News @ M-Media
Tag: South Korea
  • နှစ် ၃၀ အရင်က စစ်သားများ၏ကြမ်းကြုတ်မှုအတွက် ကာကွယ်ရေးဝန်ကြီး ပြည်သူကိုတောင်းပန်
    နှစ် ၃၀ အရင်က စစ်သားများ၏ကြမ်းကြုတ်မှုအတွက် ကာကွယ်ရေးဝန်ကြီး ပြည်သူကိုတောင်းပန်
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    – ၁၉၈၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုကို နှိမ်နှင်းမှုအတွင်း စစ်သားတွေက အမျိုးသမီးတွေကို အဓမ္မကျင့်ခဲ့မှုတွေအတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဂျွန်ကယွန်ဒူးက ဒီကနေ့မှာ ပြည်သူကို တောင်းပန်လိုက်ပါတယ်။
    ဗိုလ်ချုပ် ချွန်ဒူဝမ်ဦးဆောင်တဲ့ အာဏာသိမ်းအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂွမ်ဂျူးမှာ ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး တောင်ကိုရီးယား စစ်တပ်က ဆန္ဒပြသူတွေကို ရိုက်နှက်သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လှံစွပ်နဲ့ထိုးသတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတွေ လုပ်ခဲ့ပါတယ်။
    တရားဝင် စာရင်းဇယားတွေအရ အဲဒီ ဆန္ဒပြမှုအတွင်း လူ ၂၀၀ ကျော်လောက် သေဆုံးတာ ပျောက်ဆုံးတယ်လို့ ဖော်ပြထားပေမယ့် တက်ကြွလှုပ်ရှားသူတွေက ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
    ဗိုလ်ချုပ် ချွန်ဒူဝမ်ရဲ့ စစ်သားတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် စော်ကားခံရသူတွေဟာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။
    ဒါပေမယ့် လက်ရှိသမ္မတ မွန်ဂျယ်အင်လက်ထက်မှာ ဂွမ်ဂျူးအဖြစ်အပျက်နဲ့ပတ်သက်တဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ကြိုးစားလာခဲ့ပြီး စော်ကားခံရတဲ့ အမျိုးသမီးတွေကလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဖွင့်ဟလာကြပါတယ်။
    Ref: CNA
  • ဒုတိယကမ္ဘာစစ်က ကိုရီးယားကျွန်းဆွယ်တွင် အဓမ္မလုပ်အားခိုင်းစေမှုအတွက် ဂျပန်ကုမ္ပဏီက နစ်နာကြေး ပေးရမည်
    ဒုတိယကမ္ဘာစစ်က ကိုရီးယားကျွန်းဆွယ်တွင် အဓမ္မလုပ်အားခိုင်းစေမှုအတွက် ဂျပန်ကုမ္ပဏီက နစ်နာကြေး ပေးရမည်
    အောက်တိုဘာ ၃၀၊ ၂၀၁၈
    M-Media
    – ကိုရီးယားကျွန်းဆွယ်ကို ဂျပန်ဧကရာဇ်စစ်တပ်က ကျူးကျော်သိမ်းပိုက်ခဲ့ချိန် ဒုတိယကမ္ဘာစစ်အတွင်း အဓမ္မလုပ်အား ခိုင်းစေမှုအတွက် လူ ၄ ဦးကို နစ်နာကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးချုပ်က ဂျပန်ကုမ္ပဏီတစ်ခုကို အမိန့်ချမှတ်လိုက်ပါတယ်။
    Nippon Steel & Sumitomo Metal ကုမ္ပဏီဖြစ်ပြီး တရားစွဲသူ တစ်ဦးချင်းစီကို ၀မ် သန်း ၁၀၀ (ဒေါ်လာ ၈၇၇၀၀) ပေးဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
    တရားစွဲဆိုသူတွေထဲမှာ အသက်ရှင်ကျန်ရစ်ဆဲ တစ်ဦးတည်းသောသူဖြစ်တဲ့ အသက် ၉၈ နှစ်အရွယ် လီချွန်ရှစ်က ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ‘ဒီလိုနေ့မျိုးကို သူတစ်ဦးတည်းသာ မြင်တွေ့ခွင့်ရတဲ့အတွက် ကြေကွဲဝမ်းနည်းမိတယ်’ လို့ ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။
    တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ တောင်ကိုရီးယား-ဂျပန်တို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေအပေါ် သိသိသာသာ ရိုက်ခတ်မှုရှိနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်ကြပါတယ်။
    ဂျပန်ဟာ ကိုရီးယားကျွန်းဆွယ်ကို ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ၃၅ နှစ်ကြာ ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီလို သိမ်းပိုက်မှုအတွင်း ဌာနေအမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးချမှု၊ အမျိုးသားတွေကို ချွေးတပ်ဆွဲမှုတွေအတွက် ဂျပန်နဲ့ တောင်ကိုရီးယားအကြား တင်းမာမှုတွေဟာ အခုအချိန်အထိ ရှိနေပါတယ်။
    Nippon Steel ကုမ္ပဏီကတော့ ဒီကနေ့ဆုံးဖြတ်ချက်အတွက် စိတ်ပျက်ရပြီး ပြန်လည်သုံးသပ်ကာ ဂျပန်အစိုးရဲ့ တုန့်ပြန်မှုကိုရဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စအတွက် ဂျပန်သံအမတ်ကို ဆင့်ခေါ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • စစ်မဲ့ဇုန်တွင် လက်နက်နှင့် ကင်းစခန်းများ ဖယ်ရှားရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ
    စစ်မဲ့ဇုန်တွင် လက်နက်နှင့် ကင်းစခန်းများ ဖယ်ရှားရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ
    အောက်တိုဘာ ၂၂၊ ၂၀၁၈
    M-Media
    ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ
    – ကိုရီးယားနှစ်နိုင်ငံ နယ်စပ်က စစ်ကင်းမဲ့ဇုန်ဖြစ်တဲ့ ပန်မွန်ဂျွန်းရွာမှာ လက်နက်တွေ၊ အစောင့်ကင်းတဲတွေကို ဖယ်ရှားဖို့အတွက် ကုလနဲ့ ကိုရီးယား နှစ်နိုင်ငံ ဒီကနေ့မှာ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့လ ပြုံးယမ်က တောင်-မြောက် ကိုရီးယားခေါင်းဆောင်တွေအကြား ရရှိခဲ့တဲ့ သဘောတူညီချက်အရ စစ်မဲ့ဇုန်မှာ လက်နက်တွေ ဖယ်ရှားဖို့အတွက် ဒုတိယအကြိမ် ဆွေးနွေးခဲ့ပြီးတဲ့နောက် ဒီလို သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီလိုဆောင်ရွက်မှုဟာ ကာကွယ်ရေး အဆင်သင့်ဖြစ်မှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်လို့ အမေရိကန်က ပြောကြားထားပြီး၊ မြောက်ကိုရီးယားရဲ့ နျူကင်းစင်ရေးဆောင်ရွက်မှုမှာ သိသိသာသာ တိုးတက်မှုတွေကို မတွေ့ရှိရသေးတဲ့အချိန်မှာ ဒီကိစ္စ ပေါ်ထွက်လာတာပါ။
    နယ်စပ် စစ်ကင်းမဲ့မျဉ်းကနေ အချင်းဝက် ၁ ကီလိုမီတာအတွင်း ရှိနေတဲ့ ကင်းစခန်း ၁၁ ခုကို အခုနှစ်ကုန် နောက်ဆုံးထားပြီး ကိုရီးယားနှစ်နိုင်ငံက ဖယ်ရှားသွားမှာ ဖြစ်သလို၊ ပန်မွန်ဂျွန်းက ပူးတွဲ လုံခြုံရေးဧရိယာက လက်နက်တွေ အားလုံးကိုလည်း ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။
    ဧရိယာမှာ အစောင့်တွေကို တစ်ဖက် ၃၅ ယောက်စီ လျှော့ချသွားမှာဖြစ်ပြီး၊ စောင့်ကြည့်ရေးကိရိယာတွေက အချက်အလက်တွေကို ဝေမျှရေးလည်း ကိုရီးယားနှစ်နိုင်ငံ သဘောတူခဲ့ပါတယ်။
    ကိုရီးယားနှစ်နိုင်ငံဟာ နယ်စပ်မှာရှိနေတဲ့ မြေမြှုပ်မိုင်းတွေကိုလည်း လက်ရှိမှာ ဖယ်ရှားရှင်းလင်းနေပါတယ်။
