News @ M-Media
Tag: thailand
  • ဘန်ကောက်ပေါက်ကွဲမှု အဓိကသံသယရှိကို ဖမ်းဆီးရမိခဲ့ပြီဟု ထိုင်း ပြောပြန်
    ဘန်ကောက်ပေါက်ကွဲမှု အဓိကသံသယရှိကို ဖမ်းဆီးရမိခဲ့ပြီဟု ထိုင်း ပြောပြန်
    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media
    th
    – ပြီးခဲ့သည့်လက ဘန်ကောက်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခု ပေါက်ကွဲမှုတွင် ပါဝင်သည်ဟု အဓိက သံသယရှိသူတစ်ဦးကို ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်က ယနေ့တွင် ကြေညာခဲ့သည်။
    လူ ၂၀ ခန့်သေဆုံးခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးမှုမှာ ဒုတိယမြောက်ပြီး၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း နိုင်ငံခြားသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
    ယခုဖမ်းဆီးရမိခဲ့သူကို ဘန်ကောက်သို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာခဲ့ပြီး ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကမူ ၎င်းမှာ အဓိကတရားခံဖြစ်သည်ဟု ဆိုသည်။
    “ဆာကေအို စစ်ဆေးရေးဂိတ်မှာ သူ့ကိုမိတာပါ။ သူဟာ အဓိက သံသယရှိသူဖြစ်ပြီး နိုင်ငံခြားသားတစ်ယောက်ပါ” ဟု ကမ္ဘော့ဒီးယားနယ်စပ်မှ ထိုင်းဘက်ခြမ်းရှိ ဒေသကို ရည်ညွှန်း၍ ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
    ထိုတိုက်ခိုက်မှုကို ကျူးလွန်ရသည့် နောက်ကွယ်မှအကြောင်းအရင်းကို တိတိကျကျ ထုတ်ဖော်နိုင်ခြင်းမရှိသေးဘဲ၊ သံသရှိသူများကိုလည်း ထင်ကြေးပေးမှုများဖြင့် ထုတ်ပြန်နေပြီး ထိုင်းနိုင်ငံ တောင်ပိုင်းမှ သူပုန်များ၊ ရာဇ၀တ်ဂိုဏ်းများ၊ ဖိနှိပ်ခံ ၀ီဂါလူမျိုးများကို တရုတ်နိုင်ငံသို့
    ပြန်လည်ပို့ဆောင်လိုက်သည့်အတွက် မကျေပ်နပ်သူများ ဖြစ်သည်ဟု ယူဆမှုများ ရှိနေသည်။
    ယမန်နေ့ကလည်း အသက် ၂၆ နှစ်အရွယ် ထိုင်းမွတ်စလင်အမျိုးသမီး ဆူအန်ဆန်နှင့် အခြားတစ်ဦးကို ထိုပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ဆာကေအိုမှ လူဝင်မှုကြီးကြပ်ရေး အရာရှိ ၆ ဦးအပါအ၀င် အရာရှိ ၂၂ ဦးကို တာဝန်မဲ့မှုဖြင့် ၎င်းတို့၏ ရာထူးများမှ ထုတ်ပယ်လိုက်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုင်းရဲချုပ် ဆွမ်ယွတ် ပွန်ပန်မောင်ကမူ ဆာကေအိုမှ လူဝင်မှုကြီးကြပ်ရေး အရာရှိများကို ထုတ်ပယ်ခြင်းမှာ နယ်စပ်မှ တရားမ၀င် ၀င်ရောက်မှုများကို ခွင့်ပြုခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဘန်ကောက်ပေါက်ကွဲမှု အတွက် သံသယရှိသူကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
    ဘန်ကောက်ပေါက်ကွဲမှု အတွက် သံသယရှိသူကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media
    thai
    – သြဂုတ်လ ၁၇ ရက်နေ့က လူပေါင်း ၂၀ သေဆုံးခဲ့သည့် ဘန်ကောက်မြို့ ဟိန္ဒူဘုရားကျောင်း ဗုံးကွဲမှုအတွက် သံသယရှိသူ နိုင်ငံခြားသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ဖမ်းဆီးလိုက်ပြီး၊ ဗုံးလုပ်သည့် ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
    ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ တိုက်ခန်းတစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် အဆိုးဝါးဆုံး ပေါက်ကွဲမှုနှင့် ဆက်စပ်၍ ပထမဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်သည်။ သို့သော်လည်း အဓိကသံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ပုံကြမ်းရေးဆွဲ ထုတ်ပြန်ထားသူ မဟုတ်ချေ။
    “ကျွန်တော်တို့ လူတစ်ယောက်ကို ထိန်းသိမ်းထာပါတယ်။ ဗုံးလုပ်တဲ့ပစ္စည်း အစိတ်အပိုင်းတွေကိုလည်း သူရဲ့ တိုက်ခန်းထဲမှာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ပြီးတော့ ဒီဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်တဲ့ အလားအလာရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ချက်တစ်ပ် ချာဂျင်ဒါက ယနေ့နေ့လည် ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ပရာဝစ် သာဗွန်ဆီရီကမူ ဖမ်းဆီးရမိခဲ့သူမှာ တူရကီနိုင်ငံသားဖြစ်သည်ဟု စောစောပိုင်းက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ငြင်းဆန်ခဲ့သည်။
    “ပထမတော့ ကျွန်တော်တို့က တူရကီနိုင်ငံသားလို့ ထင်တာပါ။ ဒါပေမယ့် သူကိုင်ထားတဲ့ တူရကီပတ်စ်ပို့နှစ်ခု တွေ့ပြီး အားလုံး အတုတွေပါ။ ပြီးတော့ ပတ်စ်ပို့အတု အလွတ်တော်တော်များနဲ့ အထောက်အထားအမျိုးမျိုးကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
    အင်္ကျီအ၀ါရောင်ဝတ်ကာ ဘုရားကျောင်းဝင်းအတွင်း ဗုံးဟုယူဆရသည့် ကျောပိုး လွယ်အိတ်ကို ချထားခဲ့သည့် အဓိက သံသယရှိသူကိုမူ ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေသည်။
    Ref: Aljazeera,CNN
  • မြန်မာလုပ်သားများ အမြတ်ထုတ်ခံရမှုကို ဖော်ထုတ်သည့် လူ့အခွင့်ရေးသမားတစ်ဦးကို ထိုင်းတရားစွဲ
    မြန်မာလုပ်သားများ အမြတ်ထုတ်ခံရမှုကို ဖော်ထုတ်သည့် လူ့အခွင့်ရေးသမားတစ်ဦးကို ထိုင်းတရားစွဲ
    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media
    thai
    – ထိုင်းနိုင်ငံ၏ အသီးအနှံစည်သွပ်ဘူးလုပ်ငန်းတွင် တရားမ၀င် လုပ်အားအမြတ်ထုတ်မှုကို ဖော်ပြခဲ့သည့် ဗြိတိန့် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်တရားရုံးက ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှုဖြင့် တရားစွဲလိုက်သည်ဟု သိရသည်။
    တရားစွဲခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အန်ဒီ ဟောလ်ဆိုသူဖြစ်ပြီး ပုံနှိပ်ထုတ်ဝေဖြန့်ချီခြင်းဖြင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်ခြင်း၊ ကွန်ပျူတာရာဇ၀တ်မှု အက်ဥပဒေများဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။
    ဟောလ်ကို ၎င်းသုတေသနလုပ် စစ်တမ်းကောက်ယူခဲ့သည့် Nautral Fruit ကုမ္ပဏီက ရာဇ၀တ်မှုနှင့် လူမှုရေးစွဲချက် ၄ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လူမှုရေးရာစွဲချက်ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ဒဏ်ငွေ ကန်ဒေါ်လာ ၁၂.၅ သန်းခန့် ပေးဆောင်ရဖွယ် ရှိနေသည်။
