News @ M-Media

Tag: The Enduring Legacy of Muslim Civilization

  • အသိပညာ အကယ်ဒမီ- ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၃)

    အသိပညာ အကယ်ဒမီ- ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၃)

    မတ် ၁၈၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    house of wisdom
    ယနေ့ခေတ် သိပ္ပံဆိုင်ရာ အကယ်ဒမီများ၏ ရှေ့ပြေးဖြစ်သည့် အလယ်ခေတ် မွတ်စလင်များ၏ House of Wisdom (ပညာ့ရိပ်မြုံ) မှ မြင်ကွင်းတစ်ခုကို သရုပ်ဖော်ထားပုံ

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ လောက်က အစ္စလာမ်ကမ္ဘာရဲ့ အထွန်းကားဆုံးမြို့ဖြစ်ခဲ့တဲ့ အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ဟာ ကမ္ဘာ့ထိပ်တန်းမြို့တစ်မြို့လည်း ဖြစ်ခဲ့ပါတယ်။ အသိပညာနဲ့ ယဉ်ကျေးမှုအဆီအနှစ်တွေ စုစည်းရာနေရာအဖြစ် နှစ်ပေါင်း ၅၀၀ လောက် ခေါင်းမော့ရင်ကော့နိုင်ခဲ့သလို၊ ခလီဖာ အလ်-ရရှစ်ဒ် (Al-Rashid)၊ အလ်-မာမွန် (Al-Mamun)နဲ့ အလ်-မွက်တာဖီ (Al-Muktafi) တို့ အုပ်စိုးစဉ်ကာလမှာ မြို့ရဲ့ ဂုဏ်သိက္ခာဟာ အလွန် ကြီးမားဝင့်ထည်ခဲ့ပါတယ်။

    ဘဂ္ဂဒတ်မြို့ ဒီလို ကမ္ဘာ့အထွပ်အထိပ်ကို ရောက်ရှိရတဲ့ အကြောင်းအရင်းကတော့ အုပ်စိုးသူ ဒီခလီဖာတွေဟာ ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းပြားတဲ့ သိပ္ပံဆိုင်ရာ တီထွင်ကြံဆမှုတွေကို အာသာငမ်းငမ်း စုဆောင်းဖို့ စိတ်အားထက်သန်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီလို စာအုပ်စာပေတွေ၊ မွတ်စလင်ပညာရှင်တွေကို စုစည်းကာ ပညာ့ရိပ်မြုံ (House of Wisdom) လို့ခေါ်တဲ့ သမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံး အသိပညာအကယ်ဒမီတွေကို ဖန်တီးတည်ထောင်ခဲ့ပါတယ်။ အဲဒီပညာ့ရိပ်မြုံတွေဟာ အဂ္ဂဒတ်မြို့ရဲ့အင်အားကို နှစ်ဆတိုးစေခဲ့ပြီး ၀ိဇ္ဇာသိပ္ပံ၊ အနုပညာနဲ့ စာပေနယ်ပယ်တွေမှာလည်း ဌာနချုပ်ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အနုပညာနဲ့ သိပ္ပံဆိုင်ရာ အသိပညာတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြန့်နှံ့ရာမှာ ပါဝင်ခဲ့တဲ့ ဒီအကယ်မီတွေရဲ့ အခန်းကဏ္ဍဟာလည်း တော်တော်လေး ကြီးမားခဲ့ပါတယ်။

    အဲဒီပညာ့ရိပ်မြုံတွေရဲ့ အရွယ်အစားကိုလိုက်ပြီး အမည်နှစ်မျိုး ခေါ်ဆိုကြပါတယ်။ ဟာရွန် အလ်-ရရှစ်ဒ်ရဲ့ လက်ထက် ဟောခန်းတစ်ခုပုံစံ ရှိတဲ့အချိန်မှာ ခီဇာနသ် အလ်-ဟစ်ကမဟ် (Khizanat al-Hikmah) လို့ခေါ်ပြီး၊ အလ်-မာမွန်လက်ထက် ပညာရေးအကယ်ဒမီကြီးအဖြစ် ပေါ်ပေါက်လာတဲ့အခါမှာတော့ ဘိုက်သ် အလ်-ဟစ်ကမဟ် (Bayt al-Hikmah) လို့ ခေါ်တွင်ခဲ့ပါတယ်။ ခီဇာနသ် အလ် ဟစ်ကမဟ် က Library of Wisdom (ပညာ့ဘဏ်တိုက်) လို့ အမည်ရပြီး ဘိုက်သ် အလ်-ဟစ်ကမဟ်ကတော့ House of Wisdom (ပညာ့ရိပ်မြုံ) လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီပညာ့ရိပ်မြုံတွေဟာ ဘာသာပေါင်းစုံနဲ့ ရေးသားထားတဲ့ သိပ္ပံပညာရပ်စာအုပ်မျိုးစုံကို ထားရှိရာ သိပ္ပံဆိုင်ရာအကယ်ဒမီတွေ ဖြစ်လာပါတော့တယ်။

    ခလီဖဟ် မိုဟာမက် အလ်-မဟ်ဒီ (Mohammad al-Mahdi) လက်ထက် စစ်ပွဲကနေ ပြန်လာတိုင်းမှာ သူဟာ လက်ရေးမူစာအုပ်စာတမ်းတွေကို ယူဆောင်လာလေ့ရှိပြီး သူနောက်ပိုင်း သားဖြစ်သူ အလ်-ဟာဒီ (Al-Hadi) ထီးနန်ဆက်ခံတဲ့အခါမှာလည်း ဒီလို စာအုပ်စာပေစုဆောင်းမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အလ်-ဟာဒီရဲ့သားဖြစ်ပြီး သက္ကရာဇ် ၇၈၆ ကနေ ၈၀၉ အထိ နန်းစံခဲ့တဲ့ ခလီဖာ ဟာရွန် အလ်-ရရှစ်ဒ် လက်ထက်မှာတော့ သိပ္ပံစာအုပ်စာတမ်းတွေ စုစည်းထားတဲ့ ‘သိပ္ပံအကယ်ဒမီ’ တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ သက္ကရာဇ် ၈၁၃ ကနေ နောက်ထပ် နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့တဲ့ အလ်-မာမွန်လက်ထက်မှာလည်း အဲဒီ ပညာ့ရိပ်မြုံကို တိုးချဲ့ခဲ့ပြီး သိပ္ပံပညာရပ်တစ်ခုချင်းစီအတွက် ဌာနခွဲတစ်ခုစီကို သီးခြား ဖွဲ့စည်းထားရှိခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီ ပညာ့ရိပ်မြုံတွေဟာ အိုလမာ လို့ခေါ်တဲ့ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ထင်ရှားတဲ့ ဘာသာပြန်ဆရာတွေ၊ စာရေးဆရာတွေ၊ စာပေပညာရှင်တွေ၊ ကဗျာဆရာတွေ၊ လက်မှုပညာရှင်တွေ ပြွတ်သိပ်ကျပ်ညပ်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

    အလယ်ခေတ်က အဲဒီလို က၀ိကျော်တွေ နေ့စဉ်လိုလိုတွေ့ဆုံမှုကနေ ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုတာ၊ ဖတ်ရှုဆွေးနွေးတာ၊ အကျယ်တ၀င့်ရေးသားချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ ပညာ့ရိပ်မြုံဟာ အာရဘီ၊ ဖာရစီ၊ ဟီဘရူး၊ ဆီရီအက်၊ အာမေနစ်၊ ဂရိ၊ လက်တင်နဲ့ ရှေးဟောင်း အိန္ဒိယ သင်္ချာလက်ရေးမူ ကျမ်းကြီးတွေကို ဘာသာပြန်ဆိုရာမှာ အသုံးပြုခဲ့တဲ့ သက္ကတဘာသာစကား စသဖြင့် ဘာသာစကားပေါင်းစုံကို တတ်ကျွမ်းကြတဲ့ ကမ္ဘာတစ်ဝှမ်းက အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ စုဝေးရာနေရာလည်း ဖြစ်ပါတယ်။

    ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုရာမှာ ထင်ရှားသူတစ်ဦးကတော့ ယူဟန်နာ အစ်ဗနေ့ အလ်-ဘီထရစ် အလ်-တာရ်ဂျူမန် (Yuhanna ibn al-Bitriq al-Turjuman) ဖြစ်ပြီး၊ ဘုန်းတော်ကြီးရဲ့သား ယူဟန်နာလို့ သိကြပါတယ်။ သူဟာ ဆေးပညာထက် ဒဿနပိုင်းမှာ ပိုမိုကျွမ်းကျင်ပြီး အရစ္စတိုတယ် (Aristotle) ရေးသားခဲ့ကာ အခန်း ၁၉ ခန်းပါဝင်တဲ့ The Book of Animals (သတ္တ၀ါများဆိုင်ရာကျမ်း) ကို လက်တင်ဘာသာကနေ ပြန်ဆိုခဲ့ပါတယ်။ ဂရိသမားတော်တွေဖြစ်တဲ့ ဟစ်ပိုကရေးတီး (Hippocrates) နဲ့ ဂါလန် (Galen) တို့ရဲ့ စာအုပ်တွေကို ဘာသာပြန်ဆိုရာမှာတော့ ဟူနျန် အစ်ဗနေ့ အစ္စဟာ့က် (Hunayn ibn Ishaq) က နာမည်ကျော်ပါတယ်။

    ခလီဖာ အလ်-မာမွန်ဟာ ဒဿနိကနဲ့ သိပ္ပံဆိုင်ရာ စာအုပ်စာတမ်း ပေါကြွယ်ဝတဲ့ စစ္စလီစာကြည့်တိုက် (Library of Sicily) က စာအုပ်တွေအားလုံးကို ပို့ပေးဖို့ စစ္စလီဘုရင်ကို တောင်းဆိုခဲ့ပြီး၊ ဘုရင်ကလည်း စာကြည့်တိုက်က စာအုပ်တော်တော်များများကို ပေးပို့ခဲ့တယ်လို့ ပြောစမှတ်စတစ်ခုလည်း ရှိနေပါတယ်။

    စာအုပ်တွေကို သယ်ယူပို့ဆောင်ရာမှာလည်း ယနေ့ခေတ်နဲ့ မတူညီပါဘူး။ လေယာဉ်ပျံတွေမရရှိတဲ့ အဲဒီအချိန်တုန်းက အလ်-မာမွန်ဟာ အီရန်နိုင်ငံ ခူရာဆန် (Khurasan) ကနေ ဘဂ္ဂဒတ်မြို့ကို လက်ရေးနဲ့ ရေးသားထားတဲ့စာအုပ်တွေ၊ လက်ရေးမူတွေကို ရာနဲ့ချီတဲ့ ကုလားအုပ်တွေနဲ့တင်ဆောင်ကာ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါတင်မကသေးဘဲ အသုံးဝင်တဲ့ စာအုပ်တွေကို ဘာသာပြန်ဆိုဖို့အတွက် အလ်-မာမွန်ဟာ သူ့ဆီက သိပ္ပံပညာရှင်တွေကို စေလွှတ်ဖို့ ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine) ထံ ချဉ်းကပ်ခဲ့ပြီး သဘောတူညီချက် ရရှိခဲ့တာကြောင့် ဂရိတွေရဲ့ အသိပညာဆိုင်ရာ စာအုပ်၊ စာပေတွေကို ဆောင်ကျဉ်းနိုင်ခဲ့ပါတယ်။

