News @ M-Media

Tag: South Korea

  • ချောင်းရိုက်ကင်မရာကိစ္စအတွက် အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားက ထောင် ၁၀ လချ

    ချောင်းရိုက်ကင်မရာကိစ္စအတွက် အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားက ထောင် ၁၀ လချ

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    – အမျိုးသားမော်ဒယ်တစ်ဦးရဲ့ ၀တ်လစလစ်ပုံတွေကို ရိုက်ကူးဖို့အတွက် လျှို့ဝှက်ကင်မရာ တပ်ဆင်မှုနဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားက ထောင်ဒဏ် ၁၀ လ ချမှတ်လိုက်ပါတယ်။

    အဆင့်မြင့်နည်းပညာတွေ တိုးတက်ထွန်းကားနေတဲ့ တောင်ကိုရီးယားမှာ တစ်လွဲသုံးမှုတွေ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ချောင်းရိုက်ကင်မရာတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

    စာသင်ကျောင်းတွေ၊ ရုံးတွေ၊ ဘူတာတွေ၊ အိမ်သာတွေ၊ အ၀တ်လဲခန်းတွေနဲ့ လမ်းတွေပေါ်မှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ကာ အမျိုးသမီးတွေရဲ့ မဖွယ်မရာပုံတွေကို ရိုက်ကူးကာ အင်တာနက်စာ မျက်နှာမှာ လွှင့်တင်မှုကြောင့် တောင်ကိုရီးယားအမျိုးသမီးတွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    အဲဒီလိုကိစ္စမျိုးတွေကို ကျူးလွန်မှုရဲ့ ၉၈ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်တယ်လို့ အစိုးရအချက်အလက်တွေအရ သိရပါတယ်။

    ဒီကနေ့ ထောင်ဒဏ် ၁၀ လချမှတ်လိုက်သူဟာ အသက် ၂၀ ကျော်အရွယ် အဖော်အချွတ်မယ်ဖြစ်ပြီး ဆိုးလ်မြို့ အနုပညာကောလိပ်မှာ လုပ်ဖော်ကိုင်ဖက်တစ်ဦးကိုရဲ့ ပုံရိပ်တွေကို လျှို့ဝှက်ကင်မရာနဲ့ရိုက်ကူးကာ မေလအတွင်း အင်တာနက်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ဒီအမျိုးသမီးကို ဖမ်းဆီးမှုမှာ ရဲတွေဟာ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ဆောင်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေသလို၊ အမျိုးသားတွေကျူးလွန်မှုများတဲ့ ကိစ္စမှာ အမျိုးသမီးတစ်ဦးကို ပြင်းထန်တယ်လို့ ပြောလို့ရတဲ့ ထောင် ၁၀ လ ချမှတ်မှုအပေါ် ဝေဖန်တာတွေလည်း ရှိနေပါတယ်။

    အစိုးရမှတ်တမ်းတွေအရ လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးမှု ပြုလုပ်သူတွေကို ပထမဆုံး ကြားနာမှုအတွင်း အမိန့်ချမှုဟာ ၈.၇ ရာခိုင်နှုန်းသာရှိပြီး အများစုဟာ ဒဏ်ငွေရိုက်ခံရတာ၊ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတာတွေလောက်သာ ရှိပါတယ်။

    ‘ကိုရီးယား ဆိုက်ဘာအကြမ်းဖက်မှု စောင့်ကြည့်ရေးအဖွဲ့’ ရဲ့ အကြီးအကဲ ဆိုဆွန်ဟီက ကျူးလွန်သူဟာ အမျိုးသားဖြစ်ပြီး၊ ကျူးလွန်ခံရသူက အမျိုးသမီးဖြစ်မယ်ဆိုရင် ရဲတပ်ဖွဲ့ဟာ ဒီလို မြန်မြန်ဆန်ဆန်နဲ့ ပြင်းထန်တဲ့အမိန့်ချတာမျိုး လုပ်လေ့မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

