News @ M-Media

Tag: South Korea

  • တောင်ကိုရီးယားက Covid-19 ပျောက်ကင်းသူတွေမှာ ဗိုင်းရပ်စ်ပြန်တွေ့

    တောင်ကိုရီးယားက Covid-19 ပျောက်ကင်းသူတွေမှာ ဗိုင်းရပ်စ်ပြန်တွေ့

    ဧပြီ ၁၄၊ ၂၀၂၀
    M-Media

    -တောင်ကိုရီးယားမှာ Covid-19 ပျောက်သွားသူ အနည်းဆုံး ၁၀၀ ကျော်မှာ ဗိုင်းရပ်စ်ပြန်တွေ့လာရပြီး စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းလုံးကို တောင်ကိုရီးယားက လက်ရှိမှာ ခံစားနေရပြီး မနေ့က ကူးစက်သူအရေအတွက် ၂၅ ဦး ရှိခဲ့ပါတယ်။ ကူးစက်မှု သိသိသာသာ ကျဆင်းသွားတာဟာ တစ်ပတ်လောက် ရှိနေပါပြီ။

    ဒါပေမယ့် ပျောက်ကင်းသွားသူတွေထဲမှာ ဗိုင်းရပ်စ်ပြန်တွေ့သူ အရေအတွက်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ၅၁ ဦး ရှိရာကနေ အခုတစ်ပတ်မှာတော့ ၁၁၆ ဦးအထိ ရှိလာပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်သလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

    ကိုရီးယား ကူးစက်ရောဂါ တားဆီးတိုက်ဖျက်ရေး စင်တာ KCDC က ညွှန်ကြားရေးမှူး Jeong Eun-kyeong က ဒါဟာ အပြင်ကနေ ဗိုင်းရပ်စ်ကူးစက်တာထက် ခန္ဓာကိုယ်တွင်းထဲက ဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာတာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆေးစစ်မှုမှာ မှားယွင်းခဲ့တာ ဒါမှမဟုတ် ဗိုင်းရပ်စ်အကြွင်းအကျန်က ခန္ဓာကိုယ်တွင်းမှာ ရှိနေတာတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း အခြားပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    တောင်ကိုရီးယားမှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၁၀၅၃၇ ဦး ရှိနေပြီး သေဆုံးသူက ၂၁၇ ဦး ရှိပါတယ်။

    Ref: Aljazeera

  • တောင်ကိုရီးယား၊ အီတလီနှင့် အီရန်တို့တွင် COVID-19 ကူးစက်မှု စိုးရိမ်ဖွယ်ရာ မြင့်တက် (နောက်ဆုံးရသတင်းများ)

    တောင်ကိုရီးယား၊ အီတလီနှင့် အီရန်တို့တွင် COVID-19 ကူးစက်မှု စိုးရိမ်ဖွယ်ရာ မြင့်တက် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀ (ည ၈ နာရီ)
    M-Media