    ခလီဖာ အလ်-မာမွန်ဟာ ပညာ့ရိပ်မြုံတည်ထောင်မှုကိုပဲ စီမံခဲ့တာမဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေရဲ့ ဆွေးနွေးပွဲတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါတယ်။ သူဟာ မာရ်ဆဒ် ဖာလာကီ (Marsad Falaki) လို့ခေါ်တဲ့ နက္ခတဗေဒစင်တာတစ်ခုကို တည်ဆောက်ခဲ့ပြီး၊ အဲဒီစင်တာကို အလ်-မာမွန်ရဲ့ သီးသန့် နက္ခတဗေဒပညာရှင်တွေဖြစ်တဲ့ ဂျူးလူမျိုး ဆနဒ် အစ်ဗနေ့ အလီ အလ်-ရဟူဒီ (Sanad ibn Ali al-Yahudi) နဲ့ မွတ်စလင်တစ်ဦးဖြစ်သူ ယဟ်ယာ အစ်ဗနေ့ အဘီ မန်ဆူရ် (Yahya ibn Abi Mansur) တို့က ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

    အလ်-မာမွန်ဟာ သူ့ရဲ့ ဖခင်ဖြစ်သူထက်ပိုပြီး အဆင့်မြင့်ပညာဆိုင်ရာ ကျောင်းတွေ၊ စမ်းသပ်ခန်းတွေနဲ့ အထည်ချုပ်စက်ရုံတွေကို တည်ထောင်ခဲ့ပါတယ်။ သူရဲ့ နန်းစံသက်မှာ အဆင့်မြင့်ပညာသင်ကြားပေးတဲ့ နေရာတွေဟာ ၃၃၂ ခုအထိ ရှိလာခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။

    ဒါတင်မကသေးဘဲ ကမ္ဘာ့မြေပုံတစ်ခု ရေးဆွဲပေးဖို့အတွက်လည်း အလ်-မာမွန်က ပညာရှင်အုပ်စုတစ်ခုကို စေခိုင်းခဲ့ပြီး အဲဒီမြေပုံကို အလ်-မာမွန်မြေပုံ (al-Mamun’s Map) ဒါမှမဟုတ် အလ်-ဆူရာဟ် အလ်-မာမူနီယဟ် (Al-surah al-mamuniyah) လို့ ခေါ်တွင်ပါတယ်။ အဲဒီ မြေပုံဟာ တော်လမီ (Ptolemy)နဲ့ အခြားသော ဂရိပထ၀ီပညာရှင်တွေလက်ထက်က ရှိခဲ့တဲ့ မြေပုံတွေထက်ကို ပိုပြီး ကျယ်ပြန့် ပြည့်စုံခဲ့ပါတယ်။

    ပညာ့ရိပ်မြုံကနေ ထွန်းတောက်လာကြသူတွေထဲမှာ သင်္ချာပညာရှင်တွေဖြစ်ပြီး ဉာဏ်လှည့်စားကိရိယာတွေကို တီထွင်ခဲ့သူ မိုဟာမက်၊ အဟ်မဒ်နဲ့ အလ်-ဟာဆန်လို့ ခေါ်တဲ့ ဘနူမူဆာညီအစ်ကို၊ အလ်ဂျီဘရာရဲ့ဖခင်ကြီး အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi)၊ ဂီတသင်္ကေတနဲ့ ဂီတသီအိုရီတွေကို တီထွင်ဖော်ထုတ်ခဲ့သူ အလ်-ကင်ဒီ (Al-Kindi)၊ ကျမ်းပြုသူဖြစ်တဲ့ ဆအစ်ဒ် အစ်ဗနေ့ ဟာရွန် အလ်-ကာသစ်ဘ် (Said ibn Harun al-Katib)၊ ၀ိဇ္ဇာသိပ္ပံဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုခဲ့ကြပြီး သမားတော်ကြီးတွေလည်းဖြစ်ကြတဲ့ ဟူနျန် အစ်ဗနေ့ အစ္စဟာက် အလ်-အီဘာဒီ (Hunayn ibn Ishaq al-Ibadi) နဲ့ ၎င်း၏သားဖြစ်သူ အစ္စဟာက် (Ishaq) တို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တစ်ဦးချင်းစီဟာ လက်တွေ့စမ်းသပ်မှုတွေကနေတစ်ဆင့် စူးစမ်း၊ လေ့လာ၊ ရှာဖွေဖော်ထုတ်ကာ ဒီနေ့ခေတ် ကျွန်တော်တို့ သိရှိနေကြတဲ့ ပညာရပ်တွေရဲ့အခြေခံ အသိပညာဗိမာန်ကြီးတွေကို တည်ဆောက်ခဲ့သူတွေဖြစ်တာကြောင့် အခုဖော်ပြနေတဲ့ “ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ” ကဏ္ဍမှာ သူတို့ရဲ့ အမည်တွေကို ထပ်ခါတစ်လဲလဲ တွေ့မြင်ရပါလိမ့်မယ်။

    ပညာ့ရိပ်မြုံ (House of Wisdom) ဆိုတဲ့နေရာမှာ အဘ္ဘာစစ်မင်းဆက် (Abbasid) လက်ထက်က တည်ဆောက်ခဲ့တဲ့ ပညာ့ရိပ်မြုံနဲ့ ဖာတီမိုက်မင်းဆက် (Fatimid) လက်ထက်က တည်ဆောက်ခဲ့တဲ့ ပညာ့ရိပ်မြုံ (ဒါရ် အလ်-ဟစ်ကမဟ်) တို့ဟာ မတူညီကြပါဘူး။ ဒါရ် အလ်-ဟစ်ကမဟ် (Dar al-Hikkmah) ကို ခလီဖာ အလ်-ဟာကင် (Al-Hakim) က သက္ကရာဇ် ၁၀၀၅ ခုနှစ်မှာ ကိုင်ရိုမြို့မှာ တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၆၅ နှစ်လောက် တည်တံ့ခဲ့ပါတယ်။ အစ္စလာမ်ကမ္ဘာရဲ့အရှေ့ခြမ်း အခြားသော မြို့တွေ့မှာလည်း သိပ္ပံစင်တာ (Dar al-Ilm) တွေကို တည်ထောင်ခဲ့ကြပြီး၊ အသိပညာစင်တာ (House of Knoledge) လို့ ပိုပြီးပြောလို့ရတဲ့ အဲဒီစင်တာတွေဟာ ၉ ရာစုနဲ့ ၁၀ ရာစုအတွင်း ဘဂ္ဂဒတ်တစ်ဝှမ်းမှာ အလျှိုလျှိုပေါ်ထွက်လာခဲ့ပါတယ်။

    ပြိုင်ဘက်ကင်းစင်တာ

    house of wisdom 2
    House of Wisdom

    ယူကေက Guardian သတင်းစာရဲ့ အရှေ့အလယ်ပိုင်း အယ်ဒီတာဖြစ်တဲ့ ဘရိုင်ယန် ၀ီတိတ်ကာ (Brian Whitaker) က အလယ်ခေတ် မွတ်စလင်ကမ္ဘာရဲ့ ပညာ့ရိပ်မြုံတွေဟာ လူသားဝါဒနဲ့ သင်္ချာ၊ နက္ခတဗေဒ၊ ဆေးပညာ၊ ဓာတုဗေဒ၊ သက္ကတဗေဒ၊ ပထ၀ီအပါအ၀င် သိပ္ပံပညာရပ်နယ်ပယ်မှာ ပြိုင်ဘက်ကင်းတဲ့စင်တာတွေ ဖြစ်ခဲ့တယ်လို့ ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ ထုတ်ဝေတဲ့ Guardian သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီစင်တာတွေဟာ ပါရှား၊ အိန္ဒိယနဲ့  ဂရိတို့က ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ကာ အရစ္စတိုတယ်၊ ပလေတို၊ ဟစ်ပိုကရေးတီး၊ ယူကလစ်၊ ပိုက်သာဂိုးရက်စ်နဲ့ အခြားသော ပညာရှင်ကြီးတွေ ရေးသားထားတဲ့ စာအုပ်စာပေတွေစုစည်းရာ၊ ကမ္ဘာတစ်ဝှမ်းက အသိပညာတွေစုဝေးရာ၊ ကိုယ်ပိုင်ရှာဖွေဖော်ထုတ်မှုတွေလုပ်ဆောင်ကာ ၀င့်ဝင့်ထည်ထည် ရပ်တည်ခဲ့ရာနေရာ ဖြစ်တယ်လို့လည်း သူက ထည့်သွင်းရေးသားခဲ့ပါတယ်။

    သိပ္ပံမြို့တော် ဘဂ္ဂဒတ်

    လွန်ခဲ့နှစ်ပေါင်းထောင်ချီအရင်က အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အချမ်းသာဆုံး မြို့တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမြို့ရဲ့ ကြွယ်ဝချမ်းသာမှုက ငွေကြေးသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ နှစ်ပေါင်း ၂၀၀ လောက် ထိပ်တန်း သိပ္ပံအကယ်ဒမီ တည်ရှိရာနေရာ ဖြစ်ခဲ့ပြီး အဲဒီ အကယ်ဒမီကလည်း ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းမှာ  သင်္ချာ၊ နက္ခဗေဒကနေ သတ္တဗေဒအထိ သုတေသနပြုလုပ်ရာ၊ တွေးခေါ်မျှော်မြင်ရာနဲ့ ဆွေးနွေးတိုင်ပင်ရာမှာလည်း အဓိကစင်တာအဖြစ် အသုံးတော်ခံခဲ့ပါသေးတယ်။

    ဒီအကယ်ဒမီက ပညာရှင်တွေဟာ သိပ္ပံ၊ ဆေးဘက်ဆိုင်နဲ့ ဒဿနိကဗဒေဆိုင်ရာ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို ဖတ်ရှုတ်အသုံးချခဲ့ကြပါတယ်။ ပညာ့ရိပ်မြုံတွေကို တည်ဆောက်ခဲ့တဲ့ ခလီဖာတွေဟာလည်း ရှေးဟောင်းလူ့အဖွဲ့အစည်းတွေက ရေးသားမှုတွေ၊ ရှာဖွေတွေ့ရှိမှုတွေကို စုဆောင်းကာ ကမ္ဘာ့အဆင့် စာကြည့်တိုက်ကြီးတွေကိုလည်း တည်ဆောက်ပေးခဲ့ကြပါတယ်။ သက္ကရာဇ် ၇၈၆ ခုနှစ်မှာ နန်းစံခဲ့တဲ့ ခလီဖာ ဟာရွန် ရရှစ်ဒ်ဟာ သူ့ရဲ့ဖခင်နဲ့ အဖိုးဖြစ်သူတို့လက်ထက် စုဆောင်းပေးခဲ့တဲ့ လက်ရေးမူစာအုပ်တွေနဲ့ စာကြည့်တိုက်ကြီးတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်း ဆယ်စုနှစ်တွေ ကြာပြီးတဲ့အချိန်မှာတော့ သူ့ရဲ့သားဖြစ်သူ အလ်-မာမွန်က စာကြည့်တိုက်မှာ ပညာရပ်ဆိုင်ရာဌာနခွဲတွေကို တိုးချဲ့ထည့်သွင်းခဲ့ပြီး ပိုမိုကြီးကျယ်တဲ့ စာကြည့်တိုက်ကြီးတစ်ခု ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူက ပညာရပ်တစ်ခုချင်းစီအတွက် လေ့လာရေးစင်တာတွေကို ထပ်ပေါင်းထည့်ခဲ့ပြီး ပညာရှင်တွေကို သုတေသန ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေနိုင်ခဲ့ကာ သက္ကရာဇ် ၈၂၉ ခုနှစ်မှာတော့ သုတေသနစင်တာတစ်တစ်ခုကို အလ်-မာမွန်က ထပ်မံတည်ဆောက်ခဲ့ပါတယ်။