    Ref: CNA

  • ချောင်းရိုက်ဗီဒီယိုများကိစ္စ တောင်ကိုရီးယားအမျိုးသမီးများ ဆန့်ကျင်ဆန္ဒပြ

    ချောင်းရိုက်ဗီဒီယိုများကိစ္စ တောင်ကိုရီးယားအမျိုးသမီးများ ဆန့်ကျင်ဆန္ဒပြ

    သြဂုတ် ၅၊ ၂၀၁၈
    M-Media

    တောင်ကိုရီးယား အမျိုးသမီးများ ဆန္ဒပြမှု

    – အမျိုးသမီးတွေကို ဗီဒီယိုချောင်းရိုက်ကာ မဖွယ်မရာပုံတွေ အင်တာနက်ပေါ်ကို လွှင့်တင်မှု မြင့်တက်လာတာကို ဆန့်ကျင်တဲ့အနေနဲ့ သောင်းနဲ့ချီတဲ့ တောင်ကိုရီးယားအမျိုးသမီးတွေဟာ မနေ့က မြို့တော်ဆိုးလ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

    နိုင်ငံတစ်ဝှမ်း ကျောင်းတွေ၊ ရုံးတွေ၊ ရထားတွေနဲ့ အိမ်သာတွေမှာ လျှို့ဝှက်ကင်မရာတွေတပ်ထားပြီး အမျိုးသမီးတွေကို ဗီဒီယိုချောင်းရိုက်မှုကို ဖမ်းဆီးရမိတဲ့သတင်းတွေ တောင်ကိုရီးယားမှာ နေ့စဉ်လိုလို ကြားလာရပြီးတဲ့နောက် တောင်ကိုရီးယားအမျိုးသမီးတွေဟာ မေလကစလို့ ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    မနေ့က ဆန္ဒပြပွဲမှာ အမျိုးသမီး ၇ သောင်းလောက် ပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။

    “ဒီတိုင်းပြည်က အမျိုးသမီးအိမ်သာတွေမှာ ချောင်းရိုက်ကင်မရာတွေ ပွထနေပါတယ်။ ဒီရာဇ၀တ်မှုကို နှိမ်နှင်းပေးကြပါ” လို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

    “ငါတို့ ဒီလိုမျိုး ထပ်မနေနိုင်တော့ဘူး” “တောင်ကိုရီးယား – ချောင်းရိုက်ကမရာများနှင့်တိုင်းပြည်” စတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။

    အာရှရဲ့ စတုတ္ထ စီးပွားရေးအကြီးမားဆုံး တောင်ကိုရီးယားမှာ မြန်နှုန်းမြင့်အင်တာနက်တွေ၊ နောက်ဆုံးပေါ် စမတ်ဖုန်းတွေကို တလွဲအသုံးချတာတွေလည်း မြင့်တက်လာပါတယ်။

    အမျိုးသမီးတွေကို ချောင်းရိုက်ထားတဲ့ ဗီဒီယိုတွေကို အွန်လိုင်းမှာ မျှဝေတာမျိုးတွေ ဖြစ်နေပြီး အပြာဝဘ်ဆိုက်တွေနဲ့ လောင်းကစားဝဘ်ဆိုက်တွေက သူတို့ဝဘ်ဆိုက်တွေ လူသိများဖို့ ဒီဗီဒီယိုတွေကို အသုံးပြုတာတွေလည်း ရှိနေပါတယ်။

    တောင်ကိုရီးယားမှာ ကင်မရာချောင်းရိုက်မှုနဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုဟာ ၂၀၁၀ ခုနှစ်မှာ ၁၁၀၀ ၀န်းကျင်သာ ရှိရာကနေ၊ ပြီးခဲ့တဲ့နှစ်မှာ ၆၅၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ ကျူးလွန်သူတွေထဲမှာ ကျောင်းဆရာတွေ၊ ကောလိပ်က ပါမောက္ခတွေ၊ ခရစ်ယာန်ဘုန်းကြီးတွေနဲ့ တရားသူကြီးတွေအထိ ပါဝင်ပါတယ်။

