News @ M-Media

Tag: The Enduring Legacy of Muslim Civilization

  • အစားအသောက်ဓလေ့နှင့် ဖန်ထည်များ – ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင် ယနေ့တိုင် ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၂)

    အစားအသောက်ဓလေ့နှင့် ဖန်ထည်များ – ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင် ယနေ့တိုင် ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၂)

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    ရာဇာ (M-Media) မှ တင်ဆက်သည်
    အပတ်စဉ်ကဏ္ဍ – (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    diet 2

    အစားအသောက်ဓလေ့နှင့် ဖန်ထည်များ

    တစ်နေ့ အစာသုံးနပ်စားဖို့ အလေ့အထကို ဥရောပမှာ မိတ်ဆက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမယ့်သူကတော့ မဟူရာငှက် (Black Bird) လို့ အမည်ပြောင်ပေးထားထဲ့ အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ (Abul-Hasan Ali ibn Nafi) ဆိုတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ ၉ ရာစုမှာ အန်ဒါလူစီယာ (Andalusia- စပိန်တွင်ရှိသည်) ကို နာဖီ ခြေချခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဥရောပတစ်ခုလုံးရဲ့ အစားသောက် စားသောက်မှု အလေ့အထဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ သူက အစာစစားရင် ဟင်းချိုနဲ့စသင့်ပြီး အဓိကဟင်းလျာက အသား၊ ငါး  ဒါမှမဟုတ် ကြက်သား၊ ဘဲသားတွေ ပါရမယ်။ စားသောက်ပြီးတဲ့အခါမှာ အသီးအနှံ ဒါမှမဟုတ် မြေပဲတို့နဲ့ အချိုတည်းရမယ်ဆိုတဲ့ ဓလေ့ကို အသက်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အလယ်ခေတ်မွတ်စလင်တွေဟာ အခြားသူတွေလိုပဲ ရာသီအလိုက် ပေါ်လာတဲ့ အစားသောက်တွေကိုပဲ စားသောက်ကြတာ များပါတယ်။ ဆောင်တွင်းဘက်မှာ ကိုက်လံ၊ ပဲအမျိုးမျိုး၊ မုန်လာဥအမျိုးမျိုး၊ သံလွင်သီး၊ ဂျုံနဲ့ မြေပဲတွေလို အစားအသောက်တွေကို ပုံမှန်စားသောက်ကြပြီး၊ အသားဟင်းလျာတွေလည်း ပါဝင်ပါတယ်။ သဖန်းသီး၊ စွန်ပလွန်သီး၊ စပျစ်သီးခြောက်တွေကို အချိုပွဲအဖြစ် သုံးဆောင်ပြီး၊ သကာ၊ ရှားစောင်းလက်ပတ်၊ ဆေးပေါင်းစုံ၊ သစ်သီးစုံတို့နဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကို သောက်သုံးကြပါတယ်။

    နွေရာသီမှာတော့ တူညီမှုမရှိတော့ဘဲ အစိမ်းရောင်ပဲတွေ၊ မုန်လာဥ၊ ဆလတ်ရွက်၊ ချီကိုရီ၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ သခွားဖရုံသီးနဲ့ ဆန်တို့ကို အဓိကထား စားသုံးကြပြီး ဒါတွေနဲ့အတူ ကြက်ဘဲ၊ ငှက်ကုလားအုပ်နဲ့ အမဲသား စတဲ့ အသားဟင်းလျာတွေကို တွဲဖက်လေ့ရှိပါတယ်။ အာရပ်တွေရဲ့ နွေရာသီ အချိုပွဲတွေကတော့ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ဥသျှစ်သီး၊ မက်မွန်သီး၊ ပိုးစားသီး၊ ချယ်ရီသီး၊ ဇီးသီး၊ ဇီးချိုသီး၊ စပျစ်သီး၊ သလဲသီး၊ ဖရဲသီး၊ သစ်တော်သီး၊ ပန်းသီးနဲ့၊ သခွားမွှေးတို့ ဖြစ်ကြပါတယ်။ အချိုရည်ကိုတော့ သကာ၊ သစ်သီးစုံ၊ ရှောက်ချိုသီး၊ နှင်းဆီ၊ စံပယ်၊ ဂျင်းနဲ့ စမုံနက်တွေကို ပုံစံအမျိုးမျိုး ဖန်တီးပြီး သောက်သုံးကြပါတယ်။