    အဲဒီပညာ့ရိပ်မြုံကို ရောက်ရှိခဲ့တဲ့ ပညာရှင်တွေဟာ အာရဘီ၊ ပါရှန်၊ အာမေနစ်၊နဲ့ ဂရိ စတဲ့ ဘာသာစကားပေါင်းစုံကို ရေးသား၊ ပြောကြားကြပြီး၊ သက်ဆိုင်ရာပညာရှင်တွေ လေ့လာနိုင်ဖို့၊ ဆွေးနွေးနိုင်ဖို့နဲ့ ဒီအပေါ်မှာ ထပ်မံတိုးတက်အောင် ပြုလုပ်နိုင်ဖို့အတွက် ရှေးဟောင်းကျမ်းတွေကို အာရဘီဘာသာ ပြန်ဆိုတာကိုလည်း ကျွမ်းကျင်ပညာရှင်တွေက ပြုလုပ်ခဲ့ကြပါတယ်။ ဒီ ပညာ့ရိပ်မြုံက ထွန်းတောက်ခဲ့တဲ့ ပညာရှင်တွေထဲမှာ အရစ္စတိုတယ်ရဲ့ စာအုပ်တွေကို ဘာသာပြန်ခဲ့တဲ့ အလ်-ကင်ဒီ၊ ဟစ်ပိုကရေးတီးရဲ့ လက်ရာတွေကို ဘာသာပြန်ခဲ့တဲ့ ဟူနျန် အစ်ဗနေ့ အစ္စဟာက်တို့လည်း ပါဝင်ပါတယ်။ ခလီဖာ အလ်-မာမွန်ကတော့ ဘာသာပြန်ဆိုတဲ့ စာအုပ်အလေးအချိန်အတိုင်း ရွှေသားပေးမယ်ဆိုတဲ့ မက်လုံးနဲ့အတူ အဲဒီ ပညာ့ရိပ်မြုံက ပညာရှင်တွေ၊ ဘာသာပြန်တွေကို အားပေးမြှင့်တင်ပေးခဲ့ပါတယ်။

    အဲဒီ အောင်မြင်တဲ့ အသိပညာရွှေ့ပြောင်းရယူမှုစနစ်က နောက်ပိုင်း နှစ်အနည်းငယ်အကြာ ၁၂ ရာစု စပိန်နိုင်ငံမှာ ရောင်ပြန်ဟပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တိုလေဒို (Toledo) မြို့ဟာ အသိပညာတွေကို ဘာသာပြန်ဆိုရာမှာ အချက်အချာနေရာဖြစ်ခဲ့ပြီး ဒီအချိန်မှာတော့ အာရဘီကနေ လက်တင်ဘာသာစကားကို ဘာသာပြန်ဆိုတာဖြစ်ပါတယ်။ မွတ်စလင်ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ၊ ရှေးဟောင်းဂရိတွေရဲ့ အရေးပါတဲ့စာအုပ်တွေကို ဘာသာပြန်ဆိုထားတာတွေက သိပ္ပံပညာရပ်တွေရဲ့ အသက်သွေးကြောဖြစ်လာခဲ့ကာ ခရစ်ယာန်ပညာရှင်တွေ၊ ဂျူးပညာရှင်တွေနဲ့ မွတ်စလင်ပညာရှင်တွေဟာလည်း တိုလေဒိုကို လှိမ့်ဝင်လာခဲ့ကြပါတယ်။ သူတို့တွေဟာ အတူစုပေါင်းပြီး ရှေးဟောင်းဂရိတွေစာအုပ်တွေ၊ မူရင်းအာရဘီစာအုပ်တွေကို လက်တင်နဲ့ အခြားသော ဥရောပဘာသာစကားတွေဆီ ပြန်ဆိုခဲ့ကြပါတယ်။ တိုလေဒိုနဲ့ အခြား ဥရောပတောင်ပိုင်းဒေသတွေမှာ အရစ္စတိုတယ်ရဲ့ စာအုပ်တစ်ချို့ကို မီခေးလ် သည် စတော့ (Michael the Scot) က လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ ခရီမိုနာဒေသ (Cremona) က ဂျရတ် (Gerard) ကလည်း အလ်-ဇဟ်ရာဝီ (Al-Zahrawi) ရဲ့ ဆေးကျမ်းကြီးတွေ၊ အလ်-ရာဇီ (Al-Razi) ရဲ့ ဓာတုဗေဒကျမ်းကြီးတွေကို ဘာသာပြန်ခဲ့ပါတယ်။

    အလယ်ခေတ် မွတ်စလင်တွေ တည်ထောင်ခဲ့တဲ့ အဲဒီပညာ့ရိပ်မြုံက အကျိုးတရားတွေဟာ တိုးတက်တဲ့ ဒီနေ့ခေတ်အထိ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ ‘အလ်ဂျီဘရာ’ ဆိုတဲ့ အသုံးအနှုန်းဟာ အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ရေးသားခဲ့တဲ့ အလ်-ဂျဘာရ် ၀ါလ် မူကာဘာလာဟ် (Al-Jabr wal Muqabalah) ဆိုတဲ့စာအုပ်ခေါင်းစဉ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အလ်-ခွာရစ်ဇ်မီဟာ အလ်ဂျီဘရာ ဘာသာရပ်ကို ၉ ရာစုအစောပိုင်း ပညာ့ရိပ်မြုံမှာ အလုပ်လုပ်နေချိန် ဖော်ထုတ်ရေးသားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အလ်-ခွါရစ်ဇ်မီရဲ့ အလ်ဂျီဘရာအယူအဆတွေကို သူ့ကိုဆက်ခံတဲ့ အလ်-ကာရာဂျီ (Al-Karaji) က တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ပြီးပြည်စုံခဲ့တဲ့ ဒီဘာသာရပ်ဟာ နှစ်ပေါင်းရာနဲ့ချီပြီး ရှင်သန်ခဲ့ပါတယ်။ အဲဒီ ပညာရှင်ကြီးတွေဟာ ယနေ့ကွန်ပျူတာခေတ်မှာ မီခိုနေရတဲ့ သင်္ချာပညာရပ်ရဲ့ အခြေခံသဘောတရားကို ဖော်ထုတ်နိုင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

    ခလီဖာ အလ်-မာမွန်နဲ့ သူချန်ရစ်ခဲ့တဲ့ အသိပညာအမွေအနှစ်တွေဟာ ထင်ရှားပြီး၊ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လပေါ်က ချိုင့်ခွက်ကြီးတစ်ခုကိုလည်း အလ်မာနွန် (Almanon) လို့ အမည်ပေးထားပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

     

     

  • တက္ကသိုလ်တို့၏ နိဒါန်း – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၂)

    မတ် ၁၁၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    al azhar
    အီဂျစ်နိုင်ငံမှ အလ်-အဇ်ဟာရ် တက္ကသိုလ်

    – ဒီနေ့ခေတ်လူတွေရဲ့ အဆင့်မြင့်ပညာသင်ကြားမှု အခြေအနေဟာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီလို အသိပညာတွေကို ကျားကုတ်ကျားခဲ ရှာဖွေရမယ်ဆိုတဲ့အသိဟာ အလယ်ခေတ်မွတ်စလင်တွေရဲ့ နှလုံးသွေးကြောထဲမှာ စီးဝင်ပြန့်နှံ့ခဲ့ဖူးပြီး မွတ်စလင်တွေအနေနဲ့ ပညာပြည့်ဝ နှလုံးလှဖို့၊ စူးစမ်းရှာဖွေဖို့၊ တစ်ဆင့်ပြန်လည်မျှဝေဖို့ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးမှာ အားပေးတိုက်တွန်းထားခြင်းရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။ ဒီသွန်သင်ချက်က ဗလီဝတ်ကျောင်းတော်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သုတေသနစင်တာတွေနဲ့ ပညာရှင်တွေရဲ့နေအိမ်တွေ စတဲ့နေရာတွေမှာ အဆင့်မြင့်ပညာရပ်တွေ သင်ကြားပို့ချမှုစနစ်ကို ဖြစ်တည်စေခဲ့ကာ အလယ်ခေတ် မွတ်စလင်ကမ္ဘာကို ထွန်းပြောင်စေခဲ့သလို၊ အဲဒီ အသိပညာတွေ၊ သင်ကြားမှုစနစ်တွေကိုလည်း နောက်ဆုံးမှာ ဥရောပဆီ အမွေပေးနိုင်ခဲ့ပါတယ်။

    မွတ်စလင်ကမ္ဘာက စာသင်ကျောင်းနဲ့ တက္ကသိုလ်ပေါ်ပေါက်လာမှုမှာ တူညီမှုတစ်ချို့ ရှိခဲ့ပြီး ဒါကတော့ ဒီ သင်ကြားမှုစနစ် နှစ်ခုစလုံးဟာ ဗလီဝတ်ကျောင်းတော်တွေမှာ အစပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကိုတော့ အာရဘီလို “ဂျာမီအာဟ်” (Jami’ah) လို့ခေါ်ပြီး ဗလီဝတ်ကျောင်းတော်အတွက် သုံးနှုန်းတဲ့ ဂျာမီ (Jami’) ဆိုတဲ့စကားလုံးရဲ့ ဣတ္ထိလိင်သဘောသဘာဝကို ဖော်ညွှန်းတာဖြစ်ပါတယ်။ ဒါ့ကြောင့် အာရဘီမှာ ဘာသာရေးဆိုင်ရာနေရာနဲ့ အဆင့်မြင့်ပညာ သင်ကြားရေးဌာနတွေဟာ ဆက်နွယ် ပတ်သက်နေပါတယ်။ ဒါပေမယ့် အခြားသောဘာသာတရားတွေနဲ့ ယဉ်ကျေးမှုတွေမှာတော့ ဒီလို ထပ်တူကျမှုမျိုးကို မတွေ့ရပါဘူး။ အစ္စလာမ်သာသနာက အချို့သော ဗလီဝတ်ကျောင်းတော်တွေဟာ ရှေးအကျဆုံး တက္ကသိုလ်တွေ ဖြစ်ခဲ့ပါတယ်။

    ဗလီအခြေပြု တက္ကသိုလ်များ

    ဗလီဝတ်ကျောင်းတော်အခြေပြုတဲ့ တက္ကသိုလ်တွေထဲက ကျော်ကြားတဲ့ တက္ကသိုလ်တွေထဲမှာ အီဂျစ်နိုင်ငံက အလ်-အဇ်ဟာရ် (Al-Azhar) တက္ကသိုလ်လည်း တစ်ခုအပါအ၀င်ဖြစ်ပြီး နှစ်ပေါင်း ၁၀၃၀ ကျော်ကြာပြီဖြစ်ပေမယ့် ယနေ့တိုင် အသိပညာတွေကို ဖြန့်ဖြူးပေးနေဆဲ ဖြစ်ပါတယ်။ အီဂျစ်က အဆင့်မြင့်ပညာ သင်ကြားမှုမှာ အချက်အခြာနေရာတစ်ခု ဖြစ်တာကြောင့် အလ်-အဇ်ဟာရ်တက္ကသိုလ်ကြီးဟာ ထိပ်တန်း အသိပညာရှင်၊ အတတ်ပညာရှင်တွေ စုဝေးရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ တည်ထောင်ခဲ့တဲ့ သက်တမ်း ကြာမြင့်မှုကြောင့် နာမည်ကြီးသလို၊ နောက်ထပ် နာမည်ကြီးရတဲ့ အကြောင်းအရင်းကတော့ လက်တွေ့အသုံးချ အလင်းပညာရပ်ရဲ့ ဖခင်ဖြစ်ပြီး ဒီတက္ကသိုလ်မှာ အချိန်အတော်ကြာ နေထိုင်ခဲ့တဲ့ အစ်ဗနေ့ အလ်-ဟေသမ် (Ibn al-Haytham)၊ ၁၄ ရာစုက ထိပ်တန်း လူမှုဗေဒပညာရှင်  အစ်ဗနေ့ အလ်-ခါလ်ဒန် (Ibn al-Khaldun) တို့လို စွယ်စုံရ ပညာရှင်ကြီးတွေ ပေါ်ထွက်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ အလ်-ခါလ်ဒန်ဟာ အလ်-အဇ်ဟာရ်မှာ ဆရာတစ်ယောက်အဖြစ် သင်ကြားပို့ချပေးခဲ့သူတစ်ယောက်ပါ။