    မနေ့မှာ ဆန္ဒပြသူအမျိုးသမီးတွေက ဒီလို ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူပေးဖို့၊ ဗီဒီယိုတွေတင်တဲ့ ၀ဘ်ဆိုက်ကို ပိတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    တောင်ကိုရီးယားဥပဒေအရ လက်ရှိမှာ အဲဒီလို ကင်မရာချောင်းရိုက်သူတွေကို ဒဏ်ရိုက်တာ၊ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်တွေသာ လုပ်ဆောင်ခဲ့ပါတယ်။

    ချောင်းရိုက်ကိစ္စတွေ မြင့်တက်လာတာကြောင့် တောင်ကိုရီးယားရဲမေတွေဟာ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ထားခြင်း ရှိ၊ မရှိကို အမြဲလိုလို စစ်ဆေးနေရပါတယ်။

    Ref: CNA

  • တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၈ နှစ် ထပ်ချခံရ၊ စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ရှိလာ

    တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၈ နှစ် ထပ်ချခံရ၊ စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ရှိလာ

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီ NIS က ငွေတွေ ပျောက်ဆုံးမှု၊ ၂၀၁၆ ခုနှစ် လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် သမ္မတဟောင်း ပက်ဂျုံဟေးကို တောင်ကိုရီးယားက ဒီကနေ့မှာ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ထပ်မံ ချမှတ်လိုက်ပါတယ်။

    ပက်ဂျုံဟေးဟာ ဧပြီလတုန်းက ခြစားမှုစွဲချက်တွေနဲ့ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

    ဆိုးလ်ခရိုင်တရားရုံး တရားသူကြီး ဆွန်ချန်ဟိုက ပက်ဂျုံဟေးဟာ NIS အကြီးအကဲ ၃ ယောက်စီက ၃ နှစ်အတွင်း ၀မ် ၃ ဘီလီယံကို ရယူခဲ့ပြီး တိုင်းပြည်ဘဏ္ဍာတွေကို အများအပြား ဆုံးရှုံးစေခဲ့တယ်လို့ အမိန့်ချမှတ်မှုမှာ ပြောကြားခဲ့ပါတယ်။

    ထောက်လှမ်းရေးအကြီးအကဲ ၃ ဦးကလည်း သူတို့ဟာ ပက်ဂျုံဟေးရဲ့ အမိန့်နဲ့ ငွေတွေ ပေးခဲ့ရတယ်လို့ တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ပါတယ်။

    ပက်ဂျုံဟေးကတော့ စွဲဆိုချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ် အာဏာရ Saenuri ပါတီက လွှတ်တော်ရွေးကောက်ပွဲဝင်မယ့်သူတွေကို ရွေးချယ်ရာမှာ ၀င်ရောက်စွက်ဖက်မှုနဲ့လည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

    ဒီကနေ့ ထောင်ဒဏ် ၈ နှစ် ထပ်မံချမှတ်ခံခဲ့ရတာကြောင့် ပက်ဂျုံဟေးရဲ့ ထောင်ဒဏ်ဟာ စုစုပေါင်း ၃၂ နှစ် ရှိလာပြီဖြစ်ပါတယ်။

    သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းကာ ခြစားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပက်ဂျုံဟေးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ လွှတ်တော်မှာ အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချခံလိုက်ရပြီး ၃ လအကြာ အခြေခံဥပဒေ ခုံရုံးကို သူမကို တရားဝင် ရာထူးက ဖယ်ရှားခဲ့ပါတယ်။

    သူမဟာ ခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုခံရတဲ့ ၃ ဦးမြောက် တောင်ကိုရီးယား သမ္မတဟောင်းလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကိုရီးယားရှိ ဗုဒ္ဓသာသနိက အဆောက်အဦးများကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ကိုရီးယားရှိ ဗုဒ္ဓသာသနိက အဆောက်အဦးများကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ဇွန် ၃၀၊ ၂၀၁၈
    M-Media

    ကိုရီးယားကျွန်းဆွယ်ရှိ ဗုဒ္ဓ သာသနိက အဆောက်အဦးတစ်ခု

    – ကိုရီးယားကျွန်းဆွယ် တောင်ပေါ်ဒေသတွေမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ပေါင်းစပ်ပြီး ကျင့်သုံးကျတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦး ၇ ခုကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက ဒီကနေ့မှာ စာရင်းသွင်းလိုက်ပါတယ်။

