သြဂုတ် ၂၄၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်ခဲ့သော Cincinnati Masters (Western & Southern Open) တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယမန်နေ့က ကစားခဲ့ပြီး ရော်ဂျာဖက်ဒါရာနှင့် ဆရီနာဝီလီယံတို့က အသီးသီး အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
ဆီးမီးဖိုင်နယ်တွင် အန်ဒီမာရေးအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသည့် ဖက်ဒါရာမှာ ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်အား ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဗိုလ်စွဲခြင်းမှာ Cincinnati တွင် ဖက်ဒါရာ၏ ၇ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က ကနေဒါ Rodgers Cup တွင် မာရေးအား ရှုံးကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် ဂျိုကိုဗစ်မှာ ယခုတွင်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပြီး Cincinnati တွင် ၅ ကြိမ် ဗိုလ်လုပွဲတက်နိုင်ခဲ့သော်လည်း တစ်ကြိမ်မှ ဗိုလ်စွဲဖူးခြင်း မရှိပေ။
“နှစ်ဘယ်လောက်ကြာကြာ ကျွန်တော် ထပ်ဗိုလ်စွဲနိုင်မလဲဆိုတာ မသိပါဘူ။ ဒါပေမယ့် အနာဂတ်မှာလည်း ကျွန်တော် ဒီမှာရှိဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ဖက်ဒါရာက ပြောကြားခဲ့ပြီး ဂျိုကိုဗစ်မှာ တစ်နေ့တွင် အနိုင်ရမည်ဟု ဆိုသည်။
“ခင်ဗျား တစ်နေ့ကျရင် ဒီမှာ အနိုင်ရမှာပါ။ သူဟာ ဒါနဲ့ ထိုက်တန်ပါတယ်။ သိပ်နီးကပ်ခဲ့တာပေါ့ဗျာ”
အမျိုးသမီးပွဲစဉ်တွင် အမေရိကန် တင်းနစ်အကျော်အမော် ဆရီနာဝီလီယံက ဆီဒင် ၃ ရ ရိုမေးနီးယား တင်းနစ်မယ် ဆီမွန်နာ ဟဲလ်ပ်ကို ၆-၃၊ ၇-၆ ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုဆုဖလားမှာ ဆရီနာဝီလျံ၏ ၆၉ ခုမြောက် ဆုဖလားလည်းဖြစ်သည်။ ဆရီနာမှာ ယခုနှစ်အတွင်း သြစတေးလျအိုးပင်း၊ မိုင်ယာမီ၊ ပြင်သစ်အိုးပင်းနှင့် ၀င်ဘယ်လ်ဒန်တို့တွင် ဗိုလ်စွဲထားသည်။
Ref: Dailymail



Leave a Reply
You must be logged in to post a comment.