်တွေကို လှမ်းပြီး အခြေအနေမေးကြည့်ပါတယ်။ သူတို့က အားလုံးအကောင်းပကတိပဲလို့ ပြောပြတယ်။ ဒီနေ့မနက် ဒီသတင်းကြားတော့ ကျနော်တော်တော်အံ့အားသင့်သွားတယ်။” ဟု ပြောပြသည်။
    မြန်မာတိုင်းမ်စ်၏ တင်ပြချက်အရ အခြေအနေမှာ အရှင်းငြိမ်သက်မသွားဘဲ ရိုဟင်ဂျာများက တက်ကြွလှုပ်ရှားသူ ဦးကျော်လှအောင်အားဖမ်းဆီးထား၍ ၄င်းအားပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ထိုကြောင့် ရဲနှင့်စစ်တပ်တို့ကပါ လူအုပ်ထဲသို့ တိုက်ရိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
    ဗောဒူဖကဲ့သို့သော အခြားဒုက္ခသည်စခန်းများတွင်လည်း ရဲအဖမ်းအဆီးများ ရှိခဲ့သည်။
    ယနေ့ မနက်ဖြစ်ပွားသော လုံထိန်းများနှင့် မွတ်စလင်များအကြား ပဋိပက္ခဖြစ်စဉ်ကြောင့် မွတ်စလင် ၄ ဦးသေဆုံး၍ ၄ ဦးဒဏ်ရာ ရရှိသည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ဟု ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်ကလည်း ဧရာဝတီသို့ ပြောထားသည်။
    “လူသေတာမရှိပါဘူး။ ဒဏ်ရာရတာပဲ ရှိပါတယ်။ ဒဏ်ရာရတာ ၃ ယောက်လောက်ရှိတယ်။ နောက်ပိုင်းမှာ သတင်း ထုတ်ပြန်ပေးပါ့မယ်” ဟု ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောပြခဲ့သည်။
    မကြာသေးမီက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ အာရှဆိုင်ရာအကြီးအကဲ မစ္စတာရောဘတ်ဆင်က ရိုဟင်ဂျာများ ၄င်းတို့နေထိုင်သည့်နေအိမ်များကို ကိုယ့်ဖာသာ မီးရှို့ကြခြင်းကိစ္စနှင့်စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်အား foolish (သူရူးသူနှမ်း) ဟု သမုတ်ခဲ့ဖူးသည်။
  • “ဒုက္ခသည်တွေ နေထိုင်ရေး အဆင်ပြေရင် နှစ်ဖက်ယုံကြည်မှု တိုးအောင် လုပ်ပေးဖို့လိုတယ်”
    ဇန်နဝါရီ ၁၇ ၊ ၂၀၁၃
    ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်  အကူအညီပေးရန် ဇန်နဝါရီ (၁၅) ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာသော အီရန်နိုင်ငံ မှသံအမတ်(Hossien  Kamalian) ဦးဆောင်သည့်  (၁၁) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်နှင့်ဘင်္ဂလီဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီခဲ့သည်။
    Iran emb Hossien Kamalian
    ထိုင်းနိုင်ငံဆိုင်ရာ အီရန်နိုင်ငံ သံအမတ် Hossien Kamalian
     မေး။    ။ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘေးဒဏ်သင့်ဒုက္ခသည်တွေအတွက်ကို အီရန်နိုင်ငံအနေနဲ့  ဘယ်လိုမျိုး အထောက်အပံ့တွေ ကူညီပေးသွားဖို့ရှိပါသလဲ။
