News @ M-Media

Tag: Syria

  • ဆီးရီးယား ဆွေးနွေးပွဲ ဒုတိယအကျော့ တိုးတက်မှု မရှိဘဲဖြစ်နေ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media

    111
    – ဂျီနီဗာတွင် ပြုလုပ်နေသည့် ဆီးရီးယား ငြိမ်းချမ်းရေး ဒုတိယအကျော့ ဆွေးနွေးပွဲမှာ လိပ်ခဲတည်းလည်းဖြစ်နေသည်ဟု အစိုးရ အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပြီး၊ အမေရိကန်နှင့် ရုရှားတို့ကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။

    “ဒီအကျော့မှာ တိုးတက်အောင် မဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အရမ်းကို နောင်တရမိပါတယ်” ဟု ဆီးရီးယား လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဖိုင်ဆယ် မက်ဒက်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အတိုက်အခံဘက်မှ ပြောရေးဆိုခွင့်ရှိသူ လူအီ ဆာဖီက နိုင်ငံရေးအခြေအနေအား ပြောင်းလဲရန် အစိုးရဘက်မှ ပြုလုပ်ခြင်းမရှိမှုကို ပြစ်တင်ပြောဆိုခဲ့ပြီး၊ မပြတ်မသားဖြစ်နေသည့် ယခုအခြေအနေအား ပြေလည်ရန်အတွက် ပါတီအားလုံး အထူးသဖြင့် အာဆတ်အစိုးရ၏ မဟာမိတ် ရုရှားအနေဖြင့် အာဆတ် အစိုးရအား ဖိအားပေးရန်ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။

    အစိုးရအတိုက်အခံများက ဆွေးနွေးပွဲ၏ အရေးအကြီးဆုံးအပိုင်းအား ဆွေးနွေးရန်ကိစ္စကို အတိုက်အခံများက ငြင်းဆိုခဲ့ပြီး၊ သမ္မတအာဆတ်လက်အောက် တစ်ပါတီစနစ်မှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရေး အပေါ် အဓိကလုပ်ဆောင်ရမည်ဟု ဝေဖန်ခဲ့သည်။

    အစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့ကလည်း အကြမ်းဖက်ဝါဒအား ဟန့်တားရေးမှာ ဦးစားပေးဖြစ်ပြီး၊ အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမှုအား လုပ်ဆောင်မည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ဇန်ဝါရီလကတည်းကပြုလုပ်နေသော်လည်း အတိုက်အခံများနှင့် အစိုးရတပ်များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး နေ့စဉ် လူ ၂၀၀ ကျော် ထပ်မံ သေဆုံးခဲ့ပြီးဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားခဲ့သည်။

  • ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့တွင် အစိုးရနှင့် အတိုက်အခံတို့ အပစ်ရပ်ရေး သက်တမ်းတိုး၊ ပိတ်နေသူ ၆၀၀ အား ကယ်ထုတ်နိုင်ခဲ့

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media
    Hundreds evacuated from Homs in Syria
    – ဆီးရီးယားအစိုးရနှင့် သူပုန်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သုံးရက်ထပ်မံ၍ သက်တမ်းတိုးခဲ့ပြီးနောက် ဟုမ်းစ်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူ ၆၀၀ ကျော်အား ထပ်မံကယ်ထုတ်နိုင်ခဲ့သည်ဟု NGO အဖွဲ့များက ပြောကြားခဲ့သည်။

    မော်တာဖြင့်တိုက်ခိုက်မှုများ၊ ပစ်ခတ်မှုများ ရှိနေခဲ့သော်လည်း အကူအညီပေးရေးအဖွဲ့များက ယမန်နေ့တွင် ကယ်ဆယ်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှိနေသည့် ပြည်သူမျာကိုလည်း ဆက်လက် ကယ်ဆယ်သွားမည်ဟုသိရသည်။

    ၁၈ လကျော်ကြာ နှစ်ဘက်တိုက်ခိုက်မှုများကြောင့် ဟုမ်းစ်မြို့တွင် ပိတ်မိနေသည့် လူဦးရေမှာ ၃၀၀၀ ခန့်ရှိပြီး ပြီးခဲ့သည့် သောကြာနေ့ကလည်း ပြည်သူ ၈၂ ဦးကို ပထမဆုံး အဖြစ် ကယ်တင်နိုင်ခဲ့သည်။

    ယမန်နေ့တွင် ကယ်ထုတ်နိုင်ခဲ့သူများမှာ ၆၁၁ ဦးဖြစ်ပြီး အမျိုးသမီး ၂၁၀၊ ကလေး ၁၈၀ နှင့် အသက် ၅၀ ကျော် အမျိုးသား ၉၁ ဦးနှင့် လူငယ် ၁၃၀ တို့ ဖြစ်ကြသည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

    ထိုကဲ့သို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုများမှာ ပြီးခဲ့သည့် သီတင်းနှစ်ပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွင်း သဘောတူညီမှုကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