    နောက်ထပ်ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်တစ်ခုကတော့ မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့က အလ်-ကွာရာဝီယင် (Al-Qarawiyin) ပဲဖြစ်ပါတယ်။ ဒီတက္ကသိုလ်ကို  အစ်ဒရီဆစ်ဒ်မင်းဆက် (Idrisids) အုပ်ချုပ်တဲ့အချိန်အတွင်း ဖာတီမာ အလ်-ဖီဟ်ရီ (Fatima al-Fihri) လို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ သက္ကရာဇ် ၈၅၉ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော်အဖြစ် စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဖာတီမာဟာ အလွန် စိတ်နှလုံးသားဖြူစင်ပြီး ဘာသာရေးကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပညာလည်းတတ်ပြီး အောင်မြင်တဲ့ စီးပွားရေးသမားဖခင် ကွယ်လွန်သေဆုံးခဲ့တဲ့အခါ အမွေအမြောက်အများရခဲ့တဲ့ ဖာတီမာဟာ သူ့ရဲ့ ငွေကြေးပိုင်ဆိုင်မှုအားလုံးကို ဖက်ဇ်က ပြည်သူတွေအတွက် သင့်လျော်တဲ့ ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်တွေ တည်ဆောက်ဖို့မှာ အသုံးပြုဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတော့တယ်။ အဆောက်အဦး ဆောက်လုပ်ရာမှာ သူမဟာ ကန့်သတ်ချက်တစ်ခု ထားရှိပြီး ဒါကတော့ အဲဒီအဆောက်အဦးအတွက် ပါဝင်ပစ္စည်းတွေဟာ ဒေသတစ်ခုတည်းကပဲ ဖြစ်ရမယ်ဆိုတာပါပဲ။ စီမံကိန်းစတင်ချိန်ကစလို့ ပြီးဆုံးချိန်အထိ သူမဟာ နေ့စဉ် ဥပုသ်သီလကို မပြတ်တမ်း ဆောက်တည်ခဲ့ပါတယ်။

    Fatima al-Fihri
    ရရှိသည့်အမွေများကို ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည့် အာဖရိကန်မွတ်စလင် အမျိုးသမီး ဖာတီမာ အလ်-ဖီဟ်ရီ

    ကြီးကျယ်ခမ်းနားတဲ့ ဗလီဝတ်ကျောင်းတော်အချို့လိုပဲ အလ်-ကွာရာဝီယင် ဗလီဝတ်ကျောင်းတော်ဟာလည်း တည်ဆောက်ပြီး သိပ်မကြာခင်မှာ ဓမ္မရေးရာသင်ကြားမှုနဲ့ နိုင်ငံရေး ဆွေးနွေးမှုတို့အတွက် အဓိကနေရာတစ်ခု ဖြစ်လာပါတယ်။ တစ်ဖြည်းဖြည်းနဲ့ သသဘာဝသိပ္ပံလို ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်အားလုံးကို သင်ကြားပို့ချပေးတဲ့ ကျောင်းတော်ကြီးဖြစ်လာခဲ့ပြီး သမိုင်းတစ်လျှောက် အစောဆုံးတက္ကသိုလ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။ အလ်-ကွာာရာဝီယင် ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်မှာ နက္ခတဗေဒ ကိရိယာတွေ၊ ဆက်ခြေလျှောတိုင်းကိရိယာ၊ သဲနာရီ အပါအ၀င် အချိန်ကို တိုင်းတာမှတ်သားနိုင်တဲ့ အခြားသော ပစ္စည်းကိရိယာတွေ ပါဝင်တဲ့ ‘အချိန်ပြ အခန်းများ’ အစရှိတဲ့ အဆင်မြင့်ပညာ လေ့လာမှုဆိုင်ရာ ပစ္စည်းပစ္စယာ အစုံအလင်ကိုလည်း ထားရှိပေးခဲ့ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်၊ ဘာသာရေး၊ ဥပဒေ၊ အပြောအဟော၊ စကားပြေ၊ ကဗျာလင်္ကာ ရေးသားစပ်ဆိုမှု၊ အတွက်အချက်၊ သင်္ချာ၊ ပထ၀ီနဲ့ ဆေးပညာရပ်တွေကိုလည်း ဒီတက္ကသိုလ်ကြီးမှာ သင်ကြားပို့ချပေးသလို သဒ္ဒါ၊ မွတ်စလင်သမိုင်း၊ ဓာတုဗေဒပညာရပ် စတာတွေဟာလည်း တက္ကသိုလ်ရဲ့ ပြဌာန်းဘာသာရပ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဘာသာရပ်စုံလင်မှု၊ သင်ကြားနည်းစနစ် ကောင်းမွန်မှုတွေကြောင့် အလ်-ကွာရာဝီယင်တက္ကသိုလ်ဟာ အဲဒီခေတ်အခါက အာဖရိက နေရာအနှံ့မှာရှိတဲ့ ပညာရှင်တွေ၊ ကျောင်းသားတွေကို ဆွဲဆောင်နိုင်တဲ့ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်အခြေပြု ဒီတက္ကသိုလ်တွေရဲ့ ကျော်ကြားမှုဟာ ဒေသတွင်းမှာသာမကဘဲ ပတ်ဝန်းကျင်က အခြားနိုင်ငံတွေအထိပါ ပြန့်နှံ့ခဲ့ပြီး အဲဒီဒေသ တစ်နံတစ်လျားက ကျောင်းသားတွေအတွက် အားကိုးအားထားပြုစရာ အသိပညာစင်တာတွေ ဖြစ်ခဲ့ပါတယ်။ အဘ္ဘာစစ်မင်းဆက်အုပ်စိုးစဉ် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က တက္ကသိုလ်တွေ နာမည်ကြီးတဲ့အချိန်မှာ ဆီးရီးယား၊ ပါရှားနဲ့ အိန္ဒိယလို နိုင်ငံတွေက ကျောင်းသားတွေဟာ တကူးတကလာရောက်ပြီး ဆေးပညာ၊ ဆေးဝါးပညာ၊ အင်ဂျင်နီယာပညာ၊ နက္ခတဗေဒနဲ့ အခြားသောပညာရပ်တွေကို သင်ယူလေ့လာခဲ့ကြပါတယ်။ ကိုင်ရိုမြို့က အလ်-အဇ်ဟာရ် တက္ကသိုလ်မှာ လာရောက်ပညာသင်ကြားသူတွေထဲ အီဂျစ်နိုင်ငံတစ်ဝှမ်းက ပြည်သူတွေနဲ့အတူ နိုင်ငံခြားသားအရေအတွက် အမြောက်အများ ပါဝင်ခဲ့ပါတယ်။

    တူနီးရှားနိုင်ငံက ဇေတူနာ (Zaytuna) ဗလီဝတ်ကျောင်းတော်မှာ သဒ္ဒါ၊ ယုတ္တိဗေဒ၊ အချက်အလက် စုဆောင်းမှု ဘာသာရပ်၊ သုတေသနာဆိုင်ရာ စည်းကမ်းနည်းလမ်းများ၊ စကြာဝဠာဗေဒ၊ သင်္ချာ၊ ပထ၀ီ၊ တွင်းထွက်ဗေဒနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ် စတာတွေကို သင်ကြားပို့ချပေးခဲ့တဲ့ လက်ရေးမူတွေကို ယနေ့တိုင် တွေ့နိုင်ပါသေးတယ်။ တူနီးရှားနိုင်ငံ ကွေရာဝမ်မြို့ (Qayrawan) က  အာတီကာစာကြည့်တိုက် (Atiqa) မှာ သက္ကရာဇ် ၄၂၀ မတိုင်ခင် စိန့် ဂျယ်ရိုမီ (Jerome) ရေးသားတဲ့ Ancient Nations (ရှေးခေတ်နိုင်ငံများ) စာအုပ်ရဲ့ အာရဘီဘာသာပြန်ကို တွေ့မြင်နိုင်ပါတယ်။

    အဲဒီ ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ ဘာသာရပ်တွေဟာ ခက်ခဲနက်နဲပြီး အထူးသဖြင့် လမ်းသစ်ဖောက်ရတဲ့ ဆေးပညာရပ်မှာ တော်တော်လေး အားထုတ်ခဲ့ရပါတယ်။ ဒီတက္ကသိုလ်တွေရဲ့ ဆေးပညာဌာနတွေဟာ အချိန်ကြာပြီး နက်နဲတဲ့ စူးစမ်းရှာဖွေမှုတွေကိုလည်း လုပ်ဆောင်ခဲ့ရပါတယ်။

    ဥပေဒပညာမှာဆိုရင်လည်း ကျောင်းသားတွေဟာ ဘွဲ့ကြိုသင်တန်းပေးမှုကို တက်ရောက်ရပြီး အဲဒီသင်တန်း အောင်မြင်မှသာ သူတို့ရဲ့ဆရာဖြစ်သူက တပည့်အဖြစ် ရွေးချယ်တာဖြစ်ပါတယ်။ အဲဒီအချိန်ကျမှ ကျောင်းသားတွေဟာ တက္ကသိုလ်ဘွဲ့အတွက် ဆက်လက်လေ့လာရပြီး အချိန်ကာလတစ်ခု ကြာမြင့်ပါတယ်။ ဥပဒေပညာမှာ ပေါက်မြောက်တဲ့ဆရာတစ်ဆူ ဖြစ်ဖို့အတွက် နှစ် ၂၀ လောက်အထိ တက်ကြရပြီး ဥပဒေပညာရှင်တစ်ယောက်အဖြစ် ဆောင်ရွက်ချင်တယ်ဆိုရင်တော့ အသိအမှတ်ပြုလက်မှတ်နဲ့ အာဏာပိုင်တွေဆီက လိုင်စင်ကို လိုအပ်ပါတယ်။

    ဘွဲ့ပေးမှုကိုလည်း မွတ်စလင်များက စတင်ခဲ့

    အဲဒီအသိအမှတ်ပြုလက်မှတ်ကို အီဂျာဇက် (Ijazas) လို့ခေါ်ပြီး၊ ရိုးရိုးဘွဲ့ကို ခေါ်ဆိုတဲ့ ‘ဘာကာလာရက်စ်’ (baccalareus) ရဲ့ မူလအစလည်း ဖြစ်ပါတယ်။ အဲဒီ ဘာကာလာရက်စ် စကားလုံးဟာ ပုပ် ဂရီဂိုရီ ၉ (Pope Gregory IX) ၁၂၃၁ မှာ တည်ထောင်ခဲ့တဲ့ ပဲရစ်တက္ကသိုလ် (University of Paris) ရဲ့ ဘွဲ့ချီးမြှင့်မှုစနစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဒါဟာ မွတ်စလင်တွေအသုံးပြုတဲ့ အာရဘီစကားလုံး ဘီ-ဟာ့က် အလ်-ရီဝါယဟ် (Bi-haqq al-riwayah) ကို အနောက်တိုင်းမှု ပြုလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘီ-လ်ဟာ့က် အလ်-ရီဝါယဟ်ရဲ့ အဓိပ္ပါယ်ကတော့ ‘အခြားတစ်ယောက်ကို သင်ကြားပေးနိုင်ခွင့်’ ဖြစ်ပြီး ဒီစကားလုံးကို အီဂျာဇက် အသိမှတ်ပြုလက်မှတ်တွေမှာ ရာစုနှစ်ခြောက်ခုလောက် ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်သင်ကြားမှု ပြီးဆုံးပြီဆိုရင် ဒီ အီဂျာဇက် အသိအမှတ်ပြုလက်မှတ်ကို ရရှိပြီး သူဟာ အခြားတစ်ယောက်ကို သင်ကြားပေးနိုင်ပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

    ဒီနေ့ခေတ် နိုင်ငံတကာကကျောင်းတွေမှာတော့ Baccalaureate ဆိုတာ အခြေခံပညာ နောက်ဆုံးအဆင့်ကို အောင်မြင်ပြီးမြောက်ပြီး တက္ကသိုလ်တက်ဖို့အတွက် အဆင့်မီတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

    မွတ်စလင်တွေဟာ အဆင့်မြင့်ပညာ သင်ကြားမှုစနစ်တွေကိုလည်း သတ်သတ်မှတ်မှတ် ပြဌာန်ပေးခဲ့ပါတယ်။ ၀င်ခွင့်စာမေးပွဲတွေ၊ နောက်ဆုံးစာမေးပွဲတွေ၊ ဘွဲ့လက်မှတ်ချီးမြှင့်မှု၊ ဌာနတစ်ခုကနေ နောက်တစ်ခုကို သွားရောက်သင်ယူမှု၊ နိုင်ငံတကာကျောင်းသားများ လက်ခံသင်ကြားမှု၊ ပညာတော်သင်ဆု ပေးအပ်ချီးမြှင့်မှု စတာတွေကိုလည်း မွတ်စလင်တွေကပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အလယ်ခေတ် မွတ်စလင်ကမ္ဘာက တက္ကသိုလ်တွေရဲ့ သင်ကြားမှုနည်းလမ်းတွေ၊ ပုံစံတွေဟာ ဒီနေ့ခေတ်တက္ကသိုလ်တွေနဲ့ တော်တော်လေး သွားတူနေပါတယ်။ သူတို့မှာ ကောလိပ်ပညာရေးစနစ်လည်း ရှိခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကိုလိုက်ကာ ပညာတော်သင်ဆုပေးတာ၊ ချီးမြှောက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

    ဥရောပကို ရောက်ပြီ

    မွတ်စလင်တွေရဲ့ ပညာရေးစနစ်ဟာ ၁၂ ရာစုလောက်မှာ အလယ်ခေတ်ဥရောပကို ရိုက်ခတ်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀၀ အရင်လောက်က အာရဘီဘာသာစကားနဲ့ ရေးသားထားတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်တွေကို လက်တင်ဘာသာစကားနဲ့ ဘာသာပြန်ဆိုမှုကို အုံနဲ့ကျင်းနဲ့ ပြုလုပ်ခဲ့ကြပြီး၊ မွတ်စလင်တွေရဲ့ လက်တွေ့စမ်းသပ်မှုကနေ ရရှိခဲ့တဲ့ အယူအဆတွေကိုလည်း ဥရောပက ထိတွေ့ခွင့်ရခဲ့ပါတယ်။ အကိုးအကားအထောက်အထား ခိုင်ခိုင်မာမာရှိတဲ့ ပညာရပ်တွေကို ရရှိခြင်းက တတိယအဆင့်လောက်သာရှိတဲ့ ဥရောပပညာရေးကို လှုပ်နှိုးလိုက်သလိုဖြစ်ခဲ့ပြီး၊ ဥရောပမှာ ခေတ်စားခဲ့တဲ့ ဘာသာရေးနဲ့သိပ္ပံပညာအကြား ထိပ်တိုက်တွေ့နိုင်တယ်ဆိုတဲ့ အယူအဆကိုလည်း ယိုင်နဲ့စေခဲ့ပါတယ်။ ၁၁၄၀ ပြည့်နှစ်တွေမှာ ချာထရက်စ်မြို့ (ယခုပြင်သစ်တွင်ရှိသည်) က ဒဿနပညာရှင် သီယာရီ (Thierry) ဟာ ချာထရက်စ် ကက်သလစ်ဘုရားကျောင်း (Chartres Cathedral) မှာ သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုက သမ္မာကျမ်းစာပါ ကမ္ဘာကြီးဖန်ဆင်းမှုနဲ့ လိုက်လျောညီထွေရှိတယ်လို့ သင်ကြားပို့ချပေးခဲ့ပြီး ရီနေဆန်း (Renaissance) လို့ခေါ်တဲ့ ဉာဏ်သစ်လောင်းတော်လှန်ရေးကြီးကို လမ်းခင်းပေးခဲ့ပါတယ်။

    ဥရောပက ပထမဆုံးတက္ကသိုလ်ဟာ အီတလီနိုင်ငံက ဆာလာနိုမြို့ (Salerno) မှာ ပေါ်ထွက်လာခဲ့ပြီး ၁၁ ရာစုမှာ ကွန်စတန်တိုင်း သည် အာဖရိကန် (Constantine The African) လို့ခေါ်တဲ့ ဆရာဝန်တစ်ယောက် ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာ နာမည်ကျော်လာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ မွန့်ပဲလီယာ (Montpellier) မြို့က တက္ကသိုလ်ကတော့ ဆာလာနိုတက္ကသိုလ်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး မွတ်စလင်တွေ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဆေးပညာရပ်တွေ၊ နက္ခတဗေဒပညာရပ်တွေကို အထူးပြုလေ့လာရာ စင်တာကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ မွန့်ပဲလီယာမြို့ဟာ အဲဒီခတ်အခါက မွတ်စလင်နဲ့ ဂျူးလူမျိုးအရေအတွက် အတော်များများ ရှိတဲ့နေရာဖြစ်ပြီး၊ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်နဲ့လည်း နီးစပ်မှု ရှိခဲ့ပါတယ်။

    ၁၂ ရာစု အစပိုင်းကစလို့ အနောက်တိုင်းရဲ့ ပညာရေးဆိုင်ရာ အချက်အခြာနေရာဟာ ပဲရစ်မြို့ဖြစ်ခဲ့ပြီး “က၀ိပညာရှင်များ၏မြို့တော်” လို့ အမည်တွင်ခဲ့ပါတယ်။ သိပ္ပံနဲ့ဝိဇ္ဇာနယ်ပယ်မှာ အာရပ်တွေရဲ့ တွေ့ရှိချက်တွေ၊ အားထုတ်ကြိုးပမ်းမှုတွေဟာလည်း လှည့်လည်သွားလာနေတဲ့ ပညာရှင်တွေနဲ့အတူ အနောက်တိုင်းကို ရောက်ရှိလာခဲ့ကြပါတယ်။ တကယ်တော့ အောက်စဖို့ဒ်တက္ကသိုလ် (Oxford) လို အစောဆုံး အင်္ဂလိပ်တက္ကသိုလ်တွေဟာ ပညာပြည့်ဝတဲ့ ဒီလို ခရီးသွားပညာရှင်တွေ၊ ခရူးဆိတ်စစ်ပွဲကနေ ပြန်လာတဲ့ စစ်သားတွေကနေတစ်ဆင့် အစပြု ဖြစ်တည်လာတာဖြစ်ပြီး၊ ကော်ဒိုဘာ (Cordoba) လို မွတ်စလင်တက္ကသိုလ်တွေကို သွားရောက်လည်ပတ်မှုကနေတစ်ဆင့် ဘာသာရေးတစ်ဖက်ပိတ် သဘောတရားထက် ကျိုးကြောင်းဆင်ခြင်မှုအပေါ် အခြေခံတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေကို ဘာသာပြန်ဆို ယူဆောင်လာကြတာဖြစ်တယ်လို့ ဒီနေ့ခေတ်သမိုင်းပညာရှင်တွေက ၀န်ခံပြောဆိုထားကြပါတယ်။

    ပါမောက္ခ ထိုင်ခုံ

    UtHyCEE2X9CdSN8yQVDrS9f8
    ဗလီဝတ်ကျောင်းတော်အတွင်းရှိ မင်ဗရ် (တရားဟောစင်မြင့်) ပေါ်ထိုင်၍ တရားဒေသနာများ ဟောကြားမှုကို ရေးဆွဲထားသည့် ပုံတူ

    ပါမောက္ခဆိုတဲ့ရာထူးအတွက် သီးသန့်ထိုင်ခုံတစ်ခုထားပေးတာ၊ အစည်းအဝေးမှာ ဥက္ကဌတစ်ယောက် ခန့်အပ်တင်မြှောက်တာတွေကိုလည်း မွတ်စလင်တွေကပဲ အစပြုခဲ့တာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်အရင်က မွတ်စလင်တွေရဲ့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ကျောင်းသားတွေက ပါမောက္ခရဲ့ပတ်ပတ်လည်မှာ ၀ိုင်းထိုင်ပြီး ပညာဆည်းပူးလေ့လာလေ့ရှိကြကာ ဒါကို ဟာလာကက် အလ်-အီလ်မ် (Halaqat al-‘ilm) ဒါမှမဟုတ် ဟာလာကာ (halaqa) လို့ ခေါ်တွင်ခဲ့ပါတယ်။ အဲဒီလိုဆည်းပူးကြတဲ့အခါ ကျောင်းသားတွေ မြင်နိုင်အောင်၊ သင်ကြားပို့ချပေးတဲ့အသံကို ကျောင်းသားတွေ ကြားနိုင်အောင်လို့ ပါမောက္ခဟာ ခုံမြင့်မြင့်လေးပေါ်မှာ ထိုင်လေ့ရှိရာကနေ ပါမောက္ခထိုင်ခုံ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပါမောက္ခကိုတော့ တိုင်းပြည်ကိုအုပ်စိုးတဲ့ ခလီဖာသမ္မတ ဒါမှမဟုတ် ပညာရှင်များကော်မတီကနေ ရွေးချယ်ပြီး အဓိကဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ခန့်ထားလေ့ရှိကာ အဲဒီပါမောက္ခဟာ အသက်ထက်ဆုံးတိုင် ပညာသင်ကြားရေးလုပ်ငန်းကို လုပ်ဆောင်ကြပါတယ်။ ဒါ့ကြောင့် အလယ်ခေတ်မွတ်စလင်ကမ္ဘာမှာ သက်တမ်းရင့် ပါမောက္ခတွေ ပုံမှန်လိုလိုရှိပြီး အဘူ အလီ အလ်-ခါတာနီ (Abu Ali al-Kattani) လို့ခေါ်တဲ့ ပါမောက္ခကြီးဟာဆိုရင် အသက် ၈၀ ကျော် ကွယ်လွန်တဲ့အချိန်အထိ ကျောင်းသားတွေကို ပညာသင်ကြားပို့ချပေးခဲ့ကာ ပါမောက္ခရာထူးကို နှစ်ပေါင်း ၅၀ လောက် ရရှိခဲ့ပါတယ်။

    ဆန်ကိုရီတက္ကသိုလ် (University of Sankore)

    sankore

    ကမ္ဘာ့တောင်ဘက်အခြမ်းကို မွတ်စလင်တွေအုပ်စိုးခဲ့တဲ့အချိန် ပြောစမှတ်ပြုလောက်စရာ တက္ကသိုလ်တစ်ခုကတော့ မာလီနိုင်ငံ တင်ဘွက်တူမြို့ (Timbuktu) က ဆန်ကိုရီတက္ကသိုလ် ဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်ဟာ မာလီနိုင်ငံတွင်သာမကဘဲ အိမ်နီးချင်း ဂါနာ (Ghana) နဲ့ ဆွန်ဟေး (Songhay) တို့က လာရောက်ပညာသင်ကြားရတဲ့အထိ အသိပညာပိုင်းဆိုင်ရာမှာ အချက်အခြာနေရာ ဖြစ်ခဲ့ပါတယ်။

