News @ M-Media

Tag: South Korea

  • တောင်ကိုရီးယားဟောလို၀င်းပွဲ လူအုပ်ပိမှု သေဆုံးသူ ၁၅၀ နီးပါးရှိ

    တောင်ကိုရီးယားဟောလို၀င်းပွဲ လူအုပ်ပိမှု သေဆုံးသူ ၁၅၀ နီးပါးရှိ

    အောက်တိုဘာ ၃၀၊ ၂၀၂၂

    M-Media 

    -တောင်ကိုရီးယားနိုင်ငံမှာ မနေ့က ဟောလိုး၀င်းပွဲကျင်းပစဥ် လူတွေ စုံပြုံတိုး၀ှေ့မှုကြောင့် သေဆုံး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။

    မြို့တော် ဆိုးလ်က ညဘက်စည်ကားတဲ့ Itaewon ရပ်ကွက်မှာ ပြုလုပ်တဲ့ ဟောလိုး၀င်းပွဲကို လူပေါင်းသိန်းချီ တက်ရောက်ခဲ့ကြတာပါ။ 

    လမ်းကျဥ်းလေးတစ်ခုမှာ သူ့ထက်ငါတိုးထွက်ကြရင်း လူပိမိပြီး အသက်ရှုကြပ်ကာ သေဆုံးကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသူ ၁၅၁ ဦးရှိပြီး နိုင်ငံခြားသား ၁၉ ဦး ပါ၀င်ပါတယ်။ သေဆုံးသူအများစုဟာ အမျိုးသမီးတွေနဲ့ လူငယ်တွေဖြစ်ပါတယ်။

    တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအ၀ေးပြုလုပ်ကာ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။ 

    ကျန်းမာရေးဆိုင်ရာ တာ၀န်ရှိသူတွေက ဒဏ်ရာရသူတွေ အများအပြားရှိနေပြီး သေဆုံးသူ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • နာမည်ကျော် Squid Game ကစားနည်းကို ပြင်ပကမ္ဘာတွင် အသက်သွင်းရန် Netflix စီစဥ်နေ

    နာမည်ကျော် Squid Game ကစားနည်းကို ပြင်ပကမ္ဘာတွင် အသက်သွင်းရန် Netflix စီစဥ်နေ


    ဇွန် ၁၅၊ ၂၀၂၂

    M-Media 


    -နာမည်ကျော်  Squid Game ရှုပ်ရှင်ပါ ကစားနည်းတွေကို အပြင်မှာ ယှဥ်ပြိုင်ကစားဖို့ ဖျော်ဖြေရေး ကုမ္ပဏီ Netflix က စီစဥ်နေပြီး လက်ရှိမှာ ကစားမယ့်သူတွေကို စုဆောင်းနေပါတယ်။

    Squid Game ဟာ Netflix မှာ နာမည်ကြီးသွားတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။  ငွေကြေးလိုအပ်နေတဲ့ သူတွေကို စုဆောင်းကာ ရိုးရာကစားနည်းတွေ ယှဥ်ပြိုင်ခိုင်းတာကို အခြေပြု ရိုက်ကူးထားတာပါ။ အဆင့်တိုင်းမှာ ရှုံးနိမ့်သူတွေဟာ အသက်ပေးရပြီး နောက်ဆုံး တစ်ယောက်တည်းကျန်တဲ့သူက ဆုငွေအမြောက်အများ ရတာဖြစ်ပါတယ်။ 

    အပြင်က ဒီကစားနည်းအတွက် ဆုငွေ ဒေါ်လာ ၄.၅၆ သန်းအထိ ချီးမြှင့်မှာ ဖြစ်ပြီး လူသေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာမျိုး ရှိမှာမဟုတ်ဘူးလို့ ကုမ္ပဏီရဲ့  ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာ ကစားမယ့်သူ ၄၅၆ ဦး ရရှိထားပြီလို့လည်း ဆိုပါတယ်။ 

    Squid Game ဒုတိယတွဲကို ရိုက်ကူးထုတ်လွှင့်မယ်လို့ Netflix က ကြေငြာပြီး ၂ ရက်အကြာမှာပဲ အပြင်မှာ ဒီကစားပွဲတွေ ကျင်းပမယ်ဆိုတဲ့သတင်း ထွက်လာတာ ဖြစ်ပါတယ်။ 

    “၀င်ပြိုင်သူတွေဟာ ရုပ်ရှင်ထဲကအတိုင်း ကစားနည်းတွေကို ကစားရမှာ ဖြစ်သလို စိန်ခေါ်မှုအသစ်တွေလည်း ပါ၀င်မှာပါ။ ကစားသူတွေဟာ မဟာဗျူချတာ၊ မဟာမိတ်ဖွဲ့တာ စတဲ့ နည်းလမ်းတွေနဲ့ ပြိုင်ပွဲက မထွက်ရအောင် ကြံဆောင်ရမှာ ဖြစ်ပါတယ်”

    ၀င်ရောက်ယှဥ်ပြိုင်မယ့်သူတွေဟာ အနည်းဆုံး အသက် ၂၁ နှစ် ရှိရမှာဖြစ်ပြီး အင်္ဂလိပ်စကား ပြောတတ်ရမှာဖြစ်ကာ၊ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ၄ ပတ်တာ ရိုက်ကူးရေးအတွက် အဆင်သင့်ဖြစ်နေရမယ်လို့ Netflix ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Squid Game ရုပ်ရှင်ဟာ Netflix ရဲ့  အကျော်ကြားဆုံး ရုပ်ရှင်ဖြစ်ခဲ့ကာ ပြသပြီး ပထမ ၂၈ ရက်အတွင်းမှာတင် ကြည့်ရှုသူပေါင်း ၁၁၁ သန်း ရှိခဲ့ပါတယ်။ 

    ဒါရိုက်တာ Game Hwang Dong-hyuk က ဇာတ်လမ်းတွဲကိုရိုက်ဖို့ ၁၂ နှစ် ကြာြမင့်ခဲ့ပေမယ့် ၁၂ ရက်အတွင်း နာမည်ကြီးသွားခဲ့တယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ 

    Ref: CNA 

  • နျူလက်နက်ကဲ့သို့ ဖျက်အားပြင်းသည့် ပစ်ဒုံးကျည်မျိုး ဖန်တီးနေကြောင်း တောင်ကိုရီးယား ကြောငြာ

    နျူလက်နက်ကဲ့သို့ ဖျက်အားပြင်းသည့် ပစ်ဒုံးကျည်မျိုး ဖန်တီးနေကြောင်း တောင်ကိုရီးယား ကြောငြာ

    စက်တင်ဘာ ၃၊ ၂၀၂၁
    M-Media

    -ဗျူဟာမြောက် နျူဒုံးကျည်လောက် အစွမ်းထက်ဖျက်အားပြင်းမယ့် မြေပြင်ကမြေပြင်ပစ် ဒုံးကျည်တစ်မျိုးကို ဖန်တီးထုတ်လုပ်နေတာ နောက်ဆုံးအဆင့် ရောက်နေပြီလို့ တောင်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

    တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအန္တရာယ် အမြဲမပြတ်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိကနျူစက်ရုံ ပုံမှန်လည်ပတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း တောင်ကိုရီးယားက ဒုံးကျည်သစ်စီမံကိန်းကို လူသိရှင်ကြား ထုတ်ပြန်လာတာပါ။

    အခု တီထွင်နေတဲ့ တိုက်ချင်းပစ် ဒုံးကျည်အသစ်ဟာ ၃ တန်လောက်ရှိတဲ့ ဒုံးကျည်ထိပ်ဖူးကို သယ်ဆောင်ကာ ၂၁၇ မိုင်ကနေ ၂၄၈ မိုင်အထိ ရောက်ရှိနိုင်ပါတယ်။ မြေအောက်မှာရှိတဲ့ ဒုံးကျည်အခြေစိုက်စခန်းတွေထဲအထိ ထိုးဖောက်ဝင်ရောက် ဖျက်ဆီးနိုင်ဖို့ ဒီဇိုင်းထုတ်တာဖြစ်ပြီး၊ နျူတိုက်ခိုက်မှု ဒါမှမဟုတ် ဒုံးကျည်နဲ့တိုက်ခိုက်မှု မဖြစ်ခင်မှာ ကြိုတင်လက်ဦးမှု ရယူကာ ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ပါတယ်။

    ဒုံးကျည်စမ်းသပ်ထုတ်လုပ်မှု ကန့်သတ်ချက်ကို အမေရိကန်က ဖယ်ရှားပေးပြီးတဲ့နောက်ပိုင်း တောင်ကိုရီးယားက ဒီစီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ အခုဒုံးကျည်သစ်ဟာ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ကနေ ပစ်လွှတ်ရင် မြောက်ကိုရီးယားနိုင်ငံရဲ့ ဘယ်နေရာမဆို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

    တောင်ကိုရီးယးအစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ မိမိကိုယ်ကို ကာကွယ်ရေးနဲ့ ကိုရီးယားကျွန်းဆွယ် ​လုံခြုံ၊ အေးချမ်းရေး ရည်မှန်းချက် အောင်မြင်အထမြောက်ဖို့အတွက် ပိုမိုကောင်းမွန်တိကျတဲ့ တာတိုပစ်၊ တာဝေးပစ်ဒုံးကျည်တွေ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ရည်ရွယ်တဲ့ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဘက်ဂျက်မှာ ဖျက်အားပြင်း ဒုံးကျည်အသစ်တွေ ဖန်တီးထုတ်လုပ်ဖို့၊ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပိုမိုအားကောင်းအောင်လုပ်ဖို့ စတဲ့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။