    တောင်ကိုရီးသမ္မတ မွန်ဂျယ်အင်က တိုင်းပြည်ကို အမြင့်ဆုံးအဆင့် တပ်လှန့်ကြောင်း ကြေငြာနေစဉ်
    • စနေနေ့က လူ ၃ ဦး ထပ်မံသေဆုံးကာ ၁၆၉ ဦး ကူးစက်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားအစိုးရက ဗိုင်းရပ်စ်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး အမြင့်ဆုံးအဆင့် တပ်လှန့်လိုက်ပါတယ်။ ရောဂါကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၆၀၂ ဦးရှိလာပြီး တရုတ်နိုင်ငံအပြင်ဘက်မှာ အများဆုံးကူးစက်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ သေဆုံးသူကတော့ ၅ ဦးအထိ ရှိလာပါတယ်။ ရောဂါအဓိကပြန့်နှံ့ရာ နိုင်ငံတောင်ပိုင်း ဒယ်ဂူးမြို့က ချွန်ဒိုခရိုင်ကို သောကြာနေ့မှာ အထူး စောင့်ကြည့်ဇုန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သမ္မတ မွန်ဂျယ်အင်က တိုင်းပြည်ဟာ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပြီး အာဏာပိုင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို မတွန့်မဆုတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
    • အီတလီနိုင်ငံမြောက်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲံတာကြောင့် မြို့တစ်ချို့ကို ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ကာ ပိတ်ထားလိုက်သလို၊ စီးရီးအေ ဘောလုံးပွဲ တစ်ချို့၊ စီးရီးဘီ ဘောလုံးပွဲတွေနဲ့ အ‌ခြား အားကစားပြိုင်ပွဲတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ အီတလီမှာ ကူးစက်မှုဟာ နိုင်ငံရပ်ခြားကို သွားရောက်ရာကနေတစ်ဆင့် ဖြစ်ပွားတာမျိုးမဟုတ်ဘဲ အာဏာပိုင်တွေကတော့ ရောဂါကူးစက်မှုအကြောင်းအရင်းကို သိရှိဖို့ ကြိုးပမ်းအားထုတ်နေပါတယ်။ ကူးစက်သူအရေအတွက်တော့ ၁၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
    • အီရန်နိုင်ငံမှာတော့ သေဆုံးသူအရေအတွက်ဟာ ၇ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်မှုကတော့ ၅၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတွေ အနုပညာပွဲတွေအားလုံးကို အာဏာပိုင်တွေက ပိတ်ပင်လိုက်သလို၊ အီရတ်ကို ဘုရားဖူးသွားမယ့်ခရီးစဉ်တွေအားလုံးကို ရပ်ဆိုင်းကာ အီရတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက် ၅ ခုကိုလည်း ပိတ်ထားလိုက်ပါတယ်။ လူ ၂ ဦးသေဆုံးခဲ့တဲ့ ကွမ်မြို့နဲ့ အနီးအနားက အာရက်မြို့တွေမှာတော့ စာသင်ကျောင်းတွေကိုပါ ပိတ်ထားပါတယ်။
    • တရုတ်သမ္မတ ရှီကျင့်ဖျင်က COVID-19 ဗိုင်းရပ်စ် ပြန့်နှံ့မှုဟာ ခေတ်သစ်တရုတ်နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မနေ့က ရောဂါကူးစက်မှုဟာ ၆၄၈ ဦး ရှိခဲ့ကာ ၉၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးမှု စုစုပေါင်း ၂၃၄၅ ဦးရှိကာ ကူးစက်သူကတော့ ၇၆၂၈၈ ဦး ရှိနေပါတယ်။
    • အစ္စရေးဟာ တောင်ကိုရီးယားကလာတဲ့ ခရီးသွား ၂၀၀ လောက်ကို စစ်စခန်းတစ်ခုမှာ သီးခြားခွဲထားစောင့်ကြည့်ဖို့ စီစဉ်နေပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကနေ ပြန်လာတဲ့သူတွေအားလုံးကိုလည်း ၂ ပတ်ကြာ သီးသန့်ထားစောင့်ကြည့်ဖို့ အဲဒီနိုင်ငံတွေက ခရီးသွားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးဖို့လည်း အစ္စရေးက အမိန့်ထုတ်ပြန်ထားပါတယ်။
    • ယိုကိုဟားမားမြို့နားမှာ ရပ်နားထားတဲ့ Diamond Princess ကမ္ဘာလှည့်ခရီးသွားသင်္ဘောကနေ ဆင်းခွင့်ပေးလိုက်တဲ့ အမျိုးသမီးတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရတဲ့အတွက် ဂျပန်ကျန်းမာရေးဝန်ကြီးက တောင်းပန်လိုက်ပါတယ်။ အသက် ၆၀ ကျော်အရွယ် အဲဒီအမျိုးသမီးကို တိုချီဂီပြည်နယ်မှာ ထပ်မံစစ်ဆေးမှုအတွင်း ဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ခဲ့ရတာပါ။ လူ ၃၇၀၀ ကျော်ပါဝင်ပြီး အနည်းဆုံး ၆၀၀ ကျော်လောက် ကူးစက်မှုရှိနေတဲ့ အဲဒီသင်္ဘောက လူရာချီကို ပြီးခဲ့တဲ့တစ်ပတ်မှာ ဆင်းခွင့်ပေးလိုက်တာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံနေရတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ခေါက်ဖုန်း Galaxy Fold ကို ဆမ်ဆောင်းက စက်တင်ဘာတွင် ဖြန့်မည်

