News @ M-Media
Tag: Syria
  • ဆီးရီးယားအပေါ် အမေရိကန်ရဲ့စစ်ရေးစွက်ဖက်မှုကို ဆန့်ကျင်ကြပါစို့(သုံးသပ်ချက်-ဘာသာပြန်)
    စက်တင်ဘာ၊ ၁၁ ၊ ၂၀၁၃
    M-Media
    သာကီ ထက်ကောင်း ဘာသာပြန်ဆိုသည်။
    worldwide-protests-syria-strike.si
    ဒီနေရာမှာ ကျွန်တော့်အကြောင်း အနည်းငယ် ကြားညှပ်ပြောပါရစေ။ ကျွန်တော်ဟာ ဓာတုလက်နက်အသုံးချမှုဖြစ်စေ သမရိုးကျလက်နက်အသုံးချမှုဖြစ်စေ ဆန့်ကျင်သူပါ။ နိုင်ငံရေးပဋိပက္ခအပေါင်းကို အပြန်အလှန်ဆွေးနွေးချက်နဲ့ အဖြေရှာခြင်းကို ထောက်ခံသူသာဖြစ်ပါတယ်။ မည်သည့်လက်နက်အမျိုးအစားကိုမဆို အသုံးချစစ်တိုက်ပြီးတဲ့နောက်မှာမှ သက်ဆိုင်ရာပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲလုပ်နေတာဟာ လူသားတွေအတွက် ပြောင်းပြန်ဖြစ်နေတယ်(လို့ကျွန်တော်မြင်ပါတယ်)။ ဆီးရီးယားအပေါ် စစ်ရေးအရ ၀င်စွက်ဖက်ဖို့ အမေရိကရဲ့ဟန်ပြင်နေခြင်းအပေါ် ကျွန်တော် ဘာကြောင့်ဆန့်ကျင်ရသလဲ ဆိုတဲ့အကြောင်းရင်းကို နားလည်စေချင်လို့ ဒီအချက်ကို အရင်ကြားညှပ်ဖော်ပြခြင်းဖြစ်ပါတယ်။
    ဆီးရီးယားအစိုးရက မိမိပြည်သူတွေအပေါ် ဓာတုလက်နက်တွေ အသုံးပြုနှိမ်နင်းခဲ့တယ်လို့ဆိုပြီး စစ်ဆင်တာဟာ လုံလောက်တဲ့အကြောင်းပြချက် မဟုတ်ပါဘူး။ ဓာတုလက်နက်တွေထုတ်လုပ်ပြီး ဆီးရီးယားကို ရောင်းချပေးခဲ့တာက မဟာပါဝါ နိုင်ငံကြီးတွေသာ ဖြစ်နေလို့ပါဘဲ။
    သမ္မတအိုဘားမားအနေနဲ့ “ရက်အကန့်အသတ်စစ်ပွဲ” အဖြစ် တကယ်ဆောင်ရွက်တယ်ဆိုလျှင်ပင် အမေရိကန်ရဲ့စစ်ရေးကျူးကျော်မှုမှာ ဖြစ်နိုင်ချေကိစ္စတွေ တော်တော်များများ ရှိနေပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီဆိုယင် ဘရှားရ် အလ် အဆဒ်က ဗုံခိုကျင်းထဲဝင်ရောက်ပြီး စစ်ရေးကို ညွှန်ကြားပါလိမ့်မယ်။ လေကြောင်းစစ်ဆင်ရေးကြောင့် သူ့ဗုံးခိုကျင်း အဟောသိကံ ဖြစ်ပြီဆိုယင် သူက အီရန်ဖက် ပြေးပါလိမ့်မယ်။ အီရန်အစိုးရက သူ့ရဲ့လုံခြုံရေးကို အပြည့်အ၀ ကာကွယ်ပေးပြီး စစ်မက်ကို ဆက်လက်ဖြစ်ပွားစေပါလိမ့်မယ်။ သူ အသက်ရှင်နေသရွေ့ စစ်ပွဲက ပြီးဆုံးမယ့် လက္ခဏာ မရှိပါဘူး။
    ဒီလိုဖြစ်အင်မျိုး အမှန်ဖြစ်လာခဲ့ယင် ဆီးရီးယားစစ်တပ်ကိုချည့်နဲ့စေဖို့ နဲ့ ဓာတုလက်နက်တွေကိုဖျက်ဆီးဖို့ ရည်ရွယ်ပြီး “ကန့်သတ်ရက် ၆၀ လေကြောင်းတိုက်ပွဲ ” ဟာ လက်တွေ့အလုပ်ဖြစ်မှာ မဟုတ်ပေဘူး။ ဘားရက်ခ် အိုဘားမားအနေနဲ့လည်း စစ်မီးမွှေးသူအဖြစ် သတ်မှတ်ခံရကိန်း ရှိနေတယ်။
    ဒုတိယမြောက်ဖြစ်နိုင်ချေကိစ္စကတော့ ….
    ဆီးရီးယားစစ်တပ်ကိုနှိမ်နှင်းမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပုန်ကန်သူ ဆီးရီးယားတိုက်ခိုက်ရေးသမားတွေဟာ ပိုပြီးအားကောင်းသွေးကြွလာဖို့ ရှိတယ်။ အဲ့ဒီအခြေအနေရောက်ယင် လက်ဘနွန်နဲ့အီရတ်မှာရှိတဲ့ အီရန်ရဲ့အထောက်ပံ့ခံ ရှီအဟ်တိုက်ခိုက်ရေးသမားတို့က ဆီးရီးယားစစ်တပ်ကိုကူညီဖို့ ၀င်ရောက်လာကြမှာဘဲ။ ဒီတော့ စစ်ပွဲရဲ့လမ်းကြောင်းချော်သွားတော့မှာဖြစ်တယ်။
    တတိယမြောက်ဖြစ်နိုင်ချေကတော့ ….
    တကယ်လို့ အမေရိကန်လေကြောင်းစစ်ပွဲက ဘရှားရ် အလ် အဆဒ်ကို ဖြုတ်ချနိုင်ပြီး ပုန်ကန်သူတွေ အနိုင်ရခဲ့ယင် အီရန်ခေါင်းဆောင်တွေက “ ငါတို့ကိုဆန့်ကျင်မဲ့အစိုးရဖွဲ့လိမ့်မယ် ” လို့ တွက်ဆကြပါလိမ့်မယ်။ အမေရိကန်အားပေးရပ်တည်တဲ့ ဆီးရီးယားအစိုးရအဖို့ အီရန်က မုလ္လာဟ်တွေကို ကြောက်လန့်နေရတော့မှာ အမှန်ဘဲ။
    ဒီလိုဆိုယင်ဖြင့် အမေရိကန်ပံ့ပိုးတဲ့ ဆီးရီးယားပုန်ကန်သူအုပ်စု နဲ့ အီရန်ပံ့ပိုးတဲ့အုပ်စုတွေအကြား တိုက်ပွဲငယ်တွေ ဆက်ဖြစ်ပြီး အတောမသတ်တဲ့စစ်ပွဲတွေ ဖြစ်လာဖို့များပါတယ်။ အမေရိကန်အားပြုဆီးရီးယားပုန်ကန်သူတွေအပေါ် သွားပြီးတိုက်ကြဖို့ အီရတ်မှာရှိတဲ့ ရှီအဟ်အုပ်စု နဲ့ လက်ဘနွန်နိုင်ငံက ရှီအဟ်တိုက်ခိုက်ရေးသမား(ဟစ်ဇ်ဘိုလာ)တွေကို အီရန်က တွန်းပို့မှာအမှန်ဘဲ။
    ဒီအနေအထားရောက်ပြီဆိုမှတော့ ဒေသတစ်ခုလုံးနဲ့သက်ဆိုင်တဲ့စစ်ပွဲအဆင့်ထိ ဖြစ်သွားနိုင်ပါတယ်။ တခြား အာရဗ်နိုင်ငံတွေမှာရှိတဲ့ ရှီအဟ်တွေကို ငွေကြေးထောက်ပံ့လို့ ဆီးရီးယားထဲ ၀င်ရောက်စေမယ်။ ဘရှားရ် အလ် အဆဒ် ရဲ့စစ်တပ်အကြွင်းအကျန်တွေနဲ့ ပူးပေါင်းစေမယ်။ အဲ့ဒီအကြွင်းအကျန်တပ်တွေကလည်း အီရန်တော်လှန်ရေးအဖွဲ့ရဲ့ ဖေးမမှုအားဖြင့် အီရန်နယ်စပ်ကနေတဆင့် လက်နက်ခဲ့ယမ်းတွေ လွတ်လပ်စွာ ရွှေ့ပြောင်းသယ်ဆောင်နေလိမ့်မယ်။
