News @ M-Media

Tag: Syria

  • ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ကို တူရကီက စတင်တိုက်ခိုက်

    ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ကို တူရကီက စတင်တိုက်ခိုက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၈
    M-Media

    – ဆီးရီးယားနယ်စပ် အက်ဖ်ရင်မြို့ရှိ ကာ့ဒ်တပ်ဖွဲ့ ပစ်မှတ်များကို တူရကီက စတင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

    သမ္မတအာဒိုဂန်က ကာ့ဒ်များကို နယ်စပ်ဒေသမှ ဖယ်ရှားရေးအတွက် မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ယနေ့တွင် ကြေငြာခဲ့ပြီးနောကပိုင်း တူရကီတိုက်လေယာဉ်များက ဗုံးကြဲမှု ပြုလုပ်ခဲ့သည်။

    ဆီးရီးယားရှိ ကာ့ဒ်ဒီမိုကရက်တစ်သမဂ္ဂပါတီ (PYD) နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ YPG တို့မှာ တူရကီအစိုးရအား ဆယ်စုနှစ်ချီ တိုက်ခိုက်နေသည့် တူရကီ ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် အဆက်သွယ်ရှိသည်ဟု စွပ်စွဲကာ အကြမ်းဖက်အဖွဲ့အဖြစ် တူရကီက သတ်မှတ်ထားသည်။

    ဆီးရီးယားရှိ အက်ဖ်ရင်ဒေသတွင် ကာ့လက်နက်ကိုင်အဖွဲ့ ၈၀၀၀ မှ ၁၀၀၀၀ ကြားအထိ ရှိနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

    အာဒိုဂန်ကမူ ကာ့ဒ်လက်နက်ကိုင်အဖွဲ့ အားလုံးမှာ အတူတူပင်ဖြစ်ပြီး အမည်များပြောင်းသွားသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် ၎င်းတို့၏မူအား ပြောင်းလဲခြင်းမရှိဟု ဆိုသည်။

    တူရကီဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က စစ်တပ်မှာ YPG ၏ အစိတ်အပိုင်းများကို ဖျက်ဆီးရန်အတွက် လေကြောင်းတိုက်ပွဲ စတင်နေသည်ဟု ယနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ဆီးရီးယားမှ ရုရှားတပ်များ ပြည်တော်ပြန်ရန် ပူတင်အမိန့်ပေး

    ဆီးရီးယားမှ ရုရှားတပ်များ ပြည်တော်ပြန်ရန် ပူတင်အမိန့်ပေး

    ဒီဇငဘာ ၁၁၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားသမ္မတ ပူတင်မှာ နိုင်ငံအတွင်း ရှိနေသည့် ရုရှားတပ်များ ပြည်တော်ပြန်ရန် အမိန့်ပေးလိုက်သည်ဟု သိရသည်။

    ပူတင်မှာ ဆီးရီးယား အရှေ့တောင်ပိုင်း လက်တာကီယာရှိ ခါမီမင် လေတပ်အခြေစိုက်စခန်းသို့ ကြိုတင်ကြေငြာခြင်းမရှိဘဲ ယနေ့မနက်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်သည်။

    ရုရှားစစ်သားများနှင့် တွေ့ဆုံစဉ် ပူတင်က ဆီးရီးယားတွင် မိမိတို့၏အလုပ်မှာ အကြမ်းဖက်သမားများကို လုံးဝ ဖယ်ရှားနိုင်မှုနှင့်အတူ ပြီးဆုံးသွားပြီဟု ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန Novostic က ဖော်ပြခဲ့သည်။