    ဒီတက္ကသိုလ်ဟာ တင်ဘွက်တူ တရားသူကြီးချုပ်ဖြစ်တဲ့ အလ်-ကွာဒီ အကွစ်ဘ် အစ်ဗနေ့ မဟ်မူးဒ် အစ်ဗနေ့ အူမာရ် (Al-Qadi Aqib ibn Mahmud ibn Umar) က သက္ကရာဇ် ၉၈၉ မှာ တည်ဆောက်ခဲ့တဲ့ ဆန်ကိုရီ ဗလီဝတ်ကျောင်းတော်ကနေတစ်ဆင့် ဖြစ်တည်လာတာ ဖြစ်ပါတယ်။ အစ်ဗနေ့ အူမာရ်ဟာ ပညာရေးမှာ နှံ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆန်ကိုရီဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းပိုင်းအပြင်ဆင်ဟာ မက္ကာမြို့က ကအ်ဗာဟ် (Ka’bah) ၀တ်ကျောင်းတော်ရဲ့ အနေအထားအတိုင်း အတိအကျ ဆောက်လုပ်ထားတာပါ။ မန်ဒီကာမျိုးနွယ် (Mandika) က ကြွယ်ဝတဲ့အမျိုးသမီးတစ်ဦးဟာ နောက်ပိုင်းမှာ ဆန်ကိုရီတက္ကသိုလ်ကို ငွေကြေးထောက်ပံ့ပေးခဲ့ပြီး၊ တက္ကသိုလ်ကလည်း ဒေသအတွင်းမှာ ပညာရေးဆိုင်ရာ အရေးပါတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တက္ကသိုလ်ကြီးဟာ အောင်မြင်ခဲ့ပြီး ၁၂ ရာစုမှာအရောက်မှာတော့ လူပေါင်း ၁ သိန်းလောက်ရှိတဲ့ တင်ဘွက်တူမြို့က ဆန်ကိုရီ တက္ကသိုလ်မှာ ကျောင်းသားပေါင်း ၂၅၀၀၀ အထိ ရှိခဲ့ပါတယ်။

    ဆန်ကိုရီတက္ကသိုလ်မှာ လွတ်လပ်တဲ့ကောလိပ်ပေါင်း အမြောက်အများရှိခဲ့ပြီး အဲဒီကောလိပ် တစ်ခုချင်းစီကို ပါမောက္ခတစ်ဦးချင်းစီက ကြီးကြပ်အုပ်ချုပ်ခဲ့ပါတယ်။ သင်ကြားပေးတဲ့ ဘာသာရပ်တွေထဲမှာလည်း ကုရ်အာန်ကျမ်းတော်မြတ်၊ အစ္စလာမ့်ရေးရာ၊ ဥပဒေပညာ၊ စာပေ၊ ဆေးပညာ၊ ခွဲစိတ်ပညာ၊ နက္ခတဗေဒ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနိကဗေဒ၊ ဘာသာစကား၊ ပထ၀ီ၊ သမိုင်းနဲ့ အနုပညာဘာသာရပ် စတာတွေ ပါဝင်ခဲ့ပါတယ်။

    ဒီပညာရပ်တွေတင်မကဘဲ ကုန်သွယ်မှုပညာ၊ စီးပွားရေးပညာနဲ့ လောကနီတိတွေလို ပညာရပ်မျိုးတွေကိုလည်း သင်ကြားပို့ချပေးပါသေးတယ်။ ကုန်သွယ်မှုပညာမှာတော့ လက်သမားအတတ်၊ လယ်ယာလုပ်ငန်းအတတ်၊ ငါဖမ်းနည်း၊ ဆောက်လုပ်ရေး၊ ဖိနပ်ထုတ်လုပ်ရေး၊ အပ်ချုပ်အတတ်ပညာနဲ့ ရေကြောင်းသွားလာရေး အတတ်ပညာ စသဖြင့် ဘာသာရပ်အမျိုးမျိုး ခွဲခြားထားပါတယ်။

    ဆန်ကိုရီတက္ကသိုလ်က အမြင့်ဆုံးဘွဲ့ဟာ ဒီနေ့ခေတ် ဒေါက်တာဘွဲ့ (Ph.D) နဲ့ တူညီပြီး ဒီဘွဲ့ရဖို့အတွက် ၁၀ နှစ်လောက် ပညာဆည်းပူးရပါတယ်။ ဒီဘွဲ့ကို ရရှိသွားပြီဆိုရင်တော့ အဲဒီအချိန်က ကမ္ဘာ့အဆင့် ပညာရှင်တစ်ယောက်အဖြစ် မှတ်တမ်းဝင်ပြီး သူတို့ရဲ့ ရေးသားမှုတွေနဲ့ သူတို့ရဲ့ ပညာပြည့်ဝမှုတွေကိုလည်း အသိအမှတ်ပြုခံရပါတော့တယ်။ ဆန်ကိုရီက ဒေါက်တာဘွဲ့အတွက် ရေးသားရတဲ့ စာတမ်းကို ရီစာလဟ် (Risaleh) လို့ခေါ်ပြီး၊ ဒေါက်တာဘွဲ့ရသူကို အာယာသွလ္လာဟ် (Ayatullah) လို့ ခေါ်တွင်ပါတယ်။ ဒီဘွဲ့ပေးအပ်မှုဟာ ကွမ် (အီရန်) နဲ့ နဂျက်ဖ် (အီရတ်) တို့မှာ ယခုအချိန်အထိ ဆက်လက်ရှိနေပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
    အပိုင်း (၇) – ဉာဏ်လှည့်စားကိရိယာများဖတ်ရန်

    အပိုင်း (၈) – အလင်းပညာရပ်နှင့် ကင်မရာ – ဖတ်ရန်

    အပိုင်း (၉) – ဖက်ရှင်နှင့် စတိုင်ဖတ်ရန်

    အပိုင်း (၁၀) – ကော်ဇောထုတ်လုပ်မှုဖတ်ရန်

    အပိုင်း (၁၁) – စာသင်ကျောင်းများ ဘယ်ကစ ဖတ်ရန်

  • ကော်ဇောထုတ်လုပ်မှု – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၀)

    ကော်ဇောထုတ်လုပ်မှု – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၀)

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media
    ရဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    carpet

    – အာရေဗျ၊ ပါရှားနဲ့ အန်နာတိုလီယာတို့က ဘဒူအင်လူမျိုးတွေဟာ အစ္စလာမ်သာသနာ မပေါ်ခင်ကတည်းက ကော်ဇောတွေကို တီထွင်ထုတ်လုပ်ခဲ့ကြတာပါ။ သူတို့ဟာ ပြင်းထန်လှတဲ့ သဲမုန်တိုင်းတွေကနေ အကာကွယ်ဖြစ်စေဖို့ ကော်ဇောတွေကို တဲဆောက်ရာမှာ အသုံးပြုကြသလို အိမ်အတွင်းမှာ သက်တောင့်သက်သာရှိစေတဲ့ အခင်းအဖြစ်လည်း အသုံးပြုကြပါတယ်။ အခန်းဖွဲ့ဖို့အတွက် ကော်ဇောတွေက အသုံးတော်ခံခဲ့ရပြီး၊ ခြုံစောင်အဖြစ်၊ အိတ်အဖြစ်၊ မြင်းကုန်းနှီးအဖြစ်လည်း အသုံးပြုခြင်း ခံခဲ့ရပါတယ်။

    မွတ်စလင်တွေအတွက်ကတော့ ကော်ဇောဟာ ကောင်းကင်ဘုံရဲ့ အစိတ်အပိုင်းအဖြစ် အလေးထားမှု၊ လိုလားတပ်မက်မှုတွေ ရှိနေပါတယ်။ ဒီလိုအလေးထားမှုအပါအ၀င် သာရေနယ်ခြင်း၊ အင်္ကျီရက်လုပ်ခြင်း နည်းပညာသစ်တွေနဲ့အတူ မွတ်စလင်တွေဟာ ကော်ဇောဒီဇိုင်းနဲ့ ဖန်တီးမှုနည်းလမ်းအသစ်တွေကို တီထွင်ဖော်ထုတ်နိုင်ခဲ့ပြီး သူတို့ရဲ့ ကော်ဇောတွေကလည်း အရောင်စုံ၊ အသွေးစုံ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ၁၁ ရာစုက အစ်ဗနေ့ ဘာဒစ် (Ibn Badis) လို့ခေါ်တဲ့ တူနီးရှားသိပ္ပံပညာရှင်တစ်ဦးဟာ မင်ရည်တွေ၊ ရောင်စုံဆိုးဆေးတွေနဲ့ အရောအနှောတွေကို အသုံးပြုပြီး ပုံနှိပ်နည်းပညာ မပေါ်သေးတဲ့ အဲဒီအချိန်မှာ တစ်ပုံစံတည်းတူတဲ့ ကော်ဇောဒီဇိုင်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ သူဟာ ဒီလို ပုံစံတူ ဒီဇိုင်းတွေကို ထပ်တလဲလဲ ထုတ်လုပ်နိုင်တဲ့ ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    မွတ်စလင်တွေထုတ်လုပ်တဲ့ ကော်ဇောတွေဟာ အရောင်အသွေးစုံလင်လှသလို အရည်အသွေး ပိုင်းကလည်း ထိပ်တန်းအဆင့်မှာ ရှိခဲ့ပါတယ်။ နောက်ပြီး ကြယ်၊ အဌဂံ၊ တြိဂံ၊ ဖဲပွင့်တွေကို ကြီးမားတဲ့ ပန်းပျောက်ပုံအ၀ိုင်းထဲမှာထည့်သွင်းဖန်တီးတဲ့ စိတ်ဝင်စားစရာ ဒီဇိုင်းတွေကြောင့်လည်း ထင်ရှားပါတယ်။ အဲဒီအ၀ိုင်းရဲ့ ဘေးပတ်ပတ်လည်မှာတော့ အာရပ်အနုပညာလက်ရာနဲ့ ပန်းပွင့်ပုံဏ္ဍာန်တွေကို အပြည့်ဖြည့်ထားပြီး သဟဇာတဖြစ်စွာ ထင်ဟပ် လှပနေပါတော့တယ်။

    ဥရောပမှာတော့ အဲဒီကော်ဇောတွေကို အလျင်အမြန်ပဲ အသုံးပြုခဲ့ကြပြီး ထင်ရှားတဲ့ အမှတ်အသားတစ်ခု ဖြစ်လာပါတယ်။ (၁၅၀၉ မှ ၁၅၄၇ အထိ အုပ်စိုးခဲ့တဲ့) အင်္ဂလန်ဘုရင် ဟင်နရီ ၈ (Henry VIII) ဟာ မွတ်စလင်တွေထုတ်လုပ်တဲ့ ကော်ဇော ၄၀၀ လောက်ကို မက်မက်မောမော သိမ်းဆည်းထားမှုအတွက် နာမည်ကျော်ပါတယ်။ ၁၅၃၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ပုံတူမှာ Ushak Star ဒီဇိုင်းနဲ့ တူရကီလုပ် ကော်ဇောပေါ် မတ်တပ်ရပ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဘုရင်ဟင်နရီရဲ့ ၀တ်ရုံတွေ၊ နန်းတော်မှာသုံးတဲ့ ခန်းဆီးလိုက်ကာတွေမှာလည်း မွတ်စလင်တွေရဲ့ ဒီဇိုင်းတွေကို တွေ့မြင်နိုင်ပါတယ်။