    အခြားတစ်ဖက်မှာတော့ ဆော်ဒီအာရေဗျ၊ တူရကီ၊ ကာတာ စတဲ့နိုင်ငံတွေက သူတို့ရဲ့ ရေနံဝင်ငွေတွေသုံးပြီး အခြားနိုင်ငံက စွန္နီတွေကို ထောက်ပံ့မယ်။ ဆီးရီးယားထဲဝင်စေပြီး ရှီအဟ်တွေကို ပြန်တိုက်ခိုင်းမယ်။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုယင် မြို့ရွာများစွာမှာ နေ့စဉ်နဲ့အမျှ စွန္နီနဲ့ရှီအဟ်အကြား ဘာသာတူအတွင်းအပြန်အလှန် ပြဿနာရှာအကြမ်းဖက်နေကြတဲ့ ဒုတိယအီရတ်ဘ၀အဖြစ် ဆီးရီးယားက ဆိုက်ရောက်သွားတော့မှာဖြစ်တယ်။
    ဒီစစ်မက်ကူးစက်ခြင်းသီအိုရီက အိမ်နီးချင်း လက်ဘနွန်အပေါ် အကျိုးသက်ရောက်သွားတဲ့အခါ အဲ့ဒီက စွန္နီနဲ့ရှီအဟ် စစ်သွေးကြွများအနေနဲ့ ထိပ်တိုက်တွေ့မှု ပိုမိုပြင်းထန်လာနိုင်ပါတယ်။ လက်ဘနွန်ဗဟိုတပ်မတော်အနေနဲ့လည်း ဒီစစ်အုပ်စုတွေအပေါ် ဘယ်လိုမှထိန်းချုပ်နိုင်စွမ်းရှိတော့မယ် မထင်ဘူး။
    ဆီးရီးယားစစ်မီးက ဒေသတစ်ခုလုံးတောက်လောင်သွားမယ်ဆိုပါစို့။ အစ္စရေးရဲ့လုံခြုံရေးကို ပါလက်စတိုင်းတွေက ခြိမ်းခြောက်လာပါလိမ့်မယ်။ အစ္စရေးနိုင်ငံအဖြစ် ရပ်တည်တည်ရှိနေမှုကို သူတို့က ဘယ်တုန်းကမှ လက်မခံနိုင်ကြသူတွေလေ။ ဒီတော့ သူတို့ဟာ ဆီးရီးယားစစ်မီးကူးစက်မှုကို အသုံးချပြီး အစ္စရေးကို ဆွဲသွင်းလို့ စစ်ရေး အားပြိုင်လာကြပါလိမ့်မယ်။
    စစ်ရေးစစ်ရာကျယ်ပြန့်လာတာနဲ့အမျှ အမေရိကန်ဒေါ်လာကြီးစိုးမင်းမူနေတဲ့ ကမ္ဘာ့စီးပွားရေးဟာလည်း တစ်ဆင့်ပြီး တစ်ဆင့် ထိခိုက်နစ်နာသွားမှာဖြစ်တယ်။ ဒီလိုဆိုရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။
    သမ္မတ ဂျော့ဂ်ျဘုရှ် ဂျူနီယာက အီရတ်ကို ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်။ အဲ့ဒီတုန်းက ကမ္ဘာ့စီးပွားရေးပေါ်အကျိုးသက်ရောက်မှုကို ကျွန်တော်တို့ ပြန်လည်စောင်းငဲ့ကြည့်သင့်တယ်။ လူအစုလိုက်အပြုံလိုက် ပျက်စီးစေမယ့်လက်နက်တွေရှိနေတဲ့အတွက် ဆက်ဒမ်ဟူစိန်ကို အရေးယူဖို့ ဘုရှ်က အီရတ်ကို စစ်ဆင်ခဲ့တာလေ။
    ဂျော့ဂ်ျဘုရှ်မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေခဲ့တယ်။ အီရတ်မှာရှိတဲ့ ဒုတိယမြောက်ကမ္ဘာ့အကြီးဆုံးရေနံသိုက်ကို ထိန်းချုပ်နိုင်ဖို့ပါဘဲ။ ဒါမှ ရေနံစိမ်းဈေးနှုန်းကို ဆွဲချနိုင်မယ် မဟုတ်လား။ အဲ့ဒီကျူးကျော်စစ်ဆင်မှုဟာ အများဆုံး ခြောက်လဘဲ အချိန်ကြာညောင်းမယ်လို့ သူက တွက်ချက်ခဲ့တယ်။ ခြောက်လအတွင်း သူ့ရည်ရွယ်ချက် အထမြောက်ရမယ်လို့ပေါ့။