    အာဆတ်အစိုးရ၏ မေတ္တာရပ်ခံမှုကြောင့် အဓိကမဟာမိတ်ဖြစ်သော ရုရှားမှာ ၂၀၁၅ ခုနှစ်တွင် ဆီးရီးယားစစ်ပွဲ၌ ပါဝင်လာခဲ့ခြင်းဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့အပါအ၀င် ဆီးရီးယားအစိုးရကို ဆန့်ကျင်သည့် သူပုန်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    ထို့ပြင် ရုရှားမှ စစ်ရေးအကြံပေးများ၊ အထူးတပ်ဖွဲ့ဝင်များကိုလည်း ဆီးရီးယားသို့ စေလွှတ်ခဲ့သည်။ ထိုအရင်က ရုရှားမှာ ဆီးရီးယားစစ်တပ်အား ထောက်ပံ့မှုဖြင့်သာ စစ်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

    ဆီးရီးယားအစိုးရက အကူအညီပေးမှုအတွက် သမ္မတအာဆတ်က ပူတင်အား နိုဝင်ဘာလတွင် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ပူတင်မှာ ဆီးရီးယားမှတစ်ဆင့် ယနေ့နှောင်းပိုင်းတွင် အီဂျစ်သို့သွားရောက်ကာ သမ္မတ အလ်-စီစီနှင့် တွေ့ဆုံမည်ဖြစ်သည်။

    Ref: Aljazeera

  • အာရပ်နွေဦးတော်လှန်ရေးကြောင့် အာဏာရှင် ဘယ်နှစ်ယောက် ဇာတ်သိမ်းသွားလဲ

    အာရပ်နွေဦးတော်လှန်ရေးကြောင့် အာဏာရှင် ဘယ်နှစ်ယောက် ဇာတ်သိမ်းသွားလဲ

    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media

     

    (၀ဲမှယာ) အာဆတ်၊ မူဘာရက်၊ ဆာလေဟ်၊ ဘင်အလီ ဂဒါဖီ

    – ယီမင်သမ္မတဟောင်း အလီ အဘ်ဒူလာ ဆာလေဟ်ကို ဟူသီသူပုန်တွေက တနင်္လာနေ့မှာ သတ်ဖြတ်လိုက်နိုင်တာဟာ ၂၀၁၁ ခုနှစ် အစောပိုင်းကတည်းက စတင်ခဲ့တဲ့ အာရပ်နွေဦး တော်လှန်ရေးကြောင့် နိဂုံးချုပ်သွားတဲ့ နောက်ထပ် အာရပ်ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

    ဟူသီသူပုန်တွေကို တိုက်ခိုက်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ ယူအေအီးရဲ့ စည်းရုံးမှုကြောင့် ဟူသီသူပုန်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်တယ်လို့ ဆာလေဟ်က စနေနေ့မှာ ကြေငြာပြီးနောက်ပိုင်း ၂ ရက်အကြာမှာပဲ ဒီလို ဇီဝိန်ကြွေသွားတာ ဖြစ်ပါတယ်။

    တောင်နဲ့မြောက် ကွဲနေတဲ့ ယီမင်ဟာ ၁၉၉၀ ပြည့်နှစ်မှာ ပြန်လည်မပေါင်းစည်းခင်အရင် ၁၉၇၈ ခုနှစ်ကတည်းက ဆာလေဟ်ဟာ မြောက်ယီမင်ကို အုပ်စိုးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ညီညွတ်တဲ့ တစ်ပြည်ထောင်ယီမင်ရဲ့ သမ္မတဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ်အထိ အာဏာကို ဆုပ်ကိုင်ထားခဲ့ပြီးတဲ့နောက် ဆာလေဟ်ဟာ ဆော်ဒီကျောထောက်နောက်ခံပြု အဘ်-ရာဘူ မန်ဆူရ် ဟာဒီကို တရားဝင် အာဏာလွှဲပေးခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ်မှာ တူနီးရှားက အစပြုခဲ့တဲ့ အာဏာရှင်ဖြုတ်ရေး လူထုအုံကြွမှုကြောင့် ယီမင်မှာလည်း ဆာလေဟ်ကို ပုန်ကန်မှု ပေါ်လာခဲ့ပြီး နောက်ဆုံး ရာထူးကနေ ဆင်းပေးရတဲ့အထိ ဖြစ်လာခဲ့တာပါ။

    ‘အာရပ်နွေဦး’ တော်လှန်ရေးကြောင့် အာရပ်ဒေသက အာဏာရှင်တွေ ဘယ်နှစ်ယောက် ပြုတ်သွားကြပြီလဲ

    ၁။ ဇိုင်နီ အလ် အဘီဒင် ဘင်အလီ – တူနီးရှား

    ဘင်အလီကို တူနီရှားပြည်သူတွေက ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့တဲ့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ အာရပ်နွေဦးတော်လှန်ရေး အစပြိုးလာတာ ဖြစ်ပါတယ်။

    ၁၉၈၇ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဘင်အလီဟာ ဆင်းမပေးတော့ဘဲ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ ငွေတန်ဖိုးကျလာမှု၊ အလုပ်လက်မဲ့များလာမှုတွေဟာ ပြည်သူတွေ အုံကြွလာဖို့အတွက် အကြောင်းအရင်းတွေ ဖြစ်ခဲ့ပါတယ်။

    အာရပ်နွေဦးစတင်တဲ့ လှုပ်ရှားမှုက မြို့တော်တူနစ်တောင်ပိုင်းမှာ နေထိုင်ပြီး အလုပ်တွေ မနေမနား ကြိုးစားနေပေမယ့် မိသားစုကို ၀မ်းဝ၊ ခါးလှအောင် မကျွေးမမွေးနိုင်တဲ့ မိုဟာမက် ဘော်ဇီဇီတစ်ယောက် တိုင်းပြည်ရဲ့ ဆင်းရဲတွင်းနက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့မှုပါ။ ဘော်ဇီဇီဟာ ပညာတတတ်တစ်ယောက် ဖြစ်ပေမယ့် အစိုးရက အလုပ်မပေးနိုင်တာကြောင့် သစ်သီးရောင်းကာ အသက်မွေးရသူပါ။

    လူထုအုံကြွမှုတွေဖြစ်ပြီး ၃ ပတ်ကြာတဲ့အချိန်မှာ ဘင်အလီဟာ ရာထူးကနေ နှုတ်ထွက်သွားပြီး ခြာစားမှု၊ ပြည်သူပိုင်ပစ္စည်း ခိုးယူမှု၊ နိုင်ငံပိုင်ငွေနဲ့ ကျောက်မြတ်ရတနာတွကို တရားမ၀င် ပိုင်ဆိုင်ထားမှုတွေနဲ့ တရားစွဲဆိုမှုကို ရှောင်ရှားဖို့အတွက် သူနဲ့ သူ့ဇနီး လိုင်လာတို့ဟာ ဆော်ဒီကို ထွက်ပြေးသွားပါတယ်။ သူတို့နှစ်ယောက်ကို အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် ၂၀၁၁ ခုနှစ် ဇွန်လမှာ တူနီးရှားက ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့ပါတယ်။

    ဘင်အလီနဲ့ သူ့ဇနီးကို လွှဲပြောင်းပေးဖို့ တူနီးရှားက ဆော်ဒီကို တောင်းဆိုထားပေမယ့် ဆော်ဒီက မသိကျိုးကျွန်ပြုနေပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အခုအချိန်အထိ ဆော်ဒီမှာ ရှိနေပါတယ်။

    ၂။ ဟိုစနီမူဘာရက် – အီဂျစ်

    တူနီးရှားက တော်လှန်ရေးဟာ အီဂျစ်ကို ကူးလာခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့ကစလို့ အီဂျစ်ပြည်သူတွေဟာ ဟိုစနီမူဘာရက်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လုပ်လာခဲ့ပါတယ်။