    အစားအသောက်မျိုးစုံ၊ အသီးမျိုးစုံနဲ့ ဖျော်ရည်တွေကို အာရပ်တွေက စာပွဲခင်းပေါ်မှာ တည့်ခင်း သုံးဆောင်တတ်ပြီး အဲဒီဓလေ့ဟာ အန်ဒါလူစီယာကို အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ ကနေ တစ်ဆင့် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကော်ဒိုဘာ နန်းတော်က ညစာစားပွဲတွေမှာ အဖျော်ယမကာတွေ သောက်သုံးရာမှာ သတ္တုခွက်ကြီးတွေ၊ ရွှေခွက်တွေ အသုံးပြုမှုကို နာဖီကပဲ ဖန်ထည်တွေနဲ့ အစားထိုးပေးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ ဥရောပရဲ့ ဂုဏ်သရေရှိအသိုင်းအ၀ိုင်းမှာ အာရှကဟင်းလျာတွေ၊ အရသာတွေကို တောင်းဆိုမှုဟာ အလျင်အမြန်ပဲ မြင့်တက်လာခဲ့ပါတယ်။ ၁၄ ရာစုက အာဗစ်ဂ်နွန် (Avignon) က ပုပ်ရဟန်းမင်းတစ်ပါး ရေးသားခဲ့တဲ့ သမိုင်းမှတ်တမ်းမှာ ဘေရွတ်က ရောက်ရှိလာတဲ့ သင်္ဘောတွေဟာ ယိုမျိုးစုံ၊ တာရှည်ခံအစားအသောက်၊ ဆန်၊ ကိတ်မုန့်လုပ်တဲ့ အရသာမှုန့်တွေ စသဖြင့် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒိန်းမတ်ဘုရင်မ ခရစ္စတီးနား (Christina) က မွတ်စလင်တွေရဲ့ အစားအသောက်ဓလေ့ကို လက်ခံကျင့်သုံးခဲ့ပြီး၊ သူတို့ရဲ့ ထွက်ကုန်တွေ၊ သစ်သီးဝလံတွေကိုလည်း တင်သွင်းခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတွေလည်း ရှိနေပါတယ်။ ဒီလိုတင်သွင်းမှုကတစ်ဆင့် ဒိန်းမတ်နိုင်ငံဟာ ပန်းသီးနဲ့ ဂျုံတွေကို အများအပြား ရရှိတာကြောင့် Danish Pastry လို့ခေါ်တဲ့ နာမည်ကျော် ဒိန်းမတ်အချို့မုန်တွေရဲ့ မူလအစဟာ အဲဒီအချိန်ကနေ စတင်တယ်လို့ မှတ်ယူကြပါတယ်။

    ဖန်ထည်များ

    5JD49a3VC2Ye8QMWFTDg2Yr5
    သက္ကရာဇ် ၁၀ ရာစုနဲ့ ၁၁ ရာစု ဖာတီမိုက်ဘုရင်များ ကြီးစိုးချိန် အီဂျစ်နိုင်ငံ ကိုင်ရိုမှ ဖန်ထည် ရေတကောင်း

    ဧည့်ခန်း၊ ထမင်းစားခန်းတွေကို ပိုမိုစိုပြေစေမယ့် ဖန်ထည်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ဖန်ချက်လုပ်ငန်းဟာလည်း မွတ်စလင်တစ်ဦးဖြစ်တဲ့ အဘတ်စ် အစ်ဗနေ့ ဖီရ်နက်စ် (Abbas ibn Firnas) ရဲ့ ကြိုးပမ်းမှုကြောင့် အန်ဒါလူစီယာဒေသမှာ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ဖီရ်နက်စ်ဟာ သဲနဲ့ ကျောက်တုံးတွေကိုအသုံးပြုပြီး ဖန်သားဖြစ်လာဖို့အတွက် စမ်းသပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ ဘာဒါဂျို့စ် မြောက်ပိုင်းက ကျောက်မိုင်းတွင်း တစ်ခုနားမှာ ဖန်ချက်စက်ရုံတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အန်ဒါလူစီယာက ထွက်တဲ့ ဖန်ထည်လက်ရာ အများစုကို ဥရောပတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တွေ့ရပြီး၊ စပိန်နိုင်ငံက Astorga Cathedral ကက်သလစ် ဘုရားကျောင်းက ရောင်စုံမှန်တွေနဲ့ လုပ်ထားတဲ့ လက်ရာတွေကတော့ အကျော်ကြားဆုံးပါပဲ။ အဲဒီလက်ရာတွေထဲမှာ အပင်ပုံသဏ္ဍာတွေကို အခြေခံပြီး ဖန်တီးထားတဲ့ ကနုတ်လက်ရာတွေ (vegetal patterns) နဲ့ ရှေးဟောင်း အာရဘီလက်ရေးလက်သားအလှ (Kufic) တွေ ပါဝင်ပါတယ်။

    အချိုရည်သောက်သုံးရာမှာ အသုံးပြုတဲ့ ဖန်ခွက်တွေကို မိတ်ဆက်ပေးခဲ့သူကလည်း ဖီရ်နက်စ်ပဲဖြစ်ပြီး ဖန်သားနဲ့ တိမ်တိုက်ပုံတူ၊ မိုးကြိုး၊ လျှပ်စီး စတာတွေကို အရိုးရှင်းဆုံးဖန်တီးပြီး နက္ခတ်တာရာပြခန်း တည်ဆောက်ကာ ပြည်သူတွေကို ကမ္ဘာပြင်ပက ကိစ္စတွေနဲ့ မိတ်ဆက်ပေးခဲ့တာလည်း သူပဲဖြစ်ပါတယ်။ ဖီရ်နက်စ်ရဲ့ ဒီပြသမှုဟာ ၉ ရာစုက ပြည်သူတွေကို အံ့သြမှင်သက်စေခဲ့ပါတယ်။

    မွတ်စလင်အိုးလုပ်သူတွေက ကြွေနဲ့ စဥ့်ကိုအသုံးပြုကာ ပန်ုးကန်ခွက်ယောက်တွေကို ဖန်တီးခဲ့ပြီး အစားအသောက်စားပွဲကို ပိုမိုစတိုင်ကျစေခဲ့ပါတယ်။ မာလာဂါနဲ့ ဗလင်စီယာတို့ဟာ အိုးလုပ်ငန်းရဲ့ အချက်အခြာဒေသတွေဖြစ်ခဲ့ပြီး မွတ်စလင်တွေဟာ အရောင်စိုတဲ့ စဥ့်တွေကိုအသုံးပြုကာ အိုးလုပ်ငန်းကို တော်လှန်ပြောင်းလဲခဲ့ပါတယ်။ အဲဒီဒေသနှစ်ခုက အိုးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့အိုးတွေကို ခရစ်ယာန်အများစုရှိရာ ဒေသတွေဖြစ်တဲ့ စပိန် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို တင်ပို့ခဲ့ကြပါတယ်။  မာလာဂါက မွတ်စလင်အိုးလုပ်သူတွေဟာ အီတလီရဲ့ ကြွေထည်မြေထည်လုပ်ငန်းမှာ တစ်ချိန်က နာမည်ကြီးလွှမ်းမိုးခဲ့တဲ့ Majolica လက်ရာတွေကို အုတ်မြစ်ချပေးခဲ့သူတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

    J0bS09779a8WQRaJBBaTH7M6
    ပုံ ၁

    (ပုံ ၁ – မွတ်စလင်စာရေးဆရာ ဂီလီဘိုလူလူ မွတ်စ်တာဖာ အလီ (Gelibolulu Mustafa Ali ) ရဲ့ Nusratame လက်ရေးမူထဲက ပန်းချီဖြစ်ပါတယ်။ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ လာလာ မွတ်စ်တာဖာ ပက်စ်ဟာ (Lala Mustafa Pasha) ဟာ အစ်ဇ်မစ် (Izmit) မှာရှိတဲ့ စစ်တပ်က အရာရှိတွေနဲ့ စားသောက်ပွဲ ကျင်းပနေတဲ့ပုံဖြစ်ပါတယ်။ စားပွဲထိပ်ဆုံးမှာ ထိုင်နေသူက ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်မှာ ထိုင်နေသူတွေကတော့ ဗိုလ်ချုပ်တွေပါ။ စစ်သားတွေစားသောက်နေကြချိန် အစေခံတွေက နှစ်ဆီဖျော်ရည် ထည့်ထားတဲ့ ရေခရားတွေကို ကိုင်ကာ ၀န်ဆောင်မှုပေးနေတာကိုလည်း ဒီပန်းချီမှာ တွေ့မြင်နိုင်ပါတယ်။ စားပွဲပေါ်မှာ ဇွန်းခက်ရင်းနဲ့ လက်ကိုင်ပုဝါတွေကိုလည်း တွေ့မြင်ရပြီး ဒီပန်းချီဟာ အဲဒီခေတ်အဲဒီအခါက မွတ်စလင်တွေရဲ့ အဆင့်အတန်းကို ထင်ဟပ်စေပါတယ်။)