    ဒါပေမယ့်လည်း စစ်ပွဲက ၆ လမက သက်ဆိုးရှည်ခဲ့တဲ့အပြင် သူ့ရည်မှန်းချက်လည်း မပေါက်မြောက်ခဲ့ပါဘူး။ အဆုံးသတ်မှာ အခွန်ထမ်းအမေရိကန်တွေ၊ အခြားနိုင်ငံသားတွေရဲ့ ကုဋေပေါင်းများစွာ ဒေါ်လာငွေတွေဟာ ပြန်အမ်းပေးမှာမဟုတ်သော လက်နက်ခဲယမ်းဝယ်ယူတပ်ဆင်ရေးမှာ အသုံးပြုခံခဲ့ရတယ်။ ဘုရှ်ရဲ့ အီရတ်စစ်ပွဲဟာ လက်ရှိ ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှု၊ ငွေကြေးပြဿနာများ ဖြစ်ပေါ်ရခြင်း အခြေခံအကြောင်းရင်းတစ်ရပ်ပါဘဲ။ အမေရိကန်ရဲ့ အီရတ်ကျူးကျော်စစ်ပွဲအတွက် ကျွန်တော်တို့အားလုံး ဒီနေ့ထက်ထိ ပေးဆပ်နေရဆဲဖြစ်ပါတယ်။
    ဘားရက်ခ်အိုဘားမားရဲ့ “ဆီးရီးယားအပေါ် ရက်တိုကန့်သတ်စစ်ပွဲ” ထဲမှာ ဒီအချက်က ပါဝင်ပတ်သက်နေပါတယ်။ စစ်ပွဲမှန်သမျှ ငွေကို သုံးရတာချည်းဘဲ။ ဒီငွေကို ဘယ်သူပေးမှာလဲ ? ဘုရှ်ရဲ့အီရတ်ကျူးကျော်စစ်ကြောင့် ကမ္ဘာ့စီးပွားရေးက ပြန်လည်နာလန်မထနိုင်သေးပါဘူး။ အခုတစ်ခါ အမေရိကန်ရဲ့စွန့်စားခန်းအသစ်တစ်ရပ်ကို ကျွန်တော်တို့ ထပ်မံ ကြုံတွေ့ရတော့မယ်။ ဒီစစ်ပွဲမှာ ကမ္ဘာ့ငွေကြေးတွေ စီးဝင်သွားပါဦးမယ်။
    စစ်ဖြစ်တာကို ကျွန်တော်တို့အားလုံး သိကြပေမယ့် စစ်ရဲ့အဆုံးသတ်မှု နဲ့ စစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ကျွန်တော်တို့ မသိမြင်ကြဘူး။ ယခုပြင်ဆင်နေတဲ့စစ်ပွဲက ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာလိမ့်မယ်ဆိုတဲ့ လက်ငင်းအကျိုးတရားတစ်ခုကို စဉ်းစားမိကြပါလိမ့်မယ်။ အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍများရဲ့ ရံပုံငွေတွေဟာ ဆီးရီးယားကို ဒဏ်ခတ်ရေးအတွက် လမ်းကြောင်းပြောင်းအသုံးချခံရပါတော့မယ်။ နိုင်ငံအချင်းချင်းဖြစ်ရတဲ့ စစ်ပွဲ အတွက်လည်း မဟုတ်ဘူး။ ဓာတုလက်နက်များအသုံးပြုမှုဆိုတဲ့ အကြောင်းပြချက်ဖြစ်နေတယ်။ ဒီဓာတုလက်နက်တွေကို ထုတ်လုပ်နေတဲ့တိုင်းပြည်များကိုတော့ ဒဏ်မခတ်ဘဲ အသုံးပြုသူတွေကို ဒဏ်ခတ်နေသတဲ့လား ?
    လာလတ္တံ့သော ကပ်ဆိုးဒုက္ခတွေကို ကာကွယ်ဖို့ ဘာလုပ်ကြမှာလဲ ? ဒီမေးခွန်းရဲ့အဖြေက အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား နဲ့ ရုရှသမ္မတ ဗလာဒီမာပူတင် တို့အပေါ် မူတည်နေပါတယ်။ သူတို့နှစ်ဦးဟာ ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ဂျီနီဗာငြိမ်းချမ်းရေးကွန်ဖရင့် ကျင်းပဆောင်ရွက်ဆွေးနွေးဖို့ အရေးပေါ် လိုအပ်ပါတယ်။
    ဆီးရီးယားပြဿနာအပေါ် နိုင်ငံရေးအရ နည်းလမ်းရှာအဖြေထုတ်ရေးအတွက် ဒီကွန်ဖရင့်က ရည်ရွယ်ရပါလိမ့်မယ်။ စစ်ရေးဟန်ပြင်နေကြတဲ့ အင်အားစုအားလုံး ဒီကွန်ဖရင့်ထဲ ပါဝင်ဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် ဘာသာရေးစွက်ဖက်မှု ကင်းရှင်းတဲ့ ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့စည်းပေးပြီး သမ္မတ ဘရှားရ် အလ် အဆဒ်ကို အသာတကြည် အာဏာစွန့်သွားစေမှာဖြစ်ပါတယ်။ ဆီးရီးယားကို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံသစ်တစ်ခုဖြစ်စေချင်ယင်တော့ ဒီအရာနဲ့ အစပြုရပါလိမ့်မယ်။ စစ်ပွဲနဲ့ ဘယ်တော့မှ အဖြေထွက်လာမှာ မဟုတ်ပါဘူးဗျာ။
    **  Lagos State University, Lagos ၏ ပြင်သစ်စာပေသင်ကြားရေးဌာနမှ Professor Fatunde ရေးသားသော Against U.S. intervention in Syria သုံးသပ်ချက်ဆောင်းပါးကို “ သာကီ ထက်ကောင်း ” မှ ဆီလျော်အောင်ပြန်ဆိုပါသည်။
  •ှဆီးရီးယားအား တပ်ပေါင်းစုဖြင့် တိုက်ရန် အမေရိကန် ကွန်ကရက် ဆုံးဖြတ်ပိုင်ခွင့် မရှိဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးပြော
    စက်တင်ဘာ – ၂ ရက်၊ ၂၀၁၃
    M-Media
    Iranian Foreign Minister Mohammad Javad Zarif
    ဆီးရီးယားပဋိပက္ခအပေါ် တပ်ပေါင်းစုဖွဲ့၍ စစ်ရးအရ၀င်ရောက်စွက်ဖက်ရန် အမေရိကန်ကွန်ကရက်လွှတ်တော်မှ မီးစိမ်းပြလိမ့်မည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မုဟမ္မဒ် ဂျဗာ့ဒ် ဇာရိဖ်မှ ပြောဆိုသည်။
    “ အထူးအရေးကြီးအနေအထားဖြစ်လာယင် ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တစ်ခုတည်းကသာ တပ်ပေါင်းစုနဲ့အရေးယူဖို့ အခွင့်အာဏာပေးအပ်နိုင်ပါတယ်။ ပြီးတော့ ဒီကိစ္စကို လုံခြုံရေးကောင်စီက လက်ခံအတည်ပြုဖို့လည်း လိုအပ်ပါတယ် ” ဟု ဇာရိဖ်က တနင်္ဂနွေနေ့တွင် ဆိုလိုက်သည်။
    ဓာတုလက်နက်များအသုံးပြုသည်ဟုဆို၍ ဆီးရီးယားအား စစ်ရေးအရအရေးယူရန် အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားက စနေနေ့တွင် ပြောကြားသည်သာမက ကွန်ကရက်၏လက်ခံမှုရရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့် စက်တင်ဘာ ၉ ရက်တွင် အမေရိကန်ဥပဒေပြုအမတ်များသည် ဤအရေးနှင့်စပ်လျဉ်း၍ အလွတ်သဘော အချေအတင်ဆွေးနွေးကြမည်ဖြစ်သည်။
