News @ M-Media

Tag: South Korea

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၃၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်းပညာရှင်အသတ်ခံရမှုတွင် သံသယရှိသူများ

    တောင်ကိုရီးယားက နယ်စပ်ရှိ ၀ါဒဖြန့်လုပ်ငန်းကို ရပ်ဆိုင်း
    =============
    မြောက်ကိုရီးယားနယ်စပ်မှာရှိတဲ့ ၀ါဒဖြန့်ချီရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ တောင်ကိုရီးယားက ဒီနေ့မှာ ကြေငြာလိုက်ပြီး သောကြာနေ့ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိတဲ့အချိန် ငြိမ်းချမ်းတဲ့ အနေအထားတစ်ခုကို ဖန်တီးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ မြောက်ကိုရီးယားကလည်း သူတို့ရဲ့ နျူနဲ့ လက်နက်စမ်းသပ်မှုတွေကိုရပ်ဆိုင်းကာ နျူစမ်းသပ်ရာနေရာကို ပိတ်ပစ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။ သောကြာနေ့ တွေ့ဆံ့ပွဲဟာ ၁၀ စုနှစ်တွေအတွင်း နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေရဲ့ ပထမဆုံးတွေ့ဆုံပွဲ ဖြစ်ပါတယ်။

    ပါလက်စတိုင်းပညာရှင်အသတ်ခံရမှု သံသယရှိသူများ မလေးထုတ်ပြန်
    ==============
    စနေနေ့က ပါလက်စတိုင်းပညာရှင် ဖာဒီ မိုဟာမက် အလ်-ဘက်ရှ် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေရဲ့ ဓာတ်ပုံတွေကို မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးသူရဲ့မိသားစုက ဒါဟာ အစ္စရေးထောက်လှမ်းရေးရဲ့ လက်ချက်ဖြစ်မယ်လို့ စွပ်စွဲထားပြီး မလေးရှားအာဏာပိုင်တွေလည်း နိုင်ငံခြားနဲ့ ဆက်နွယ်တဲ့သတ်ဖြတ်မှုလို့ ကောက်ချက်ချထားပါတယ်။

    စစ်တပ်၏တရားလက်လွတ်ပြုမှုများ ရပ်တန့်ရန် ပါကစ္စတန်တွင် ဆန္ဒပြ
    ==============
    ပက်ရှ်တွန်နဲ့ အခြားတိုင်းရင်းသားတွေ အခြေခံအခွင့်အရေး အပြည့်အ၀ရဖို့အတွက် ရည်ရွယ်ပြီး ပါကစ္စန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှာ မနေ့ကပြုလုပ်တဲ့ ဆန္ဒပြပွဲကို ပါကစ္စတန်ပြည်သူ ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။ တာလီဘန်တွေကို တိုက်ခိုက်မှုအတွင်း ပက်ရှ်တွန်လူမျိုးတွေကို ပါကစ္စတန်စစ်တပ်က တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ရေး ဆန္ဒပြပွဲမှာ အဓိကထား တောင်းဆိုခဲ့ပါတယ်။

    အာဖဂန်မဲစာရင်းသွင်းရုံ တိုက်ခိုက်ခံရမှု သေဆုံးသူ ၆၀ ကျော်လာ
    =================
    မနေ့က အာဖန်မှာရှိတဲ့ မဲဆန္ဒရှင်များ စာရွင်းသွင်းရုံနှစ်ခု တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူဟာ ၆၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ မြို့တော်ကဘူးလ်က တိုက်ခိုက်မှုမှာ ၅၇ ဦးသေဆုံးပြီး၊ ဘဂ်လန် ပြည်နယ် ပူလ်ခွမ်ရီမြို့က တိုက်ခိုက်မှုမှာ ၆ ဦးသေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပြီး IS က ဒါဟာ သူတို့လက်ချက်လို့ ကြေငြာခဲ့ပါတယ်။

    Ref: CNA, Aljazeera

  • ခြစားမှုကြောင့် တောင်ကိုရီးယားသမ္မတဟောင်း ထောင် နှစ် ၂၀ ကျော်ကျ

    ခြစားမှုကြောင့် တောင်ကိုရီးယားသမ္မတဟောင်း ထောင် နှစ် ၂၀ ကျော်ကျ

    ဧပြီ ၆၊ ၂၀၁၈
    M-Media

    တရားရုံးသို့ ရောက်ရှိလာမှု မြင်ကွင်း

    – ရာထူးရှိစဉ်က ခြစားမှုများအတွက် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေးမှာ ယနေ့တွင် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံလိုက်ရသည်ဟု သိရသည်။

    ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကြပ်ကိုင်မှု စသည့် စွဲချက်များစွာဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဒဏ်ငွေ ကန်ဒေါ်လာ ၁၆ သန်း ပေးဆောင်ရန်လည်း တရားရုံးက အမိန့်ချခဲ့သည်။

    အသက် ၆၆ နှစ်အရွယ်ရှိ ပက်ဂျုံဟေးမှာ ၎င်း၏ အကြံပေးဟောင်းဖြစ်သူ ချိုဆွန်ဆီလ်နှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများကို ဖိအားပေးပြီး ၎င်းတို့တည်ထောင်ထားသော ဖောင်ဒေးရှင်းများသို့ ငွေကြေးထည့်ဝင်ခိုင်းသည်ဟု စွပ်စွဲခံခဲ့ရသည်။

    ထို့ပြင် အစိုးရ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် Samsung Group ထံမှ လာဘ်ငွေများ ရယူမှုဖြင့်လည်း တရားစွဲခံခဲ့ရသည်။

    မိတ်ဆွေဖြစ်သူ ချိုဆွန်ဆီလ် ပိုင်ဆိုင်သည့် ကုမ္ပဏီအတွက် ကြော်ငြာပေးရန် ဟွန်ဒိုင်းကားကုမ္ပဏီအား အကြပ်ကိုင်မှုနှင့် ပတ်သက်သည့် စွဲချက်အတွက် ပတ်ဂျုံဟေးမှာ တရားသေ လွတ်မြောက်ခဲ့သည်။

    အမိန့်ချမှုအတွင်း ပက်ဂျုံဟေးမှာ တရားရုံးသို့ လာရောက်ခဲ့ခြင်းမရှိချေ။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် တောင်ကိုရီးယားလွှတ်တော်က သူမအား သမ္မတအဖြစ်မှ ဖြုတ်ခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသော်လည်း သူမမှာ ရုံးချိန်းအများစုကို လာရောက်ခြင်း မရှိပေ။

    ပက်ဂျုံဟေးမှာ ခြစားမှုဖြင့် စွဲချက်တင်ခံရသည့် တတိယမြောက် တောင်ကိုရီးယားသမ္မတလည်း ဖြစ်သည်။

    Ref: Aljazeera

  • ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ဧပြီလတွင် ကျင်းပမည်

    ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ဧပြီလတွင် ကျင်းပမည်

    မတ် ၂၉၊ ၂၀၁၈
    M-Media

    ပန်မွန်ဂျွန်းရှိ နှစ်နိုင်ငံအဆင့်မြင့်အစည်းအဝေး မြင်ကွင်း

    – ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နှစ်နိုင်ငံထိပ်သီးအစည်းအဝေးအကို ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူညီခဲ့သည်ဟု တောင်ကိုရီးယားအစိုးရက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်ရှိ ပန်မူဂျွန်းရွာတွင် နှစ်ဖက် အဆင့်မြင့်အစည်းအဝေးအတွင်း ထိုသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။

    အစည်းအဝေးတွင် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂျွန်က ဦးဆောင်ပြီး၊ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ကိုရီးယားနှစ်နိုင်ငံရေးရာ အေဂျင်စီဥက္ကဌ ရီဆွန်ဝွန်က ဦးဆောင်ခဲ့သည်။

    ဧပြီလ ၂၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ အစည်းအဝေးမှာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲပြီးနောက် တတိယမြောက် ထိပ်သီးအစည်းအဝေး ဖြစ်လာမည်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့ တက်ရောက်မည်ဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ပန်မွန်ဂျွန်းရွာရှိ ငြိမ်းချမ်းရေးဂေဟာတွင် တွေ့ဆုံမည်ဟု တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြခဲ့သည်။ ထို့ပြင် ကိုရီးယားနှစ်နိုင်ငံမှ အနုပညာရှင်များ ပူးပေါင်းကာ ဧပြီလ ၃ ရက်နေ့တွင် ကပွဲတစ်ခု ကျင်းပရန် စီစဉ်ထားသည်ဟုလည်း Yonhap က ဆိုသည်။

    Ref: Aljazeera

  • တောင်ကိုရီးယားသမ္မတဟောင်း ခြစားမှုဖြင့် ဖမ်းဝရမ်းထုတ်ခံရ

    တောင်ကိုရီးယားသမ္မတဟောင်း ခြစားမှုဖြင့် ဖမ်းဝရမ်းထုတ်ခံရ

    မတ် ၂၂၊ ၂၀၁၈
    M-Media

    – တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်အား ခြစားမှုများဖြင့် တရားစွဲဆိုနိုင်ရန်အတွက် ယနေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြခဲ့သည်။

    ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၆ နှစ်အရွယ် လီမြောင်ဘတ်မှာ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ၊ ခြစားမှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများကို ခံခဲ့ရပြီး ပြီးခဲ့သည့်ရက်ပိုင်း အတွင်း အစိုးရရှေ့နေများက ၎င်းအား ခေါ်ယူ မေးမြန်းခဲ့သည်။

    Yonhap သတင်းဌာနက အစိုးရရှေ့နေများမှာ လီမြောင်ဘတ်အနေဖြင့် အထောက်အထားများကို ဖျောက်ဖျက်ပစ်နိုင်သည်ဆိုသည့် စိုးရိမ်မှုများ ရှိနေသည်ဟု ထည့်သွင်း ဖော်ပြခဲ့သည်။ စွပ်စွဲချက်များအတွက် ပြစ်မှုထင်ရှားပါက လီမြောင်ဘတ်မှာ ထောင်ဒဏ် ၄၅ နှစ်အထိ ကျခံရဖွယ် ရှိနေသည်။

    ၎င်းကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုထားသည်။

    စွပ်စွဲချက်များတွင် Samsung အုပ်စုက အခွန်ရှောင်မှုဖြင့် ပြစ်မှုထင်ရှားပြီး ဆိုင်းငံ့ထောင်ဒဏ် ချခံခဲ့ရသည့် ၎င်းတို့၏ ဥက္ကဌဟောင်း လီကွမ်ဟီ လွတ်မြောက်ရန်အတွက် ၂၀၀၉ ခုနှစ်တွင် လီမြောင်ဘတ်ထံမှ သမ္မတလွတ်ငြိမ်းချမ်း သာခွင့်ကို ငွေပေး၍ ၀ယ်ယူခဲ့မှု၊ နိုင်ငံတော် ထောက်လှမ်းရေးအေဂျင်စီမှ ကန်ဒေါ်လာ တစ်သိန်း လက်သိပ်ထိုးရယူခဲ့မှု၊ ၎င်း၏ ဆွေမျိုးအမည်များဖြင့် ထူထောင်ထားသော ကားကုမ္ပဏီတစ်ခုက ငွေကြေးသန်းချီကို ခ၀ါချမှု စသည်တို့ ပါဝင်သည်။

    လီမြောင်ဘတ်ကမူ ယခုဆောင်ရွက်မှုမှာ ၎င်း၏ ပြိုင်ဘက်များက ၎င်းအား နိုင်ငံရေးအရ လက်စာချေခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

    တောင်ကိုရီးယား၏ သမ္မတဟောင်းများဖြစ်ပြီး လက်ရှိ အသက်ရှင်သန်လျက် ရှိနေသည့် ၄ ဦးစလုံးမှာ ရာဇ၀တ်မှုများဖြင့် ပြစ်ဒဏ်ချခံရမှု၊ တရားစွဲဆိုခံရမှု၊ စုံစမ်းစစ်ဆေးခံရမှုတို့ကို ကြုံတွေ့ခဲ့ရသည်။

    Ref: CNA

  • လုံခြုံရေးအာမခံလျှင် နျူစမ်းသပ်မှု ရပ်ပေးမည်ဟု မြောက်ကိုရီးယား ကတိပြု

    လုံခြုံရေးအာမခံလျှင် နျူစမ်းသပ်မှု ရပ်ပေးမည်ဟု မြောက်ကိုရီးယား ကတိပြု

    မတ် ၆၊ ၂၀၁၈
    M-Media

    ချွန်အီယွန်နှင့် ကင်ဂျုံအန်တို့ တွေ့ဆုံစဉ်

    – နိုင်ငံလုံခြုံရေးကို အာမခံပေးနိုင်လျှင် နျူလက်နက် စမ်းသပ်မှုကို ရပ်တန့်ပေးမည်ဟု မြောက်ကိုရီးယားက သဘောတူခဲ့ကြောင်း တောင်ကိုရီးယားအစိုးရ၏ အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားလိုက်သည်။

    ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အကျဉ်းချုပ်တွင် ထိပ်တန်းအကြံပေး ချွန်အီယွန်က မြောက်ကို ရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့မှာ ဧပြီလတွင် သမိုင်းဝင် ထပ်သီးဆွေးနွေးပွဲ ပြုလုပ်မည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ချွန်အီယွန်မှာ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မြောက်ကိုရီးယားသို့ ၂ ရက်ကြာ သွားရောက်ခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအန်နှင့်လည်း တွေ့ဆုံခဲ့သည်။

    တောင်ကိုရီးယား သတင်းဌာန Yonhap က ကိုရီးယားခေါင်းဆောင်နှစ်ဦးမှာ နှစ်နိုင်ငံနယ်စပ်ရှိ ပန်မူဂျွန်းဒေသတွင် တွေ့ဆုံမည်ဟု ဖော်ပြခဲ့သည်။

    “ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်းရေး စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို မြောက်ဖက်က ထပ်မံပြောကြားခဲ့ပြီး၊ ခေါင်းဆောင်တွေအတွက် လုံခြုံရေးကို အာမခံပေးနိုင်မယ်ဆိုရင်၊ မြောက်ကိုရီးယားအပေါ်ရှိနေတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဖယ်ရှားပေးမယ်ဆိုရင် နျူလက်နက် ပိုင်ဆိုင်စရာ ဘာအကြောင်းမှမရှိဘူးလို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်” ဟု ချွန်အီယွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    နျူကင်းစင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေး ကိစ္စများအတွက် အမေရိကန်နှင့် စစ်မှန်သည့် ဆွေးနွေး မှုမျိုး ပြုလုပ်ရန် စိတ်ဆန္ဒရှိကြောင်း၊ ထိုဆွေးနွေးမှု တိုးတက်လာသည့်နှင့်အမျှ နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်ပစ်လွှတ်မှုများကို ရပ်တန့်ပေးမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်ဟုလည်း ချွန်အီယွန်က ဆိုသည်။

    Ref: Aljazeera