    စစ်တမ်းကောက်ယူမှုတွင် ဟောလ်မှာ ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ထိုကုမ္ပဏီပိုင် စည်သွပ်ဘူးစက်ရုံတွင် အိမ်နီးချင်းမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လုပ်အား ခေါင်းပုံဖြတ်ခံရမှုများ၊ ကလေးအလုပ်သမားများ၊ အလုပ်သမားများအပေါ် အကြမ်းဖက်မှုများနှင့် အခြား ခေါင်းပုံဖြတ်ခံရမှုများကို တွေ့ရှိခဲ့သည်။
    အဆိုပါ သုတေသနပြုမှုကို ဖင်လန်အန်ဂျီအိုတစ်ခုဖြစ်သော Finnwatch အတွက် လုပ်ပေးခဲ့ခြင်းဖြစ်ပြီး၊ အန်ဂျီအို၏ အမှုဆောင်ဒါရိုက်တာ ဆွန်ဂျာ ဗာတီယာလာကမူ ဟောလ်အား စွဲဆိုထားသည့် စွဲချက်များမှာ အခြေအမြစ်မရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့မှာ လွတ်လပ်စွာဖော်ပြမှုကို ကျင့်သုံးသည့်အတွက်ကြောင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှု ဥပဒေများကို ဖျက်သိမ်းရန် ၎င်းက ထိုင်းနိုင်ငံအား တိုက်တွန်းခဲ့သည်။
    ဘန်ကောက်တောင်ပိုင်း ရာဇ၀တ်မှုဆိုင်ရာ တရားရုံးကမူ အောက်တိုဘာ ၁၉ ရက်နေ့တွင် လျှောက်လဲချက်ပေးရန် ဟောလ်အား အမိန့်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းအား ထိန်းသိမ်းထားပြီး အာမခံလည်း လျှောက်ထားနိုင်သည်။
    ဟောလ်အား နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၊ ကုန်သွယ်ရေး သမဂ္ဂအဖွဲ့များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲခံနေရသည့် ထိုင်းပယ်လယ်စာလုပ်ငန်းတို့က ထောက်ခံအားပေးကြသည်။
    “သူတို့အားလုံးက ဒါကို ဆန့်ကျင်ကြပါတယ်။ (Natural Fruit) က လူတွေက ခေါင်းမာကြပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပေမယ့် ဒီအမှုအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဟောလ်က ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဘန်ကောက်ဗုံးခွဲမှု သံသယရှိသူ၏ ပုံကြမ်းကို ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်
    ဘန်ကောက်ဗုံးခွဲမှု သံသယရှိသူ၏ ပုံကြမ်းကို ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်
    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media
    thai 3
    – မြို့တော်ဘန်ကောက်တွင် တနင်္လာနေ့က ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့သည့် ဗုံးခွဲမှုအတွက် အဓိကသံသယရှိသူ၏ ရုပ်ပုံကြမ်းကို ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်ပြီး ထိုတိုက်ခိုက်မှုမှာ ကွန်ယက်တစ်ခုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ယနေ့တွင် ပြုလုပ်ခဲ့သည့် ထိုင်းရဲတပ်မှူးများ အစည်းအဝေးတွင် ရဲတပ်ဖွဲ့အကြီးအကဲ ဆွမ်ယွတ် ပွမ်ပန်မောင်ကမူ ပုံကြမ်းထုတ်ပြန်လိုက်သည့် သံသယရှိသူမှာ ပူးပေါင်းဆောင်ရွက်သူမရှိဘဲ တစ်ဦးတည်းဖြင့် ထိုတိုက်ခိုက်မှုကို မပြုလုပ်နိုင်ဟု ပြောကြားခဲ့သည်။
    “တစ်ယောက်တည်းလုပ်တာ မဟုတ်တာတော့ သေချာပါတယ်။ သူတို့မှာ ကွန်ယက်တစ်ခု ရှိပါတယ်” ဟု ပွမ်ပန်မောင်က ဆိုပြီး ပြည်သူများနှင့် ထိုင်းနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေသော ၀န်ကြီးချုပ် အမိန့်အတိုင်းကို မိမိမှ လုပ်ဆောင်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အစိုးရတာဝန်ရှိသူများကမူ တိုက်ခိုက်မှုကို ကျူးလွန်သည့်အဖွဲ့မှာ အစိုးရအား ဆန့်ကျင်သော အုပ်စုအပါအ၀င် မည်သည့်အုပ်စုမဆို ဖြစ်နိုင်သည်ဟု ပြောကြားမှုများရှိနေပြီး နိုင်ငံတောင်ပိုင်းမှ မွတ်စလင်လက်နက်ကိုင်များနှင့် ယခင်အစိုးရဟောင်းကို ထောက်ခံသည့် ရှပ်နီများ၏ တိုက်ခိုက်ပုံများနှင့် မတူညီဟု ပြောကြားခဲ့သည်။
    ယခုထုတ်ပြန်လိုက်သည့် ရုပ်ပုံကြမ်းမှ အမျိးသားမှာ အသားလတ်ပြီး၊ ထူထဲသောဆံပင်နက်ရှိကာ၊ မုတ်ဆိတ်ပါးပါးရှိ၍ မျက်မှန်အနက် တပ်ထားသူဖြစ်သည်။ ထိုအမျိုးသားမှာ ထိုင်းနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားလားဆိုသည်မှာ သဲကွဲခြင်းမရှိပေ။
    အဆိုပါသံသယရှိသူအတွက် ထိုင်းအစိုးရမှာ ဆုငွေ ဘတ် ၁ သန်း (ကန်ဒေါ်လာ ၂၈၀၀၀) ထုတ်ထားသည်။ ရဲတပ်ဖွဲ့ကမူ အဆိုပါ ပုံကြမ်းကို တရားရုံးသို့ တင်သွင်းသွားမည်ဖြစ်ပြီး၊ ဖမ်းဝရမ်းတောင်းသွားမည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဘန်ကောက်ပေါက်ကွဲမှု လက်သည်ကို ထိုင်းအစိုးရ ပိုက်စိတ်တိုက် ရှာဖွေနေ
    ဘန်ကောက်ပေါက်ကွဲမှု လက်သည်ကို ထိုင်းအစိုးရ ပိုက်စိတ်တိုက် ရှာဖွေနေ
    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media
    thai
    – ယမန်နေ့က ဘန်ကောက်မြို့လယ်ကောင်ရှိ ဟိန္ဒူဘုရားကျောင်းအနီးတွင် ဗုံးပေါက်ကွဲမှုအတွက် တာဝန်ရှိသူများကို ပိုက်စိတ်တိုက်ရှာဖွေနေပြီး ကာကွယ်ရေးဝန်ကြီး ပရာဝစ် ၀မ်ဆူဝမ်ကမူ ထိုတိုက်ခိုက်မှုမှာ နိုင်ငံ၏ စီးပွားရေးကို ပစ်မှတ်ထားပြုလုပ်သည့် တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အီရာဝန်ဟု အမည်ရသည့် ဟိန္ဒူဘုရားကျောင်းအနီးတွင် ယမန်နေ့ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သော အဆိုပါ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူပေါင်း ၂၀ သေဆုံးခဲ့ပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ ခရီးသွားများလည်း ပါဝင်ခဲ့သည်။
    ကာကွယ်ရေးဝန်ကြီး ပရာဝစ် ၀မ်ဆူဝမ်ကမူ နိုင်ငံခရီးသွားဒေသ၏ အချက်အချာတွင် ဖြစ်ပွားခဲ့သောကြောင့် ထိုတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူများမှာ တိုင်းပြည်၏ ခရီးသွားလာရေးလုပ်ငန်းနှင့် စီးပွားရေးကို ပျက်ဆီးစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ချန်အိုချာမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အစိုးရ အကြီးတန်းတာဝန်ရှိသူများ၊ အမျိုးသားလုံခြုံရေးအတွက် တာဝန်ယူထားသော စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့သည်။
    ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ယူဒွမ်ဒက်ဂ်ျ စီတာဘူတာရ်ကမူ အဆိုပါပေါက်ကွဲမှုမှာ နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်လက်နက်ကိုင်များ ပြုလုပ်သည့် နည်းလမ်းမျိုးမဟုတ်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera