News @ M-Media

Tag: Syria

  • ဆီးရီးယားအရေး ရုရှား၊ တူရကီနှင့် အီရန်တို့ ဆွေးနွေးမည်

    ဆီးရီးယားအရေး ရုရှား၊ တူရကီနှင့် အီရန်တို့ ဆွေးနွေးမည်

    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ဆီးရီးယားပြဿနာအတွက် ရုရှား၊ အီရန်နှင့် တူရကီခေါင်းဆောင်များမှာ ရုရှားနိုင်ငံ ကမ်းရိုးတမ်းမြို့ ဆိုချီတွင် တွေ့ဆုံဆွေးနွေးရန် ရှိနေသည်ဟု သိရသည်။

    ခေါင်းဆောင် ၃ ဦးမှာ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံသွားမည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင်လည်း အဆိုပါ ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ တူရကီကမ်းရိုးတန်းမြို့ အန်တာလ်ယာတွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆီးရီးယား၌ ဓာတုလက်နက် အသုံးပြုမှု ရှိ၊ မရှိ ကုလ၏ စုံစမ်းစစ်ဆေးမှုအဖွဲ့၏ တာဝန်ကို သက်တမ်းထပ်တိုးရေး ကုလလုံခြုံရေးကောင်စီတွင် အမေရိကန်က တင်သွင်းသည့် အဆိုနှင့် ဂျပန်က တင်သွင်းသည့် အဆိုပါအဖွဲ့၏ တာဝန်ကို ယာယီထပ်တိုးရေး အဆိုတို့ကို ရုရှားက ဗီတိုအသုံးပြု ပယ်ချခဲ့ပြီးနောက် ယခုအစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ရုရှားမှာ ဆီးရီးယားတွင် ဓာတုတိုက်ခိုက်မှု တားဆီးရေး နိုင်ငံတကာ၏ ကြိုးပမ်းမှုကို နှောက်ယှက်နေသည်ဟု ပြောကြားခဲ့သည်။

    ရုရှားသမ္မတပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဗုဒ္ဓဟူးနေ့ ဆွေးနွေးမှုတွင် ၃ နိုင်ငံသာ ပါဝင်မည်ဖြစ်ပြီး ထိုနိုင်ငံများမှာ လက်ရှိ ဆီးရီးယားတွင် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စများကို အာမခံပေးသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • IS လက်မှ ဒီအက်ဇိုမြို့ကို ဆီးရီယားစစ်တပ် ပြန်သိမ်းနိုင်

    IS လက်မှ ဒီအက်ဇိုမြို့ကို ဆီးရီယားစစ်တပ် ပြန်သိမ်းနိုင်

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    – ဆီးရီးယားတွင် IS ထိန်းချုပ်ထားသည့် နောက်ဆုံး မြို့ပြနယ်မြေတစ်ခုဖြစ်သော ဒီအက်ဇိုမြို့ကို ဆီးရီးယားစစ်တပ်နှင့် ၎င်း၏ မဟာမိတ်တပ်များက ယမန်နေ့တွင် လုံးဝ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ရေနံပေါကြွယ်ဝသည့် ပြည်နယ်တွင်ရှိသော အဆိုပါမြို့ကို ၂၀၁၄ ခုနှစ်တွင် IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဆီးရီးယားအစိုးရစစ်တပ်နှင့် ပြည်သူ့စစ်များမှာ ၃ နှစ်ကြာ ပိတ်ဆို့ခံထားခဲ့ရသည်။

    အဆိုပါ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ခဲ့ပြီးနောက် ဆီးရီးယားတပ်များမှာ စက်တင်ဘာတွင် မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့သည်။

    ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က ဒီအက်ဇိုပြည်နယ်၏ ၄၀ ရာခိုင်နှုန်းကို IS က ထိန်းချုပ်ထားနိုင်ဆဲဟု ဆိုသည်။

    အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် ကာ့ဒ်ဦးဆောင်သော တပ်ဖွဲ့များနှင့် ဆီးရီးယားစစ်တပ်တို့မှာ ဒီ အက်ဇိုပြည်နယ်အား ပြန်လည် သိမ်းပိုင်နိုင်ရေး ကြိုးပမ်းအားထုတ်နေကြသည်။

    Ref : Aljazeera

  • ဆီးရီးယားတွင် IS ၏ သိမ်းပိုက်နေမြေ ၅ ရာခိုင်နှုန်းသာ ကျန်ရှိ

    ဆီးရီးယားတွင် IS ၏ သိမ်းပိုက်နေမြေ ၅ ရာခိုင်နှုန်းသာ ကျန်ရှိ

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    ဆီးရီးယားရှိ တိုက်ပွဲဖြစ်ပွားရာ မြင်ကွင်းတစ်ခု

    – ဆီးရီးယားတွင် IS လက်ထဲသို့ ကျရောက်နေသည့် နယ်မြေမှာ ၅ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု ရုရှားက ပြောကြားလိုက်ပြီး မိမိတို့၏ လေတပ်အထောက်အပံ့ဖြင့် ဆီးရီးယားအစိုးရစစ်တပ်မှာ ထိုးစစ်များကို ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။

    တနင်္လာနေ့တွင် ဖိလစ်ပိုင်၌ပြုလုပ်သော ညီလာခံတစ်ခု၌ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က IS အကြမ်းဖက်အဖွဲမှာ ရုရှားစစ်တပ်ဦးဆောင်သော လေကြောင်းထိုးစစ်များမပြုလုပ်မီ ၂၀၁၅ စက်တင်ဘာလက ဆီးရီးယား ပိုင်နက် ၇၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြောင်း၊ ရုရှားစစ်လေယာဉ်များသည် အကြမ်းဖက်စခန်း ၉၀၀ ကျော်နှင့် လက်နက်အမြောက်အများကိုလည်း ဖျက်စီးပစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ရုရှားစစ်တပ်နှင့် မဟာမိတ်တပ်များ၏ ပံ့ပိုးမှုဖြင့် ဆီးရီးယားစစ်တပ်သည် IS တပ်ဖွဲ့များ သုံးနှစ်ကြာတပ်စွဲထားသော Dayr al-Zawr ပြည်နယ်ကို ပြီးခဲ့သည့်တစ်ပတ်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

    ၂၀၁၄ ခုနှစ် အလယ်ပိုင်းက ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအမြောက်အများကို IS အကြမ်းဖက်သမားများက သိမ်းယူနိုင်ခဲ့သည့်အချိန်တွင် Dayr al-Zawr ပြည်နယ်မှာလည်း ၎င်းတို့လက်သို့ ကျရောက်ခဲ့သည်။

    Ref: Press TV

  • ဆီးရီးယားရှိ မဟာဗျူဟာမြောက် ရက်ကာမြို့ IS လက်မှ လွတ်မြောက်

    ဆီးရီးယားရှိ မဟာဗျူဟာမြောက် ရက်ကာမြို့ IS လက်မှ လွတ်မြောက်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    အောင်ပွဲခံနေသည့် ကာ့ဒ်တပ်ဖွဲ့ဝင် တစ်ဦး

    – IS အကြမ်းဖက်အဖွဲ့က ၎င်းတို့မြို့တော်အဖြစ် သတ်မှတ်ခဲ့သည့် မဟာဗျူဟာမြောက် ရက်ကာမြို့ကို အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့နှင့် အာရပ်တပ်ဖွဲ့များက ယနေ့တွင် အပြည့်အ၀ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    ၅ လကြာ တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး IS အကြမ်းဖက်သမား တစ်ယောက်ချင်းကို လိုက်လံသုတ်သင်နေကာ မြေမြှုပ်မိုင်းများကို ဖယ်ရှားနေသည်ဟု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) မှ ပြောရေးဆိုခွင့်ရှိသူ တာလာလ် ဆဲလ်လိုက ပြောကြားခဲ့သည်။

    ရက်ကာမြို့အား IS က ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ၎င်းတို့၏ ခါလီဖိတ်မြို့တော်အဖြစ် ကြေငြာခဲ့သည်။

    SDF မှာ ဇွန်လ ၆ ရက်နေ့မှစ၍ ရက်ကာမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်စတင်ခဲ့ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးအတွင်း အရပ်သား ၉၀၀ ကျော် သေဆုံးခဲ့ပြီး မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၇၀ အထိ သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးကွန်ယက်က ပြောကြားခဲ့သည်။

    အမေရိကန်နှင့် SDF တို့က ရက်ကာမြို့အား အရပ်သားအုပ်ချုပ်ရေးဖက်သို့ လွှဲပြောင်းပေးသွားမည်ဟု ပြောကြားထားသော်လည်း လူမျိုးစုံရှိနေပြီး ပထ၀ီအနေအထားအရ အရေးပါမှုက လွှဲပြောင်းရေးကိစ္စကို ကြန့်ကြာစေမည့်အခြေအနေမျိုး ရှိနေသည်။

    Ref: Aljazeera

     

  • ဆီးရီးယားတွင် တိုက်ခိုက်မှုလျှော့ချရေး သဘောတူညီချက်ရ

    ဆီးရီးယားတွင် တိုက်ခိုက်မှုလျှော့ချရေး သဘောတူညီချက်ရ

    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    ဆီးရီးယားတွင် အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာပြမြေပုံ

    – ဆီးရီးယားရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် တင်းမာမှုလျှော့ချရေး သဘောတူညီချက်ကို ရရှိခဲ့ပြီဟု ရုရှား၊ တူရကီနှင့် အီရန်တို့က ပူးတွဲ ကြေငြာချက် ထုတ်ပြန်လိုက်သည်။

    ကာဇက်စတန်မြို့တော် အက်စ်တာနာတွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် ဆွေးနွေးမှုအတွင်း ယခုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်သက်တမ်းမှာ ၆ လဖြစ်ကာ သက်တမ်းထပ်တိုးနိုင်မည်ဖြစ်သည်။

    ယခုသဘောတူညီချက်တွင် အကျုံးဝင်မည့် ဒေသအများစုမှာ သူပုန်များ ထိန်းချုပ်ထားသည့် နေရာများဖြစ်သည်။ လေကြာင်းတိုက်ခိုက်မှု အပါအ၀င် အစိုးရပ်တပ်များနှင့် သူပုန်များအကြား တိုက်ခိုက်မှုများ ရပ်တန့်ရေး ကြိုးစားရမည်ဖြစ်ကာ ရုရှား၊ တူရကီနှင့် အီရန်တို့က နှစ်ဖက် အာမခံပေးသူများဖြစ်သည်။

    အလ်-ကိုင်းဒါး လက်ခွဲအဖွဲ့ဟောင်း အလ်-နူဆရာတပ်ဦး ဦးဆောင်သည့် မဟာမိတ်အဖွဲ့များက ထိန်းချုပ်ထားသော အစ်ဒ်လစ်ဘ် ပြည်နယ်တွင် တပ်များ မည်ကဲ့သို့ ချမည်ဆိုသည်နှင့်ပတ်သက်၍ အဆိုပါ ၃ နိုင်ငံမှ ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးနေကြသည်။

    ဒေသတွင်းမီဒီယာများကမူ အစ်ဒ်လစ်ပြည်နယ်အား ၃ ပိုင်း ပိုင်းကာ၊ တူရကီ၊ အီရန်နှင့် ရုရှားတို့က ခွဲဝေ ထိန်းချုပ်သွားမည်ဟု ဆိုသည်။

    ယခု သဘောတူညီခဲ့ကြသည့် နေရာများတွင် ဆီးရီးယားပြည်သူ ၂.၅ သန်း ပိတ်မိနေပြီး ၎င်းတို့အတွက် အကူအညီပေးရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်လည်း သဘောတူညီချက်တွင် ပါဝင်သည်။

    Ref: Aljazeera