News @ M-Media
Tag: thailand
  • တောင်းဆိုမှု မရခဲ့ပါက ၀န်ကြီးချုပ်နှင့် ဝန်ကြီးများအား ဖမ်းဆီးမည်ဟု ထိုင်း အတိုက်အခံခေါင်းဆောင် ခြိမ်းခြောက်
    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media
    133044618_13896988659531n
    – အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာနှင့် ထိုင်းကတ်ဘိနတ် ၀န်ကြီးများအား ဖမ်းဆီးပြီး၊ ၎င်းတို့အနေဖြင့် ရာထူးမှ နှုတ်ထွက်ခြင်းမပြုပါက ထိန်းသိမ်းထားမည်ဟု အတိုက်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်က ယနေ့တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။
    ဘန်ကောက်မြို့ ဆန္ဒပြပွဲတစ်နေရာတွင် ဆန္ဒပြသူများအား ပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့် နှစ်ရက်၊ သုံးရက်အတွင်း အစိုးရအရာရှိများ၏ အိမ်များကို ၀ိုင်းထားရန်လည်း သောင်ဆူဘန်က ပြောကြားခဲ့သည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေး ပြည်သူ့ ဒီမိုကရေတစ် ကော်မတီ (PDRC) က အလိုရှိနေသည့် အိမ်စောင့်အစိုးရ နှုတ်ထွက်ရန် ကိစ္စအား ငြင်းဆန်ခဲ့ပါက PDRC အနေဖြင့် ယင်းလတ်နှင့် ကတ်ဘိနတ် ၀န်ကြီးများအား နေအိမ်များအား ပိတ်ဆို့ခြင်းဖြင့် ဆန္ဒပြမှုများကို အရှိန်မြှင့်သွားမည်ဖြစ်ပြီး၊ ထိုအချိန်တွင်လည်း လိုက်လျောမှုမရှိပါက ဆန္ဒပြသူများက ၎င်းတို့ကို ထိန်းသိမ်းသွားမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။
    ယင်းလပ်အား နှုတ်ထွက်ရန် ဖိအားပေးသည့်အနေဖြင့် ဘန်ကောက်မြို့ပိတ်ဆို့ရေး အစီအစဉ်ကို သောင်ဆူဘန်ဦးဆောင်ကာ ယမန်နေ့ကစတင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယင်းလပ်ကမူ မနက်ဖြန်တွင်ပြုလုပ်မည့် ဖေဖော်ဝါရီရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စဆွေးနွေးမှုတွင် ပါဝင်ရန် သောင်ဆူဘန်နှင့် အတိုက်အခံ ဒီမိုကရက်ပါတီအား တိုက်တွန်းထားသည်။
  • ဘန်ကောက်ကို ပိတ်ဆို့သည့် ဆန္ဒပြမှုများ အတိုက်အခံများ စတင်
    ဇန်နဝါရီ ၁၃၊ ၂၀၁၄
    M-Media
    201411361645315734_20
    – ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာအား ဖြုတ်ချရန် ဆန္ဒပြမှုများ အရှိန်မြှင့်သည့်အနေဖြင့် ဘန်ကောက်မြို့အား ပိတ်ဆို့ဆန္ဒပြမှုများ ပြုလုပ်ရန် အတိုက်အခံများက စီစဉ်ထားသည့်အတိုင်း ယနေ့တွင် စတင်ခဲ့ကြသည်ဟု သိရသည်။
    ယနေ့နံနက်ပိုင်းတွင် ထောင်ပေါင်းများစွာသော အတိုက်အခံများမှာ ‘ဘန်ကောက်မြို့ကို ပိတ်ပစ်’ ဟု စာတန်းများပါဝင်သည့် တီရှပ်များကို ၀တ်ဆင်ကာ အလံများ ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး၊ မြို့ရှိ အချက်အချာကြသည့် နေရာများအား သိမ်းပိုက်ခဲ့ကြသည်။
    “အနိုင်၊ အရှုံးကို ပဓာန မထားဘဲ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ။ တွေ့ဆုံ ဆွေးနွေးတာမျိုး မလုပ်သလို၊ ညှိနှိုင်းမှုတွေကိုလည်း လက်ခံမှာ မဟုတ်ပါဘူး” ဟု အတိုက်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်က ဆန္ဒပြသူများအား ယမန်နေ့ ညပိုင်းက ပြောကြားခဲ့သည်။ ဒုတိယ၀န်ကြီးချုပ်အဖြစ် ၂၀၁၀ ခုနှစ်က အစိုးရဆန့်ကျင် ဆန္ဒပြုသူများကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သောင်ဆူဘန်မှာ ယနေ့ပြုလုပ်မည့် ဆန္ဒပြပွဲကို ဦးဆောင်သွားမည်ဖြစ်သည်။
    ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများမှာ ၃ လနီးပါးရှိလာပြီဖြစ်ပြီး၊ စောစောပိုင်းတွင် ထိုင်းစစ်တပ်က နိုင်ငံရေးကိစ္စရပ်များတွင် မပါဝင်ဟုပြောဆိုထားသည်။ သို့သော်လည်း နောက်ပိုင်းတွင် အစိုးရနှင့် အတိုက်အခံများအကြား အမြန်ဆုံး နွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် ထိုင်းစစ်တပ် ခေါင်းဆောင်က တိုက်တွန်းခဲ့ပြီး အာဏာသိမ်းရန် ရှိ/မရှိမေးမြန်းခဲ့ရာ အခြေအနေကို စောင့်ကြည့် သွားမည်ဟု ပြောဆိုခဲ့သည်။
    Ref: aljazeera
  • ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပေါ်
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    344592_Thailand-protest
    – အိမ်စောင့်အစိုးရ အကြီးအကဲ ယင်းလပ်ရှင်နာဝပ်ထရာအားဖြုတ်ချရန် ဖိအားပေးသည့် ဆန္ဒပြပွဲတစ်ခုကို အစိုးရ အတိုက်အခံများက ယနေ့တွင် မြို့တော်ဘန်ကောက်၌ ပြုလုပ်ခဲ့သည်ဟုသိရသည်။