    မူဘာရက်ဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ တိုင်းပြည်ကို အုပ်စိုးခဲ့ပြီး ဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တာကြောင့် လက်နက်မဲ့ ဆန္ဒပြသူ ၈၀၀ ကျော်လောက် သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် မူဘာရက်ဟာ သက်ဆိုးမရှည်ဘဲ ဆန္ဒပြပြီး သီတင်းပတ်အနည်းငယ်မှာ ရာထူးက ဆင်းပေးလိုက်ပါတယ်။

    နောက်ပိုင်းမှာ စွဲချက်ပေါင်းများစွာနဲ့ တရားစွဲဆိုခံခဲ့ရပြီး၊ တိုင်းပြည်ရဲ့စီးပွားရေးကို ပျက်ဆီးအောင် လုပ်ရာမှာ အပြစ်ရှိတယ်လို့ ၂၀၁၁ ခုနှစ် မေလ ၂၈ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ကန်ဒေါ်လာ ၃၃.၆ သန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။

    လက်နက်မဲ့ အရပ်သားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်မှုကို မတားဆီးတဲ့အတွက် တရားရုံးက မူဘာရက်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

    ဒါပမယ့် အဲဒီပြစ်ဒဏ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှာ ပယ်ဖျက်ပြီး ပြန်လည်စစ်ဆေးဖို့ အလ်စီစီဦးဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရက အမိန့်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အလွဲသုံးစားပြုတယ်ဆိုတဲ့ ပြစ်ဒဏ်အတွက် သူ့နဲ့ သူ့သားနှစ်ယောက်ကို ထောင်ဒဏ် ၃ နှစ်စီသာ ချမှတ်ခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် မတ်လ ၂ ရက်နေ့မှာ အီဂျစ်ရဲ့ ထိပ်တန်း အယူခံခုံရုံးက ၂၀၁၁ ခုနှစ် လူထုအုံကြွမှုအတွင်း ဆန္ဒပြသူတွေ သေဆုံးမှုနဲ့ ဆက်စပ်တဲ့ စွဲချက်အားလုံးကနေ မူဘာရက်ကို တရားသေလွှတ်ပေးခဲ့ပါတယ်။

    အသက် ၈၉ နှစ်အရွယ် မူဘာရ်ကဟာ အီဂျစ်မှာရှိနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားမှုကို ရင်ဆိုင်နေရပါတယ်။

    ၃။ ဘာရှာ အလ်-အာဆတ် – ဆီးရီးယား

    ဆီးရီးယားအာဏာရှင် အာဆတ်ကို တော်လှန်မှုဟာ ၂၀၁၁ ခုနှစ် မတ်လမှာ စတင်ခဲ့တာပါ။ သူ့အဖေ သမ္မတဟောင်း ဟာဖိဇ် အလ်-အာဆတ် သေတဲ့ ၂၀၀၀ ခုနှစ်ကတည်းက အာဆတ်ဟာ တိုင်းပြည်ကို အုပ်စိုးလာခဲ့တာ ဖြစပါတယ်။

    ဆန္ဒပြမှုကို နှိမ်နှင်းဖို့ အာဆတ်က စစ်တပ်ကို လျင်လျင်မြန်မြန်ပဲ ချထားလိုက်တာကြောင့် ဆန္ဒပြမှုကနေ ပြည်တွင်းစစ်အထိ ဖြစ်လာပြီး သူပုန်တွေက တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော်တော်များများကို ထိန်းချုပ်လိုက်တာကြောင့် ၂၀၁၅ ခုနှစ်မှာ အာဆတ်ဟာ စစ်ရှုံးလုနီးနီး ဖြစ်လာခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာမှာ ရုရှားက အာဆတ်ဘက်ကနေ ၀င်တိုက်ပေးခဲ့ပြီး အဲဒီအချိန်ကစလို့ အာဆတ်ရဲ့တပ်ဖွဲ့၊ အီရန်နဲ့နွယ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ဟစ်ဇ်ဘိုလာနဲ့ ရုရှားတို့ ပေါင်းကာ သူပုန်တွေကို ချေမှုန်းခဲ့တာကြောင့် အာဏာာရှင်အာဆတ်လည်း အခုအချိန်အထိ သက်ဆိုးရှည်နေတာ ဖြစ်ပါတယ်။