    ခေါက်ဖုန်း Galaxy Fold ကို ဆမ်ဆောင်းက စက်တင်ဘာတွင် ဖြန့်မည်

    ဇူလိုင် ၂၅၊ ၂၀၁၉
    M-Media

    -ချို့ယွင်းချက်တစ်ချို့ကို ပြုပြင်ခဲ့ပြီးတဲ့နောက် Touch စခရင် ခေါက်ဖုန်းကို လာမယ့် စက်တင်ဘာလမှာ ဖြန့်ချီမယ်လို့ ဆမ်ဆောင်းက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    Galaxy Fold လို့ အမည်ပေးထားတဲ့ အဲဒီခေါက်ဖုန်းကို ဧပြီလက ထုတ်ပြခဲ့ပေမယ့် စခရင်ကျိုးပဲ့မှု ရှိတယ်လို့ စမ်းသပ်သုံးစွဲသူတွေက ပြောကြားခဲ့တာကြောင့် ဖြန့်ချီမယ့်ရက်ကို နောက်ရွှေ့ခဲ့တာပါ။

    အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတဲ့ Galaxy Fold ရဲ့ ဈေးနှုန်းက ကန်ဒေါ်လာ ၂၀၀၀ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ဈေးကွက်မှာ ရောင်းချသွားမယ်လို့ ဆမ်ဆောင်းက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “ထုတ်ကုန်ဒီဇိုင်းကို အချိန်ယူပြီး သေသေချာချာ သုံးသပ်ထားသလို၊ လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေ၊ ပြည့်စုံတဲ့ စမ်းသပ်မှုတွေ ပြုလုပ်ထားပါတယ်”

    Galaxy Fold စမ်းသပ်မှုအတွင်း မှန်တွေ ကျိုးပဲ့သွားတယ်ဆိုတဲ့သတင်းဟာ တရုတ်ရဲ့ Huawei အပါအ၀င် နိုင်ငံတကာပြိုင်ဘက်တွေထက် နောက်မကျအောင် ယှဉ်ပြိုင်နေရတဲ့ ဆမ်ဆောင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ကမ္ဘ္ဘာပေါ်မှာ စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှု ဒုတိယနေရာ ရောက်လာတဲ့ Huawei ကလည်း စက်တင်ဘာလမှာ Touch Screen ခေါက်ဖုန်းကို ဖြန့်ချီရောင်းချဖို့ ရှိနေပါတယ်။ အရင်က ဒီထက်ပိုစောစော ဖြန့်ချီဖို့ စီစဉ်ထားပေမယ့် စမ်းသပ်မှုတွေ ပိုလုပ်ဖို့အတွက် Huawei က ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

    တရုတ်ဖုန်းကုမ္ပဏီ Xiaomi ကလည်း အခုနှစ်အစောပိုင်းက ဖုန်းအဖြစ်ရော၊ တက်ဘလက်အဖြစ်ပါ အသုံးပြုနိုင်မယ့် ခေါက်ဖုန်းနမူနာကို မိတ်ဆက်ခဲ့ပါတယ်။

    Ref: BBC

  • တရုတ်-ရုရှား ပူးပေါင်းကင်းလှည့်မှုကြောင့် အာရှပစိဖိတ်တွင် တင်းမာမှုမြင့်တက်

    တရုတ်-ရုရှား ပူးပေါင်းကင်းလှည့်မှုကြောင့် အာရှပစိဖိတ်တွင် တင်းမာမှုမြင့်တက်

    ဇူလိုင် ၂၄၊ ၂၀၁၉
    M-Media

    ရုရှားစစ်လေယာဉ်များ

    -အင်္ဂါနေ့က အာရှပစိဖိတ်ဒေသမှာ တရုတ်နဲ့ ရုရှားတို့ ပူးပေါင်းဆောင်လုပ်ဆောင်တဲ့ လေကြောင်း ကင်းလှည့်မှုမှာ ဂျပန်၊ တောင်ကိုရီးယားတို့က လေယာဉ်တွေပျံတက်ကာ တုန့်ပြန်မှုတွေ ရှိခဲ့ပြီး၊ ဒေသတွင်း နောက်ထပ် တင်းမာမှုတစ်ခု ဖြစ်လားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