    ဟုမ်းစ်မြို့မှာ ပြည်တွင်းစစ် မဖြစ်ပွားခင် အစိုးရဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများ အခြေစိုက်ရာ မြို့တစ်မြို့ဖြစ်ပြီး ယခုအခါ နှစ်ဘက် တိုက်ခိုက်မှုများကြောင့် မြို့ပျက် သဖွယ် ဖြစ်နေခဲ့သည်။
    Ref: Aljazeera

  • ဆီးရီးယား အစိုးရတပ်နှင့် သူပုန်တပ် တိုက်ပွဲအတွင်း ဟုမ်းစ်မြို့သို့ သွားရောက်သည့် ကယ်ဆယ်ရေး ယာဉ်တန်းထိခိုက်၊ ၂ ဦး ဒဏ်ရာရရှိ

    ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄
    M-Media
    Emergency food, medical aid enters besieged Syrian city
    – ဆီရီးယား အစိုးရတပ်များနှင် သူပုန်တို့အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ဟုမ်းစ်မြို့တွင် ပိတ်မိနေသည့် အရပ်သား ၂၅၀၀ ကျော်အတွက် အစားအစာများ၊ ဆေးဝါးများ ထောက်ပံ့ရန်သွားရောက်သည့် ကုလသမဂ္ဂ ဦးဆောင်သော ကူညီကယ်ဆယ်ရေး ယာဉ်တန်းမှာ ယမန်နေ့က တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

    သူပုန်များ ထိန်းချုပ်ထားရာ ဒေသအချို့တွင် မှောင်ရီပျိုးစအချိန်၌ ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုအတွင်း မော်တာကျည်မှာ ယာဉ်တန်း၏ အနီးအနားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ပစ္စည်းများတင်ဆောင်လာသည့် လော်ရီကားများကိုလည်း တိုက်ခိုက်မှုများရှိခဲ့ကာ လော်ရီယာဉ်မောင်းများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လခြမ်းနီအဖွဲ့နှင့် ကုလမှ အနည်းဆုံး မော်တော်ယာဉ် ၉ စီးမှာ ဟုမ်းစ်မြို့တွင် နာရီပေါင်းအတော်ကြာ ပိတ်မိနေခဲ့ပြီး ဒေသစံတော်ချိန် ည ၁၀ နာရီမတိုင်မီ လွတ်မြောက်ခဲ့ကာ ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင်လာသည့် လော်ရီကား ၂ စီး ပျက်စီးခဲ့ကြောင်း ဆီးရီးယားအာရပ် လခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။

    ဟုမ်းစ်မြို့တွင် ပိတ်မိနေသည့် လူ ၂၅၀၀ အတွက် ရိက္ခာများ၊ ဆေးဝါးများ၊ အိပ်ရာများ၊ ငွေကြေးနှင့် အခြားပစ္စည်းများ ပါဝင်သော ထိုထောက်ပံ့ရေး ပစ္စည်းများမှာ ဟုမ်းစ်မြို့အနီး အစိုးရကထိန်းချုပ်ထားသော ကုလသမဂ္ဂ ကုန်လှောင်ရုံတွင် ရောက်ရှိနေသည်မှာ လပေါင်းအတော်ကြာနေပြီဖြစ်ပြီး၊ ယခုမှ သွားရောက်ပေးအပ်နိုင်ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းနှစ်ပတ်က ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာတွင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူညီထားသည့်အတိုင်း သောကြာနေ့က စတင်ကာ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီး ဟုမ်းစ်မြို့တွင် ပိတ်မိနေသူများအား ကယ်ထုတ်နိုင်ခဲ့သည်။

    အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားမှုနှင့် ပတ်သက်၍ အစိုးရနှင့် သူပုန်များက အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ဟုမ်းစ်မြို့၏ မြို့တော်ဝန် တာလာ အလ်-ဘာရာဇီကမူ Bustan al-Diwan နှင့် Hamidiyeh ဒေသများတွင် ရှိနေသည့် ပြည်သူများအား အကူအညီများ ဝေငှခဲ့ပြီးပြီဟု ပြောကြားခဲ့သည်။

    Ref: aljazeera

  • ဆီးရီးယားနိုင်ငံ ဟုးမ်စ်မြို့တွင် ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media
    2014-02-07T154349Z_1216263884_GM1EA271SNU01_RTRMADP_3_SYRIA-CRISIS
    – ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အား အဆုံးသတ်ရန်အတွက် ပြီးခဲ့သည့်သီတင်းပတ်များက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူထားသည့်အချက်အား အကောင်အထည်ဖေါ်သည့်အနေဖြင့် ဟုမ်းစ်မြို့တွင် ပိတ်မိနေသာ အရပ်သား ၈၃ ဦးအား အစိုးရက ကယ်ထုတ်ခဲ့သည်ဟု သိရသည်။

