News @ M-Media

Tag: South Korea

  • နေအစစ်ထက် ၇ ဆပိုပြီး စွမ်းအင်ထုတ်နိုင်တဲ့ တောင်ကိုရီးယားက နေအတု

    နေအစစ်ထက် ၇ ဆပိုပြီး စွမ်းအင်ထုတ်နိုင်တဲ့ တောင်ကိုရီးယားက နေအတု

    မတ် ၃၀၊ ၂၀၂၄

    M-Media 


    -တောင်ကိုရီးယား စွမ်းအင်၀န်ကြီးဌာနက ဖန်တီးထားတဲ့ နျူဓာတ်ပေါင်းဖိုတစ်ခုဟာ နေထက် ၇ ဆပိုတဲ့ အပူရှိန်ကို ထုတ်လုပ်နိုင်ခဲ့ပြီး သမိုင်းသစ်တစ်ခု ရေးနိုင်ခဲ့ပါတယ်။ 

    KSTAR လို့ အမည်ပေးထားတဲ့ အဲဒီဓာတ်ပေါင်းဖိုကို နေအတုလို့လည်း ခေါ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ် ဖေဖော်၀ါရီလအတွင်း အပူချိန်စမ်းသတ်ထုတ်လွှတ်မှုမှာ ဒီစံချိန်သစ် ရခဲ့တာဖြစ်ပါတယ်။ 

    အပူချိန် ဒီဂရီဆဲလ်ဆီးယက်စ် သန်းပေါင်း ၁၀၀ ကို ၄၈ စက္ကန့်အထိ ထုတ်လွှတ်နိုင်ခဲ့ပါတယ်။ နေက အများဆုံးထုတ်လွှတ်ပေးတဲ့ အပူချိန်က ဒီဂရီဆဲလ်ဆီးယက်စ် ၁၅ သန်းသာ ရှိပါတယ်။ 

    KSTAR ဟာ နေထပ် ၇ ဆပိုတဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်တာပါ။ နေရဲ့ အဓိက ပါ၀င်ပစ္စည်းဖြစ်တဲ့ ပလာစမာ (plasma) တွေ တည်ငြိမ်တဲ့ အခြေအနေမျိုးရှိတဲ့ H-mode ကို စက္ကန့် ၁၀၀ အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ်တုန်းကလည်း KSTAR ဓာတ်ပေါင်းဖို့ဟာ စံချိန်တစ်ခု ရရှိခဲ့ပါတယ်။ အပူချိန် ဒီဂရီဆဲလ်စီးယက်စ် ၁ သန်း ထုတ်လွှတ်နိုင်ပြီး၊ H-mode ကို စက္ကန့် ၃၀ အထိ ရရှိခဲ့တာပါ။ 

    နေအတုဆိုတာ ဘာလဲ

    နေရဲ့ အပူချိန်နဲ့ စွမ်းအင်ထုတ်တဲ့ နည်းစနစ်အတိုင်း တုပပြီး ဖန်တီးထားတဲ့ ဓာတ်ပေါင်းဖိုတွေကို နေအတုလို့ တင်စားခေါ်၀ေါ်ကြတာ ဖြစ်ပါတယ်။ 

    အက်တမ်တွေ တစ်ခုနဲ့တစ်ခု အရှိန်နဲ့တိုက်ပြီး ပေါင်းစည်းသွားတဲ့အခါ ကြီးမားတဲ့စွမ်းအင်ထွက်လာပြီး ဒါကို Fusion လုပ်ငန်းစဥ်လို့ ခေါ်ပါတယ်။ နေတွေနဲ့ ကြယ်တွေဟာ အဆက်မပြတ်ဖြစ်နေတဲ့ Fusion လုပ်ငန်းစဥ်ကြောင့် အလင်း၊ အပူချိန်နဲ့ စွမ်းအင်တွေကို ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