    ဒါပေမယ့် အင်္ဂလိပ်တွေဟာ မွတ်စလင်တွေထုတ်လုပ်တဲ့ ကော်ဇောတွေနဲ့ ပထမဆုံးထိတွေခဲ့တာက Abbey of Cluny (ခရစ်ယာန်ဘုန်းကြီး) မှာနေထိုင်တဲ့ အောင်နိုင်သူ ဘုရင်ဝီလီယံ (Willian) ၁၂ ရာစုမှာ အင်္ဂလိပ်ခရစ်ယာန်ဘုရားကျောင်းကို ကော်ဇောတစ်ခု လူဒါန်းခဲ့တဲ့အချိန် ဖြစ်ပါတယ်။ အဲဒီအချိန်နဲ့ တစ်ထပ်တည်းမှာပဲ မွတ်စလင်ပထ၀ီပညာရှင်တစ်ဦးနဲ့ ဒဿနပညာရှင်တစ်ဦးဖြစ်တဲ့ အလ်-အစ်ဒရီစီ (Al-Idrisi) ဟာ သိုးမွှေးကော်ဇောတွေကို ချင်ချီလာ (Chinchilla) နဲ့ မာရ်စီယာ (Murcia) တို့မှာ ထုတ်လုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးကို တင်ပို့ဖြန့်ချီခဲ့ပါတယ်။

    al Idrisi
    ၁၂ ရာစု မွတ်စလင် ပထ၀ီ၊ မြေပုံနှင့် စွပ်စုံရပညာရှင် မိုဟာမက် အလ်-အစ်ဒရီစီ။ ၎င်းမှာ အလွန်လှပသည့် ကော်ဇောများကို ထုတ်လုပ်ကာ ဥရောပသို့ တင်ပိုခဲ့သည်။

    အလယ်ခေတ်နှောင်းပိုင်းအချိန်က ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေဟာ ကော်ဇောတွေကို ဘယ်လိုအသုံးပြုလဲ၊ လူတွေက အဲဒါတွေကို ဘယ်လိုတန်ဖိုးထားလဲဆိုတာတွေကို ပြောပြနေပါတယ်။ ဥရောပရဲ့ ၁၄ ရာစုနဲ့ ၁၅ ရာစုအချိန် ခရစ်ယာန်ဘာသာရေးဆိုင်ရာ ပန်းချီကားတွေမှာလည်း ကော်ဇောအသုံးပြုမှုကို တွေ့မြင်ရပါတယ်။ ၁၇ ရာစုမှာတော့ အရောင်အသွေးမျိုးစုံ ချယ်သထားကြတဲ့ ကော်ဇောတွေကို စားပွဲခင်းအဖြစ် အသုံးပြုတာ၊ ကြမ်းခင်းအဖြစ်အသုံးပြုတာတွေကို တွေ့လာခဲ့ရပြီး ကြောင်အိမ်နဲ့ ပြတင်းပေါက်တွေမှာလည်း အသုံးပြုလာခဲ့ကြပါတယ်။

    ဘယ်လ်ဂျီယံ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဗန် အိုခ် (Van Eyck) က ၁၄၃၆ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Virgin and Child with St.Donatian, St.Gorge, and Canon Van der Paele ပန်းချီကားမှာ မယ်တော်မေရီဟာ ဂြီသြမေတြီပုံသဏ္ဍာန်တွေ – အထူးသဖြင့် စက်ဝိုင်း၊ မှန်ကူကွက်နဲ့ ပေါင်းစပ်ထားတဲ့ အ၀ိုင်းပုံသဏ္ဍာန်ဖဲပွင့်တွေ၊ ခြောက်ထောင့်ရှိတဲ့ ကြယ်ပုံစံ အပြောက်အမွှမ်းတွေနဲ့ – ချယ်သထားတဲ့ ကော်ဇောပေါ်မှာ ထိုင်နေတဲ့ ပုံစံကို ရေးဆွဲထားပါတယ်။

    မွတ်စလင်တွေထုတ်လုပ်တဲ့ ကောဇောတွေဟာ အဲဒီခေတ်အဲဒီအခါက အတော်အဖိုးတန်တဲ့ ပစ္စည်းတွေဖြစ်တယ်လို့ Vitoria and Albert ပြတိုက်က ထုတ်ဝေတဲ့ စာအုပ်ရဲ့ အခန်းတစ်ခုမှာ ၁၆ ရာစုက ပေါ်ထွက်ခဲ့တဲ့ “ဟက်လုတ်ရဲ့ ရေကြောင်းခရီးစဉ်များ” (Hakluyt’s Voyages) မှတ်တမ်းကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။ အဲဒီအခန်းဟာ ပါရှန်က ကော်ဇောထုတ်လုပ်သူတွေကို အင်္ဂလန်ကို ခေါ်ယူဖို့ အစီအစဉ်ကို ပြောဆိုထားတာဖြစ်ပါတယ်။ အပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲ။

    “ပါရှားမှာ ခင်ဗျားဟာ သိုးမွေးအမျှင်နဲ့ ရက်လုပ်ထားတဲ့ ကော်ဇောတွေကို တွေ့နိုင်တယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးကော်ဇောတွေဖြစ်ပြီး အရောင်အသွေးတွေကလည်း လက်ဖျားခါလောက်ပါတယ်။ ခင်ဗျားတို့သွားရမယ့် မြို့တွေ၊ ရွာတွေမှာ ခင်ဗျားတို့ဟာ အဲဒီသိုးမွှေးအမျှင် ဆေးဆိုးတဲ့နည်းလမ်းတွေကို သင်ယူရပါမယ်။ အဲဒီလိုဆေးဆိုးတဲ့နေရာမှာ သူတို့ဟာ ရေစိုတာ၊ ၀ိုင်စွန်းတာ၊ ရှာလကာရည် ပေတာမျိုး မဟုတ်ဘဲ တော်တော်လေး တောက်ပပါတယ်။ တကယ်လို့ ခင်ဗျားပြန်မလာခင် တူရကီ ကော်ဇောလုပ်နည်းမှာ ပေါက်ပေါက်မြောက်မြောက်ရှိတဲ့သူကို ခေါ်လာရမယ်။ အဲဒီ ကော်ဇောလုပ်နည်း အနုပညာကိုလည်း တိုင်းပြည်ကို ပြန်ယူလာရမယ်။ ခင်ဗျားကုမ္ပဏီအတွက်လည်း အလုပ်တွေ တိုးရမယ်”

    တူရကီတွေရဲ့ ကော်ဇောတွေကလွဲလို ပါရှန်တွေထုတ်လုပ်တဲ့ ကော်ဇောတွေရဲ့ ကျော်ကြားမှု၊ လူကြိုက်များမှုကို အခြား ဘယ်ကော်ဇောတွေကမှ မရခဲ့ပါဘူး။ အဲဒီ ပါရှန်ကော်ဇောထုတ်လုပ်မှု လုပ်ငန်းဟာ ဆာဖာဗစ်မင်းဆက်(Safavid) တွေ အုပ်ချုပ်တဲ့ကာလမှာ နိုင်ငံပိုင်ဖြစ်ခဲ့ပါတယ်။ ဘုရင် ရှားဟ် အဘတ်စ် ၁ (Shah Abbas I) (၁၅၈၇-၁၆၂၉) လက်ထက်မှာ ဥရောပနဲ့ ကော်ဇောကုန်သွယ်မှု ဖွံ့ဖြိုးလားခဲ့ပြီး ကော်ဇောတင်ပို့မှုနဲ့ ပိုးထည်ကုန်သွယ်မှုဟာ ပါရှားပြည်ရဲ့ အဓိက၀င်ငွေနဲ့ အဓိကကြွယ်ဝမှု ဖြစ်ခဲ့ပါတယ်။

    ပါရှားပြည်မှာ ကော်ဇောထုတ်လုပ်မှုဟာ ကြီးမားတဲ့လုပ်ငန်းကြီးတစ်ခု ဖြစ်ခဲ့ပြီး ဥရောပတစ်ဝှမ်းကနေ အမှာစာတွေလည်း ရခဲ့ပါတယ်။ တာဘရစ် (Tabriz)၊ ကက်စ်ဟန် (Kashan)၊ အစ္စဖာဟန် (Isfahan) နဲ့  ကာရ်မန် (Kerman) က အနုပညာရှင်တွေဟာ မျက်စိပသာဒရှိတဲ့၊ ညှို့ယူဖမ်းစားနိုင်တဲ့ ကော်ဇောဒီဇိုင်းတွေကို ထုတ်လုပ်ခဲ့ကြပါတယ်။

    ဒါပေမယ့် ၁၉ ရာစုအစောပိုင်းကာလမှာ ကော်ဇောလုပ်ငန်းဟာ စတင်ကျဆင်းလာခဲ့ပြီး အဲဒီလို ကျဆင်းမှုမှာ ပါရှားရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှုကို ပျက်သုဉ်းစေခဲ့တဲ့ သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေနဲ့ ပဋိပက္ခတွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပြီး၊ ဥရောပသားတွေက ၁၈ ရာစုလောက်မှာ ကော်ဇောတွေကို ကိုယ်တိုင်ထုတ်လုပ်ခဲ့တာကလည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။

    မွတ်စလင်ကော်ဇောတွေကို အတုခိုးပြီး ဥရောပမှာ ပထမဆုံး ထုတ်လုပ်တာကတော့ အင်္ဂလိပ် ဘုရင်တွေ လက်ထက်မှာဖြစ်ပါတယ်။ တော်ဝင်အနုပညာအသင်း (Royal Society of Arts) ဟာ တူရကီ ကော်ဇောတွေကို အခြေခံပြီး ငွေကြေးထုတ်ပေးမှုတွေ၊ ဆုတော်ငွေချီးမြှင့်တဲ့ ပုံစံတွေနဲ့ ကော်ဇောထုတ်လုပ်မှုလုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၁၇၅၇ နဲ့ ၁၇၅၉ ကြားမှာ တူရကီကော်ဇောကို အကောင်းဆုံးတုပနိုင်တဲ့ ဒီဇိုင်းကို စတာလင်ပေါင်း ၁၅၀ ဆုကြေးငွေ ချီးမြှင့်ခဲ့ပါတယ်။

    ဒီနေ့မှာတော့ အာလာဒင်ရဲ့ ‘ကော်ဇောပျံ’ ဟာ ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲမှာ ဆက်လက် ကျော်ကြားလျက် ရှိနေပြီး မြောက်အာဖရိကက ဘာရ်ဘာရ်ကော်ဇော (Berber) ဟာလည်း တစ်ကျော့ပြန် လူကြိုက်များလာခဲ့ပါတယ်။

    al idrisi 3
    စပိန်နိုင်ငံရှိ အလ်-အစ်ဒရီစီ အထိမ်းအမှတ် ရုပ်ထု

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
    အပိုင်း (၇) – ဉာဏ်လှည့်စားကိရိယာများဖတ်ရန်

    အပိုင်း (၈) – အလင်းပညာရပ်နှင့် ကင်မရာ – ဖတ်ရန်

    အပိုင်း (၉) – ဖက်ရှင်နှင့် စတိုင်ဖတ်ရန်

  • ဖက်ရှင်နှင့် စတိုင် – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၉)

    ဖက်ရှင်နှင့် စတိုင် – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၉)

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    fashion 2

    – ဖက်ရှင်ဆိုတာ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်တဲ့ အရာမျိုးတွေပါ။ ဒါပေမယ့် မျက်စိကျစရာ ဖက်ရှင်ကောင်းကောင်းတစ်ခုဟာ ဘယ်တော့မှ ပျောက်ကွယ်သွားတတ်တဲ့အရာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီနေ့ခေတ် ဥရောပက ဖက်ရှင်ဒီဇိုင်းနဲ့ အယူအဆတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ အရင် စပိန်နိုင်ငံက အစ္စလာမ်ကမ္ဘာရဲ့အစိတ်အပိုင်း ဖြစ်ခဲ့တဲ့အချိန် မွတ်စလင်တွေဆီက ရောက်ရှိလာခဲ့တဲ့ ဒီဇိုင်းနဲ့ အယူအဆတွေလို့ဆိုရင် အံ့သြကြမှာ မဟုတ်ဘူးထင်ပါတယ်။