    ဖြေ။     ။ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ တကယ်ဒုက္ခရောက်နေကြတဲ့  ပုဂ္ဂိုလ်တွေအတွက် ဒီနိုင်ငံမှာ ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီးတော့  ပူးပေါင်းပြီးတော့ အမှန်တကယ်လိုအပ်ချက်များကို  ဖြည့်ဆည်း ပေးသွားမှာ ဖြစ်ပါတယ်။  အခုလောလောဆယ် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အပြောအဆိုအရ သိရတာက  ဒီမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာက  အဆောက်အဦးတွေ၊  ဒုက္ခသည်တွေ အတွက်နေထိုင်ဖို့ အဆောက်အဦးတွေလိုတယ်။ ဆေးဝါးပစ္စည်းတွေလိုအပ်တယ်၊  အစားအသောက် လိုအပ်တယ် ဆိုတာကို သိရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဘက်ကနေပြီးတော့  ရွက်ဖျင်တဲလေးတွေကို ယူဆောင်ပေးသွားမှာ ဖြစ်ပါတယ်။  အခုဒီမှာ မီးဖိုဆောင်သုံးပစ္စည်းတွေလဲပါတယ်။ ကျွန်တော်တို့ဟာ လူသားချင်းစာနာတဲ့ အနေနဲ့ကိုယ့်ကိုကိုယ် တာဝန်ရှိပုဂ္ဂိုလ်တယောက်အနေနဲ့ သတ်မှတ်ပြီးတော့  ကူညီနေခြင်း ဖြစ်ပါတယ်။
    မေး။    ။ ရခိုင်မှာ ဖြစ်သွားတဲ့ ပဋိပက္ခဖြစ်စဉ်တွေအပေါ် အီရန်နိုင်ငံအနေနဲ့ ဘာများ ပြောချင်ပါသလဲ။
    ဖြေ။     ။ဒီမှာ ဖြစ်ပေါ်သွားတာတွေဟာ အီရန်နိုင်ငံရဲ့ ခေါင်းဆောင် ပိုင်းဆိုင်ရာမှာကော အီရန်နိုင်ငံသူနိုင်ငံသားအားလုံးအပေါ်မှာ စိတ်ကိုထိခိုက်စေတဲ့ အဖြစ်အပျက်မျိုးတွေရှိခဲ့ပါတယ်။
    ကျွန်တော်တို့အီရန်နိုင်ငံဆိုလို့ရှိရင်  ဒီလိုမျိုးအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ အင်မတန်မှ ရင့်ကျက် နေပြီးသားဖြစ်တယ်။  အဲဒီအတွက်ကြောင့်  ဒုက္ခသည်တွေကို ကူညီဖို့ အတွက် အင်မတန်မှ အဖွဲ့အစည်းကြီးမားတဲ့ အဖွဲ့အစည်းတွေ ကျွန်တော်တို့ ဆီမှာရှိနေပါတယ်။ ဒုက္ခသည်တွေကို ကူညီတဲ့နေရာမှာ ဒီလိုမျိုးနိုင်ငံအတွင်းမှာ အတွေ့အကြုံရှိတာ မဟုတ်ဘဲ နိုင်ငံရဲ့အပြင်ဘက် အာဖကန်နစ္စတန်တွေမှာလဲ ကျွန်တော်တို့ မြောက်များစွာသော အတွေအကြုံတွေ ရင့်ကျက်နေပြီး သားဖြစ်ပါတယ်။
     အဲ့သလိုမျိုးအဖြစ်အပျက်တွေကို ကျွန်တော်တိုနိုင်ငံမှာရှိတဲ့ အကြီးအကဲတွေနဲ့ တွေ့ပြီး ဆုံးဖြတ်ပြီးတဲ့ နောက် ပထမဆုံးလောလောဆယ် ပစ္စည်းအနည်းငယ် ယူဆောင်လာခြင်းဖြစ်ပါတယ်။  အကူအညီဆိုတဲ့နေရာမှာ ပစ္စည်းတွေမျိုးဘဲ ကူညီတာမဟုတ်ဘဲ  တခြားပုံစံမျိုး ဥပမာ အတွေး အခေါ်တွေ  အဲလိုမျိုးအကူအညီတွေလည်း ပါဝင်ပါတယ်။  ကျွန်တော်တို့ကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေ၊  ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ အဲဒါတွေကို ဒီအစိုးရကို အကူအညီပေးမှာ ဖြစ်ပါတယ်။  အဲလိုမျိုးအရေးအခင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာတဲ့အခါမှာ ဒါတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလည်း  မြန်မာနိုင်ငံအစိုးရကို အကူအညီ ပေးသွားမှာ   ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ အီရန်နိုင်ငံမှာရှိတဲ့ လူကြီးပိုင်း တော်တော်များများဟာ အင်မတန်ကိုမှ  တကယ်ကို စိတ်ဝင်တစား၊ တကယ်ကို တလေးတစား   အနေနဲ့ အရေးတယူလုပ်ပါမယ်။  ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်တွေ အမြန်ဆုံး ငြိမ်းချမ်း သွားအောင် ကျွန်တော်တို့တွေလည်း လောလောဆယ်မှာ  ကျွန်တော်တို့နိုင်ငံရဲ့အစိုးရနဲ့  မြန်မာနိုင်ငံ အစိုးရ အပါအဝင် ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့  ဒုက္ခသည်အားလုံးကို ဘယ်လိုပုံစံနဲ့ အမြန်ဆုံး ဖြေရှင်းလို့ရမယ့်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့စဉ်းစားနေပါတယ်။
    Iran emb Hossien Kamalian at sittwe
     မေး။    ။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးပြဿနာဖြစ်လာတဲ့အခါ အီရန်နိုင်ငံအနေနဲ့ဘယ်လိုမျိုးပုံစံတွေနဲ့ ဖြေရှင်း လေ့ရှိပါသလဲ?။
    ဖြေ။     ။နိုင်ငံတိုင်းမှာ လူမျိုးပေါင်းစုံဆိုတာ ရှိနေပါတယ်။ အဲဒီလူမျိုးပေါင်းစုံရှိနေတဲ့ အပေါ်မှာ သူတို့တွေကို အုပ်ချုပ်ရေးပိုင်းက လူတွေ  သေသေချာချာ အုပ်ချုပ်နိုင်သွားမယ်ဆိုလို့ရှိရင်  အဲဒီလူမျိုးစု ပေါင်းစုံ ရှိနေတာဟာ နိုင်ငံအတွက် ကောင်းတဲ့အကျိုး ကို ဖော်ဆောင်ပါတယ်။ အဲသလိုမျိုးမှ မဟုတ်ဘူး ဆိုလိုရှိရင် သေသေချာချာ မအုပ်ချုပ်ဘူးဆိုလို့ရှိရင် အဲဒီမှာ မျိုးစုံသော ပြသနာတွေ ဟာ  ပေါ်ပေါက် လာမှာဖြစ်တယ်။  လက်ရှိ ဒီမှာ ဘယ်လို ဖြစ်ပေါ်နေတယ်။ အဲဒီအတိုင်းဘဲ  ဖြစ်ပေါ်လာဖို့ရှိပါတယ်။ တရားမျှမျှတတနဲ့  ဆက်ဆံရမှာက  အဖွဲ့တိုင်း သက်ဆိုင်ပါတယ်။  သူတို့တွေကို တကယ်တမ်း ရင်းရင်းနှီးနှီး ရှိချင်တယ်ဆိုလိုရှိရင် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့  အဲဒီပုဂ္ဂိုလ်တွေကို စကားပြောမယ်၊ သိမ်းသွင်းမယ်ဆိုလို့ရှိရင်  ဒါတွေဟာ ရင်းနှီးနေမှာဖြစ်ပါတယ်။ ဆိုတော့ ရှိရှိသမျှ လူအားလုံးဟာ  လူမျိုးစုံအားလုံးဟာ ဘာဆန္ဒရှိကြလဲဆိုလို့ရှိရင် ဒီနိုင်ငံကြီးကို တည်ဆောက်တဲ့ နေရာမှာ  တစ်တပ်တစ်အား ပါဝင်ဖို့အတွက်ကို  ဆန္ဒရှိကြပါတယ်။
    အဲသလိုလုပ်ပေးလိုက်ခြင်းအားဖြင့်ဟာ တစ်ဦးနဲ့တစ်ဦးဟာ၊  တယောက်နဲ့ တယောက် ချစ်ချစ် ခင်ခင် ရှိလာမယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရှိလာမယ်။ အားလုံးဟာလည်းဘဲ ဒီနိုင်ငံကြီးကို  တိုးတက်အောင် လုပ်ရမယ်ဆိုတာလဲ စဉ်းစားပြီးသားပါ။ ဒါဟာ ကျွန်တော်တို့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။  အီရန်နိုင်ငံမှာရှိနေတဲ့ အတွေအကြုံဖြစ်ပါတယ်။ ဒီတစ်ကမ္ဘာလုံးမှာ ရှိသမျှ နိုင်ငံအားလုံးဟာလည်း ဒီစိတ် အခြေခံရှိမယ် ထင်ပါတယ်။
     မေး။    ။ ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွေအပေါ် မြန်မာအစိုးရ ကိုင်တွယ်ပုံကိုကော ဘယ်လိုမြင်မိပါသလဲ။
      ဖြေ။     ။ ပထမဆုံးအနေနဲ့ ဒါကိုလုပ်ရမှာက  ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ သူတွေကို သေသေချာချာဖြစ်အောင် လုပ်ပေးဖို့ လိုပါတယ်။  လောလောဆယ် ဒီလိုမျိုးအင်မတန်မှ ဒုက္ခရောက်နေတဲ့ ပုံစံမျိုးထားရှိတာဟာ လုံးဝ မသင့်ဘူး။  သူတို့အတွက်ကို အစားအသောက်ဆေးဝါး နေဖို့ထိုင်ဖို့ အဲဒါတွေ အကုန်လုံး သူတို့အတွက်ကို အဆင်သင့်ဖြစ်အောင် လုပ်ထားရမယ်။  ဒုတိယ အဆင့်အနေနဲ့ နှစ်ဘက်စလုံးကို ယုံကြည်မှုတိုးလာအောင်  လုပ်ပေးရမယ်။  အဲဒီကနေပြီးတော့မှ နောက်တစ်ခါ သူတို့တွေကို သူတို့အိမ် တွေမှာအေးအေးချမ်းချမ်းနဲ့ နေထိုင်သွားနိုင်ဖို့ ဆက်ပြီးတော့ လုပ်ပေးရမှာက  ဒါဟာ စစ်မှန်တဲ့သူတို့တွေကို ဖြေရှင်းတဲ့နည်းလမ်း တစ်ခုဖြစ်တယ်။
    (အခုလိုဖြေကြားပေးတဲ့ အီရန်သံမတ် Hossien  Kamalian ကို ကျွန်တော်တို့မြစ်မခ သတင်းအေဂျင်စီက ကျေးဇူးအထူးတင်ပါတယ်)
    မြစ်မခမ ကူးယူဖော်ပြပါသည်။
  • လုံထိန်းအား ငွေ ၅၀၀၀ မပေးနိုင်သဖြင့် နေအိမ်မီးရှိုသူ အဖြစ် စွပ်စွဲ ရိုက်နှက်ခံရ
    လုံထိန်းအား ငွေ ၅၀၀၀ မပေးနိုင်သဖြင့် နေအိမ်မီးရှိုသူ အဖြစ် စွပ်စွဲ ရိုက်နှက်ခံရ
    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း
    စစ်တွေမြို့ အောာင်မင်္ဂလာ ရပ်ကွက် ၊ ကုန်တန်းရပ်နေ ထိုင်သူ မာမွတ်ရော်ဖိက် (၂၃နှစ်) အား ဓည၀တီ ရပ်ကွက် နေ ရခိုင်လူမျိုး တစ်စုက နေအိမ်မီးရှို့သည်ဟု စွပ်စွဲ ရိုက်နှက် ဖမ်းဆီးမှု တစ်ရပ် ဒီဇင်ဘာ ၁၄ ရက်နေ့ တွင်ဖြစ်ပွား ခဲ့သည်။
    ဖြစ်စဉ်မှာ – သဲချောင်း ဒုက္ခသည် စခန်းရှိ ကျန်းမာရေးမကောင်းသော ဆွေမျိုးများအား သွားရောက် ကြည့်ရှုပြီး နေအိမ်ရှိရာ အောင်မင်္ဂလာရပ်ကွက် ၊ ကုန်းတန်းရပ်သို့ လမ်းလျှောက် ပြန်လာသူ မာမွတ်ရော်ဖိက်သည် ဓည၀တီ ရပ်ကွက် အရောက် နံနက် ၄ နာရီ ၅၀ မိနစ် အချိန်၌ လုံခြုံရေးရဲတပ်သား များက ၄င်းထံမှ ငွေ ၅၀၀၀ တောင်းယူခဲ့ ကြောင်း ၊ ၄င်းတို့ တောင်းယူသော ငွေ ၅၀၀၀ မပေးနိုင်ခဲ့ကြောင်း ၊ ထို့နောက် ဓည၀တီ ရပ်ကွက်ရှိ ရခိုင်လူမျိုးတစ်စုက ၄င်းအား ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း၊ ဓာတ်ဆီပုလင်း ကိုင်စေပြီး နေအိမ် မီးရှို့သူဟု စွပ်စွဲ၍ အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရသည်။
    မာမွတ်ရော်ဖိက် (၂၃) နှစ်အား နေအိမ်မီးရှို့သည်ဟု စွပ်စွဲကာ ပုဒ်မ(၁၄၄)ဖြင့် အရေးယူထားကြောင်း သိရသည်။ အောင်မင်္ဂလာ ရပ်ကွက်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် ဒုက္ခသည်စခန်းများရှိ ကျန်းမာရေး ၊ လူမှုရေးကိစ္စများဖြင့် သွားရောက်လိုပါက အတင်းအဓမ္မ ငွေတောင်းယူခြင်း ၊ငွေမပေးပါက လုံခြုံရေးမပေးခြင်း  ၊ ရခိုင် အစွန်းရောက်များ၏ ရိုက်နှက်ခံရခြင်း ၊ အမှုဆင် စွပ်စွဲခြင်းများနှင့် မကြာခဏ ရင်ဆိုင်နေရကြောင်း သိရသည်။
  • နေအိမ်ထဲက ဒုက္ခသည်များ
    နေအိမ်ထဲက ဒုက္ခသည်များ
    ဒီဇင်ဘာ ၈ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း
    ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွားခဲ့သော စစ်တွေမြို့တွင် အောင်မင်္ဂလာရပ်ကွက် မှာ တစ်ခုတည်း ဖျက်ဆီးမခံ ရသော မွတ်စလင် ရပ်ကွက် ဖြစ်သည်။ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်များ ၏ တိုက်ခိုက် ဖျက်ဆီးမှု မခံခဲ့ရ၊ သို့သော် အမုန်းပြည့်နှက်နေသော လောဘစွန်းရောက် ရဲတပ်ဖွဲ့ ကတော့ အာဏာနည်းဖြင့် အောင်မင်္ဂလာ ရပ်ကွက် သား များ၏ ဘ၀ကို တစ်စစီချွေချနေသည်။
    “ဒီဇင်ဘာ ၇ရက်နေ့ မနက် ၇နာရီ ၄၅ လောက်မှာ ဘုမေ ကျေး ရွာ က အသက် ၁၂ အရွယ်လောက်ရှိတဲ့ မွတ်စလင် ကလေးနှစ်ယောက် ရဲတစ်ဦးက ဆိုင်ကယ်နဲ့ အောင် မင်္ဂလာ ရပ်ကွက်ကို လာပို့ပေးပါတယ်။ ဒါကို အောင်မင်္ဂလာရပ်ကွက် လုံထိန်းရဲတွေက မှောင်ခိုမှုနဲ့ ဖမ်းပြီး အမှတ်၁ ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်” ဟု အောင်မင်္ဂလာရပ်ကွက်နေ မွတ်စလင်တစ်ဦးက ရပ်ကွက်အခြေအနေကို ပြောပါသည်။ အောင်မင်္ဂလာ ရပ်ကွက် ဆီကို ရဲတပ်သား က လာပို့ပေးခြင်းဖြစ်ပေသော်လည်း ယင်း အသက်မပြည့် ၊ကလေးငယ် နှစ်ဦးမှာ အချုပ်စခန်း ထဲတွင် ရိုက်နှက် စစ်ဆေး ခံခဲ့ကြရသည်။
    “အဲဒီကလေးတွေကို ရိုက်နှက်စစ်ဆေးပါတယ်။ ကလေးတွေကတော့ ရဲတပ်သား လာပို့ပေးတာ လို့ ပြောတယ်။ ဒါကို စခန်းမှူး ဦးတင်ဝင်းက လက်မခံပဲ ကလေးနှစ်ယောက်ကို ပုဒ်မ ၃၅ တပ်ပြီး ထောင်၂ လ အမိန့်ချမှတ်ခဲ့ တယ်” ဟု အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောပါသည်။