    လူသားတွေကလည်း Fusion ဓာတ်ပေါင်းဖိုကြီးတွေ တည်ဆောက်ကာ ကာဘွန်ထုတ်လွှတ်မှုကင်းတဲ့ သုံးမကုန်စွမ်းအင်တွေ ရရှိအောင် ကြိုးစားလာကြပါတယ်။

    တောင်ကိုရီးယားက KSTAR ဟာ ဒီကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ 

    တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်၊ ဥရောပနဲ့ ရုရှားတို့အပါအ၀င် ကမ္ဘာနိုင်ငံတော်တော်များများ ပူးပေါင်းကာ ကုန်ဒေါ်လာ ၂၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ နေအတု ITER တစ်ခုကိုလည်း လက်ရှိမှာ ဖန်တီးနေပါတယ်။ 

    Ref: Interesting Engineering 

  • ခွေးသားစားမှု တိုက်ဖျက်မည့် ဥပဒေကို တောင်ကိုရီးယား အတည်ပြု

    ခွေးသားစားမှု တိုက်ဖျက်မည့် ဥပဒေကို တောင်ကိုရီးယား အတည်ပြု

    ဇန်န၀ါရီ ၉၊ ၂၀၂၄

    M-Media 


    -ရာစုနှစ်ချီ ရှိနေတဲ့ ခွေးသားစားမှုဓလေ့ကို တိုက်ဖျက်မယ့် ဥပဒေတစ်ခုကို တောင်ကိုရီးယားလွှတ်တော်က ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။ 

    ခွေးသားစားသုံးမှု တိုက်ဖျက်ရေး ဥပဒေလို့ အမည်ပေးထားပြီး ၂၀၂၇ ခုနှစ်မှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။ 

    ဥပဒေမှာ ခွေးတွေကို စားသုံးဖို့အတွက် မွေးမြူရောင်းချတာ၊ သတ်ဖြတ်တာတွေကို အဓိက တားမြစ်ထားပြီး ခွေးသားစားမှုကိုတော့ မပိတ်ပင်ထားပါဘူး။ 

    ခွေးတွေကို စားသုံးဖို့အတွက် စီးပွားဖြစ် မွေးမြူ၊ ရောင်းချ သတ်ဖြတ်သူတွေဟာ ထောင် ၃ နှစ် ဒါမှမဟုတ် ၀မ် သန်း ၃၀ ဒဏ်ငွေ ချမှတ်ခံရမှာဖြစ်ပါတယ်။ 

    ခွေးသားစားသုံးမှုဟာ ကျန်းမာရေးကောင်းတယ်လို့ ကိုရီးယားလူမျိုးတွေက ယူဆထားပြီး  ခွေးစတူးဟာ ကိုရီးယားရဲ့ နာမည်ကျော် ဟင်းလျာဖြစ်ပါတယ်။ 

    အရင်အစိုးရတွေက ဒီဓလေ့ကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကို လူအများစုက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ 

    တောင်ကိုရီးယားမှာ ခွေးမွေးမြူရေးလုပ်ငန်း ၃၅၀၀ လောက်ရှိပြီး ခွေးကောင်ရေ ၁ ဒဿမ ၅ သန်းလောက်ကို စားဖို့အတွက် မွေးမြူရောင်းချနေတာ ဖြစ်ပါတယ်။ 

    Ref: Reuters 

    (ဓာတ်ပုံ – ခွေးသားရောင်းဆိုင်တစ်ခုတွင် တွေ့ရသည့် ခွေးများ)

  • တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် ဓားထိုးခံရ

    တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် ဓားထိုးခံရ

    ဇန်န၀ါရီ ၂၊ ၂၀၂၃

    M-Media 


    -တောင်ကိုရီးယားနိုင်ငံက အတိုက်အခံပါတီ ခေါင်းဆောင် လီဂျေမြုံဟာ ဘူဆန်က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ လည်ပင်းကို ဓားနဲ့ အထိုးခံခဲ့ရပါတယ်။ 

    လီဟာ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။ 

    အသက် ၆၆ နှစ်အရွယ်ရှိပြီး ကိုရီးယား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ပါ။ ဘူဆန်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို သွားရောက်ကြည့်ရှုပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဥ်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။ 