    “ မစ္စတာအိုဘားမားဟာ မိမိဆန္ဒအပေါ်အခြေခံပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်းလဲဖို့ နဲ့ ဖွင့်ဆိုဖို့ အခွင့်မရှိပါဘူး။  ဒီအရေးနဲ့ပတ်သက်လို့ အိုဘားမားဟာ ရက်များစွာအချိန်ယူပြီး နှစ်ခါပြန်စဉ်းစားဖို့ အမြင်ကျယ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ စစ်လိုလားသူလို့ အမြင်ခံနိုင်ကြမှာ မဟုတ်လို့ပါဘဲ ” ဟု ဇာရိဖ်က ထပ်မံ ပြောကြားခဲ့သည်။
    အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးမွှေးရေးကိစ္စ၌ အများမှပါဝင်အောင်ကြိုးစားနေမှုမှာ လွယ်လင့်တကူဖြစ်မည် မဟုတ်ကြောင်း ၄င်းမှ ဆိုလိုက်သည်။
    သြဂုတ်လ ၂၁ ရက်နေ့တွင် ဒမတ်စကတ်မြို့စွန်ဖက်ရှိ အတိုက်အခံတို့၏အမာခံစခန်းများကို ဓာတုလက်နက်များဖြင့် သမ္မတ ဘရှားရ် အလ် အဆဒ်မှ တိုက်ခိုက်ခဲ့သည်ဟု ပြည်ပကျောထောက်နောက်ခံပြုအတိုက်အခံအင်အားစုများမှ စွပ်စွဲပြောဆိုလိုက်ပြီးနောက် စစ်ရေးအရအရေးယူရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။
    ယင်းသို့ဆိုပြီးနောက် အမေရိကန်နှင့်အပေါင်းအပါမဟာမိတ်တစ်စုမှ စစ်ရေးအရအရေးယူရန် အဆောတလျင် စီစဉ်ခဲ့ကြသည်။ အီရန်နှင့်အခြားနိုင်ငံများအုပ်စုကလည်း ဆီးရီးယားကို စစ်ဆင်စွက်ဖက်မည်ဆိုပါက ဒေသတစ်ခုလုံး စစ်မက်ဖုံးလွှမ်းသွားလိမ့်မည်ဟု သတိပေးထားကြသည်။
    MKA/AS
  • ဆီးရီးယားကိုတိုက်ရန် နေတိုးအဖွဲ့၌ အစီအစဉ်မရှိသေးကြောင်း အတွင်းရေးမှူးချူပ် ပြော
    သြဂုတ်လ- ၃၁ ရက်၊ ၂၀၁၃
    M-Media
    _64571068_nato
    မြောက်အတ္တလန်တိတ်ပဋိညာဉ် အဖွဲ့အစည်း (North Atlantic Treaty Organization – NATO) ၏ အထွေထွေအတွင်းရေးမှူးချုပ် အင်ဒါစ် ဖိုး ရပ်စ်မတ်ဆင် (Anders Fogh Rasmussen) သည် သောကြာနေက့ ဒိန်းမတ်နိုင်ငံမြို့တော် ကိုပဲန်ဟေဂင်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဤသို့ပြောကြားခဲ့သည်။
    “ နေတိုးအဖွဲ့ပေါ် နိုင်ငံတကာတုန့်ပြန်မှုနဲ့ပတ်သက်ပြီး ကျွန်တော် ကြိုမသိထားပါဘူး။ အဲ့ဒီလို(စစ်ဆင်တဲ့) လုပ်ဆောင်ချက်မျိုးဟာ အဖွဲ့ဝင်မဟာမိတ်နိုင်ငံအားလုံးရဲ့ သဘောတူလက်ခံမှု လိုအပ်ပါတယ် ”။
    သို့သော် အာရဗ်ဒေသအတွင်း စစ်ရေးဖြင့်ဝင်ရောက်စွက်ဖက်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်းမရွန်း နှင့် အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမားတို့၏အဆိုကို ဗြိတိန်ဥပဒေပြုလွှတ်တော်အမတ်များက ကန့်ကွက်မဲပေးခဲ့ကြသည်။
    “ မည်သည့်ဓာတုလက်နက်အမျိုးအစား အသုံးပြုသည်ဖြစ်စေ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ မတုန့်ပြန်လို့လည်း မဖြစ်ဘူး။ အရေးယူဖို့ကတော့ လုပ်ရပါလိမ့်မယ် ” ဟု ဗုဒ္ဓဟူးနေ့တွင် နေတိုးအတွင်းရေးမှူးချုပ်မှ ပြောခဲ့သည်။
