News @ M-Media

Tag: Syria

  • နိုင်ငံအတွင်း ၀င်ရောက်တိုက်ခိုက်သည့် အစ္စရေး F16 တိုက်လေယာဉ်ကို ဆီးရီးယား ပစ်ချ

    နိုင်ငံအတွင်း ၀င်ရောက်တိုက်ခိုက်သည့် အစ္စရေး F16 တိုက်လေယာဉ်ကို ဆီးရီးယား ပစ်ချ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈
    M-Media

    အစ္စရေးတိုက်လေယာဉ်တစ်စင်း

    – ဆီးရီးယားပိုင်နက်အတွင်းသို့ ၀င်ရောက်တိုက်ခိုက်သည့် အစ္စရေး F-16 တိုက်လေယာဉ်တစ်စင်းကို ဆီးရီးယားအစိုးရစစ်တပ်က ပစ်ချခဲ့သည်ဟု သိရသည်။

    ၎င်းတို့သိမ်းပိုက်ထားသည့် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်သို့ အီရန်ဒရုန်းတစ်စင်း ၀င်ရောက်လာမှုကို တုန့်ပြန်သည့်နေဖြင့် ဆီးရီးယားရှိ အီရန်စစ်စခန်းအား ၀င်ရောက်တိုက်ခိုက်စဉ် ထိုကဲ့သို့ ပစ်ချခံလိုက်ရသည်ဟု အစ္စရေးစစ်တပ်က အတည်ပြုခဲ့သည်။

    ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အစ္စရေးတိုက်လေယာဉ်များမှာ ဆီးရီးယားဖက်သို့ ကျူးကျော်ဝင်ရောက်ကာ အစိုးရစစ်စခန်းများကို အကြိမ်များစွာ တိုက်ခိုက်ခဲ့ပြီး ယခုမှ ပထမဆုံးအကြိမ် ဆီးရီးယား စစ်တပ်က အစ္စရေးလေယာဉ်အား ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

    အစ္စရေးကလည်း လေယာဉ် ပစ်ချခံရသည့်အချိန်မှ ၎င်းတို့ ၀င်ရောက်တိုက်ခိုက်ခြင်းကို ၀န်ခံခဲ့သည်။

    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနကမူ အစ္စရေးတိုက်လေယာဉ်များမှာ နိုင်ငံအလယ်ပိုင်းရှိ ဆီးရီးယားစစ်တပ် အခြေစိုက်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

    တိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်တပ်တွင် ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း ဆီးရီးယား ပြည်တွင်းသတင်းဌာနများ ဖော်ပြခဲ့သည်။

    ထိုအဖြစ်အပျက်အပြီး ဆီးရီးယားဖက်မှ အပြင်းအထန် ပစ်ခတ်မှုကြောင့် အစ္စရေးမြောက်ပိုင်းတွင် သတိပေးဥသြဆွဲမှုများ ပြုလုပ်ခဲ့ရသည်။

    Ref: Aljazeera

  • ဆီးရီးယားစစ်ပွဲတွင် အမေရိကန်ပါဝင်မှု တရားမ၀င်ဟု ရုရှားထပ်ပြော

    ဆီးရီးယားစစ်ပွဲတွင် အမေရိကန်ပါဝင်မှု တရားမ၀င်ဟု ရုရှားထပ်ပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media

    – ဆီးရီးယားစစ်ပွဲတွင် အမေရိကန်က ပါဝင်နေမှုမှာ တရားဝင်ခြင်းမရှိဟု ရုရှားက ထပ်မံပြောကြားလိုက်ပြီး သူပုန်များ၏ လက်ချက်ကြာင့် ဆီးရီးယားအစိုးရလိုလားသူ လက်နက်ကိုင်များ သေဆုံးပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အဆတ်အစိုးရနှင့် ရုရှားတို့မှာ သူပုန်များ ထိန်းချုပ်ထားရာ ဒေသသို့ ထိုးစစ်ဆင်မှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီး အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုများအတွက် လက်စားချေသည့်အနေဖြင့် ဒီအက်ဇိုပြည်နယ်ရှိ အစိုးရတပ်ဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အမေရိကန်က ကျောထောက်နောက်ခံပြုထားသည့် သူပုန်များ၏ တိုက်ခိုက်မှုကြောင့် အာဆတ်အစိုးရကို လိုလားသည့် ပြည်သူ့စစ် ၁၀၀ ကျော် သေဆုံးခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ကုလ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတွင် ကုလဆိုင်ရာ ရုရှားသံအမတ်က အမေရိကန်ကို ဆီးရီးယားစစ်ပွဲတွင် ပါဝင်ရန် မည်သူကမှ ဖိတ်ခေါ်ခဲ့ခြင်းမရှိဘဲ အခြေအနေတည်ငြိမ်ရေး ကြိုးပမ်းမှုကို အမေရိကန်က ဖျက်ဆီးနေသည်ဟု ပြောကြားခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးက အစိုးရလိုလားသော ပြည်သူ့စစ်များမှာ IS အဖွဲ့ကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး အမေရိကန်ကမူ ထိုလက်နက်ကိုင်များမှာ ၎င်းတို့ ထောက်ပံ့ထားသည့် သူပုန်အဖွဲ့ SDF ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ၂၀၁၁ ခုနှစ် အာဆတ်အစိုးရအား ဆန့်ကျင်ရေး လူထုအုံကြွမှုမှ စတင်လာခဲ့သည့် ဆိးရီးယားပြည်တွင်းစစ်မှာ ၇ နှစ်ရှိလာပြီဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က အစိုးရဆန့်ကျင်ရေး သူပုန်အုပ်စုကို ပံ့ပိုးပေးကာ ရုရှားနှင့် အီရန်တို့က အာဆတ်အစိုးရဖက်မှ တိုက်ခိုက်ပေးနေသည်။

    Ref : RT

  • ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်တိုက်မည်ဟု တူရကီသမ္မ အာဒိုဂန် ပြော

    ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်တိုက်မည်ဟု တူရကီသမ္မ အာဒိုဂန် ပြော

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – ဆီးရီးယားနိုင်ငံ အက်ဖရင်မြို့တွင် ယခုပြုလုပ်နေသော ထိုးစစ် ပြီးဆုံးပါက အစ်ဒလစ်မြို့အထိ ၀င်ရောက်တိုက်ခိုက်သွားမည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်သည်။

    “ဆီးရီးယားက ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ မောင်နှမတွေ သူတို့မြေကို ပြန်လာစေချင်ပါတယ်။ အက်ဖ်ရင်မှာ ဒီကိစ္စပြီးသွားရင် အစ်ဒလစ်ဘ်မှာလည်း ကျွန်တော်တို့ ဒီလိုမျိုးလုပ်သွားပါမယ်”

    တူရကီမှာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲကာ ဇန်န၀ါရီ ၂၀ ရက်နေ့မှ စတင်၍ အက်ဖရင်မြို့ကို ၀င်တိုက်နေခြင်းဖြစ်ပြီး ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်ရောက်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ကို ယခင်ကတည်းက ပြောကြားထားဖူးသည်။

    စစ်ဆင်ရေးစတင်သည့်အချိန်မှ ပြီးခဲ့သည့် တစ်ပတ်အထိ တိုက်ခိုက်ရေးသမား ၈၉၉ ဦးကို လက်နက်ဖြုတ်သိမ်းခဲ့ပြီး ထိုအထဲတွင် YPG၊ PKK၊ IS အဖွဲ့ဝင်များ ပါဝင်သည်ဟု တူရကီစစ်တပ်က သတင်းထုတ်ပြန်ထားသည်။

    ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ရာတွင် အဓိကကျခဲ့သည့် အဖွဲ့ဖြစ်ပြီး တူရကီက ၎င်း၏ နယ်စပ်တစ်လျှောက်တွင် ထိုအဖွဲ့များ တည်ရှိနေခြင်းကို မလိုလားပေ။