    တိုက်ခိုက်သူက လက်မှတ်ထိုးခိုင်းဖို့ ပုံစံနဲ့ အနားကပ်ကာ ဓားနဲ့ထိုးခဲ့တာပါ။ လည်ပင်းမှာ ၁ စင်တီမီတာလောက် ပြတ်ရှဒဏ်ရာ ရခဲ့ပြီး တိုက်ခိုက်သူက သေအောင်သတ်ဖို့ ရည်ရွယ်ခဲ့တာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ 

    လက်ရှိမှာတော့ အရေးပေါ်ဌာနမှာ ကုသမှုခံနေရပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေး တာ၀န်ရှိသူတွေက ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုကို လက်ရှိသမ္မတ ယွန်ဆွတ်ယို အပါအ၀င် တောင်ကိုရီးယား နိုင်ငံရေးအသိုင်းအ၀ိုင်းက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ 

    Ref: BBC

  • အာဏာရှင်အဖိုး၏ လုပ်ရပ်များအတွက် မြေးဖြစ်သူက ပြန်တောင်းပန်

    အာဏာရှင်အဖိုး၏ လုပ်ရပ်များအတွက် မြေးဖြစ်သူက ပြန်တောင်းပန်

    ဧပြီ ၁၊ ၂၀၂၃

    M-Media 


    -အဖိုးစစ်အာဏာရှင်က ပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပမ်းခဲ့တာတွေနဲ့ပတ်သက်ပြီး မြေးဖြစ်သူက ပြန်လည်တောင်းပန်မှုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ 

    တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ချန်၀ူး၀ွန်က သူ့အဖိုး ချန်ဒူး၀မ်ဟာ အပြစ်ရှိသူ၊ လူသတ်သမားဖြစ်တယ်ဆိုတာ မနေ့က ဂွမ်ဂျူးမြို့ အမျိုးသားသုသာန်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ၀န်ခံခဲ့ပါတယ်။ 

    ၁၉၈၀ ပြည့်နှစ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာ ချန်ဒူး၀မ်ဟာ ဂွမ်ဂျူးမြို့က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း ၂၀၀ ကျော် ရှိခဲ့ပါတယ်။ 

    စစ်သားတွေဟာ ဆန္ဒပြသူတွေကို နှိပ်စက်သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာတွေ ကျူးလွန်ခဲ့ပြီး လူအုပ်ထဲကို ရဟတ်ယာဥ်နဲ့ ပစ်ခတ်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ 

    ဒီအဖြစ်အပျက်အတွင်း ချန်ဒူး၀မ်ဟာ တိုက်လေယာဥ်တွေမှာ ဗုံးတွေတပ်ပြီး အဆင်သင့်ပြင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ မျက်မြင်သက်သေတွေက သေဆုံးသူအရေအတွက်ဟာ တရား၀င် ထုတ်ပြန်တာထက် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ 

    အသက်ရှင်ကျန်ရစ်သူတွေ၊ သေဆုံးသွားသူရဲ့ မိသားစု၀င်တွေကို ကန့်တော့ခဲ့တဲ့ ချန်၀ူး၀ွန်က သူ့အဖိုးရဲ့ စစ်အာဏာရှင်စနစ်အပေါ် ဆန့်ကျင်ခဲ့သူတွေရဲ့ သတ္တိကို ချီးကျူးတယ်လို့ မနေ့ကအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    သူ့အဖိုးဟာ ကြီးမားတဲ့ ရာဇ၀တ်မှုကို ကျူးလွန်ခဲ့ကြောင်း၊ မိမိအနေနဲ့ အရင်ကတည်းက မတောင်းပန်ခဲ့မိတဲ့အတွက် ၀မ်းနည်းမိကြောင်း ပြောခဲ့ပါတယ်။  

