News @ M-Media

ဆီးရီးယားအား ကူညီရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန်ဒေါ်လာ ၁၀ ဘီလီယံ ကတိပြု

ဖေဖော်ဝါရီ ၆၊ ၂၀၁၆
M-Media

syria 1

– လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသအား ထောက်ပံ့ကူညီရေး ညီလာခံတွင် ကမ္ဘာ့နိုင်ငံများက စစ်မက်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံအား ကန်ဒေါ်လာ ၁၀ ဘီလီယံ ကူညီရန် ကတိပြုခဲ့သည်ဟု သိရသည်။

“ပြဿနာတစ်ခုအတွက် တစ်ရက်အတွင်းမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ထောက်ပံ့မှု ဒီလောက်များများ မရရှိခဲ့ဖူးပါဘူး” ဟု ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါညီလာခံတွင် ပြောကြားခဲ့သည်။

Supporting Syria & The Region အမည်ဖြင့် တစ်ရက်တာကြာမြင့်သည့် အဆိုပါညီလာခံကို ကုလနှင့် ယူကေ၊ ကူဝိတ်၊ ဂျာမနီ၊ နော်ဝေနိုင်ငံတို့မှ အစိုးရများ ပူးပေါင်းကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ကတိပြုခဲ့ကြသည့် ထောက်ပံ့ငွေများမှ ထက်ဝက်ကျော်မှာ ယခုနှစ်အတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။

၅ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲကြောင့် ပြည်သူ ၂ သိန်း ၅ သောင်းကျော် သေဆုံးခဲ့ပြီး လူပေါင်း ၄ သန်းကျော်မှာ နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့ရသည်။ ပြည်တွင်းဒုက္ခသည်အရေအတွက်မှာ ၆.၅ သန်းခန့် ရှိနေသည်။

“ဒီနေ့ ကတိပြုမှုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်သားတွေအနေနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေထံကို အသက်ဆက်ဖို့အကူအညီ ဆက်လက်ပေးအပ်နိုင်စေမှာ ဖြစ်ပါတယ်” ဟု ဘန်က ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါညီလာခံတွင် ဆီးရီးယားဒုက္ခသည်များကို လက်ခံထားသည့် နိုင်ငံများက ဒုက္ခသည်များအတွက် အလုပ်အကိုင်ပေးအပ်ရန်လည်း ကတိပြုခဲ့ပြီး ဂျော်ဒန်၊ လက်ဘနွန်နှင့် တူရကီတို့က ၎င်းတို့နိုင်ငံအတွင်းရှိ ဆီးရီးယားဒုက္ခသည်ကလေးငယ်များ ကျောင်းတက်ခွင့်ရရေးအတွက် ဆောင်ရွက်ပေးမည်ဟုလည်း ပြောကြားခဲ့သည်။

Ref: un.org

Comments

Leave a Reply