    ၇ နှစ် အတွင်း ၀င်ရောက်နေပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲအတွင်း လူ ၄ သိန်းကျော် သေဆုံးခဲ့ပြီး နိုင်ငံအတွင်းမှာရော၊ ပြင်ပကိုပါ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ လူပါင် ၁၀ သန်းကျော် ရှိပါတယ်။

    အာဆတ်က အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်ကတော့ ပျောက်ဆုံးနေဆဲပါ။

    ၅။ မွမ်မာ ဂဒါဖီ – လစ်ဗျား

    ယီမင်က ဆာလေဟ်လိုပဲ သူပုန်တွေရဲ့လက်ထဲမှာ အသက်ဆုံးခဲ့ရတဲ့ နောက်ထပ် အာရပ်အာဏာရှင်တစ်ယောက်က ဂဒါဖီဖြစ်ပါတယ်။

    တိုင်းပြည်ကို ၄၂ နှစ်ကြာအုပ်စိုးခဲ့ပြီးတဲ့နောက် သူ့ရဲ့ဇာတိမြို့ ဆီရ်တီမှာ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီက တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့မှာ ဂဒါဖီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဟာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ခဲ့ပြီး သူကလည်း စစ်တပ်ကိုအသုံးပြုကာ ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပါတယ်။

    ဒီကနေတစ်ဆင့် တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီး ပြင်သစ်တိုက်လေယာဉ်တွေ၊ အမေရိကန်ဒရုန်းတွေနဲ့အတူ နေတိုးအဖွဲ့လည်း တိုက်ခိုက်မှုမှာ ပါဝင်လာခဲ့ပါတယ်။

    ဂဒါဖီသေဆုံးသွားပေမယ့် လစ်ဗျားဟာ ၂၀၁၄ ခုနှစ် မှာ ပြည်တွင်းစစ်စခဲ့ပြီး မြို့တော် ထရီပိုလီနဲ့ နိုင်ငံအရှေ့ပိုင်းမှာ စင်ပြိုင်အစိုးရနှစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ မှိုလိုပေါက်လာပြီး IS လိုအကြမ်းဖက်အဖွဲ့တွေက ဒေသတစ်ချို့ကို ထိန်းချုပ်နိုင်တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။

    လက်ရှိအထိလည်း လစ်ဗျားတဲ့အခြေအနေဟာ ရုန်းကန်နေရဆဲပါ။

    Ref: Aljazeera

  • ကမ္ဘာတစ်ဝှမ်း ပဋိပက္ခဒဏ်ခံပြည်သူများအား ကူညီရန် လိုအပ်ငွေ စံချိန်တင်

    ကမ္ဘာတစ်ဝှမ်း ပဋိပက္ခဒဏ်ခံပြည်သူများအား ကူညီရန် လိုအပ်ငွေ စံချိန်တင်

    ဒီဇင်ဘာ ၂၊ ၂၀၁၇
    M-Media

    ဆီးရီးယားမှ ကလေးငယ်များ

    – ကမ္ဘာတစ်ဝှမ်းရှိ ပဋိပက္ခများကြောင့် အတိဒုက္ခခံစားနေရသူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ၂၀၁၈ခုနှစ်တွင် ကန်ဒေါ်လာ ၂၂.၅ ဘီလီယံ လိုအပ်မည်ဟု ကုလက ပြောကြားလိုက်ပြီး စံချိန်တင် ပမာဏလည်းဖြစ်သည်။