    စစ်တွေမြို့က အဖျက်အဆီးမခံရဘဲ ကျန်ရစ်တဲ့ တခုတည်းသော မွတ်စလင်ရပ်ကွက် ၊ ပြင်ပသို့သွားလာခွင့် မရအောင် အတားအဆီးနှင့်လုံခြုံရေးချထားပုံ ( ဓါတ်ပုံ FB)
    ဤသို့ အရွယ်မရောက်သေးသော ကလေးငယ်များကို အမုန်းတရားဖြင့် ဖမ်းဆီ ထောင်ချခြင်းကို တားမြစ်သူမဲ့ ကျူးလွန်ရုံမက ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်များ လူညွန့်တုံးစေရန် ပညာရေး ၊ ကျန်းမာရေး ၊ စားနပ် ရိက္ခာဝေငှရေးတို့တွင် အာဃာတ ကြီးကြီးဖြင့် ကျူးလွန်နေကြသည်။ အောင်မင်္ဂလာရပ်ကွက် တွင်းရှိ အမှတ် ၁၈ မူလ တန်း ကျောင်းကို ပိတ်ကာ ရဲကင်းအဖြစ်အသုံးပြုနေကြသည်။ “ကလေးတွေ စာသင်မရဘူး။ ရှိတဲ့ ကျောင်း ကို လည်းဆရာမတွေ မလာဘူး။ ရဲတွေ က စခန်းအဖြစ် အသုံးပြုနေကြတယ် ” ဟု ၄င်းက ပြောပါသည်။ “ရပ်ကွက် က တက္ကသိုလ် ကျောင်းသား ၁၂ ဦးခန့်ကတော့ တက္ကသိုလ် တက်ခွင့်မရပဲ စာမေးပွဲသွား ဖြေနေကြရ တယ် ” ဟု ရပ်ကွက် ပညာရေး အခြေအနေအကြောင်း ပြောပါသည်။
    ကိုယ်ခြေထောက်အပေါ် ကိုယ်ရပ်နိုင်ခဲ့ကြသူများပီပီ အများသူငါဆီ လက်ဖြန့်တောင်းရ သည့်အဖြစ်မျိုး မလို ချင်ကြ။ ရရာ အလုပ်လုပ်ကိုင်ချင်ပေမယ့် အမုန်းတံတိုင်းများဖြင့် သူတို့ ပိတ်လှောင်ထားလိုက်ကြသည်။ “ ဒီမှာ ဘယ်ကိုမှ ထွက်လို့ မရဘူး။ မြို့ထဲကို ဆေးကုဖို့တောင်သွား လို့မရ တော့ဘူး။ သွားရရရင်တောင်သူတို့ ဆေးမကုပေးဘူး´
    ရခိုင်လူမျိုးရေး အစွန်းရောက် အုပ်စုရန် ကြောင့် ရိုဟင်ဂျာမွတ်စလင်များမှာ လွတ်လပ်စွာ စီးပွားရှာဖွေခွင့်၊ ပညာသင်ကြားခွင့်၊  ဆေးကုသခွင့် ၊များ ဆုံးရှုံးခဲ့ရသည်။ လုံခြုံရေး တာဝန်ကျ လုံထိန်းရဲများက ယင်း အခြေ အနေကို အခွင့်ကောင်းယူ၍  အောင်မင်္ဂလာရပ်ကွက်သားများ ကို ခေါင်းပုံဖြတ် အမြတ်ထုတ် နေကြ သည်။
    “အပြင်မှာ ဆေးတစ်ကဒ် ၁၀၀၀တန်ရင် လုံထိန်းတွေဆီကနေ ၅၀၀၀ပေးဝယ်နေရတယ်။ ဘာဝယ်ဝယ် ၅ဆ ပိုပေးနေကြရတာ စစ်တွေဈေးကနေ စားစရာ၊ အသုံးအဆောင်ဝယ်လို့ ဈေးကလာပို့ပေးရင်လည်း လုံထိန်း  တွေက သိမ်းလိုက်ကြ တယ်။ သူတို့က ဘက်စုံထောင်စုံ ကို ဖိနှိပ်နေတာ” ဟု ရပ်ကွက်နေ ရိုဟင်ဂျာ မွတ်စလင် တစ်ဦးက ပြောပါသည်။
    တစ်ချို့တက်နိုင်သူတွေကတော့ လုံထိန်းကို လာဘ်ထိုးပြီး သက်ကယ်ပြင်မှာ ဆေးသွားကုနေရတယ်။ ဆင်းရဲ သား တွေကတော့ မကုနိုင်ရှာဘူး။