     

    မဟူရာငှက် (The Blackbird)

    nafi

    အမည်အရင်း အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ (Abul-Hasan Ali ibn Nafi) ဖြစ်ပြီး သူ့ရဲ့ မည်းနက်တဲ့ အသားနဲ့ ချိုမြတဲ့ အသံကြောင့် ဇီရ်ယဘ် (Ziryab – မဟူရာငှက်) လို့ အမည်ပြောင်ပေးခြင်း ခံရသူပါ။ ဂီတနဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ နာဖီဟာ ၉ ရာစုမှာ အဲဒီခေတ်က မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဆိုင်ရာ အချက်အခြာနေရာဖြစ်တဲ့ စပိန်က ကော်ဒိုဘာနဲ့ အန်ဒါလူစီယာကို အီရတ်ကနေ ရောက်လာခဲ့သူပါ။ အဲဒီမှာ နာဖီတစ်ယောက် စားသောက်မှု၊ လောက၀တ်၊ အ၀တ်အစားနဲ့ ဂီတနယ်ပယ်တွေမှာ ဆန်းသစ်မှုကို ဖော်ဆောင်ပေးခဲ့ပြီး သူ့ရဲ့ အမွေအနှစ်တွေဟာ ယနေ့အချိန်အထိ ယှဉ်သန်နေဆဲဖြစ်ပါတယ်။

    နာဖီဟာ ဒီနေ့ခေတ်ဖက်ရှင်ဆန်းဆန်းတွေဖြစ်လာဖို့ အစောဆုံး လမ်းဖောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူရဲ့ ပါရမီကြောင့် စပိန်ကိုအုပ်စိုးတဲ့ မူးရ်လူမျိုးတွေဟာ သူ့ကိုတစ်လေးတစ်စားနဲ့ ဖိတ်ခေါ်ခဲ့ပြီး တစ်လကို ရွှေဒင်္ဂါး ၂၀၀ နဲ့ အဆောင်အယောင် အပြည့်အစုံကို ချီးမြှင့်ခဲ့ပါတယ်။ နာဖီဟာ လောက၀တ်၊ ချက်နည်းပြုတ်နည်း၊ ဖက်ရှင်နဲ့ သွားတိုက်ဆေးစတဲ့ နယ်ပယ်တွေမှာပါ ဆန်းသစ်မှုတွေကို ဆောင်ကျဉ်း ယူဆောင်လာခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁) – ကို ဖတ်ရှုရန်

  • ကော်ဖီ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၁)

    ကော်ဖီ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၁)

    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    ရာဇာ (M-Media) မှ တင်ဆက်သည်
    အပတ်စဉ်ကဏ္ဍ – (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    (၁) ကော်ဖီ

    – ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်နေ့တိုင်း ကော်ဖီခွက်ပေါင်း ဘီလီယံ ၅ သန်းလောက်ကို သောက်သုံးနေကြပြီး ဒီပမာဏဟာ အိုလံပစ်ပြိုင်ပွဲမှာအသုံးပြုတဲ့ ရေကူးကန် ၃၀၀ နီးပါးလောက်ကို ရေဖြည့်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ သင့်ရဲ့ မီးဖိုဆောင်ထဲမှာ ကော်ဖီခရား မရှိဘူးဆိုရင်တော့ သင်ဟာ လူနည်းစုထဲကပါပဲ။ ကော်ဖီဟာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မှာ ဒုတိယအကြီးဆုံး ကုန်စည်ပစ္စည်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့အထက်မှာတော့ ရေနံတစ်မျိုးတည်းသာ ရှိပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော်လောက်က အလုပ်ကိုကြိုးစားပမ်းစားလုပ်ကြတဲ့သူတွေဟာ နိုးနိုးကြားကြားရှိဖို့အတွက် ပင်ပင်ပန်းပန်း အားထုတ်ခဲ့ကြရပါတယ်။ ဒါဟာ စပ်စပ်စုစုလုပ်တဲ့ ဆိတ်တစ်အုပ်နဲ့ သူတို့ရဲ့ အာရပ်သခင် ခါလစ် (Khalid) ဆိုသူက ရိုးရှင်းပြီး လူနေမှုဘ၀ကို ပြောင်းလဲပစ်လိုက်မယ့် ဒီကော်ဖီကို ရှာမတွေ့ခင်အချိန်အထိပဲ ဖြစ်ပါတယ်။ အီသီိယိုးပီးယားက တောင်စောင်းလေးတွေမှာ ဆိတ်တွေကို စားကျက်ချရင်း အနီရောင်အသီးတစ်မျိုးကို စားမိတဲ့ အဲဒီဆိတ်တွေဟာ တက်တက်ကြွကြွနဲ့ နိုးနိုးကြားကြားရှိလာတာကို ခါလစ်တစ်ယောက် သတိပြုမိခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အဲဒီအသီးကို ဒီအတိုင်းစားမယ့်အစား ကျိုချက်ပြီး အလ်-ကူဟာဝါ (Al-quhawa) လို့ခေါ်တဲ့ အရည်တစ်မျိုးကို  လူတွေက ဖန်တီးခဲ့ကြပါတယ်။

    ဒီကနေ့ ကျွန်တော်တို့ နိုးနိုးကြားကြားရှိဖို့ ကော်ဖီသောက်သလိုပဲ ယီမင်က ဆူဖီ (တရားအားထုတ်သူ) တွေဟာ အလ်-ကူဟာဝါကို သောက်သုံးကြပါတယ်။ အဲဒီလိုသောက်သုံးခြင်းအားဖြင့် ညဥ့်နက်ပိုင်း ဇီကိရ် (၀တ်ပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ်အား တသသတိရခြင်း) ပြုတဲ့အခါမှာ အာရုံစုစည်းနိုင်ဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။ အဲဒီကော်ဖီဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေနဲ့ ကုန်သည်တွေကနေတစ်ဆင့် အခြားမွတ်စလင်ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့ပြီး ၁၅ ရာစုနှောင်းပိုင်းလောက်မှာ မက္ကာနဲ့တူရကီကို ရောက်ရှိခဲ့ကာ ၁၆ ရာစုမှာတော့ ကိုင်ရိုအထိ ရောက်ရှိခဲ့ပါတော့တယ်။

    ၁၆၅၀ မှာ အင်္ဂလန်ကို ပထမဆုံး ကော်ဖီယူဆောင်လာသူကတော့ တူရကီကုန်သည်ဖြစ်တဲ့ ပက်စ်ကွာ ရိုစီ (Pasqua Rosee) ဖြစ်ပြီး လန်ဒန်မြို့ လွမ်ဘာ့ဒ်လမ်းမှာ ကော်ဖီဆိုင် (coffeehouse) ဖွင့်ခဲ့ပါတယ်။ ၈ နှစ် အကြာမှာတော့ နောက်ထပ်ကော်ဖီဆိုင် စူလ်တာနက်စ် ဟဒ် (Sultaness Head) ကို ကော်န်ဟီးလ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီကနေ့ နာမည်ကြီး အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Lloyd’s of London ဟာ မူလက Edward Lloyd’s Coffee House လို့ခေါ်တဲ့ ကော်ဖီဆိုင်လေးကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ သက္ကရာဇ် ၁၇၀၀ ခုနှစ် အရောက်မှာတော့ လန်ဒန်မှာ ကော်ဖီဆိုင် ၅၀၀ လောက် ရှိလာပြီး အင်္ဂလန်တစ်ဝှမ်းမှာတော့ ၃၀၀၀ နီးပါး ရှိလာခဲ့ပါတယ်။ အဲဒီအချိန်က ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးကို တစ်ခုတ်တရ ပြောကြဆိုကြရတာကြောင့် အဲဒီကော်ဖီဆိုင်တွေကို “အသပြာ တက္ကသိုလ်” လို့ ခေါ်တွင်ခဲ့ကြရပါတယ်။

    coffee 5

    ဥရောပမှာသောက်သုံးတဲ့ ကော်ဖီတွေဟာ မွတ်စလင်တွေ ပြင်ဆင်ကျိုချက်မှုအပေါ်မှာ တော်တော်လေးကို အခြေခံပါတယ်။ ကော်ဖီမှုန့်၊ သကြားနဲ့ ရေတို့ကို ရောနှောကြိုချက်ခြင်းကနေ ရရှိတဲ့ ပုံစံမျိုးဖြစ်ပြီး စစ်ချထားခြင်းမရှိတာကြောင့် ကော်ဖီအနှစ်တွေကတော့ ခွက်ထဲမှာ ကြွင်းကျန်ရစ်ပါတယ်။ ဒါပေမယ့် ၁၆၈၃ ခုနှစ်မှာ ကော်ဖီကြိုချက်သောက်သုံးတဲ့ နည်းလမ်အသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကော်ဖီဆိုင်တွေရဲ့အကြိုက် ဖြစ်ခဲ့ပါတယ်။