    Ref: Reuters

  • နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ် Delta Plus တွေ့ရှိသည့်နိုင်ငံများတွင် တောင်ကိုရီးယား ပါဝင်လာ

    နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ် Delta Plus တွေ့ရှိသည့်နိုင်ငံများတွင် တောင်ကိုရီးယား ပါဝင်လာ

    ဩဂုတ် ၄၊ ၂၀၂၁
    M-Media

    -နောက်ဆုံးပေါ်ထွက်လာတဲ့ ပုံပြောင်းကိုဗစ် Delta Plus ကူးစက်မှုနှစ်ခု တွေ့ရှိရတယ်လို့ တောင်ကိုရီးယား ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အေဂျင်စီက မနေ့ကမှာ ထုတ်ပြန်ပါတယ်။

    တောင်ကိုရီးယားဟာ ကိုဗစ် စတုတ္ထလှိုင်းဒဏ်ကို ခံစားနေရတာပါ။ Delta Plus ကတော့ ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ကူးစက်ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Delta ရဲ့ ပထမဆုံး မျိုးကွဲဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိန်၊ ပေါ်တူဂီ၊ အိန္ဒိယအပါအဝင် Delta Plus ကူးစက်မှုတွေ့ရတဲ့နိုင်ငံ အနည်းငယ်သာ ရှိပါသေးတယ်။

    တောင်ကိုရီးယား ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အသက် ၄၀ အရွယ်အမျိုးသာမှာ Delta Plus ကို စတွေ့ခဲ့ရပြီး သူနဲ့ ထိတွေ့သူ ၂၈၀ လောက်ရှိရာမှာ သားဖြစ်သူတစ်ဦးသာ ကူးစက်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ ဘာ့ကြောင့် ဒီလိုကူးစက်ရလဲဆိုတာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    နောက်ထပ် ကူးစက်သူကတော့ အမေရိကန်ကနေ ပြန်လာတဲ့ ခရီးသွားတစ်ဦး ​ဖြစ်ပါတယ်။ သူဟာ AstraZeneca ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသားပါ။

    ကျွမ်းကျင်သူတွေက လက်ရှိ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ် Delta ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပေမယ့် အဲဒီကနေတစ်ဆင့် ပွားလာမယ့် နောက်ထပ် ပုံပြောင်းဗိုင်းရပ်စ်တွေအပေါ် သက်ရောက်မှုရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • တောင်ကိုရီးယားတွင် ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်တက်

    တောင်ကိုရီးယားတွင် ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်တက်

    ဒီဇင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စံချိန် မြင့်တက်လာတာကြောင့် အာဏာပိုင်​တွေက ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းဥပဒေတွေထုတ်ဖို့ ပြင်ဆင်နေပါတယ်။

    ဒီကနေ့ ကူးစက်မှုအရေအတွက်ဟာ ၁၀၇၈ ဦးရှိခဲ့ပြီး ကိုဗစ်စတင်ပြန်နှံ့ပြီးတဲ့နောက်ပိုင်း တစ်နေ့တာ အမြင့်ဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။ သေဆုံးသူက ၁၂ ဦး ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၆၁၂ ဦး ရှိလာတာပါ။

    တောင်ကိုရီးယားမှာ စုစုပေါင်း ကိုဗစ်ကူးစက်သူအရေအတွက်က ၄၅၄၄၂ ဦး ရှိလာပြီ ဖြစ်ပါတယ်။ အခု ကူးစက်မှုအသစ်တွေကို မြို့တော်ဆိုးလ်၊ အနီးအနားက ဂျုံဂျီပြည်နယ်နဲ့ အင်ချန်မြို့တွေမှာ အများဆုံး တွေ့ရတာပါ။

    ကိုဗစ်ကပ်ရောဂါ အစောပိုင်းမှာ တောင်ကိုရီးယားဟာ ထိန်းချုပ်မှု အကောင်းဆုံးလုပ်နိုင်တဲ့ နိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

    ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အတွက် အရေးပေါ် ဆေးရုံတွေ ပြင်ဆင်တာ၊ ​ကိုဗစ်သီးသန့် စမ်းသပ်ကုသတဲ့ ဒေသန္တရဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်တာ၊ စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်တာတွေကို အာဏာပိုင်တွေက လုပ်​နေပါတယ်။

    အခုကိုဗစ်လှိုင်းမှာ တစ်နေ့ကို ကူးစက်သူ ၁၂၀၀ လောက်အထိ ရှိလာနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

    Ref: Aljazeera