    တောင်ဆူဒန်၊ ဆီးရီးယား၊ အာဖဂန်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ မြန်မာနိုင်ငံမှ ထွက်ပြေးရသည့် ဒုက္ခသည်များ အပါအ၀င် ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁၃၅ သန်းမှာ အကူအညီများ လိုအပ်နေပြီး ယီမင်နိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဆိုးဝါးဆုံးအခြေအနေဖြင့် ရင်ဆိုင်နေရသည်။

    စစ်ပွဲများ ဖြစ်ပွားနေသည့် ယီမင်တွင် အစားအသောက် ပြတ်လတ်မှုနှင့် ၀မ်းရောဂါ ဖြစ်ပွားနေပြီး အကူအညီလိုအပ်နေသူမှာ ၂၂ သန်း ကျော် ရှိနေသည်။

    နိုက်ဂျီးရီးယားတွင် စစ်တပ်နှင့် လက်နက်ကိုင်အုပ်စုများအကြား တိုက်ခိုက်မှုများကြောင့် အမျိုးသမီးအများစုအပါအ၀င် လူပေါင်း ၁၄.၅ သန်းမှာ အတိဒုက္ခနှင့် ရင်ဆိုင်နေရသည်။ အာဖရိကရှိ ပဋိပက္ခဖြစ်ပွားရာ အခြားနိုင်ငံတစ်ခုမှာ ကွန်ဂိုနိုင်ငံဖြစ်ပြီး လူပေါင်း ၁၃ သန်းကျော်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆိုးရွား
    သည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။

    ကုလက တောင်းဆိုသည့် ငွေပမာဏ၏ ၃ ပုံတစ်ပုံမှာ ၇ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံမှ ဆီးရီးယားပြည်သူ ၂၂ သန်းကျော်မှာ အကူအညီများ ပေးအပ်ရန် ဖြစ်သည်။

    အတိဒုက္ခရောက်နေသည့် လူပေါင်း ၁၃၅ သန်းမှ ၉၁ သန်းကိုသာ ကုလက ကူညီမည်ဖြစ်ပြီး လိုအပ်သည့် ၂၂.၅ ဘီလီယံကို အပြည့်အ၀ ရရှိရန်မှာ မလွယ်ကူပေ။

    ပြီးခဲ့သည့်နှစ်က ဒုက္ခသည်များကို ကူညီရန်အတွက် ကုလက တောင်းဆိုခဲ့သည့် ရန်ပုံငွေ၏ စုစုပေါင်း ၅၂.၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    Ref: Aljazeera

     

  • စစ်လျှော့ချရေးဇုန်တွင် ဆီးရီးယားအစိုးရက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံး

    စစ်လျှော့ချရေးဇုန်တွင် ဆီးရီးယားအစိုးရက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံး

    နိုဝင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲမှုများကြောင့် အရပ်သားများစွာ သေဆုံးခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဒမတ်စတ်အပြင်ဘက် အရှေ့ဂူတာခရိုင်တွင် သူပုန်များ ထိန်းချုပ်ထားသော ဒေသအား ဆီးရီးယားအစိုးရက တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်မှုအတွင်း မနေ့က အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ယူကေအခြစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ဒါရိုက်တာဖြစ်သူ ရာမီ အဘ်ဒဲလ် ရဟ်မန်က ဆိုးဆိုးရွားရွား ဒဏ်ရာရသူ အရေအတွက် များပြားခြင်းကြောင့် သေဆုံးသူ မြင့်တက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

    ဂူတာခရိုင်တွင် ပြီးခဲ့သည့် ၂ ပတ်အတွင်း အစိုးရ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟုလည်း စောင့်ကြည့်အဖွဲ့က ဆိုသည်။

    ယမန်နေ့တိုက်ခိုက်မှုမှာ လူနေရပ်ကွက်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ အရှေ့ဂူတာခရိုင်မှာ တူရကီ၊ ရုရှားနှင့် အီရန်တို့က သဘောတူညီထားသည့် တိုက်ပွဲများ လျှော့ချရေးဇုန်လည်း ဖြစ်သည်။

    Ref: Aljzeera