    ဒီကနေ့ရရှိတဲ့ သဘောတူညီချက်ဟာ ရန်စတဲ့လုပ်ရပ်တွေကို မလုပ်ဖို့၊ နယ်စပ်မှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားတာကို ဖယ်ရှားဖို့လည်း ပါဝင်ပါတယ်။
    Ref: CNA
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ
    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media
    ယနေ့မနက် အင်ဒိုငလျင်
    အင်ဒိုနီးရှားတွင် ငလျင်ထပ်လှုပ်၊ အနည်းဆုံး ၃ ဦး သေဆုံး
    ==================
    အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းနဲ့ ဂျာဗားကျွန်းတို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၆.၀ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ကနဦးသတင်းထုတ်ပြန်ထားပါတယ်။ အဆောက်အဦးတစ်ချို့ ပြိုကျမှုတွေ ရှိခဲ့ပေမယ့် ဆိုးဆိုးဝါးဝါး ဖြစ်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ငလျင်ရဲ့အနက် တိမ်တာကြောင့် ဆူနာမီအန္တရာယ် မရှိနိုင်ဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း ဆူလာဝေစီကျွန်းမှာ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ပြီး ၈၂၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
    ဖလော်ရီဒါတွင် နှစ် ၁၀၀ အတွင်း အဆိုးဝါးဆုံး ဟာရီကိန်းမုန်တိုင်း ၀င်ရောက်
    =====================
    အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ မနေ့က ဟာရီကိန်းမိုက်ကယ် မနေ့က စတင်ဝင်ရောက်နေပြီး လူသိန်းချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် ပျက်ဆီးဆုံးရှုံးမှုတစ်ချို့ ရှိနေပေမယ့် ထိခိုက်သေဆုံးတဲ့ သတင်းတွေကိုတော့ မကြားရသေးပါဘူး။ ဖလော်ရီဒါပြည်နယ်အပြင်၊ အလာဘားမားပြည်နယ်နဲ့ ဂျော်ဂျီယာပြည်နယ်တို့မှာလည်း အရေးပေါ်အခြေအနေ ကြေငြာထားရပါတယ်။ အမေရိက အလယ်ပိုင်းမှာ မုန်တိုင်းကြောင့်ဖြစ်တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ပြီးခဲ့တဲ့ စနေတနင်္ဂနွေနေ့မှာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်စကော့က ဟာရီကိန်းမိုက်ကယ်ဟာ ပြည်နယ်သမိုင်းမှာ နှစ် ၁၀၀ အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး မခန့်မှန်းနိုင်တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိလာမယ်လို့ ပြောကြားထားပါတယ်။
    မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှု တောင်ကိုရီးယား ရုတ်သိမ်းမည်
    =================
    နျူကလီးယားပြဿနာ ဖြေရှင်းရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေဖို့ ရည်ရွယ်ပြီး ၂၀၁၀ ခုနှစ်က မြောက်ကိုရီးယားအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတစ်ချို့ကို ဖယ်ရှားဖို့ အစိုးရက စီစဉ်နေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျွန်ဝါဟ်က မနေ့မှာ လွှတ်တော်အမတ်တွေကို ပြောကြားလိုက်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ မြောက်ကိုရီးယား စစ်သင်္ဘောရဲ့ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယားသင်္ဘောသာ ၄၅ ဦး သေဆုံးခဲ့ပြီး တောင်ကိုရီးယားက ဖက်စက်အထည်ချုပ်စက်ရုံတွေကလွဲလို့ နယ်စပ်ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိတ်ပစ်ခဲ့တာပါ။ ဒါပေမယ့် အခုနှစ်အတွင်း ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေ အကြိမ်ကြိမ် တွေ့ဆုံပြီးတဲ့နောက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ ထရမ့်ကတော့ တောင်ကိုရီးယားက ပိတ်ဆို့မှုရုပ်သိမ်းမယ်ဆိုရင် ဒါဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera, CNA
  • စနေန့မနက် နိုင်ငံတကာ သတင်းများ
    စနေန့မနက် နိုင်ငံတကာ သတင်းများ
    အောက်တိုဘာ ၆၊ ၂၀၁၈
    M-Media
    လူမည်းလူငယ်ကို ပစ်သတ်ခဲ့သည့် ရဲအရာရှိဟောင်း ဒိုက်ကီ
    အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၃ ဦးထပ်မံသေဆုံး
    ========================
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့ကပြုလုပ်တဲ့ Great March of Return ဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး အအပါအ၀င် ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော် သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ်ပြန်ခွင့်ရရေးအတွက် မတ်လ ၃၀ ရက်နေ့ကတည်းက စတင်ကာ ဂါဇာမှာ အပတ်စဉ် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၈၃ ဦး ရှိလာခဲ့ပြီး ဒဏ်ရာရသူက ၁၈၀၀၀ ကျော် ရှိနေပါတယ်။
    လူမည်းလူငယ်ကို သတ်ခဲ့သည့် အမေရိကန်ရဲအရာရှိ ထောင်နှစ် ၂၀ အထိ ကျခံရဖွယ်ရှိနေ
    =============
    ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ အသက် ၁၇ နှစ်အရွယ် လူမည်းတစ်ဦးကို ပစ်ခတ်သတ်မှုအတွက် ရဲအရာရှိ ဂျေဆန် ဗန် ဒိုက်ကီဟာ အပြစ်ရှိတယ်လို့ ချီကာဂို တရားရုံးက မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဓားကိုင်ဆောင်ထားတဲ့ လူမည်းလူငယ်ဟာ ဒိုက်ကီရဲ့အဝေးကို လျှောက်သွားခဲ့ပြီး အန္တရာယ်ပေးမယ့်အနေအထား မရှိပေမယ့် ဒိုက်ကီက သေနတ်နဲ့ ၁၆ ချက် ပစ်ခတ်ခဲ့တာကို ရဲတပ်ဖွဲ့က ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တဲ့အတွက် ဒိုက်ကီဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရမှာ ဖြစ်ပါတယ်။
    တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၁၅ နှစ်ကျ
    ===============
    တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေး ခ၀ါချမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတွေနဲ့ မနေ့မှာ ဆိုးလ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ လီမြောင်ဘတ်ဟာ ဒဏ်ငွေ ၀မ် ၁၃ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၅ သန်း) ပေးဆာင်ရမှာ ဖြစ်ပါတယ်။ သူကတော့ ဒီစွဲချက်တွေဟာ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လီဟာ စတုတ္ထမြောက် ထောင်ချခံရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ဖြစ်ပါတယ်။ သူ့ကိုဆက်ခံတဲ့ သမ္မတဟောင်း ပက်ဂျုံဟေးကို ဧပြီလမှာ ဆိုးလ်တရားရုံးက အာဏာအလွဲသုံးစားလုပ်မှု၊ အကြပ်ကိုင်မှုတွေနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။
    Ref: Aljazeera, BBC