    ချန်ဒူး၀မ်ရဲ့ အာဏာရှင်စနစ်ဟာ ၁၉၈၈ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ နိုင်ငံတော် သစ္စာဖောက်မှု၊ ခြစားမှုတွေနဲ့ ၁၉၉၆ ခုနှစ်မှာ တရားစွဲ ထောင်ချခံခဲ့ရပေမယ့် နောက်ပိုင်းမှာ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပြီး အသက် ၉၀ အရွယ် ၂၀၂၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

    Ref: BBC

  • မြောက်ကိုရီးယားဒရုန်းများကို မပစ်ချနိုင်သည့် တောင်ကိုရီးယားစစ်တပ် ၀ေဖန်ခံနေရ

    မြောက်ကိုရီးယားဒရုန်းများကို မပစ်ချနိုင်သည့် တောင်ကိုရီးယားစစ်တပ် ၀ေဖန်ခံနေရ

    ဒီဇင်ဘာ ၂၇၊ ၂၀၂၂

    M-Media 


    -တနင်္လာနေ့မနက်ပိုင်းက မြောက်ကိုရီးယားဒရုန်းတွေ နိုင်ငံလေပိုင်နက်ထဲ၀င်လာရာမှာ ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်းမရှိတဲ့အတွက် တောင်ကိုရီးယားစစ်တပ် ၀ေဖန်ခံနေရပါတယ်။ 

    ဒရုန်း ၅ စင်းဟာ နိုင်ငံအနောက်မြောက်ပိုင်း ဂင်ပိုမြို့ကနေ ၀င်ရောက်လာတာဖြစ်ပြီး ဆိုးလ်အပါအ၀င် မြို့ကြီးတစ်ချို့ကို ဖြတ်ပျံသွားခဲ့ပါတယ်။ 

    တောင်ကိုရီးယားစစ်တပ်က တိုက်လေယာဥ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ ပျံတက်ခဲ့ပြီး ရဟတ်ယာဥ်ကနေ စစ်သေနက်နဲ့ အချက် ၁၀၀ လောက် ပစ်ခဲ့ပေမယ့် ဒရုန်းတွေကို ပစ်ချနိုင်ခြင်းမရှိပါဘူး။ 

    ဒီအဖြစ်အပျက်မှာ ပါ၀င်တဲ့ KA-1 တိုက်လောဥ်တစ်စီးဟာ မတော်တဆမှုကြောင့် ပျက်ကျခဲ့ပြီး လေယာဥ်မှုးနှစ်ဦး အချိန်မီခုန်ထွက်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ 

    တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုက နျူခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိိန်မှာ ဒရုန်းတွေကိုတောင် စစ်တပ်က ပစ်ချနိုင်စွမ်းမရှိတဲ့အတွက် စိုးရိမ်မိတယ်လို ၀ေဖန်ခဲ့ပါတယ်။ 

    စစ်တပ်ကလည်း ဒီကိစ္စအတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ 

    ဒရုန်းတွေကျူးကျော်၀င်ရောက်မှုကို တုန့်ပြန်နိုင်ရေး အထူးအဖွဲ့တစ်ခု ဖွဲ့စည်းသွားမယ်လို့လည်း သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ကုလကသမဂ္ဂ မြောက်ကိုရီးယားစောင့်ကြည့်အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာအရ မြောက်ကိုရီးယားမှာ ထောက်လှမ်းရေး၊ လေ့ကျင့်ရေးနဲ့ တိုက်ပွဲ၀င်ဒရုန်း စုစုပေါင်း ၃၀၀ လောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

    အဲဒီဒရုန်းတွေဟာ တရုတ်၊ ချက်၊ ဂျပန်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်တို့က တင်သွင်းတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်ဆိုတာကို တွေ့ရကြောင်း ဒီအဖွဲ့က ဆိုပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အလုပ်သမားပါတီ နှစ်ပတ်လည်အစည်းအ၀ေးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အဆင့်မြင့်ဒရုန်းထုတ်လုပ်ရေးကို ပိုမိုအားထည့်လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

    Ref: Reuters