ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
M-Media
– ရှီယိုက်များက အထွတ်အမြတ်ထားပြီး အစ္စလာမ့်သမိုင်းဆိုင်ရာ အရေးပါသည့် နေရာများဖြစ်သော ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့နှင့် ဟုမ်းမြို့တို့ရှိ ဂူဗိမာန်များတွင် အသေခံဗုံးပေါက်ကွဲမှုများ ယမန်နေ့က ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၁၂၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
တမန်တော် မုဟမ္မဒ်သခင်၏ မြေးတော်ဖြစ်သည့် ဇိုင်နဘ်သခင်မ၏ ရုပ်ကလပ်တော် မြှုပ်နှံထားသည်ဟု ယုံကြည်ရသော ဒမတ်စတ်ရှိ ဂူဗိမာန်အနီးတွင် အသေခံ ကားဗုံးပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆၃ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ နာရီအနည်းငယ်ကြာပြီးနောက် ဟုမ်းမြို့ရှိ အလ်-အာရ်မန် ဒေသတွင် ကားဗုံးခွဲမှု ၂ ခု ထပ်မံ ဖြစ်ပွားကာ ၄၆ ဦး သေဆုံးခဲ့ပြီး IS အကြမ်းဖက်အဖွဲ့က ထိုဖောက်ခွဲမှု ၂ ခုစလုံးမှာ ၎င်းတို့၏ လက်ချက်ဟု ပြောကြားခဲ့သည်။
ဆီးရီးယားပဋိပက္ခ အဆုံးသတ်ရန်အတွက် အပစ်ရပ်ရေး သဘောတူညီချက်ရရှိရေး ဆောင်ရွက်ရာတွင် တိုးတက်မှုများရှိနေသည်ဟု အမေရိကန်နှင့် ရုရှားတို့က ပြောကြားပြီး ၁ ရက်အကြာတွင် ထိုကဲ့သို့ အသေခံဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အချို့သော သတင်းရင်းမြစ်များကမူ သေဆုံးသူအရေအတွက်မှာ ထိုထက်ပို၍ မြင့်တက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
ဇိုင်နဘ်သခင်မ၏ အဆိုပါ ဂူဗိမာန်အနီးတွင် ဇန်န၀ါရီလနှောင်းပိုင်းကလည်း အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ကာ IS က ၎င်းတို့၏ လက်ချက်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera









