News @ M-Media
Tag: tennis
  • တင်းနစ်ကျော်မာရေး ဥရောပရောက် ဒုက္ခသည်များအတွက် စပေးဘောတစ်လုံးလျှင် ပေါင် ၅၀ လှူမည်
    တင်းနစ်ကျော်မာရေး ဥရောပရောက် ဒုက္ခသည်များအတွက် စပေးဘောတစ်လုံးလျှင် ပေါင် ၅၀ လှူမည်
    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    mry
    – ယခုမှစ၍ နှစ်ကုန်အထိ တင်းနစ်ပြိုင်ပွဲများ၌ ကစားသည့်အခါ မိမိရိုက်သည့် စပေးဘော တစ်လုံးချင်းစီအတွက် စတာလင်ပေါင် ၅၀ နှုန်းဖြင့် ဒုက္ခသည်များကို လှူဒါန်းသွားမည်ဟု ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေးက ပြောကြားလိုက်သည်။
    ကမ္ဘာ့အဆင့် ၃ စကော့တစ်ရှ် တင်းနစ်သမား အန်ဒီမာရေးမှာ Davis Cup တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗြိတိန်ကိုယ်စားပြု၍ သြစတေးလျနှင့် ယနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဥရောပသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များ၏ ပုံရိပ်များကို သတင်း၌ မြင်ခဲ့ရပြီးနောက် ယခုကဲ့သို့ လှူဒါန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
    ၎င်း၏ စပေးဘောတစ်လုံး ပေါင် ၅၀ အစီအစဉ်တွင် ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားများအဖွဲ့ချုပ် ATP၊ Lawn တင်းနစ်အသင်းနှင့် မာရေး၏ စပွန်ဆာတစ်ဦးတို့က ပူးပေါင်းပါဝင်မည်ဖြစ်သောကြောင့် မာရေး၏ စပေးဘောတစ်လုံးမှာ ပေါင် ၂၀၀ ရှိမည်ဖြစ်သည်။
    “အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ သန်းနဲ့ချီတဲ့ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် တစ်ခုခုလုပ်ရမယ်လို့ ကျွန်တော် ခံစားမိခဲ့ပါတယ်။ ကျွန်တော်ရိုက်တဲ့ စပေးဘော တစ်လုံးချင်းဆီမှာ နည်းနည်းပိုပြီး ကျေနပ်ရမှာပါ” ဟု မာရေးက ပြောကြားခဲ့သည်။
    မာရေး၏ နောက်ဆုံး တစ်ဦးချင်းပြိုင်ပွဲဖြစ်သော ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ကီဗင်အန်ဒါဆန်နှင့်ပွဲတွင် ၎င်းမှာ စပေးဘော ၁၉ လုံး ရိုက်ခဲ့ရသည်။
    Ref: Dailymail
  • ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ဗိုလ်စွဲ
    ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ဗိုလ်စွဲ
    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    tennis
    – ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်မှာ ကမ္ဘာ့အဆင့် ၂ ရော်ဂျာဖက်ဒါရာကို အနိုင်ယူကာ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည်။
    ယနေ့နံနက်က ကစားခဲ့သည့် ၎င်းတို့နှစ်ဦး၏ ဗိုလ်လုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဂျိုကိုဗစ်က ၆-၄၊ ၅-၇၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၃ နာရီ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့သည့် အဆိုပါပွဲကို မိုးရွာသွန်းမှုကြောင့် ၃ နာရီခန့် နောက်ဆုတ်ခဲ့ရသည်။
    ထိုပွဲကို အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း၊ မင်းသား လီယိုနာဒို ဒီကာပရီယိုတို့ အပါအ၀င် ကမ္ဘာကျော်များ လာရောက်ကြည့်ရှုခဲ့သည်။
