သြဂုတ် ၂၄၊ ၂၀၁၅
M-Media
– ထိုင်းနိုင်ငံ၏ အသီးအနှံစည်သွပ်ဘူးလုပ်ငန်းတွင် တရားမ၀င် လုပ်အားအမြတ်ထုတ်မှုကို ဖော်ပြခဲ့သည့် ဗြိတိန့် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်တရားရုံးက ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှုဖြင့် တရားစွဲလိုက်သည်ဟု သိရသည်။
တရားစွဲခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အန်ဒီ ဟောလ်ဆိုသူဖြစ်ပြီး ပုံနှိပ်ထုတ်ဝေဖြန့်ချီခြင်းဖြင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်ခြင်း၊ ကွန်ပျူတာရာဇ၀တ်မှု အက်ဥပဒေများဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။
ဟောလ်ကို ၎င်းသုတေသနလုပ် စစ်တမ်းကောက်ယူခဲ့သည့် Nautral Fruit ကုမ္ပဏီက ရာဇ၀တ်မှုနှင့် လူမှုရေးစွဲချက် ၄ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လူမှုရေးရာစွဲချက်ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ဒဏ်ငွေ ကန်ဒေါ်လာ ၁၂.၅ သန်းခန့် ပေးဆောင်ရဖွယ် ရှိနေသည်။
စစ်တမ်းကောက်ယူမှုတွင် ဟောလ်မှာ ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ထိုကုမ္ပဏီပိုင် စည်သွပ်ဘူးစက်ရုံတွင် အိမ်နီးချင်းမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လုပ်အား ခေါင်းပုံဖြတ်ခံရမှုများ၊ ကလေးအလုပ်သမားများ၊ အလုပ်သမားများအပေါ် အကြမ်းဖက်မှုများနှင့် အခြား ခေါင်းပုံဖြတ်ခံရမှုများကို တွေ့ရှိခဲ့သည်။
အဆိုပါ သုတေသနပြုမှုကို ဖင်လန်အန်ဂျီအိုတစ်ခုဖြစ်သော Finnwatch အတွက် လုပ်ပေးခဲ့ခြင်းဖြစ်ပြီး၊ အန်ဂျီအို၏ အမှုဆောင်ဒါရိုက်တာ ဆွန်ဂျာ ဗာတီယာလာကမူ ဟောလ်အား စွဲဆိုထားသည့် စွဲချက်များမှာ အခြေအမြစ်မရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့မှာ လွတ်လပ်စွာဖော်ပြမှုကို ကျင့်သုံးသည့်အတွက်ကြောင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှု ဥပဒေများကို ဖျက်သိမ်းရန် ၎င်းက ထိုင်းနိုင်ငံအား တိုက်တွန်းခဲ့သည်။
ဘန်ကောက်တောင်ပိုင်း ရာဇ၀တ်မှုဆိုင်ရာ တရားရုံးကမူ အောက်တိုဘာ ၁၉ ရက်နေ့တွင် လျှောက်လဲချက်ပေးရန် ဟောလ်အား အမိန့်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းအား ထိန်းသိမ်းထားပြီး အာမခံလည်း လျှောက်ထားနိုင်သည်။
ဟောလ်အား နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၊ ကုန်သွယ်ရေး သမဂ္ဂအဖွဲ့များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲခံနေရသည့် ထိုင်းပယ်လယ်စာလုပ်ငန်းတို့က ထောက်ခံအားပေးကြသည်။
“သူတို့အားလုံးက ဒါကို ဆန့်ကျင်ကြပါတယ်။ (Natural Fruit) က လူတွေက ခေါင်းမာကြပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပေမယ့် ဒီအမှုအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဟောလ်က ပြောကြားခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.