    တရုတ်နဲ့ ရုရှားတို့ဟာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ရှိပေမယ့် အာရှ-ပစိဖိတ်ဒေသမှာ လေကြောင်း ကင်းလှည့်မှုကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

    ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီကင်းလှည့်မှုဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့၊ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့နဲ့ ကမ္ဘ္ဘာ့လုံခြုံရေး အားကောင်းစေဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ကင်းလှည့်မှုမှာ ရုရှားရဲ့ Tu-95 ဗုံးကြဲလေယာဉ် ၂ စီးနဲ့ ရှေ့ပြေး A-50 လေယာဉ်တစ်စီး၊
    တရုတ်က H-6 ဗုံးကြဲလေယာဉ် ၂ စီးနဲ့ ရှေ့ပြေး KJ-2000 လေယာဉ်တစ်စီးတို့ ပါဝင်ခဲ့ပါတယ်။

    တုန့်ပြန်မှုရှိ

    ဂျပန်နဲ့ တောင်ကိုရီးယားဟာ တိုက်လေယာဉ်တွေပျံတက်ကာ ကင်းလှည့်မှုကို ဟန့်တားခဲ့ပြီး၊ လေယာဉ်တွေဟာ မိမိတို့ရဲ့ ပိုင်နက်တွေကို ချိုးဖောက်မှုရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားက ဒီသတင်းကို ငြင်းဆိုပါတယ်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မိမိတို့ တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ A-50 လေယာဉ်ကို သတိပေးပစ်ခတ်မှုရာချီပြုလုပ်ခဲ့ကြောင်း၊ ရုရှားလေယာဉ် မိမိတို့ပိုင်နက်ကို ကျော်လာတာဟာ ဒါ ပထမဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်၊ ရုရှားတို့ရဲ့ လေပိုင်နက် ချိုးဖောက်မှုကိုအတွက် မိမိတို့ မဟာမိတ် ၂ နိုင်ငံက တုန့်ပြန်တာကို အပြည့်အ၀ ထောက်ခံကြောင်း၊ ဒီလုပ်ရပ်တွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး မိမိတို့ကလည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဆက်လုပ်ဖို့ရှိနေ

    Carnegie Moscow စင်တာက ဒါရိုက်တာဖြစ်ပြီး၊ ရုရှား စစ်တပ်အရာရှိဟောင်းလည်းဖြစ်တဲ့
    ဒီမီထရီ ထရီနင်က ရုရှားနဲ့ တရုတ်တို့အကြား မကြာခင်လက်မှတ်ထိုးမယ့် သဘောတူညီချက်အရ ဒီလို ပူးတွဲကင်းလှည့်မှုမျိုးတွေကို ထပ်မြင်လာရမယ်လို့ ပြောကြားခဲ့ပါတယ်။

    တောင်ကိုရီးယားက သတိပေးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကို ရုရှားဖက်က ငြင်းဆိုခဲ့ပေမယ့် တောင်ကိုရီးယား F-16 တိုက်လေယာဉ်နှစ်စီး ရုရှား ဗုံးကြဲလေယာဉ်တွေရဲ့ လမ်းကြောင်းမှာ နောက်ယှက် ပျံသန်းခဲ့ကြောင်း၊ ခြိမ်းခြောက်မှုပုံစံမျိုးဖြစ်လာရင် မိမိတို့ရဲ့ လေယာဉ်မှူးတွေက တုန့်ပြန်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    လေယာဉ်တွေဟာ လေပေါ်မှာ ၁၁ နာရီကြာ ပျံသန်းကာ၊ ခရီးအကွာအဝေး ကီလိုမီတာ ၉ ထောင်လောက် ရောက်ရှိခဲ့တယ်လို့ ရုရှားက ဆိုပါတယ်။

    တရုတ်က ကင်းလှည့်မှုဟာ လွတ်လပ်စွာ ပျံသန်းခွင့်ရှိတဲ့ နိုင်ငံတကာ လေပိုင်နက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဘယ်နိုင်ငံရဲ့ ပိုင်နက်ကိုမှ မကျော်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ကန့်ကွက်