    ဂျိုကိုဗစ်မှာ ၂၀၁၁ ခုနှစ်က ယူအက်စ်အိုးပင်းတွင် ဗိုလ်စွဲနိုင်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ထို့ပြင် ထိုဆုဖလားက ၎င်း၏ ၁၀ ခုမြောက် ဂရန်းစလမ် ဖလားလည်းဖြစ်သည်။ ယခုနှစ်အတွင်း ဂျိုကိုဗစ်မှာ သြစတေးလျအိုးပင်း၊ ၀င်ဘယ်လ်ဒန်နှင့် ယူအက်စ်အိုးပင်း ဆုဖလားများကို ရယူနိုင်ခဲ့သည်။
    “ဒီပွဲက သိပ်ခက်တဲ့ပွဲပါ။ ကျွန်တော် ရော်ဂျာကို တော်တော်လေး လေးစားပြီး သမိုင်းက အကောင်းဆုံးကစားသမားနဲ့ ကစားရတာက ကျွန်တော့်ကို ဖိအားတွေ ဖြစ်စေခဲ့ပါတယ်” ဟု ဂျိုကိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဖက်ဒါရာမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ဂရန်းစလမ်ပွဲများတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်း မရှိတော့ချေ။
    “ပြီးခဲ့နှစ်ပတ်မှာ ကျွန်တော်ဟာ အံ့သြစရာကောင်းလောက်အောင် ကောင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဒီပွဲအတွက် ကျေနပ်ပါတယ်။ နှစ်လည်းနှစ်သက်မိပြီး ပွဲကောင်းတစ်ပွဲ ဖြစ်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်” ဟု ဖက်ဒါရာက ပြောကြားခဲ့သည်။
    Ref: Dailymail
  • US Open တွင် မိမိဗိုလ်မစွဲပါက ဆရီနာကို ဗိုလ်စွဲစေချင်သည်ဟု တင်းနစ်မယ် ဟဲလ်ပ်ပြော
    US Open တွင် မိမိဗိုလ်မစွဲပါက ဆရီနာကို ဗိုလ်စွဲစေချင်သည်ဟု တင်းနစ်မယ် ဟဲလ်ပ်ပြော
    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media
    us open
    – နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် မိမိဗိုလ်မစွဲပါက ဆရီနာအား ဗိုလ်စွဲစေချင်သည်ဟု ကမ္ဘာ့နံပါတ် ၂ တင်းနစ်မယ် ဆီမွန်နာ ဟဲလ်ပ်က ပြောကြားလိုက်သည်။
    ယူအက်စ်အိုးပင်းပြိုင်ပွဲကို ယနေ့တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲ၌ ကမ္ဘာ့အဆင့် ၁ ဆရီနာမှာ နိုင်ခြေအဆင့် ၁ နှင့် ရိုမေးနီးယားတင်းနစ်မယ် ဟဲလ်ပ်က နိုင်ခြေအဆင့် ၂ သတ်မှတ်ခြင်း ခံထားရသောကြောင့် ၎င်းတို့နှစ်ဦးမှာ ဗိုလ်လုပွဲထက်စော၍ တွေ့မည်မဟုတ်ချေ။
    ယခုလစောပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် Cincinnati တင်းနစ်ပြိုင်ပွဲတွင် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ပြီး ဆရီနာက အနိုင်ရရှိခဲ့သည်။ ယခု ယူအက်စ်အိုးပင်းပြိုင်ပွဲတွင်လည်း ဟဲလ်ပ်မှာ အမေရိကန်တင်းနစ်မယ် ဆရီနာအား စိန်ခေါ်နိုင်သည့် ကစားသမားအနည်းငယ်မှ တစ်ဦးလည်းဖြစ်သည်။
    ဟဲလ်ပ်ကမူ ပြိုင်ပွဲတွင် မိမိဗိုလ်မစွဲပါက ဆရီနာအား ဗိုလ်စွဲစေချင်သည်ဟု ပြောကြားခဲ့သည်။
    “တကယ်လို့ ကျွန်မ ဖိုင်နယ်ကို မရောက်ဘူးဆိုရင် သူ့ကို ဗိုလ်စွဲစေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ အခုနှစ်အတွင်းမှာ ဂရင်းဆလမ်ပြိုင်ပွဲ လေးခုစလုံးမှာ ဗိုလ်စွဲဖို့ အခွင့်အလမ်းကြီးသူပါ။ ပြီးတော့ ဒီလိုလုပ်နိုင်ဖို့ သူ့မှာ လုံလောက်တဲ့အင်အား ရှိတယ်လို့လည်း ကျွန်မ ထင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်မ နိုင်ချင်ပါတယ်” ဟု ဟဲလ်ပ်က ပြောကြားခဲ့သည်။