    ဒီနေ့ လူကြိုက်များနေတဲ့ ကာပူချီနို (Cappuccino) ကော်ဖီကိုတော့ ၁၆၈၃ ခုနှစ်မှာ ဗီယင်နာကို ၀ိုင်းထားတဲ့ တာ့က်တွေကို တိုက်ထုတ်နေတဲ့ (ခရစ်ယာန်ကက်သလစ်ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့) ကာပူချင် (Capuchin) ဘာသာက ဘုန်းတော်ကြီး မာကို ဒီ အဗီယာနို (Marco d’Aviano) ကို အစွဲပြုပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တာ့က်တွေ ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းမှာ သူတို့တွေကျန်ခဲ့တဲ့ ကော်ဖီအထုတ်တွေကို ဗီယင်နာပြည်သူတွေက သောက်သုံးကြည့်တဲ့အခါမှာ သူ့တို့ရဲ့ ပါးစပ်ထဲမှာ အရသာအလွန်ပြင်းတာကို တွေ့ရှိခဲ့ရတာကြောင့် နို့မှုန်တွေ၊ ပျားရည်တွေနဲ့ ရောနှော သောက်သုံးခဲ့ကြပါတယ်။ ဒီလို ရောနှောလိုက်မှုကြောင့် ကော်ဖီအရောင်ဟာ အညိုရောင်ပြောင်းသွားခဲ့ပြီး ကာပူချင် ဘုန်းကြီးတွေခြုံတဲ့ ၀တ်ရုံတွေရဲ့အရောင်နဲ့ သွားတူခဲ့တာပါပဲ။ ဒါ့ကြောင့် ဗီယင်နာပြည်သူတွေဟာ မာကို ဒီ အဗီယာနိုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီအညိုရောင်ကော်ဖီကို “ကာပူချီနို” လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ အရသာပျော့တဲ့ ကာပူချီနိုကော်ဖီတွေကို လူတွေက နှစ်ခြိုက်စွာ သောက်သုံးလာခဲ့ကြပါတော့တယ်။

    1yTd4Xga72fFB0QgPMPrBJB8
    ၁၇ ရာစုက လန်ဒန်တွင် ဖွင့်လှစ်ခဲ့သော Edward Lloyd’s Coffee House မှ မြင်ကွင်းတစ်ခုအား ပန်းချီဖြင့် ပုံဖော်ထားပုံ

    ကော်ဖီဆိုင် (Coffee House) များ၏ အစ

    မြောက်အာဖရိကနဲ့ အီဂျစ်တို့က ကုန်သွယ်မှုနဲ့အတူ ကော်ဖီရောက်ရှိလာခဲ့ပြီးတဲ့နောက် ဥရောပရဲ့ ပထမဆုံး Coffee House ဟာ ၁၆၄၅ ခုနှစ် ဗင်းနစ် (Venice) မြို့မှာ ပေါ်ထွက်လာခဲ့ပါတယ်။ လန်ဒန်က Edward Lloyd’s Coffee House ကို ၁၇ ရာစုနှောင်းပိုင်းမှာ စတင်တည်ထောင်ခဲ့ပြီး ကုန်သည်တွေ၊ သင်္ဘောပိုင်ရှင်တွေ ပုံမှန်တွေ့ဆုံ အစည်းအဝေးလုပ်ရာနေရာ ဖြစ်ခဲ့ပါတယ်။ Coffee House တွေဟာ ဒီနေ့ခေတ် Pub တွေရဲ့ ရှေ့ပြေးလည်းဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စတွေကို လူသိရှင်ကြား ဆွေးနွေးအဖြေရှာနေရာအဖြစ်လည်း Coffee House တွေက အသုံးတော်ခံခဲ့ပြီး ဥရောပမှာ “လစ်ဘရယ်လှုပ်ရှားမှု” စတင်သန္ဓေတည်ရာနေရာလည်း ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)