    ထိုဆန္ဒပြပွဲတွင် လူထောင်ချီပါဝင်ခဲ့ပြီး အစိုးရယန္တယားများ ရပ်တန့်သွားစေရန် ဘန်ကောက်မြို့ရှိ အဓိက လမ်းမကြီးများနှင့် လမ်းဆုံများအား ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစိုးရရုံးများအတွက် ပေးဝေနေသည့် ရေနှင့် လျှပ်စစ်မီးများကိုလည်း ဖြတ်တောက်မည်ဟု ပြောဆိုခဲ့သည်။
    အစိုးရလုပ်ငန်းများ ရပ်တန့်သွားစေရန် ၁၉ ရက်ကြာ ဆန္ဒပြမှုတစ်ခုကိုလည်း လာမည့် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် အတိုက်အခံများက ပြုလုပ်ရန် စီစဉ်ထားပြီး၊ ထိုင်းအိမ်စောင့်အစိုးရကလည်း ထိုဆန္ဒပြပွဲအား ထိန်းချုပ်ရန် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅၀၀၀ ကို ချထားမည်ဟု ကြေညာခဲ့သည်။
    ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများမှာ လွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းအား ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် အစိုးရက အတည်ပြုပြီးကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းအစိုးရက ပါလီမန်ဖျက်သိမ်းပေးခဲ့ကာ ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကြေညာခဲ့သော်လည်း အတိုက်အခံများက ကျေနပ်ခြင်းမရှိပေ။
    Ref: Press TV
  • ဇင်းမယ်မှ မြန်မာ့မွတ်စလင်များ ဘ၀မြင်ကွင်း
    ဇင်းမယ်မှ မြန်မာ့မွတ်စလင်များ ဘ၀မြင်ကွင်း
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    မြန်မာမွတ်စလင်များသည် ပုဂံခေတ်မှ ဗျက်ဝိ၊ဗျတ္တမှ စတင်ကာ ခေတ်အဆက်ဆက် နှစ်ပေါင်းရာချီပြီး မြန်မာပြည်တွင် တမြေတည်းဖွား တအူတုံးဆင် ညီရင်းအကိုကဲ့သို ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့သည်။ အုပ်ချုပ်သူ မြန်မာ သျှင်ဘုရင်မင်းဧကရာဇ် အသီးသီးအပေါ် သစ္စာစောင့်သိရိုသေကြသူများပင်ဖြစ်ကြသလို ဘယ်တုန်းကမှ နိုင်ငံအပေါ်သစ္စာမဖောက်ခဲ့ကြသည်မှာ မြန်မာမွတ်စလင်များ၏ ဂုဏ်တခု ဖြစ်သလို အစဉ်အလာလည်း ဖြစ်ကြသည်။ ဗြိတိသျှ ကိုလိုနီဗမာပြည် ခေတ်ကာလ အတွင်း အမျိုးသားရေး လှုပ်ရှားမှုသမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့ လွတ်လပ်ပြီးခေတ် ပြည်တွင်း ရောင်စုံသူပုန်တို့ကြောင့် ရန်ကုန်အစိုးရဟု ခေါ်ခံရသောခေတ်ကာလ တိုင်းပြည်အတွက် ဗမာတပ်မတော်မှ လိုအပ်နေသော လက်နက်ခဲယမ်းများကို ရယူကြံဆောင် ပေးခဲ့ကြသည်မှာ ထင်ရှားသည်သက်သေပင်ဖြစ်သည်။
    မြန်မာမွတ်စလင်မ် ခေါက်ဆွဲဆိုင် (ဓါတ်ပုံ-မောင်လူငယ်)
    ဗိုလ်နေ၀င်း၏ ၂၆ နှစ်တာ အုပ်ချုပ်မှုနှင့် န၀တ၊ နအဖ စစ်အစိုးရအဖွဲ့၏ ၂၂ နှစ်ကြာ အာဏာ ဆုပ်ကိုင်ထားမှုတို့ကြောင့် မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ၊ မဖွံ့ဖြိုးမတိုးတက်သောနိုင်ငံဘ၀သို့ သက်ဆင်းခဲ့ရလေသည်။ ထို့အချိန်ကာလအတွင်း တိုင်းရင်းသားများရဲ့ လိုအပ်ချက်ကဏ္ဍအသီးသီးတွင် လျစ်လှူရှုကာ ကြံရာမရသည်အဆုံး နိုင်ငံအရေးတွင် လူမျိုးရေး၊ ဘာသာရေးပေါ်လစီ ကျင့်သုံးကာ သွေးခွဲမှု၊ အဓိကရုဏ်းများဖြင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်တိုင်း ကျင့်သုံးကြသည်မှာ အစဉ်အလာလို့ ဖြစ်ခဲ့ပေသည်။
    နိုင်ငံ၏ကဏ္ဍအသီးသီးတွင် မြန်မာမွတ်စလင်များကို တဖြည်းဖြည်းနှင့် နေရာမပေးတော့ဘဲ ပစ်ပယ်ထားခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်းများဖြင့်လည်းကောင်း၊ တိုင်းချစ်ပြည်ချစ် ရှိသော မွတ်စလင်များကိုလည်း ရာထူးနှိမ့်ခြင်း၊ တပ်မတော်အတွင်း ၀င်ခွင့်လုံးဝမပြုတော့ခြင်းကို ၀မ်းနည်းဖွယ်ရာတွေ့မြင့်ရလေသည်။ အမျိုးသားမှတ်ပုံတင်တွင်လည်း အရင်က မကြားဖူးခဲ့သော အသုံးအနှုန်းများကို ထည့်သွင်းရေးသား ဖော်ပြထားသည်ကို တွေ့ရသည် အပြင် မြန်မာလူအဖွဲ့အစည်းတွင် သုံးစွဲနေသော စကားလုံးတချို့သည် နှိမ့်ခေါ်သော၊ မတူမတန်သလို ခွဲခြားခေါ်သော အသုံးအနှုန်းများပင်ဖြစ်သည်။ ဥပမာ – လူမျိုးခြား၊ ဘာသာခြား အစ ……. တို့ဖြစ်သည်။ ကျနော်မောင်လူငယ်ရဲ့ ဖခင်က ဗမာ ဗုဒ္ဓဘာသာ၊ မိခင်က ဗမာ အစ္စလာမ့်ဘာသာဝင်တွေပါ။ ကျနော်ရဲ့ မိခင်ဘက်က ဘိုးစဉ်ဘောင်ဆက်က ကုန်းဘောင်မင်းဆက်ဘုရင် အလောင်းဘုရား ဦးအောင်ဇေယျရဲ့ ရွှေဘို မြေဒူးဆက် မြန်မာမွတ်စလင်တွေပါ။ န၀တ၊ နအဖခေတ်မှာ အကြောက်တရား လွှမ်းမိုးနေတော့ ကျနော်ရဲ့ အမျိုးသားမှတ်ပုံတင်မှာတော့ လ၀ကအရာရှိက ဖြေထားတာက လူမျိုးမှာ ဗမာ + ဗမာစွန်နီ၊ ကိုးကွယ်သည်ဘာသာမှာ တော့ ဗုဒ္ဓဘာသာလို့ သူသဘောနဲ့သူထည့်ရေးပါတယ်။ အကြောင်းပြချက်ကတော့ အဖေဘက်ပဲ လိုက်ရမယ်တဲ့။ ကိုယ်ယုံကြည်ရာ နှစ်သက်ရာ ဘာသာတရားကို ရွေးချယ်ပိုင်ခွင့်ပင်မရှိချေ။ အဖေက အဲဒီအချိန်တုန်းက နိုင်ငံဝန်ထမ်းဆိုတော့ အလုပ်ပြုတ်မှာ ကြောက်သလို၊ ကြောက်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ထားတဲ့အတွက် လ၀ကအရာရှိက ရီပို့စ် အရှည်ကြီးရေးပြီး ဖတ်ခွင့်မရဘဲ လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် ကျနော် ဘာမှမပြောဘဲ လက်မှတ်ရေးထိုးပြီး သည်းခံခဲ့ပါတယ်။ ကျနော်ကဲ့သို့ အမျိုးသား မှတ်ပုံတင်တွင် အတင်းအကျပ်ပြုလုပ်ခံရ မြန်မာမွတ်စလင်များနဲ့ မှတ်ပုံတင်မရှိဘဲ နိုင်ငံမဲ့များ၊ နိုင်ငံသား ဖြစ်ခွင့်မရသူများ ဒုနဲ့ဒေးပင် ရှိသည်သိရသလို ဇင်းမယ်တွင် မြန်မာမွတ်စလင်များ၏ ဖြစ်ရပ်နှင့် ရင်တွင်းခံစားချက်များကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပါသည်။
    ခေါက်ဆွဲလာဝယ်နေသော ယိုးဒယား စားသုံးသူများ (ဓါတ်ပုံ-မောင်လူငယ်)
    တချိန်က အာရှရဲ့ ဆန်အိုးကြီးဟု နာမည်ကျော်ခဲ့သော မြန်မာနိုင်ငံသည် အခုအခါ အာဆီယံဟုခေါ်သော အရှေ့တောင်အာရှနိုင်ငံများ၏ နောက်တွင် နောက်ကောက်ကျန်ခဲ့ပြီးဖြစ်သည်မှာ လက်တွေ့အဖြစ်အပျက်ပင်ဖြစ်သည်။ မြန်မာတို့က ယိုးဒယားနိုင်ငံဟု ခေါ်ခဲ့သော ထိုင်းနိုင်ငံသည် မြန်မာတို့ထက် များစွာ ကျော်တက်ကာ တိုးတက်ဖွံဖြိုးသောနိုင်ငံဘ၀သို့ ရောက်ရှိခဲ့ပြီး ၀င်ငွေကောင်းသဖြင့်  မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်သမားများ ထိုင်းလူမျိုးတို့ မလုပ်သော အောက်ခြေသိမ်းအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်ကြသည်။ မြန်မာနှင့်ထိုင်းနိုင်ငံမှာ နယ်နမိတ် ထိစပ်မှုရှည်လျားပြီး ရှမ်း၊မွန်၊ကချင်၊ကရင်၊ ကယားပြည်နယ်၊ ပဲခူး၊ မြန်မာပြည်အလယ်ပိုင်းဒေသနဲ့ တနင်္သာရီတိုင်းဒေသမှာ မြန်မာတိုင်းရင်းသားများသည် နယ်စပ်ဝင်ပေါက်မှာတဆင့် တရားဝင်ရော၊ တရားမ၀င်ရော နေ့စဉ်နဲ့အမျှ ၀င်ရောက်နေသည်မှာ မြန်မာပြည်၏ ထင်ရှားသော အမှတ်အသားပင်ဖြစ်သည်။
    ဇင်းမယ်တွင် မြန်မာပြည်မှာ လာသော မွတ်စလင်များကို ကြုံရာကျပန်း အလုပ်များဖြင့် တွေ့မြင်ရပါသည်။ တွေ့ခဲ့ရသူများမှာ မြန်မာပြည်သား ကရင်၊မွန်၊ရခိုင်၊ရှမ်း၊ကချင်၊ဗမာ၊ ရိုဟင်ဂျာနဲ့  တရုတ်လူမျိုး အစ္စလာမ့်ဘာသာ ကိုးကွယ်သူများပင်ဖြစ်သည်။ မြန်မာမွတ်စလင်အမျိုးသားများမှ ပလာတာ ထိုင်းအခေါ် ရိုတီ၊ လက်ဘက်ရည်၊ ထမင်းနှင့် ဟင်းမျိုးစုံ၊ အကင်မျိုးစုံနဲ့ ခေါက်ဆွဲကြော်၊ကြာဇံကြော် လက်တွန်းလှည်းဆိုင်ကယ်များဖြင့် လည်းကောင်း၊ ဈေးထဲတွင် ကြက်သားနဲ့ အမဲသားရောင်းသော ဆိုင်တွင် လည်းကောင်း အမျိုးသမီးများသည် အိမ်ဖော်အလုပ်၊ သန့်ရှင်းရေး၊ စာပွဲထိုး၊ အမဲသားသုတ်နဲ့ ထမင်း၊ ကောက်ညှင်းထမင်း လက်တွန်းလှည်းဆိုင်အပြင် ကွမ်းယာရောင်းခြင်းတို့တွင် မိမိတို့ ဘ၀စားဝတ်နေရေးအတွက် လုပ်ကိုင်ကြသည်ကို တွေ့မြင်ရပါသည်။
    ဘတ် ၂၀ တန် ခေါက်ဆွဲကြော် (ဓါတ်ပုံ-မောင်လူငယ်)
    ကျနော်သည် ဇင်းမယ်တွင် ဂျမုအတ် သောကြာနေ့တွင် ဗလီဝတ်ပြုသွားရာတွင် မြန်မာမွတ်စလင်များနှင့် အမြဲဆုံကြပြီး ကြာလတ်သော အပြန်အလှန် မိတ်ဆက်ပေးကြရာမှာ ရင်းနှီးပြီး သူတို့ရဲ့ ဘ၀အကြောင်းကို စာနာစွာ သိရှိရပါသည်။ ထို့သူများ၏ နာမည်ကို ကျနော်သည် ထုတ်ဖော်မပြောဆိုဘဲ နာမည်ပြောင်းထားလိုက်သည်ကို စာဖတ်သူ ချစ်မိတ်ဆွေများက နားလည်ပေးပါရန်။
    အကင်မျိုးစုံ လက်တွန်းလှည်းလေးနဲ့ ဈေးရောင်းနေတဲ့ မြန်မာမွတ်စလင် တဦးဖြစ်တဲ့ ဦးစောရဲသူ ပြောပြချက်ကတော့ “ကျနော်ကို ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့မှာ မွေးတဲ့ ကရင်လူမျိုး အစ္စလာမ့်ဘာသာဝင်ပါ။ အခု ကျနော်အသက်က ၄၂ ရှိပါပြီး။ ကျောင်းဆိုတာ ကျနော်တောင် မမျှော်မှန်းရဲဘူး။ မိဘတွေက ဆင်းရဲလို့ ကျနော်ကျောင်းမနေခဲ့ရပါဘူး။ မြန်မာလို့ရော ထိုင်းလို့ရော  ပြောတတ်ပါတယ်။ စာတော့မဖတ်တတ် မရေးတတ်ပါဘူး။ ကျနော်နေတဲ့ ဒေသမှာ အလုပ်အကိုင်ရှားပါးပါတယ်။ စားဖို့ သောက်ဖို့ အဆင်တော့မပြေဘူး။ နောက်ပြီး မွတ်စလင်တယောက်ဖြစ်တော့ ဘာသာကိုအကြောင်းပြုပြီး မှတ်ပုံတင်လုပ်ဖို့လည်း အခက်အခဲရှိတယ်။  ပိုက်ဆံလည်းမရှိဘူး။ ဒီလိုဖိနှိပ်မှုတွေရှိတော့ ၁၈ နှစ်သားကတည်း ထိုင်းကို ထွက်လာပြီး ချင်းမိုင်မှာ အလုပ်လုပ်ပြီးနေလာတာ အနှစ် ၂၀ တောင် ကျော်ခဲ့ပြီး ကျနော်မှာ အိမ်ထောင်နဲ့ အတည်တကျဖြစ်ပြီး ကလေး ၂ ယောက်ရှိပါတယ်။ အမျိုးသမီးက မွန်လူမျိုး မွတ်စလင်ပါ။ အိမ်ဖော်လုပ်နေတာပေါ့။ မိသားစုအတွက် ကျနော်တို့ လင်မယား ၂ ယောက် ကြိုးစားရတယ်။ ကျနော်ကလေး ၂ယောက်ကို ထိုင်းမှာ မွေးပြီး ထိုင်းမှာ ကျောင်းထားပေးထားပေးမဲ့ ထိုင်းနိုင်ငံသားတွေ မဟုတ်သလို မြန်မာနိုင်ငံသားလည်း မဟုတ်ပါဘူး။ မြန်မာလူမျိုး ဖြစ်ခွင့်မရတာ ကျနော် ၀မ်းနည်းလို့မဆုံပါဘူး။ အလ္လာဟ်အသျှင် အလိုတော်အတိုင်း တနေနေ့ ကိုယ်မွေးရပ်မြေကို ပြန်နိုင်မှာပါ။” လို့ ပြောသွားပါတယ်။
    နောက်တယောက်ဖြစ်တဲ့ ထမင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ ကချင်တိုင်းရင်းသား မွတ်စလင်တယောက်ဖြစ်တဲ့ ဦးLနော်ဆိုင်းကတော့ “ကျနော်အသက်ကတော့ ၃၅ ပါ။ ကချင်ပြည်နယ် မိုးညှင်းဇာတိပါ။ မိသားစု ၈ ယောက်ရှိပါတယ်။ ကျနော်က အငယ်ဆုံးပါ။ အဖေက ကချင်လွတ်လပ်ရေးတပ်မတော်မှာ ပါဝင်လှုပ်ရှားခဲ့ဖူးပါတယ်။ အခုတော့ ကွယ်လွန်သွားပါပြီး။ တချို့အကိုနဲ့ အမတွေက မိုးညှင်းမှာရှိသလို အိမ်ထောင်ကျသွားတဲ့သူတွေက တရုတ်ပြည် ရွှေလီ၊ ကူမင်းမှာ နေပါတယ်။ ပညာရေးအနေနဲ့တော့ ၁၀ တန်းထိ နေခဲ့ပါတယ်။ ကျနော်က ချင်းမိုင်မှာ နေလာတာ ၁၀ နှစ်ကျော်ပါပြီး၊ ဒီမှာက နေလို့ကောင်းတယ်။ လူမျိုး၊ဘာသာမခွဲခြားဘူး။ မြန်မာပြည်နဲ့ အတော်ကွာတယ်။ ပြောရမယ်ဆိုရင် ဆီနဲ့ ရေလိုဘဲ။ ကချင်မှာလည်း ကချင်လူမျိုး နတ်ကိုးကွယ်သူ၊ ခရစ်ယာန်တွေနဲ့ အစ္စလာမ့်ဘာသာဝင်တွေ ရှိပါတယ်။ ဒါကို မြန်မာအစိုးရက ကချင် မွတ်စလင်ဆိုတာ မရှိပါဘူးလို့ -င်ပိတ်ငြင်းနေတာရှိတယ်။ ကျုပ်တို့ကတော့ ဒီလူတွေနဲ့ ပြိုင်မငြင်းဘူး။ ကချင်လူမျိုးဆိုတာ လူကြောက်မဟုတ်ဘူးဆိုတာ သူတို့ မသိချင်ယောင်ဆောင်နေကြတာ။ ကျုပ်တို့ဆီက ကျောက်စိမ်းတွေကိုကျတော့ ယူတယ်။ ကျုပ်တို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဘာတခုမှမလုပ်ပေးတဲ့ ကြောင်သူတော် ကြွက်သူခိုးတွေလေ။” ဟု နာကျဉ်းစိတ်ကို ဒေါသသံနဲ့ ပြောသွားတယ်။
    မဲဆောက်ဗလီကြီးတွင်တွေ့ရသည် မြန်မာနှင့်ထိုင်း အစ္စလမ်ဘာသာဝင်များ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
    အပတ်စဉ် တနင်္ဂနွေ ညနေတိုင်း ကျနော်သည် ချင်းမိုင် Riverside Condo နားရှိ ဈေးထဲတွင် အမြဲပင် သွားရောက်လေ့ရှိသည်အပြင် ညနေစာကိုလည်း ဈေးအတွင်းရှိ လခြမ်းနှင့် ကြယ်တံဆိပ် အမှတ်အသားပါသောဆိုင်များတွင် ၀င်ရောက်စားသုံးလေရှိသည်။
    ထိုင်းနိုင်ငံတွင် အစ္စလာမ့် ဘာသာဝင်များ၏ ဆိုင်များတွင် (၇၈၆) အမှတ်အသားပါသည် ဆိုင်များကို ကျနော်မတွေ့ဖူးပါ။ မြန်မာပြည်တွင် အတွေ့ရအများဆုံးပင်ဖြစ်ကြောင့် မှတ်သားမိသည်။ ကျနော်သည် ခေါက်ဆွဲဆိုင်တွင် အပတ်စဉ်တိုင်း စားနေကျဖြစ်သည်အတိုင်း ခေါက်ဆွဲဆိုင်ပိုင်ရှင်နှင့် ရင်းနှီးလာပြီး သူအကြောင်း ကိုယ်အကြောင်း မိတ်ဆက်ကြတော့မှာ မြန်မာပြည်က လာသူဖြစ်မှန်း သိရတဲ့အပြင် ရန်ကုန်ဇာတိဆိုတော့ သူအကြောင်းကိုလည်း ကျနော်ကို ရင်ဖွင့်ပြောပြခဲ့တာ ကျနော် စိတ်မကောင်းဖြစ်မိတယ်။ ပြောပြတာကတော့ “မာမူက ရန်ကုန်ဇာတိပါ သာကေတ မှာ နေတာပေါ့။ ထိုင်းမှာ နေတာ နှစ်ပေါင်း ၂၀၊ အစိတ်ရှိခဲ့ပြီး မာမူက မြန်မာ့မွတ်စလင်ပါ။ ကျောင်းဆိုလို့ ၈ တန်းထိဘဲ နေခဲ့ရတာ။ မြန်မာပြည်က ထွက်ခဲ့တုန်းက မ.ဆ.လ ခေတ်ပေါ့ သမ္မတ ဦးစန်းယု ကာလပေါ့။ ရန်ကုန်မှာ အလုပ်အကိုင် အဆင်မပြေလို့ပေါ့။ ပစ္စည်းမျိုးစုံ ရှားပါးတဲ့ ခေတ်မှာ မှောင်ခိုရွှေခေတ်ဆိုတော့ မော်လမြိုင်ဘက်ကို ရောက်သွားတယ်။ ထိုင်းကနေ ပစ္စည်းမျိုးစုံကို သယ်ဆောင်လာပြီး ခရီးအဆင့်ဆင့် ဆက်သွားပြီးမှာ မော်လမြိုင်ကို ရောက်တယ်။ မော်လမြိုင်ကနေ သင်္ဘောနဲ့ပေါ့ ရန်ကုန်အရောက် ဒါမှမဟုတ် ပုလိပ် အဖမ်းအဆီးရှိရင် စစ်တောင်း၊ ပဲခူး ရထားကနေ ရန်ကုန်ထိ ပို့ရတာပေါ့။ လဟာပြင်ဈေးတို့၊ စကော့ဈေးတို့ပေါ့။ အဲဒီတုန်းက မော်လမြိုင်ဆိုရင် မျက်နှာပွင့်တယ်။ လက်ဖျားမှာ ငွေတွေသီတယ်။ ပစ္စည်းမျိုးစုံ သယ်ဆောင်ရာမှာလည်း လမ်းခရီးအဆင့်ဆင့်မှာ ကေအန်ယူတို့၊ မွန်ပြည်သစ်ပါတီတို့ကို ဆက်ကြေးပေးရတယ်။ ဓားပြတွေရဲ့ ရန်က လွတ်အောင် ဒီအဖွဲ့တွေရဲ့ အကူအညီလိုအပ်တာပေါ့။ မြန်မာငွေက ထိုင်းဘတ်ထက် တန်ဖိုးမြင့်တယ်။ အဲဒီကာလကပေါ့။ လွမ်းစရာတော့ ဖြစ်ရပြီးလေ။
    ငါတူရယ်။ ငွေလဲလှယ်နှုန်းဘယ်လောက်ရှိလဲသိလား။ ငါတူ မှတ်ထား မြန်မာငွေ ၁ ကျပ်ကို ထိုင်းဘတ် ၃၀ တောင်။ အခုတော့ မော်လမြိုင်မှာ မှောင်ခိုမရှိတော့ နောက်မျိုးဆက်သစ်တွေက ဒီအကြောင်းကို မသိကြတော့ဘူး။ ၈၆ နောက်ပိုင်းမှာ မာမူလည်း ချင်းမိုင်မှာ အလုပ်လုပ်ရင်းနဲ့ ယိုးဒယားသူနဲ့ အိမ်ထောင်ကျပြီး အခြေချနေလာတာ နှစ်ပေါင်း ၂၀ တောင် ကျော်ခဲ့ပြီး၊ မာမူမှာ သား ၂ ယောက်ရှိတယ်။ သားအကြီးက ထိုင်းတပ်မတော်လေတပ် အရာရှိဖြစ်ပြီး ချင်းမိုင်လေဆိပ်လုံခြုံရေးကို တာဝန်ယူရတယ်အဖွဲ့မှာ ပါဝင်ထမ်းဆောင်နေတာပေါ့။ သားအငယ်က မာမူနဲ့ အတူ ဈေးရောင်းနေတယ်။ ထိုင်းမှာ ဘုရင်ကြီးက ကောင်းတယ်။ အားလုံးကို ကျောသားရင်သားမခွဲခြားဘူး။ ထိုင်းလူမျိုး ဘယ်ဘာသာကိုးကွယ် ကိုးကွယ် အားလုံးကို တပြေးညီဘဲဆက်ဆံတယ်။ မာမူသားဆိုရင် ထိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတယ်။ မြန်မာပြည်မှာ ရမလား။ မရနိုင်ဘူးကွယ်။ သူတို့တွေက မွတ်စလင်ဆို နှိမ့်တာ၊ ဖိနှိပ်တာဘဲ။ နေရာမပေးအောင်လုပ်တာ အဘက်ဘက်ကနေပေါ့။ ဘယ်သူလုပ်တယ်ထင်လဲ။ ငါတူ မသေမရှင် မှတ်ထား ဦးနေ၀င်း ကိုယ်တိုင်လုပ်ခဲ့တာ။ မြန်မာ လူအဖွဲ့အစည်းကို အမြင်ကျဉ်းမြောင်တဲ့ အတွေးအခေါ်တွေကို သံမှိုစွဲနှက်သလိုရိုက်သွင်းခဲ့တာဘဲ။ ခင်ညွန့်ဆိုရင်လည်း ကြည့်ပါလား ဦးနေ၀င်းမွေးထားတဲ့ မျောက်လေ။ သူလည်း အပြင်ပန်းကနေ ဟန်ဆောင်တာဘဲ။ စိတ်ထဲမှာ ဖေဖေကြီးပြောသမျှ မှန်နေတယ်လို့ အစွဲမပျောက်သေးပါဘူး။ ဒီလိုသာ ရှေဆက်သွားနေရင် မာမူတို့ မြန်မာပြည် အနာဂတ်အတွက် ရင်လေးလိုက်တာ။ မာမူလည်း မြန်မာပြည်ကို သံယောဇဉ် ရှိနေတာပေါ့။ ကိုယ်မွေးရပ်မြေလေ။ ဒါပေမဲ့ မိသားစုက ထိုင်းမှာ အခြေတကျဖြစ်နေတော့ မာမူလည်း အိပ်မက်ထဲမှာ မြန်မာပြည် အမြဲရောက်နေတာပေါ့။ ရီစရာပြောရမယ်ဆိုရင် အိပ်မက်ထဲမှာ မာမူလည်း မိသားစုနဲ့ မြန်မာဟင်း၊ ငါးပိနဲ့ တို့စရာတွေနဲ့ အားရပါးရလွေးနေရတာပေါ့။” အထက်ပါ ရင်ဖွင့်ချက်ကို ကျနော်သိရသောအခါ ခံစားမှုအမျိုးမျိုးဖြင့် ဘာပြောရမှန်း မသိအောင် နှုတ်ဆိတ်နေကာ အတန်ကြာ စဉ်းစားမိသည်။
    နိဂုံးချုပ်ဆိုရသော် မြန်မာမွတ်စလင်များသည် ပြည်တွင်းတွင် အမျိုးမျိုးသော ဖိနှိပ်မှုများအကြားတွင် ကြံ့ကြံ့ခံ ရင်ဆိုင်ရင် စားဝတ်နေရေးအတွက် နယ်စပ်မှတဆင့် ထွက်ခွာကာ ကျရာအလုပ်အသီးသီးတွင် ၀င်ရောက် လုပ်ကိုင်ကြသည်အပြင် မြန်မာမွတ်စလင် အများစုတွင် ပညာရေးဘက်တွင် အားနည်းခဲ့ပြီး စာတတ်မြောက်မှုနှုန်း မရှိသလောက်ဖြစ်ခဲ့ရသည်ကို ကျနော် ၀မ်းနည်းစွာ မျက်မြင်တွေ့မြင်ခဲ့ရလေသည်။
    မောင်လူငယ်
  • ကျနော် နေခဲ့ရသော ဇင်းမယ်ပြည်
    ကျနော် နေခဲ့ရသော ဇင်းမယ်ပြည်
    အောက်တိုဘာ၊ ၁၀ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    လွန်ခဲ့သော 10 လခန့်မှ စကာ ကျနော်သည် ဇင်းမယ်ပြည်တွင် နေထိုင်ရန် အကြောင်းဖန်လာခဲ့သည်။ ပြည်တွင်းတွင် အခက်အခဲပေါင်းစုံကြောင့် ထွက်ခွာလာခဲ့ရပြီး မြန်မာအငွေ့အသက်ရှိရာ ဇင်းမယ်မြို့တွင် မိမိဘ၀အတွက် အလုပ်လုပ်ကိုင်ကာ စားဝတ်နေရေးကို ရှာဖွေနေရပေသည်။ အစည်းအဝေးကိစ္စ၊ သင်တန်းကိစ္စဖြင့် ဘန်ကောက်သို့ အကြိမ်ကြိမ် ရောက်ရှိခဲ့သော်လည်း ဇင်းမယ်သို့ ရောက်ရှိနေမည်ဟု မည်သည်အခါမျှ အိပ်မက်ပင် မမက်မိချေ။
    ဇင်းမယ် ကျုံးနန်းတော်ဟောင်း
    ယိုးဒယားတို့ အခေါ် ချင်းမိုင်သည် တချိန်က မြန်မာတို့ ပိုင်နယ်မြေဖြစ်ခဲ့ပြီး ယခုအခါ ထိုင်း (ယိုးဒယား) တို့၏ ဒုတိယမြို့တော်ဖြစ်လေသည်။ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီး တို့၏ လက်ထက်တွင် ဇင်းမယ်သည် မြန်မာတို့ပိုင်ဖြစ်လာခဲ့ပြီး ဘုရင်နောင်မင်းတရားကြီး၏ သားတော် နော်ရထာစော ထီးနန်းစိုက်ချိန် တွင် ရာစုနှစ် ၂စု ကျော်ခန့် မြန်မာတို့ အစဉ်အဆက် နေထိုင်လာခဲ့ပြီး မြန်မာအငွေ့အသက်၊ မြန်မာဓလေ့ ထုံးစံတို့ကို တွေ့မြင်ရလေသည်။
    မိဘမဲ့ကလေးများနဲ့ မသန်စွမ်းတွေအတွက် အလှူခံနေတဲ့ ထိုင်းရဲ
    ကုန်းဘောင်မင်းဆက် စဉ့်ကူးမင်းလက်ထက်တွင် မြန်မာတို့ ဇင်းမယ်ကို လက်လွှတ်ခဲ့ရသည်။ ဇင်းမယ်မြို့ဟောင်းသည်စတုရန်းမိုင် ၄ မိုင်ခန့် ကျယ်ဝန်းပြီး ရှေးဟောင်းလက်ရာ၊ ကျုံးမြို့ရိုးဟောင်းများကို ယနေ့တိုင်တွေ့မြင်ရပြီး ဘန်ကောက်နန်းတော်ထက် ကျယ်ဝန်းလေသည်။ လူဦးရေတိုးပွားကာ ဖြည်းဖြည်း တိုးချဲ့လာသောကြောင့် မြို့ရိုးအပြင်ဘက်သို့တိုင်အောင် ရောက်ရှိခဲ့ပြီး စီးပွားရေး ရပ်ကွက်လည်း ရှိသည်။ ဇင်းမယ်တွင် ယိုးဒယား၊တရုတ်၊လာအို၊ရှမ်းနှင့်မြန်မာများနေထိုင်ပြီး ယိုးဒယားပေါက် မြန်မာများ၊ရှမ်းများကိုလည်း တွေ့မြင်ရသလို ယိုးဒယားလူမျိုးနှင်လာအိုတို့က ရှမ်းများကို တိုင်းလန် သို့မဟုတ် အကိုကြီးဟု ခေါ်ဆိုကြသည်ကို သိရှိရလေသည်။ အဘယ်ကြောင့်ဆိုသော် ယိုးဒယား၊ရှမ်းနဲ့လာအို တို့မှာ အချင်းချင်း ဆွေမျိုးသားချင်းများဖြစ်လေသည်။
    ဇင်းမယ်သည် ယိုးဒယားနိုင်ငံမြောက်ပိုင်း၏ မြို့တော်ဖြစ်ပြီး မဲနန်မြစ်၏ မြစ်လက်တက်ဖြစ်သော မဲပင်မြစ်ကမ်းဘေးတွင် တည်ရှိပြီး မိုးမျှော်တိုက်တာအဆောက်အအုံ မရှိသလောက် နည်းပါးလှသည်။ သစ်တောထူထပ်သောတောင်ကြီးများ ၀န်းရံလျှက်ရှိပြီး ဒွိုက်စူသက်တောင် သည် ဇင်းမယ်မြို့၏ အလှကို တင့်တယ်အောင် ပြသနေလေသည်။ မြန်မာပြည်ဘက် ကယားနီနယ်နှင့် မိုင် ၈၀ အကွာတွင် ရှိကာ အလွန်နီးလှသည်။ မြန်မာပြည်မှာ ထွက်လာသောသူများနှင့် မြန်မာအလုပ်သမား ၄ သိန်းခန့် နေထိုင်လျက်ရှိကြသည်။ ယိုးဒယားနိုင်ငံနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော ကရင်၊ကယားနီ၊မွန်နှင့် ရှမ်းပြည်နယ်မှာ တိုင်းရင်းသားများသည်လည်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှုနှင့် နေရာဒေသမရွေး တိုက်ပွဲတွေကြောင့် စွန့်ခွာလာခဲ့ပြီး မိမိတို့ စားဝတ်နေရေးအတွက် ဇင်းမယ်တွင် ရရာ အလုပ်များကို လုပ်ကိုင်စားသောက်နေထိုင်ကြသည်ကို ကျနော်သည် တွေ့မြင်ခဲ့ရသည်။ ၀မ်းနည်းဖို့ကောင်းလေသည်မှာ မိမိတို့ တိုင်းရင်းသူတချို့သည် မိသားစု စားဝတ်နေရေးအတွက် မိမိဘ၀ကို ရင်းနှီးရသည်ကို စိတ်မကောင်းခြင်းကြီးစွာ ကျနော် မြင်ခဲ့ရလေသည်။ မည်သူကို ကျနော်အပြစ်တင်ရမည်နည်း။
    ရွှေ့လျား ဆိုင်ကယ်ဈေးရောင်း
    ယိုးဒယားနိုင်ငံ၏ စီးပွားရေးသည် မြန်မာပြည်ထက်ပင် အစစ အရာရာ သာလွန်လျက် နိုင်ငံတကာ ခရီးသည်များကို ဆွဲဆောင်နိုင်လေသည်။ အစားအသောက်ဈေးနှုန်းမှာလည်း သင့်တင့်မျှတပြီး ဟိုတယ်၊ အင်းများ၏ တည်းခိုးစရိတ်မှာ မြန်မာပြည်ထက်ပင် ဈေးချိုလေသည်။ ပေးရသော် ဘတ် ၄၀၀ မှ ၅၀၀ ကြားရှိလေသည်။ ကျနော်စရောက်သည်အချိန်က ဇင်းမယ်သည် မန္တလေးနှင့် အတော်တူလေသည်။ သို့သော် ကွဲပြားခြားနားချက်တော့ ရှိလေသည်။ မန္တလေးတွင် အတော်ပူသလောက် ဇင်းမယ်တွင် သိပ်မပူချေ။ မန္တလေးတွင် မိုးနည်းသလောက် မည်သည်အချိန်တွင် မိုးရွာမည်ကို မခန့်မှန်းနိုင်ဘဲ ရွာတော့မည်ဆိုလျှင် အငြိုးကြီးစွာ ရွာတတ်သည်။ ဇင်းမယ်ကား တမျိုးထူးလေသည်။ မိုးမရွာခင် ရှေ့ပြေးအတိတ်နမိတ်လေးများပြတတ်ပြီး တိမ်တိုက်တိမ်လိပ်များ ထူထပ်ကာ လေခပ်ကြမ်းကြမ်းတိုက်ခတ်တတ်သည်။ ဖုန်ထူတာခြင်းတွင် အတော်တူလေသည်။
    ဆောင်းရာသီကာလတွင် အသည်းခိုက်အောင်ချမ်းလှပေသည်။ ဆိုင်ကယ်များလည်း အတော်ပေါပြီး ဥပဒဟို သွားလာလှုပ်ရှားလျက်ရှိသည် အပြင် ထူးခြားချက်မှာ ဆိုင်ကယ်ရှေ့မီးကို မနက်၊ ည ဖွင့်ထားခြင်းမှာ ဇင်းမယ်၏ ထုံးစံလို ပင်ဖြစ်နေသည်။ ကျနော်သည် ဆိုင်ကယ်မစီးပါ။ လမ်းလျှောက်သွားလာတတ်သဖြင့် ကျနော်အား တွေ့မြင်ကြသော ယိုးဒယားသားများက အထူးအဆန်းသဖွယ် ကြည်သွားလေသည်။ ကြည်ဖန် များလာသောအခါ မိမိကိုယ်ကို ပြန်လည် စစ်ဆေးကြည်ရှုလေသည်။ နောက်ပိုင်းတွင် သိရသည်မှာ လမ်းလျှောက်သွားကြသွားသူများမှာ နိုင်ငံခြားသာမှန်း သိရှိစေသောကြောင့်ဖြစ်သည်။ ဘက်စ်ကား၊ အဲယားကွန်းဘက်စ် ကို မတွေ့ရဘဲ။ ၄ ချိတ် ကားအနီ၊ အ၀ါ၊ အညို တို့ကို လမ်းပေါ်တွင် အများအပြား တွေ့ရသလို သုံးဘီးဆိုင်ကယ်လို့ ခေါ်တဲ့ တုတ်တုတ်ကို လည်း တွေ့ရသည်။
    နိုင်ငံတကာ ခရီးသည်များအကြိုက် ဆိုက်ကားလည်းရှိသည်။ သို့သော် မြန်မာပြည်မှာ ဆိုက်ကားနှင့် လုံးဝပင်မတူပါ။ ယိုးဒယားဆိုက်ကားတွင် အလယ်မှာ နင်းသူရှိသဖြင့် များစွာ ကွဲပြားလေးသည်။ စီးနင်းခမှာ ဈေးအတော်ကြီးသည်။ ကျနော်နေသော အဆောင်မှာ မြို့လယ်နှင့် အတော်နီးပြီး မြန်မာအများစုနေထိုင်ကြပြီး မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများနှင့် ယိုးဒယားများကိုတွေ့မြင့်ရသည်အပြင် မြန်မာပြည်သားများနေထိုင်ရာ ရပ်ကွက်တွင်လည်း ကွမ်းယာဆိုင်များကို တွေ့ရသည်အတွက် မြန်မာနှင့်  ကွမ်းယာ မည်သို့မျှ မခွဲနိုင် ဟု ကျနော်တွေးမိလေသည်။ ကျနော်သည် ကွမ်းမစားသော်လည်း မြန်မာပြည်သား တိုင်းရင်းသားလူမျိုးဘာသာမရွေး ကွမ်းယာကို အတော်ကြိုက်မှန်း သဘောပေါက်မိသည်။ မြန်မာပြည်မှာ အသုံးအဆောင်များကို ရနိုင်သလို မြန်မာဆေးများကိုလည်း တွေ့ရလေသည်။
    ဇင်းမယ်ရှိ ဗလီဝတ်ကျောင်းတော်
    ကျနော်သည် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ဖူးသော်လည်း ဇင်းမယ်သင်္ကြန် ကို ပထမဆုံးအကြိမ်ဆင်နွှဲမိသည်။ မြန်မာပြည်ဘက်နှင့် လုံးဝပင်မတူညီဘဲ ကွဲပြားခြားနားလေသည်။ မြန်မာသင်္ကြန်တွင် ရေကို ဖောဖောသီသီ လှိုင်လှိုင်သုံးသလောက် ဇင်းမယ်တွင် သိပ်မသုံးချေ။ ကျုံးမြို့ရိုးပတ်လည်သည်အစည်းကားဆုံးဖြစ်ပြီး ဆိုင်ကယ်များ၊ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် ပျော်ရွှင်မြူးထူးကြပြီး ကားပေါ်တွင် စည်ပိုင်းပုံးများတင်ကာ တဦးနှင့် တဦး အပြန်အလှန် ပျော်ရွှင်စွာ ရေပက်ကြလေသည်။ ဘေးတဖက်တချက်တွင် လမ်းဘေးအစားအသောက်များ ရေခဲဆိုင်များအပြည့်ပင်ဖြစ်သည်။ ထူးခြားသည်မှာ အရက်သေစာ ရောင်းချခွင့်မရှိချေ။ 7 eleven ဆိုင်များတွင် ရောင်းချသည်။ သို့သော် ဈေးနှုန်းထက် ၂ဆ တင်ရောင်းလေသည်။ အရက်ပုလင်း၊ ဘီယာပုလင်းကို လူရှေ့သူရှေ့နှင့် ကားပေါ်တွင် ပေါ်ပေါ် ထင်ထင် သောက်ခွင့်မရှိချေ။ ထိုင်းရဲများက တွေ့မြင်လျင် ဒဏ်ကြေးကြီးကြီး ပေးဆောင်ရသည်။ ခိုက်ရန်ဖြစ် ပွားပြီ်း ဒဏ်ရာအနာတရ ဖြစ်စဉ်ကို အတွေ့ရနည်းပြီး ဆိုင်ကယ် မတော်တဆသာ တွေ့ရှိရလေသည်။ အမျိုးသမီးများအပေါ်တွင် နှိမ့်ချခြင်း၊ ဆဲဆိုခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကို မတွေ့ရချေ။ ကျုံးအတွင်းရှိ ရေများကို ခပ်ယူပက်ကြလေသည်။ ရေရောပေါင်ဒါဖြင့် အပြန်အလှန် လေးစားမှုဖြင့် မျက်နှာပေါ်တွင် သုတ်လိမ်းကြသည်။ နိုင်ငံခြားသားများဖြစ်လျင် ယိုးဒယားလူမျိုးများမှာ ဖက်လှဲတကင်း ပျူငှာကြိုဆိုကာ အတူ ရေကစားပျော်ရွှင်ကြလေသည်။ ကျနော်မြင်ခဲ့ရသော ဇင်းမယ်သင်္ကြန်ပင်ဖြစ်သည်။
    မြန်မာတို့ အတုယူရန်လိုအပ်လှပေသည်။ မြန်မာပြည်သင်္ကြန်တွင် စိတ်ပျက်စရာ တချို့တလေကို တွေ့မြင်ရသော်လည်း အကျယ်ချဲ့ မပြောလိုတော့ပါ။
    တနင်္လာနေ့နှင့် လပြည့်နေ့တိုင်း ယိုးဒယား တပြည်လုံးတွင် အရက်သေစာရောင်းချခွင့်မရှိသည်ကိုလည်း ထူးခြားစွာတွေ့မြင်ရလေသည်။ အဘယ်ကြောင့်ဆိုသော့် ယိုးဒယားနိုင်ငံ၏ ပြည်သူ့ချစ် ဘုရင်ကြီးမှာ တနင်္လာသားဖြစ်သောကြောင့်သိရှိရလေသည်။ ဇင်းမယ်တွင် ယိုးဒယား လူမျိုး အစလာမ့်ဘာသာဝင်များနှင့် ဂျူးလူမျိုး အနည်းငယ်ကို လည်း တွေ့မြင်ရသည်။ တောင်ပိုင်း မူဆလင်များနှင့် များစွာမတူ ကွဲပြားကာ အေးအေးချမ်းချမ်းရှိကာ နှစ်လိုဖွယ် ပေါင်းသင်းဆက်ဆံရေး ကောင်းလှသည်။ ဂျူးလူမျိုးများကို ချန်ဂလမ်လမ်းမပေါ်တွင် အတွေ့ရများပြီး ရှာဘတ်ဆိုင်ဟု ဆိုလိုလျင် တမြို့လုံးသိကြလေသည်။ ထိုဆိုင်တွင် ဂျူးလူမျိုးများ ဆုံရပ်ဖြစ်ပြီး ယိုးဒယားရဲများက အလှည့်ကျ လုံခြုံရေး တာဝန်ယူပေးသည်ကို တွေ့မြင်ရသည်။
    ဇင်းမယ်တွင် တက္ကသိုလ်ကြီး ၂ခု ရှိပြီး ဇင်းမယ် အရှေ့ဘက်တွင် ချင်းမိုင်တက္ကသိုလ်ရှိကာ အနောက်ဘက်တွင် ဖရတ် တက္ကသိုလ်ရှိလေသည်။ မြန်မာကျောင်းသား အများအပြားရှိပြီး နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီအစဉ်အရ လာရောက်ကြသောကျောင်းသားများကိုလည်း တွေ့မြင်ရသလို မြန်မာလူမျိုး ဆရာများလည်း သင်ကြားပို့ချကြောင့် သိရှိရသည်။ ဇင်းမယ်ညဈေးသည် အတော်စည်းကားလှသည်။ ကျနော်နေသောနေရာမှာ ၁၅ မိနစ်ခန့် လမ်းလျှောက်သွားလျင် Anusarn Night Bazeerနှင့် Pantip Plaza ရှိသည်။ ညဈေးသည် ညနေ ၆နာရီတွင်ဖွင့်ကာ ည ၁၂ နာရီတွင် ဆိုင်ပိတ်လေသည်။ နိုင်ငံတကာပေါင်းစုံမှာ ခရီးသည်များဖြင့် စည်ကားလှသည်။ ဂျပန်များနှင့် ကိုးရီယားလူမျိုးများကို အများဆုံးတွေ့မြင်ရသည်။ ထို့ဈေးတွင် ပစ္စည်းမျိုးစုံကို စုံလင်စွာ ရောင်းချပြီး လိုချင်သောဈေးနှုန်းကို ဂဏန်းပေါင်းစက်ဖြင့် ပြကာ ရောင်းသူ ၀ယ်သူ ကျေနပ်လောက်သည်အထိ အရောင်းအ၀ယ်ဖြစ်သည်ကိုလည်း တွေ့မြင်ရသည်။ Pantip Plaza တွင် ကွန်ပြူတာပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်းများကို အဓိက ရောင်းချသည်။
    ဇင်းမယ်တွင် လက်ချိုးရေတွက်လို့ ရသော Plaza များ အနက် အထင်ရှားဆုံးမှာ Airport Plaza ပင်ဖြစ်သည်။ မယ်ဟောင်စင်သွား လမ်းမကြီးနှင့် လေဆိပ်သွားလမ်းမကြီးဆုံရာလမ်းဆုံတွင်ရှိပြီး ဇင်းမယ်မြို့ဟောင်းနှင့် ခပ်လှမ်းလှမ်းတွင် ရှိသည်။ ထို့ပလာဇာမှာ အကြီးစားဖြစ်ကာ လိုအပ်သမျှ အစုံ ရှိသည်။ အပေါ်ထပ်တွင် ရုပ်ရှင်ရုံရှိကာ သမီးရည်စားစုံတွဲများကို အများစုံတွေ့ရသည်။ အလွန်အံ့သြမိသည်က အမျိုးသားအချင်းချင်း စုံတွဲ၊ အမျိုးသမီးအချင်းချင်းစုံတွဲများကို မြင်မိသည်။ အမှန်အတိုင်း ၀န်ခံရလျင် ကျနော်သည် ရေအိုင်ထဲက ဖားသူငယ်ပင်ဖြစ်ကာ နားကို မလည်နိုင်အောင်ဖြစ်ရလေသည်။ ယိုးဒယားတွင် လူ့အခွင့်အရေး အပြည့်အ၀ ရသောနိုင်ငံဖြစ်သဖြင့် လိင်တူချစ်သူများ ၊ လိင်တူလိင်ကွဲစိတ်ဝင်စားသူများကို ကျနော်ဘ၀တွင် ပထမဆုံးမြင်တွေ့မိရခြင်း ဖြစ်သည်။ သေချာစဉ်းစားမိသော လောကတွင် လူရယ်လိုဖြစ်လာချိန်တွင် စိတ်ကသာ အရေးကြီးဆုံး ပြသာနာဖြစ်ကြောင့် စဉ်းစားမိလေသည်။ မွေးစဉ်က အမျိုးသားဖြစ်သော်လည်း စိတ်က အမျိုးသမီးဖြစ်နေလျင် မည်သို့မျှ ပြုပြင်နိုင်မည်မဟုတ်ပါ။ နားလည်လက်ခံပေးချင်သာ အကောင်းဆုံးပင်ဖြစ်သည်။ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအပေါ် ခွဲခြားနှိမ့်ချသော အခေါ်အဝေါ်ကို မသုံးစွဲသည်ကို ကျနော်သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် ခေါ်ဝေါ်မိလျင် ဒဏ်ကြေးပေးဆောင်ရလေသည်။ ဥပမာပြောရလျင် – အခြောက်၊ ဂန်ဒူး၊ အပုန်း၊ ယောက်ျားလျာ၊ မိန်းမလျာ၊ တွမ်ဘွိုင်း၊ ဆွံ့အ၊ အပင်း၊အအ၊ကျီးကန်၊ အကျိုးအကန်း၊ ထော့ကျိုး၊ိ မျက်ကန်း၊ ဒုက္ခိတ၊ မသန်မစွမ်း ဟု ခေါ်ဝေါ်သုံးစွဲခြင်းကို တားမြစ်ထားလေသည်။ ထို့အသုံးအနှုန်းများမှာ သူတို့အား နှိမ့်ချခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်လေသည်။
    ကျနော်နေသောအဆောင်တွင် အလုပ်လုပ်နေသော သန့်ရှင်းရေးသမားသည်လည်း လိင်တူချစ်သူတယောက်ပင်ဖြစ်သည်။ ကျနော်သည် အစပထမတွင် မရင်းနှီးသောလည်း ကျနော် နားမကြား တယောက်ဖြစ်ကြောင့် သိရသောအခါ စတင်မိတ်ဆက်ပေးလေသည်။ သူနာမည်၊ မြို့အကြောင်းပြောပြပြီး ကျနော်ကို ဘယ်ကလာလဲလို့မေးတော့ ကျနော်က ဖမားပြည်မှာလာတယ်လို့ပြောတော့ သူက သူကိုယ်သူ မိန်းမစိတ်ပေါက်နေသူပါ၊ လိင်တူချင်းစိတ်ဝင်စားသူပါလို့ ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ယိုးဒယားမှာ ကျမတို့လို လူတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းကို သတိထားစေချင်တယ်တဲ့။ ဘာလိုလဲဆိုတာကို ကျနော်ကမေးတော့ သူမက ပြောတယ်။ မှားသွားရင် မင်းအတွက် မကောင်းလို့ပါ။ ဖမားပြည်က လာတဲ့သူဆိုတော့ မသိတာအများကြီးရှိနေတယ်တဲ့။ အပြောမှားရင် ဒဏ်ငွေဆောင်ရလိမ့်မယ်တဲ့။ အတော်ကိုကောင်းတဲ့ ဥပဒေ စည်းကမ်းချက်တခုဖြစ်လို့ ကျနော်သဘောကျမိတယ်။
    မြန်မာတို့၏ အခါကြီးရက် ဥပုသ်နေ့တွင် အားထားရာ ဘုန်းကြီးကျောင်းလည်း ဇင်းမယ်တွင်ရှိလေသည်။ ထို့ကျောင်းသည် ၀ပ်ဆိုင်းမွန် ကျောင်း ဟု ခေါ်တွင်ပြီး နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိပြီး ဟံသာဝတီ ဆင်ဖြူများသျှင် ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုကုသိုလ်ပင်ဖြစ်သည်။ နန်းကျုံးမြို့ရိုးတောင်ဘက်တွင် တည်ရှိပြီး (၀ပ်ဆိုင်းမွန် ဖမား) ဟု ယိုးဒယားအသံထွက်ဖြင့် ပြောလိုက်လျှင် ဇင်းမယ်တပြည်လုံးသိကြသည်။ ထိုကျောင်းတွင်လည်း စေတနာ နာရေးကူညီမှုအသင်းကို ၂၀၀၈ နိုဝင်ဘာလ ၂၇ တွင် ဖွဲ့စည်းထားပြီး နာရေးကိစနှင့် ပတ်သက်သမျှ လူမျိုးဘာသာ မရွေး တတ်နိုင်သမျှ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
    ဇင်းမယ်ရောက် မြန်မာပြည်သားများ ပြီးခဲ့သော် ဇူလိုင်လခန့်က ထိုကျောင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနှင့် ယိုးဒယားတို့ အချင်းများခဲ့ကြသေးသည်။ မြန်မာကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီးနောက် ကျောင်းထိုင်ဆက်ခံရေးနှင့်ပတ်သက်ပြီး ယိုးဒယားတို့ဘက်မှာ မြန်မာကျောင်းတွင် ယိုးဒယားကျောင်းထိုင်ဆရာတော်ခန့်အပ်မည်ကို မြန်မာတို့က ကန့်ကွက်ကြခြင်းဖြစ်သည်။နောက်ပိုင်းတွင် မြန်မာဘက်မှ သံတမန်ရေးအရ ပြေလည်စွာဖြေရှင်းပေးမှုကြောင့် ထိုင်း (ယိုးဒယား)အစိုးရမှာ လက်ခံသဖြင့် မြန်မာကျောင်းထိုင်ထားရှိရေးအတွက် ဆက်လက်ဆွေးနွေးကြသည် ကိုလည်း ၀မ်းမြောက်စွာ သိရှိရသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုမှာ ဇင်းမယ်တွင် ယိုးဒယားသားများ မလုပ်သော အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ကြသည်။ ဘွဲ့ရပညာတတ်များပါဝင်သော်လည်း ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးလွန်းသဖြင့် ပြည်ပတွင် လုပ်ကိုင်ရသော်လည်း မြန်မာပြည်မှာ ဘွဲ့သည် အသုံးပင် မ၀င်လှချေ။ ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ကြုံခဲ့ရသော အကြောင်းရင်းပင်ဖြစ်သည်။
    အစ ပထမတွင် ကျနော်သည် ဇင်းမယ်သူတွေ လှသည်ကို မသိခဲ့ချေ။ ရှေးတုန်းက မြန်မာရာဇ၀င်စာဆိုများ၏ ဇင်းမယ်အကြောင်း စာပေများဖွဲဆိုခဲ့သော်လည်း ယခုလက်တွေ့မြင်ရမှာ အဆင်းလှသဖြင့် ရင်ခုန်မိသည်။ သို့သော် ကျနော်သည် အချစ်နှင့်ပတ်သက်လာလျှင် အတော်ညံ့သောကြောင့် မပြောဆိုရဲခဲ့ပေ။ ကျနော်ရဲ့ အားနည်းချက်ပင်ဖြစ်သည်။
    နိဂုံးချုပ် ဆိုရသော် ဇင်းမယ်သည် ရှေးစာဆိုနှင့်အညီ ပြည်စုံလှသလို မိမိမျက်ဝန်းထဲတွင် မမေ့နိုင်လောက်အောင် စွဲလန်းမိသလို ဇင်းမယ်သို့ ရောက်ဖူးကြသူများပင်လျင် ကျနော်ကဲ့သို့ ဖြစ်မည်ကို ထင်မြင်မိပါသည်။
    စာဖတ်သူ မိဘပြည်သူများအား ချစ်ခင်လေးစားလျှက်
    မောင်လူငယ်