    ဆရီနာမှာ ယနေ့ကစားမည့် ယူအက်စ်အိုးပင်း ပထမအဆင့်တွင် ရုရှားတင်းနစ်မယ် ဗီတာလီယာ ဒီယက်ချန်ကိုနှင့် တွေ့ဆုံရမည်ဖြစ်ပြီး၊ ဟဲလ်ပ်မှာ မနက်ဖြန်တွင် နယူးဇီလန်တင်းနစ်မယ် မာရီနာ အီရာကိုဗစ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    ဆရီနာမှာ ယခုနှစ်အတွင်း သြစတေးလျအိုးပင်း၊ ပြင်သစ်အိုးပင်းနှင့် ၀င်ဘင်လ်ဒန် တင်းနစ်ပြိုင်ပွဲတို့တွင် ဗိုလ်စွဲထားပြီး ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ထပ်မံဗိုလ်စွဲပါက ၁၉၈၈ ခုနှစ်က စတက်ဖီ ဂရက်ဖ်နောက်ပိုင်း အဓိက တင်းနစ်ဆုဖလားလေးခုကို ပထမဆုံးရရှိသော တင်းနစ်မယ် ဖြစ်လာမည်ဖြစ်ကာ ထိုစံချိန်ရသည့် လေးဦးမြောက်ကစားသမားလည်း ဖြစ်လာမည်ဖြစ်သည်။
    ဟဲလ်ပ်မှာ ယူအက်စ်အိုးပင်းတွင် အမြင့်ဆုံးအဖြစ် စတုတ္ထအဆင့်ကိုသာ တက်ရောက်နိုင်ခဲ့ပြီး ယခုနှစ် ဗိုလ်လုပွဲတွင် တွေ့ဆုံပါက ဆရီနာအား နိုင်အောင်ကစားနိုင်မည်ဟု ၎င်းက ဆိုသည်။
    “သူလုပ်နိုင်ခဲ့တာတွေအတွက် ကျွန်မ သူ့ကို လေးစားပါတယ်။ ဒါပေမယ့် သူ့ကို အနိုင်ကစားဖို့တော့ ဆန္ဒရှိပါတယ်။ Cincinnati မှာ သူ့ကို အနိုင်ကစားနိုင်မယ်လို့ ယုံကြည်ချက်မရှိခဲ့ပါဘူး။ အဲဒီကနေ ကျွန်မ တိုးတက်ရမှာဖြစ်ပြီး၊ နောက်တစ်ခါကျရင် ကျွန်မဟာ ဆရီနာနဲ့ ကစားနေတယ်လို့ ထင်နေလို့မရဘဲ ပွဲနိုင်ဖို့ကို အာရုံစိုက်ရပါမယ်”
    Ref: Dailymail
  • ပြိုင်ဘက်၏ချစ်သူအကြောင်း မကောင်းပြောသည့် သြစတေးလျတင်းနစ်သမား ပွဲပယ်ပြစ်ဒဏ် ကျခံရ
    ပြိုင်ဘက်၏ချစ်သူအကြောင်း မကောင်းပြောသည့် သြစတေးလျတင်းနစ်သမား ပွဲပယ်ပြစ်ဒဏ် ကျခံရ
    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media
    roger
    – Rogers Cup တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမား၏ ချစ်သူအကြောင်း ထိခိုက်နစ်နာအောင် ပြောဆိုခဲ့သည့် သြစတေးလျ တင်းနစ်သမား နစ်က် ကီရ်ဂီယော့စ်ကို ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားများအဖွဲ့ ATP က ဆိုင်းငံ တစ်လပွဲပယ်ပြစ်ဒဏ်နှင့် ထပ်ဆောင်း ဒဏ်ငွေ ချမှတ်လိုက်သည်ဟု သိရသည်။
    ကနေဒါတွင် ယခုလအစောပိုင်းမှ စတင်ပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်တွင် ကမ္ဘာ့အဆင့် ၃၇ ရှိ ကီရ်ဂီယော့စ်မှာ ပြင်သစ်အိုးပင်းချန်ပီယံ စတာ ၀ါဝရင်ကာနှင့် တွေ့ဆုံခဲ့ပြီး ထိုပွဲတွင် ပိုက်နားသို့သွား၍
    “ခင်ဗျားချစ်သူကို ကိုကီနာကစ်က အုပ်နေတယ်…. ပြောရတာစိတ်မကောင်းဘူးဗျာ” ဟု ၀ါဝရင်ကာ၏ ချစ်သူ ဗီကစ်မှာ သြစတေးလျမှ အသက် ၁၉ နှစ်အရွယ် တင်းနစ်သမား ကိုကီနာကစ်နှင့် ညိစွန်းနေကြောင်း စော်ကားသည့် သဘောမျိုးဖြင့် ပြောကြားခဲ့သည်။ ထိုသို့ပြောကြားမှုမှာ တင်းနစ်ပွဲအား အသံဖမ်းသည့်စနစ်အတွင်းသို့ ၀င်ရောက်သွားခဲ့သည်။
    ကီရ်ဂီယာ့စ်၏ ထိုအပြုအမူအတွက် ATP အဖွဲ့က ကနဦးတွင် ဒေါ်လာ ၁၀၀၀၀ ဒဏ်ငွေရိုက်ခဲ့သည်။ သို့သော်လည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကီရ်ဂီယာ့စ်မှာ ပြိုင်ဘက်အား အနှောက်အယှက်ဖြစ်စေသာ အပြုအမူကို ကျူးလွန်သည်ဟု တွေ့ရှိခဲ့သည်။