    Seonamsa၊ Daeheungsa၊ Beopjusa၊ Magoksa၊ Tongdosa၊ Bongjeongsa နဲ့ Buseoksa လို့ အမည်တွင်တဲ့ အဆောက်အဦးတွေဖြစ်ပြီး အေဒီ ၇ ရာစုအထိ ကြာရှည်ခဲ့တဲ့ ကိုရီးယား ဘုရင့်နိုင်ငံ ၃ ခု ကာလအတွင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

    ဒီလို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်းကို ဘာရိန်းနိုင်ငံ မာနာမာမြို့မှာ ယူနက်စကိုက ကြေငြာခဲ့တာပါ။

    ဗုဒ္ဓသာသနာဟာ ကိုရီးယားကျွန်းဆွယ်ကို ၄ ရာစုမှာ ရောက်ရှိခဲ့ပြီး ကျွန်းဆွယ်ကို ပိုင်းခြား အုပ်စိုးနေတဲ့ ဘုရင့်နိုင်ငံ ၃ ခုဖြစ်တဲ့ Goguryeo၊ Baekje နဲ့ Silla တို့က လက်ခံကျင့်သုံးခဲ့ကာ နိုင်ငံတော်ဘာသာအဖြစ် နှစ်ပေါင်း ၁၀၀၀ ကျော်အထိ တည်တံ့ခဲ့ပါတယ်။

    ကိုရီးယားကျွန်းဆွယ်မှာ သာသနာအထွတ်အထိပ်ရောက်ခဲ့တဲ့ ၅ ရာစုနဲ့ ၆ ရာစုတွေမှာ ဘုရင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ကျွန်းဆွယ်တစ်ဝှမ်း သာသနိက အဆောက်အဦးတွေ ဆောက်လုပ်ခဲ့ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု၊ ဗိသုကာလက်ရာတွေကို အားပေးအားမြှောက် ပြုခဲ့ပါတယ်။

    ကိုရီးယားလူမျိုးတွေရဲ့ တောင်တွေကို အထွဋ်အမြတ်ထားမှု၊ ဇင်ဗုဒ္ဓဘာသာမှာ တရားအားထုတ်ဖို့အတွက် ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင် လိုအပ်မှုတို့ကြောင့် ကိုရီးယားကျွန်းဆွယ်မှာ ဗုဒ္ဓသာသနိကအဆောက်အဦးတွေကို တောင်တွေပေါ်မှာ ဆောက်လုပ်ခဲ့ကြပါတယ်။

    ဒါပေမယ့် ၁၄ ရာစုမှာ အုပ်စိုးတဲ့ Chosum မင်းဆက်ဟာ ကွန်းဖြူးရှပ်ဝါဒကို လက်ခံပြီး ဘာသာတရားတွေအပေါ်မှာ နှိပ်ကွပ်မှုတွေ လုပ်ခဲ့တာကြောင့် ဗုဒ္ဓသာသနာဟာ မှေးမှိန်ခဲ့ရပါတယ်။ မြို့ပြမှာရှိတဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို အဓမ္မ ပိတ်ပစ်ခဲ့ပြီး တောင်တန်းတွေပေါ်မှာ တည်ရှိတာတွေသာ ကျန်ရစ်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ တောင်ကိုရီးယားမှာ ဘာသာမဲ့ ၅၆.၁ ရာခိုင်နှုန်း၊ ခရစ်ယာန် ၂၇.၆ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာဝင် ၁၅.၅ ရာခိုင်နှုန်းနဲ့ အခြားဘာသာဝင် အနည်းငယ် ရှိနေပါတယ်။

    Ref: CNA

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၂၈၊ ၂၀၁၈
    M-Media

    အမေရိကန်စစ်သင်္ဘော

    ကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး သမ္မတမွန်ဂျယ်အင် တက်မည်
    ===========
    လာမယ့်လ ၁၂ ရက်နေ့ စင်ကာပူမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ရဲ့ ထိပ်သီးအစည်းအဝေးကို သမ္မတ မွန်ဂျယ်အင် တက်ရောက်ဖို့ရှိတယ်လို့ တောင်ကိုရီးယား သမ္မရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။ ကြာသာပတေးနေ့မှာ ဆွေးနွေးပွဲကို ဖျက်သိမ်းကြောင်း ထရမ့်က ကြေငြာခဲ့ပေမယ့် မြောက်ကိုရီးယားဖက်က တုန့်ပြန်မှုတွေ အပြုသဘောဆောင်တာကြောင့် တွေ့ဆုံပွဲပြန်ဖြစ်ရေး ဆက်လက်ဆွေးနွေးနေကြပါတယ်။ မွန်ဂျယ်အင်ဟာ စနေနေ့က ကင်ဂျုံအွန်နဲ့ ရုတ်တရက်တွေ့ဆုံခဲ့ပြီး တစ်လအတွင်း ခေါင်းဆောင်နှစ်ဦး ဒုတိယမြောက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    အငြင်းပွားကျွန်းတွင် အမေရိကန်စစ်သင်္ဘောခုတ်မောင်းမှု တရုတ်ကန့်ကွက်
    ==================
    ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်က ကျွန်းစုတွေအနီးမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အမေရိကန် စစ်သင်္ဘော ၂ စီး ဖြတ်သန်းသွားလာမှုကို ကန့်ကွက်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဒါဟာ ရန်စမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကတော့ ဒါဟာ ပုံမှန်ပြုလုပ်နေကြ လေ့ကျင့်မှုမျိုးပဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ တရုတ်က အဲဒီသင်္ဘောနှစ်စီးဟာ သူတို့ပိုင်နက်ထဲကို အခွင့်မရှိဘဲ ၀င်လာခဲ့တဲ့အတွက် စစ်သင်္ဘောတွေ စစ်လေယာဉ်တွေ လိုက်ပါကာ ထွက်သွားဖို့ သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလိုလုပ်ရပ်မျိုးတွေ ထပ်မလုပ်ဖို့ အမေရိကန်ကို သတိပေးခဲ့ပါတယ်။

    မလေးရှားတွင် တစ်နှစ်အတွင်း ပလက်စတစ်အိတ် ပိတ်ပင်မည်
    ===============
    ပြည်သူတွေကို အသိပညာပေးတာ၊ စည်းရုံးလှုံ့ဆော်တာတွေလုပ်ပြီး တစ်နှစ်အတွင်း တစ်နိုင်လုံးမှာ ပလက်စတစ်အိတ်တွေ ပိတ်ပင်ဖို့ လုပ်ဆောင်သွားမယ်လို့ မလေးရှား အိမ်ယာနှင့် ဒေသန္တရအစိုးရဆိုင်ရာဝန်ကြီး ဇူရိုင်ဒါကမာရွဒ်ဒင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ လက်ရှိ ကွာလာလမ်ပူ၊ ပူထရာဂျာယာ၊ ဆီလန်ဂေါ၊ မလာကာနဲ့ ဂျိုဟိုးတို့မှာ ပလက်စတစ်အိတ်အသုံးပြုမှု ပိတ်ပင်ထားပေမယ့် ပြည်သူတွေကို စည်းရုံးလှုံ့ဆော်မှုမှာ အစိုးရဟာ အားနည်းနေသေးတယ်လို့လည်း သူမက ဆိုပါတယ်။

    ဆီးရီးယားတွင် သေဆုံးသည့် ရုရှားစစ်သား ၉၀ ကျော်ပြီ
    ===============
    ဆီးရီးယားနိုင်ငံ ဒီအက်ဇိုပြည်နယ်က အစိုးရတပ်ရဲ့ အဝေးပစ်အမြောက်ကို သူပုန်တွေက စနေနေ့မှာ ၀င်ရောက်တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် သူတို့စစ်သား ၄ ဦးနဲ့ သူပုန် ၄၃ ဦး သေဆုံးခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ ၂၀၁၅ ခုနှစ်
    စက်တင်ဘာလက စတင်ပါဝင်ခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ သေဆုံးမှုဟာ အခုဆိုရင် ၉၂ ဦး ရှိလာပြီဖြစ်ပါတယ်။

    Ref : Aljazeera, CNA