    တောင်ကိုရီးယားဟာ ရုရှားသံရုံးက ဒုတိယသံအမတ် မက်ဇင် ဗိုလ်ကော့ဗ်နဲ့ တရုတ်သံအမတ် ကျူဂိုဟုန်တို့ကို ဆင့်ခေါ်ကာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဂျပန်က သူတို့ပိုင်နက်မှာ တောင်ကိုရီးယားလေယာဉ်တွေ ၀င်ရောက်ပြီး တရုတ်​-ရုရှား ကင်းလှည့်အဖွဲ့ကို ရင်ဆိုင်ခဲ့တာဟာ လက်မခံနိုင်စရဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    ရုရှားက သူတို့ ဗုံးကြဲလေယာဉ်ကို တောင်ကိုရီးယား တိုက်လေယာဉ်တွေက နှောက်ယှက်တယ်လို့ဆိုကာ မော်စကိုမှာရှိတဲ့ တောင်ကိုရီးယားကောင်စစ်ဝန်ကို ကန့်ကွက်ခဲ့ပါတယ်။

    မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား တင်းမာမှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ်ဟာ ဆယ်စုနှစ်ချီ ရှိခဲ့ပြီး၊ အခု တရုတ်-ရုရှားတို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အသစ်ကြောင့် ဒေသတွင်း နောက်ထပ်တင်းမာမှုတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ကင်ဂျုံအွန်၏ ကြီးကြပ်မှုဖြင့် စစ်ရေးလေ့ကျင့်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

    ကင်ဂျုံအွန်၏ ကြီးကြပ်မှုဖြင့် စစ်ရေးလေ့ကျင့်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

    မေ ၅၊ ၂၀၁၉
    M-Media

    -ဒုံးလောင်ချာတွေနဲ့ ပဲ့ထိန်းဒုံးတွေ ပစ်လွှတ်ခဲ့တဲ့ မနေ့က စစ်ရေးလေ့ကျင့်မှုကို ခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ် ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

    တိုင်းပြည်ရဲ့ အရှေ့ဖက်ပင်လယ်ပြင်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ‘ကာကွယ်ရေး
    တပ်ဖွဲ့တွေမှာရှိတဲ့ တာဝေးပစ် ဒုံးလောင်ချာတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ’ ရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    KCNA က ထုတ်ပြတဲ့ ဓာတ်ပုံတွေကိုကြည့်ရင် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ မြေပြင်ကမြေပြင်ပစ် တာတိုဒုံးကျည်တွေ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား Kyungnam တက္ကသိုလ်က စစ်ရေးကျွမ်းကျင်သူ ကင်ဒွန်ယွဘ်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ခြိမ်းခြောက်မှုအဖြစ် ယူဆထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ မပါဝင်ပေမယ့် စစ်ရေးလေ့ကျင့်မှုဟာ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ဆောင်ရွက်တာ ဖြစ်ပါတယ်။

    ကင်ဒွန်ယွဘ်က ရုရှားကထုတ်လုပ်ပြီး မြောက်ကိုရီးယားက အဆင့်မြှင့်တင်ထားတဲ့ Iskander ဒုံးကျည်တွေကို ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရကြောင်း ပြောကြားခဲ့ပါတယ်။

    ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ရောက်နိုင်တဲ့ အဲဒီဒုံးကျည်ဟာ ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကို ပစ်ခိုက်နိုင်ပြီး တောင်ကိုရီးယားမှာ ချထားတဲ့ အမေရိကန်ရဲ့ THAAD ဒုံးခွင်းစနစ်ကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။

    ကင်ဂျုံအွန်က ခြိမ်းခြောက်မှုတွေ၊ ကျူးကျော်တိုက်ခိုက်မှုတွေကို ကြုံတွေ့ရဖွယ်ရှိနေတဲ့ မြောက်ကိုရီးယားအနေနဲ့ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်ကစလို့ နျူလက်နက် စမ်းသပ်မှု၊ ဒုံးကျည် စမ်းသပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်အစောပိုင်း ဗီယက်နမ်မှာ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအတွင်း နှစ်ဖက် သဘောတူညီချက် မရရှိခဲ့ပါဘူး။

    Ref: Reuters