    ပဋိပက္ခမ ဖြစ်ပွားခင်က ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များမှာ ရန်ကုန်သို့ ဆေးကုသရန် လ၀က ခွင့်ပြုချက်ဖြင့် သွားရောက် နိုင်ခဲ့ကြသော်လည်း ယခုအခါ ခွင့်မပြုပေးတော့သဖြင့် ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင် ရောဂါသည်များ၏ အခြေအနေ အထူးစိုးရိမ်နေရသည်။ “ ဒီရပ်ကွက်ထဲမှာ ဆေးကု ရက် ချိန်းလွန် နေတဲ့ သူ ၁၀၀ လောက်ရှိတယ်။ ရန်ကုန်က ပါရဂူဆီသွားကုခွင့် မရဘူး ။ ကျန်းမာရေး အခြေ အနေ တော်တော် စိုးရိမ်နေ ရတယ်။ ”
    ဤသို့ ရဲတပ်ဖွဲ့မှ အာဏာဖြင့် နှိပ်စက်မှု ဒဏ်မခံနိုင်ကြသော ရပ်ကွက်သား တချို့ကတော့  အောင်မင်္ဂလာကို ဒုက္ခသည်စခန်း လို သတ်မှတ်ပေးဖို့ တောင်းဆိုလာကြကြောင်း ၄င်းက ပြောပါသည်။
    “အာဏာပိုင်တွေ ဆန်အိတ် ၂၀၀ ၊ ၃၀၀ လောက်ပဲ တစ်ခါတစ်လေ ပေးတာ။ ။ တကယ်တမ်းလိုနေတာ တစ်ရက် ကို ဆန်အိတ် ၅၀ ၊ တစ်လ ကို အိတ် ၁၅၀၀ ” ဟု၍  မျှော်လင့်ချက်စွက် စကားသံဖြင့်  ပြောကြားသွား သည်။
  • စစ်တွေတက္ကသိုလ်မှ မွတ်စလင်မ် ကျောင်းသားများ စာမေးပွဲဖြေခွင့် မရ
    စစ်တွေတက္ကသိုလ်မှ မွတ်စလင်မ် ကျောင်းသားများ စာမေးပွဲဖြေခွင့် မရ
    ဒီဇင်ဘာ ၆၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်
    သက္ကယ်ပြင်။           ။ စစ်တွေတက္ကသိုလ်မှ မွတ်စလင်မ်ကျောင်းသားကျောင်းသူများ တက္ကသိုလ်တွင် စာမေးပွဲဖြေဆိုခွင့်မရကြောင်း၊ သက္ကယ်ပြင်ကျေးရွာ မူလ တန်းကျောင်းတွင် ကြိုတင် အကြောင်းမကြားဘဲ တစ်ရက်တည်းသာပေးဖြေခဲ့သည့်အတွက် မွတ်စလင်မ်ကျောင်းသားများစွာ စာမေးပွဲဖြေဆို ခွင့်မရခဲ့ကြကြောင်းသတင်းရရှိပါသည်။
    ယင်းသတင်းနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းရာ စစ်တွေ တက္ကသိုလ်မှာ စာမေးပွဲဖြေဆိုခွင့်မရလိုက်တဲ့ကျောင်းသားများ အတွက် ဒီဇင်ဘာ ၂ ရက်နေ့မှာ သက္ကယ်ပြင်ကျေးရွာရှိ GE တပ်အနီးက မူလကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
    ဒီဇင်ဘာ ၂-ရက်နေ့တွင် သက္ကယ်ပြင်၌ စာမေးပွဲပြုလုပ်မည်ကို ကြိုတင်အသိပေးကြေညာထားခြင်း မရှိဘဲ ချက်ချင်းရောက်လာပြီး အခုစာမေးပွဲဖြေရမယ်၊ ကျောင်းသားများကို ခေါ်ပါဟုပြောပြီး ဖြေခိုင်းသည့် အတွက် ကျောင်းသား(၇၅) ဦးခန့်အနက် ထက်ဝက်ခန့်သာ စာမေးပွဲဖြေဆို ခွင့်ရသည်။ ကျန်သည့် ကျောင်းသားသည် နောက်ရက်တွင် စာမေးပွဲသွားဖြေသော်လည်း ဖြေခွင့်မရကြောင်း၊ ယခုလို မကြေညာဘဲ စာမေးပွဲဖြေခိုင်းသည့်အတွက် မွတ်စလင်မ်ကျာင်းသား အများစု စာမေးပွဲမဖြေလိုက်ကြောင်း ဒေသခံတစ်ဦးက M-Media သို့  ပြောသည်။
    ဖြေဆိုခွင့်ရသည့် ကျောင်းသူကျောင်းသားများသည် စာမေးပွဲ ၇-ရက်ဖြေဆိုရမည်ဖြစ်ရာ ယနေ့ထိ စာမေးပွဲဖြေဆိုနေဆဲဖြစ်သည်။