    အစာအဟာရ ပြတ်လပ်မှုကြောင့် အားအင်ချိနဲ့နေသည့် အဆိုပါပြည်သူများကို ဆီးရီးယား အာရပ် လခြမ်းနီအဖွဲ့မှ ဘတ်စ်ကားများဖြင့် သယ်ဆောင်ကာ ကယ်ဆယ်ရေးဝန်ထမ်းများ၊ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များရှိရာ ဟုးမ်စ်မြို့အပြင်ဘက်သို့ ပို့ဆောင်ပေးခဲ့ကြပြီး ၎င်းတို့မှာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပြောကြားခဲ့သည်။

    “သူတို့တွေဟာ သစ်ရွက်တွေပေါ်မှာ၊ မြက်ခင်းတွေပေါ်မှာ၊ သံလွင်ပင်တွေအောက်မှာ စသဖြင့် ရတဲ့နေရာမှာ နေခဲ့ရတာပါ” ဟု WFP မှ ပြောရေးဆိုခွင့်ရှိသူ အဲလီစဘသ်ဘိုင်ရ်စ်က ပြောကြားခဲ့သည်။

    သက်ကြီးရွယ်အိုများနှင့် အလွန်အင်အားချည့်နဲ့သည့် အမျိုးသားများအား စောင်များဖြင့် ရစ်ပါတ်ကာ လခြမ်းနီအဖွဲ့က ဘတ်စ်ကားပေါ်သို့ တင်ဆောင်သွားပုံကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်က ဆွစ်ဇာလန်တွင်ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးနောက် ဟုမ်းစ်မြို့တွင် အစိုးရနှင့် သူပုန်တို့ကြား အပစ်အခတ်ရပ်စဲခဲ့ကြပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ကလည်း ယမန်နေ့တွင် ဆီးရီးယားသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အစားအသောက်များကို ပေးပို့ရန်မှာ နှောက်နှေးလျက်ရှိနေသည်။

    ဟုးမ်စ်မြို့ မြို့တော်ဝန် တာလာ အလ်-အာရာဇီကမူ အခြေအနေများမှာ အားလုံးကောင်းမွန်နေပြီး အပြုသဘောဆောင်နေကြောင်း ယမန်နေ့နေ့လည်ကကယ်ဆယ်ရေးလုပ်ငန်းများ စတင်မလုပ်ဆောင်မီ ပြောကြားခဲ့သည်။

    Ref: aljazeera.

  • ဆီးရီးယား အစိုးရနှင့် အတိုက်အခံတို့ မျက်နှာချင်းဆိုင် ဆွေးနွေးမည်

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media

    rtx14wet.si

    – ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း အစိုးရနှင့် အတိုက်အခံတို့ ပထမဆုံးအကြိမ်အဖြစ် အခန်းတစ်ခန်းတည်းတွင် မျက်နှာချင်းဆိုင် ဆွေးနွေးမည်ဟု ကုလသမဂ္ဂမှ ကြားဝင်ညှိနှိုင်းပေးသူ လက်ခ်ဒါ ဘရာဟီမီက ပြောကြားခဲ့သည်။

    ဘရာဟီမီမှာ ဂျီနီဗာတွင် နှစ်ဘက်စလုံးအား ၂ ရက်ကြာ သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ တစ်ခန်းတည်းတွင် တွေ့ဆုံရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအား ယနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    “ကျွန်တော်တို့ မနက်ဖြန်(စနေနေ့)မှာ တွေ့ဆုံမှာပါ။ ကောင်းမွန်တဲ့ အစပျိုးမှုဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ ဆွေးနွေးပွဲကို နောက်တစ်ပါတ်ကုန်တဲ့အထိ ဆက်လက်ပြုလုပ်သွားမှာပါ” ဟု ဘရာဟီမီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၂ ခုနှစ်တွင် ဂျီနီဗာမှ ကြေညာခဲ့သည် အသွင်ပြောင်းအစိုး ဖွဲ့စည်းရေး တိုက်တွန်းချက်တွင် ပါဝင်သော စည်းကမ်းချက်များကိုလည်း ဆီးရီးယားအစိုးရနှင့် အတိုက်အခံ နှစ်ဘက်စလုံးက လက်ခံမည်ဖြစ်ကြောင်း၊ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ခင် ဆီးရီးယာအစိုးရနေဖြင့် Geneva 1 ကြေညာချက်ကို လက်ခံကြောင်း အတည်ပြုရန် အတိုက်အခံဘက်က တောင်းဆိုခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိသမ္မအာဆတ်အား ဖြုတ်ချရေးမှ အစပြုခဲ့ပြီး ၂ နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်တွင် အနည်းဆုံး ၁ သိန်း ၃ သောင်းခန့် သေဆုံးခဲ့ကာ သန်းချီသော ဆီးရီးယားပြည်သူများမှာလည်း အိုးအိမ်များကိုစွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: .aljazeera