    ထို့ကြောင့် တင်းနစ်ကစားခွင့် ၂၈ ရက်တာ ပိတ်ပင်မှုနှင့် ထပ်ဆောင်းဒဏ်ငွေ ဒေါ်လာ ၂၅၀၀၀ ထပ်မံချမှတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ပြစ်ဒဏ်များကို နောက်ထပ် ၆ လအတွင်း ATP မှ ကျင်းပပြုလုပ်သော ပြိုင်ပွဲများ၌ “နှုတ်ဖြင့် သို့မဟုတ် ကိုယ်ဖြင့် စော်ကားမှုကြောင့် ဒဏ်ငွေပေးဆောင်ရခြင်း၊ သို့မဟုတ် စုစုပေါင်း ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ထပ်ကျော်၍ ပေးဆောင်ရသည့် အခြားပြစ်မှုများကို ကျူးလွန်ခြင်း စသည့် အခြေအနေနှစ်ခုထဲမှ တစ်ခုခုကို ပြုလုပ်မှသာလျှင် ကျခံရမည်ဖြစ်သည်။
    ထိုလုပ်ရပ်အတွက် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ကီရ်ဂီယာ့စ်ကလည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့သည်။
    Ref: Dailymail
  • Cincinnati Masters တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာနှင့် ဆရီနာတို့ ဗိုလ်စွဲ
    Cincinnati Masters တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာနှင့် ဆရီနာတို့ ဗိုလ်စွဲ
    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media
    federer
    – အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်ခဲ့သော Cincinnati Masters (Western & Southern Open) တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယမန်နေ့က ကစားခဲ့ပြီး ရော်ဂျာဖက်ဒါရာနှင့် ဆရီနာဝီလီယံတို့က အသီးသီး အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ဆီးမီးဖိုင်နယ်တွင် အန်ဒီမာရေးအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသည့် ဖက်ဒါရာမှာ ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်အား ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဗိုလ်စွဲခြင်းမှာ Cincinnati တွင် ဖက်ဒါရာ၏ ၇ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ်က ကနေဒါ Rodgers Cup တွင် မာရေးအား ရှုံးကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် ဂျိုကိုဗစ်မှာ ယခုတွင်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပြီး Cincinnati တွင် ၅ ကြိမ် ဗိုလ်လုပွဲတက်နိုင်ခဲ့သော်လည်း တစ်ကြိမ်မှ ဗိုလ်စွဲဖူးခြင်း မရှိပေ။
    “နှစ်ဘယ်လောက်ကြာကြာ ကျွန်တော် ထပ်ဗိုလ်စွဲနိုင်မလဲဆိုတာ မသိပါဘူ။ ဒါပေမယ့် အနာဂတ်မှာလည်း ကျွန်တော် ဒီမှာရှိဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ဖက်ဒါရာက ပြောကြားခဲ့ပြီး ဂျိုကိုဗစ်မှာ တစ်နေ့တွင် အနိုင်ရမည်ဟု ဆိုသည်။
    “ခင်ဗျား တစ်နေ့ကျရင် ဒီမှာ အနိုင်ရမှာပါ။ သူဟာ ဒါနဲ့ ထိုက်တန်ပါတယ်။ သိပ်နီးကပ်ခဲ့တာပေါ့ဗျာ”
    seri
    အမျိုးသမီးပွဲစဉ်တွင် အမေရိကန် တင်းနစ်အကျော်အမော် ဆရီနာဝီလီယံက ဆီဒင် ၃ ရ ရိုမေးနီးယား တင်းနစ်မယ် ဆီမွန်နာ ဟဲလ်ပ်ကို ၆-၃၊ ၇-၆ ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုဆုဖလားမှာ ဆရီနာဝီလျံ၏ ၆၉ ခုမြောက် ဆုဖလားလည်းဖြစ်သည်။ ဆရီနာမှာ ယခုနှစ်အတွင်း သြစတေးလျအိုးပင်း၊ မိုင်ယာမီ၊ ပြင်သစ်အိုးပင်းနှင့် ၀င်ဘယ်လ်ဒန်တို့တွင် ဗိုလ်စွဲထားသည်။
    Ref: Dailymail