    Ref: RT

  • ဆီးရီးယားအစိုးရနှင့် ရုရှားတို့ တိုက်ခိုက်မှု တိုးလုပ်ခြင်းကြေင့် သေဆုံးသူ မြင့်တက်လာ

    ဆီးရီးယားအစိုးရနှင့် ရုရှားတို့ တိုက်ခိုက်မှု တိုးလုပ်ခြင်းကြေင့် သေဆုံးသူ မြင့်တက်လာ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – ဒမတ်စကတ်အနီး ဂူတာမြို့နှင့် အီဒလစ်ဘ်ပြည်နယ်တို့တွင် ဆီးရီးယားအစိုးရတပ်နှင့် ရုရှား တပ်ဖွဲ့များက လေကြောင်းမှ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်နေသောကြောင့် သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး ၁၈၀ ရှိလာခဲ့ပြီဟု သိရသည်။

    သူပုန်များ ထိန်းချုပ်ထားသည့် အရှေ့ဂူတာတွင်ယမန်နေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၃၄ ဦး သေဆုံးခဲ့ပြီး၊ မကြာခင်က ဓာတ်တုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းထွက်ခဲ့သော အီဒလစ်ဘ်တွင် ၄ ဦး သေဆုံးခဲ့သည်။

    ထိုဒေသများကို ဆီးရီးယားအစိုးရတပ်က ဒီဇင်ဘာအလယ်မှစ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရုရှားတိုက်လေယာဉ်တစ်စင်း ပစ်ချခံလိုက်ရပြီးနောက် ပြီးခဲ့သည့် ၄ ရက်တွင် တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။

    အရှေ့ဂူတာတွင် ထိခိုက်ဒဏ်ရာရသူမှာ အနည်းဆုံး ၈၀၀ အထိ ရှိလာပြီး အဆောက်အဦးများ ပြိုကျပျက်ဆီးမှုအတွင်း ပိတ်မိနေသူများလည်း ရှိနေသည်။

    ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ SOHR က တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ဂူတာမြို့၌ အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဆီးရီးယားတွင် အကြီးမားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ဦးဆောင်သည့် အဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ် သူပုန်များက ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် တိုက်ခိုက်မှုများကြောင့် အစိုးရလိုလားသည့် တိုက်ခိုက်ရေးသမား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera

  • အာဆတ်နှင့် ရုရှားလက်ချက်ကြောင့် ၂ ရက်အတွင်း အရပ်သား ၁၁၀ သေဆုံး

    အာဆတ်နှင့် ရုရှားလက်ချက်ကြောင့် ၂ ရက်အတွင်း အရပ်သား ၁၁၀ သေဆုံး

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media
    – ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်ကမြို့ ဆင်ခြေဖုံး ဂူတာမြို့မှာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အစိုးရတပ်နဲ့ ရုရှားတပ်ဖွဲ့တို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၁၁၀ လောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူ ၃၀ လောက် သေဆုံးခဲ့ပြီး မနေ့က ၈၀ လောက် သေဆုံးခဲ့တာပါ သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၂၂ ဦးနဲ့ အမျိုးသမီး ၂၁ ဦး ပါဝင်ပါတယ်။
    ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ SOHR က အင်္ဂါနေ့ဟာ ဆီးရီးယားမှာ ၅၃ ရက်တာအတွင်း ပထမဆုံး လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ နောက်ဆုံးတိုက်ခိုက်မှုဟာ နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အလက်ပိုမြို့အနီး အတာရဘ်မြို့က ဈေးတစ်ခုကို လေကြောင်းက ဗုံးကြဲမှုအတွင်း လူ ၈၃ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
    အာဆတ်အစိုးရရုံးစိုက်ရာ ဒမတ်စကတ်နဲ့ ကပ်နေတဲ့ ဂူတာမြို့တစ်ဝိုက်ဟာ ဆီးရီးယားအစိုးရနဲ့ မဟာမိတ် ရုရှားတို့ အဓိက ပစ်မှတ်ထားရာနေရာ ဖြစ်ပါတယ်။
    Ref : Aljazeera