    သြဂုတ်လ ၂၁ ရက်က ဒမတ်စကတ်မြို့စွန်ဒေသများရှိ အတိုက်အခံအုပ်စုအပေါ် သမ္မတ ဘရှရ် အလ် အဆဒ်မှ ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့သည့်သတင်းထွက်လာပြီးသည့်နောက် ဆီးရီးယားကို စစ်ရေးဖြင့်ပြင်းထန်စွာ အရေးယူရန် အသံထွက်လာခဲ့ကြခြင်း ဖြစ်သည်။
    ဆီးရီးယားနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းက မတည်ငြိမ်မှုဖြစ်ပွားနေခဲ့သည်။ အနောက်တိုင်းအင်အားစုနှင့် ၄င်းတို့၏ မိတ်ဖက်နိုင်ငံများ အထူးသဖြင့် ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီတို့သည် ဆီးရီးယား၌ စစ်ရေးထကြွမှုဖြစ်လာအောင် ကူညီနေသည်ဟု သတင်းများကဆိုသည်။
    ကုလသမဂ္ဂ၏အဆိုအရ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ တစ်သိန်းကျော်၊ အိမ်ရာမဲ့ဖြစ်သွားသူ ဦးရေမှာ စုစုပေါင်း ၇.၈ သန်းခန့်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
    NT/MHB
  • ဗြိတိန် စစ်ဆန့်ကျင်ရေး သမားများ ဆီးရီးယားကို ဆင်နွှဲမည့် စစ်ပွဲကို ကန့်ကွက်ဆန္ဒပြ
    သြဂုတ်လ – ၃၀ ၊ ၂၀၁၃
    M-Media
    against Syria attack
    ထောင်နှင့်ချီသော စစ်ဆန့်ကျင်ရေးသမား ဗြိတိန်နိုင်ငံသားများမှ ဆီးရီးယားအပေါ် အနောက်တိုင်း၏ စစ်ဆင်မှုကို ကန့်ကွက်ဆန္ဒပြကြမည်ဖြစ်သည်။
    ဆီးရီးယားအားစစ်ဆင်မှုအလိုမရှိ – “No attack on Syria” ခေါင်းစဉ်တပ် ဆန္ဒပြခြင်းကို စစ်အုပ်စုဖွဲ့မှုရပ်တန့်ရေး နှင့် နျူကလိယလက်နက်ဖျက်သိမ်းရေးအဖွဲ့(Stop the War Coalition and Campaign for Nuclear Disarmament – CND) မှ ဦးဆောင်ကာ သြဂုတ်လ ၃၁ ရက် စနေနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။
    ဆန္ဒပြသူများသည် Temple Place ၌ စုရုံးကာ ပါလီမန် နှင့် ဒေါင်းနင်းလမ်းသို့ ချီတက်ကြမည်ဖြစ်သည်။ ဒမတ်စကတ် အနီးတွင် ဓာတုလက်နက်များ အသုံးပြုခြင်း စွပ်စွဲချက်ဖြင့် ဆီးရီးယားအစိုးရ အပေါ် စစ်ရေးအရ ၀င်ရောက် စွက်ဖက် အရေးယူမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်ကြမည်ဖြစ်သည်။
    CND ၏အဖွဲ့မှူးဖြစ်သူ လင်းဆေး ဂျာမန် (Lindsey German) မှ  “ ၂၀၀၃ ခုနှစ်တုန်းက လူတွေဟာ (အီရတ်စစ်ပွဲနဲ့ပတ်သက်လို့) လိမ်ညာခံခဲ့ရတယ်။ နောက်တစ်ကြိမ် ထပ်လိမ်မှာကို လူတွေက မခံစားချင်ကြတော့ဘူး။ ကျွန်မတို့ဟာ အီရတ်၊ အာဖဂန်နစ္စတန် နဲ့ လစ်ဗျား မှာ စစ်ရေး စွက်ဖက်မှုကြီး သုံးရပ်ကြုံခဲ့ပြီးပြီ။ ဘယ်တစ်ခုကမှ ငြိမ်းချမ်းရေးကိုသော် လည်းကောင်း၊ လူ့အခွင့်အရေးကိုသော် လည်းကောင်း အနှစ်သာရပြည့်ဝအောင် မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ဆီးရီးယားကို ထပ်ပြီး စစ်ဆင်ဖို့ ကျွန်မတို့ မလုပ်အပ်တော့ဘူး ” ဟု သူမက ဆိုခဲ့သည်။
    ကြာသပတေးနေ့အစောပိုင်းက ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်းမရွန်း၏ အဆိုပြုချက်ဖြစ်သော ဆီးရီးယားအစိုးရအပေါ် စစ်ဆင်ရေးမှာ မဲအရ ရှုံးနိမ့်ခဲ့သည်။ သို့သော် ဗြိတိန်၏ ထောက်ခံမှု မပါဝင်လျှင်လည်း အမေရိကန်အစိုးရသည် စုပေါင်းစစ်ဆင်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်အာဏာပိုင်များက ဆိုသည်။
    သြဂုတ်လ ၂၁ ရက်တွင် ဆီးရီးယား တော်လှန်ရေးသမားများက ဒမတ်စကတ် နယ်မြေ၀န်းကျင်အတွင်းရှိ စစ်သွေးကြွအုပ်စုအပေါ် အစိုးရ၏ ဓာတု လက်နက်သုံး တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀၀ သေဆုံးသွားသည်ဟုဆို၏။
    သို့တစေ ယင်းအဆိုမှာ အခြေအမြစ်မရှိကြောင်း ဆီးရီးယားအစိုးရမှ ငြင်းဆိုပယ်ချခဲ့သည့်အပြင် ယင်းဓာတုလက်နက်များမှာ ၄င်းစစ်သွေးကြွများကိုယ်တိုင်က ယူဆောင်လာပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ကြေငြာခဲ့သည်။
    MOS/SSM/HE
    Photo- BBC
  • ဆီးရီးယားစစ် မစခင်ကလေး မှာပင် မီဒီယာကြီးများအား ဆီးရီးယားကတိုက်ခိုက်
    သြဂုတ်လ- ၂၉ ရက်၊ ၂၀၁၃
    Robert Elhose
    130827165721-nytimes-tweet-outage-story-top
    အမေရိကန် မီဒီယာ ကုမ္ပဏီ ကြီးများဖြစ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာ၊ ဟဖ် ဖင် တန်ပို့စ် သတင်းစာ၊ နဲ့ Twitter တို့ ရဲ့ ၀ဘ်ဆိုက် များကို အာဆတ်ရဲ့ဆီး ရီးယား အစိုးရ ကိုထောက်ခံ တဲ့ ဆီးရီးယန်း အီလက်ထရောနစ် တပ်မတော် ဆိုတဲ့ ဟက်ကာ အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့ နံနက်လင်းအားကြီး ၁ နာရီ ခန့်မှ စလို့ ထိန်းချူပ် သိမ်းပိုက် ထားတယ်လို့ အယ်လ်ဂျဇီးရား သတင်းတစ်ရပ် မှာ ဖော်ပြထားပါတယ်။
    အဆိုပါ မီဒီယာကြီး များရဲ့ ၀က်ဘ်ပေ့ဂ်ျ များကို သြစတေလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အခြေ စိုက်၊ Melbourne IT ဆိုတဲ့ ကုမ္ပဏီ က စီမံခန့်ခွဲနေတာ ဖြစ်ပြီး၊ ၎င်း ကုမ္ပဏီ ကို အဆိုပါ ဟက်ကာ အုပ်စုက ထိုးဖောက် ၀င်ရောက် နိုင်ခဲ့ပြီး၊ ထိုမှ တစ်ဆင့် အထက်ပါ အမေရိကန် မီဒီယာ ကြီးများကို ထိန်းချူပ်လိုက်တယ် လို့ သတင်းမှာဖော်ပြထား ပါ တယ်။
    ထိုကဲ့သို့ ဆီးရီးယန်း ဟက်ကာများ က အမေရိကန်မီဒီယာ ကုမ္ပဏီများကို တိုက်ခိုက် ခြင်းမှာ လာမည့် နာရီပိုင်းအတွင်း တိုက်ခိုက်ဘွယ် ရှိနေသည့် အမေရိကန် ၏စစ်ရေး ရည်ရွယ်ချက် မစတင်မီ နှင့် လည်း တိုက်ဆိုင်လျက်ရှိသည်။
    ရောဘတ်အယ်လ်ဟို့စ် ( ကိုးကား – အယ်လ်ဂျဇီးရား)
    Photo via Getty Images