    ၉ ရာစုက စပိန်နိုင်ငံ ကော်ဒိုဘာမှာ ထင်ရှားကျော်ကြားတဲ့ မွတ်စလင် ဂီတနဲ့ လောက၀တ်ပညာရှင် ဇီရ်ယဘ် (Ziryab) ဟာ ဖက်ရှင်နဲ့ ဒီဇိုင်း ပါရမီရှင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

    “သူ(ဇီရ်ယဘ်)ဟာ ဖက်ရှင်ပညာရပ်အားလုံးကို ဆောင်ကျဉ်းလာသူပါ။ အဲဒီခေတ်အခါက ဘဂ္ဂတ်ဒတ်မြို့ဟာ ဒီနေ့ခေတ် ပဲရစ်နဲ့ နယူးယောက်တို့လို ဖက်ရှင်မြို့တော်ကြီး ဖြစ်ပါတယ်။ ဘဂ္ဂဒတ်ကနေ ကော်ဒိုဘာအထိ စိတ်ကူးစိတ်သန်းမျိုးစုံကို တွေ့ရတယ်။ သူဟာ သွားတိုက်ဆေး၊ ရေမွှေးနဲ့ ဆံပင်အတိုစတိုင် စတာတွေကို ဆောင်ကျဉ်းလာခဲ့တာဖြစ်ပြီး ကော်ဒိုဘာမှာ ထွန်းကားခဲ့တဲ့ လမ်းမီးစန်၊ ရေဆိုးစွန့်ပစ်မှုစနစ်နဲ့ ရေပေးဝေမှု စနစ်တွေကလည်း သူ့ရဲ့ အားထုတ်မှုကြောင့် ဖြစ်ပါတယ်” လို့ BBC ရဲ့ An Islamic History of Europe (ဥရောပ၏ အစ္စလာမ့်သမိုင်းကြောင်း) ဆိုတဲ့အစီအစဉ်မှာ ဇီရ်ယဘ်နဲ့ပတ်သက်လို့ စာရေးဆရာ ဂျေဆန် ၀ဘ်စတာ (Jason Webster) က ပြောကြားခဲ့ပါတယ်။

    အီရတ်နိုင်ငံက ဘဂ္ဂဒတ်မြို့ဟာ တစ်ချိန်က အစ္စလာမ်ကမ္ဘာရဲ့ ယဉ်ကျေးမှုနဲ့ အသိပညာ အချက်အချာနေရာကြီး ဖြစ်ခဲ့ပြီး ဇီရ်ယဘ်ဟာ အဲဒီကနေတစ်ဆင့် စားပွဲတင်အသုံးအဆောင်၊ အင်္ကျီချုပ်လုပ်မှုအတတ်ပညာနဲ့ ဖက်ရှင် စတာတွေအပါအ၀င် စစ်တုရင်ကစားနည်းနဲ့ ပိုလိုကစားနည်းတွေကိုပါ ဥရောပကို သယ်ဆောင်လာပေးခဲ့တာ ဖြစ်ပါတယ်။ ဗဟုသုတနှံ့စပ်မှု၊ အာဝဇ္ဇန်းကောင်းမှုနဲ့ ကျော့မော့လှပမှုကြောင့်လည်း ဇီရ်ယဘ်က နာမည်ကျော်ပါတယ်။ သူ့ရဲ့ သန့်ရှင်းသပ်ရပ်ပြီး၊ ပူပန်စရာမရှိတဲ့ ဘ၀အခြေအနေနဲ့အတူ ဘုရင့်နန်းတော်ကို ဇီရ်ယဘ်တစ်ယောက် စိတ်ကြိုက်ဆင်ယင်ချယ်သပြီး၊ သာမန် ကော်ဒိုဘာ ပြည်သူလူထုကတော့ သူ့ရဲ့ ဆံပင်အတိုပုံစံကို အတုခိုးခဲ့ကြကာ စပိန်ကို သူသယ်ဆောင်လာတဲ့ သားရေအသုံးပြု ပရိဘောဂပစ္စည်းတွေကလည်း လူကြိုက်များခဲ့ပါတယ်။

    နှစ်ပေါင်း ၁၂၀၀ ကျော် ကြာတဲ့အခါ ပြင်သစ်သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ ဟင်နရီ တာရက်ဆီ (Henri Terrasse) က ဇီရ်ယဘ်နဲ့ပတ်သက်ပြီး ဒီလို ဖွင့်ဟခဲ့ပါတယ်။

    dBJ76RBFH9EL94W3NYVhP1TR
    ‘ဆူလ်တန် အဟ်မဒ် အလ်ဘမ်’ ဟု အမည်ရပြီး ကလန်ဒါပါရှာ (Kalandar Pasha) ရေးသားခဲ့သည့် ၁၇ ရာစု အစောပိုင်း ဖက်ရှင်စာအုပ်မှ ထိုခေတ်ထိုအခါ၏ ဖက်ရှင်ဒီဇိုင်များ

    “နွေရာသီဖက်ရှင်၊ ဆောင်းရာသီဖက်ရှင် စတဲ့ ရာသီအလိုက်ဖက်ရှင်တွေကို သူက စပြီး မိတ်ဆက်ပေးခဲ့တာပါ။ ဒီဖက်ရှင်တွေကို ဘယ်အချိန်တွေမှာ ၀တ်ဆင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူက အချိန်ကာလတွေကို သတ်မှတ်ပေးခဲ့ပါတယ်။ အရှေ့တိုင်းက အထက်တန်းစား ဖက်ရှင်တွေကိုလည်း ဇီရ်ယဘ်ကပဲ စပိန်မှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူလွှမ်းမိုးခဲ့တဲ့ ဖက်ရှင်လုပ်ငန်းမှာတော့ ရောင်စုံအစင်းကြောင်းပါတဲ့ ပိတ်စတွေ၊ ကုတ်အင်္ကျီတွေကို ထုတ်လုပ်နိုင်ခဲ့ပြီး အဲဒီဖက်ရှင်တွေကို မော်ရိုကိုနိုင်ငံမှာ ဒီနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။

    ဇီရ်ယဘ်ရဲ့အောင်မြင်မှုတွေဟာ နောက်ပိုင်းမျိုးဆက်တွေအထိ လေးစားအားကျမှုကို ခံခဲ့ရပြီး ဒီနေ့အချိန်အထိပဲ ဖြစ်ပါတယ်။ မွတ်စလင်ကမ္ဘာမှာ ဇီရ်ယဘ်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ လမ်း၊ ဟိုတယ်၊ ကလပ် ဒါမှမဟုတ် ကော်ဖီဆိုင် စသဖြင့် တစ်ခုခုမရှိတဲ့ တိုင်းပြည်ဆိုတာ မရှိပါဘူး။ အနောက်နိုင်ငံမှာလည်း စာပေပညာရှင်တွေနဲ့ ဂီတပညာရှင်တွေဟာ အခုအချိန်အထိ သူ့ကို ချီးကျူးဂုဏ်ပြုနေကြတုန်းပါပဲ။

    မွတ်စလင်တွေ အထူးသဖြင့် အန်ဒါလူစီယာ (စပိန်မှဒေသတစ်ခု) က မွတ်စလင်တွေဟာ ကာလဒေသကိုလိုက်ပြီး အင်မတန်ဆန်းပြားကာ ခေတ်ရှေ့ပြေးတဲ့ လူနေမှုပုံစံတွေကို ဖန်တီးဖော်ဆောင်ပေးသူတွေ ဖြစ်ပါတယ်။ ရာသီနဲ့လိုက်ဖက်တဲ့ အစားအသောက်၊ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို စားသုံး၊ ၀တ်ဆင် အသုံးပြုတာဟာ သက်တောင့်သက်တာဖြစ်မှုနဲ့ သာယာချမ်းမြေ့မှုတွေ ရရှိဖို့မှာ အရေးပါတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ အန်ဒါလူစီယာက မွတ်စလင်တွေဟာ ဆောင်းရာသီဝတ်စုံလို့ခေါ်တဲ့ ၀တ်စုံတွေကို အဓိကအားဖြင့် သိုးမွှေးတွေ၊ ချည်ထည်တွေနဲ့ ပြုလုပ်ပြီး အခြေခံအရောင်ကတော့ အနက်ရောင်ဖြစ်ပါတယ်။ နွေရာသီဝတ်စုံတွေကိုတော့ ပိုး၊ ဂုန်လျှော်တို့လို ပေါ့ပါးတဲ့အရာတွေနဲ့ ပြုလုပ်တာဖြစ်ကာ ဒေသထွက် ဆိုးဆေးတွေနဲ့ အဲဒီအ၀တ်အထည်တွေကို ချယ်သကြပါတယ်။

    ဖက်ရှင်ကဏ္ဍမှာတင်မကဘဲ အန်ဒါလူစီယာက မွတ်စလင်တွေဟာ ရောမတွေ စတင်ခဲ့ပြီး ၀က်သစ်ချပင်ကို အခြေခံတဲ့ လုပ်ငန်းတွေ တော်တော်များများကိုလည်း အမွေဆက်ခံခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ သားရေနဲ့လုပ်ကာ စွပ်ပြီးစီးရတဲ့ ဖိနပ်ထုတ်လုပ်မှုလည်း ပါဝင်ပါတယ်။ သူတို့ဟာ အဲဒီ ဖိနပ်ထုတ်လုပ်မှုနည်းလမ်းကို ပိုမိုတိုးတက်အောင်နဲ့ နည်းလမ်းအသစ်တွေ ရရှိအောင်လည်း ကြိုးပမ်းခဲ့ကြပါတယ်။ ဒါ့ကြောင့်ပဲ အန်ဒါလူစီယာက ထွက်ရှိတဲ့ သားရေဖိနပ်တွေဟာ အဲဒီခေတ်အခါက စပိန်နိုင်ငံတစ်ဝှမ်းမှာ တော်တော်လေး လူကြိုက်များခဲ့ကာ တိုင်းပြည်ရဲ့ အဓိကပို့ကုန်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီ သားရေဖိနပ် တစ်ရံတည်းကို ကွာ့က် (Qurq) လို့ခေါ်ပြီး ဖိနပ်အများအပြားကိုတော့ အက်ရက် (Aqraq) လို့ ခေါ်ပါတယ်။ ဒီအသုံးအနှုန်းက နောက်ပိုင်းမှာ ကက်စ်တီလီယံ (Castilian) ကို ရောက်သွားခဲ့ပြီး အလ်ကော်ကွီ (Alcorque) လို့ အမည်တွင်ခဲ့ပါတယ်။ ဖိနပ်ထုတ်လုပ်တဲ့သူကိုတော့ ကွာရက် (Qarraq) လို့ ခေါ်ပါတယ်။

    အဲဒီလို ဖိနပ်ထုတ်လုပ်မှု ကျွမ်းကျင်သူတွေထဲမှာ အဘ်ဒူလာ (Abdullah) လို့ခေါ်တဲ့ ကြိုးသိုင်းဖိနပ် ထုတ်လုပ်သူ ဆူဖီသူတော်စင်တစ်ပါး ရှိပြီး ဆီးဗီးလ် (Seville) မှာနေထိုင်တဲ့ သူ့ကို အစ်ဗနေ့ အာရာဘီ (Ibn Arabi) လို့ခေါ်တဲ့ မွတ်စလင်ပညာရှင်ကြီးက ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ ဒေသတွင်း အဓိကထွက်ကုန်တစ်ခုဖြစ်တဲ့ ဒီသားရေဖိနပ် ထုတ်လုပ်သူတွေ နေထိုင်တဲ့နေရာကို ကွာရာကွင် (Qarraqin) လို့ခေါ်ဆိုပြီး အဲဒီအမည်နဲ့ ဒေသကို ဂရာနာဒါ (Granada) မြို့မှာ ယခုတိုင် တွေ့မြင်နိုင်ကာ ကာရာကွင် (Caraquin) လို့ အမည်တွင်နေပါတယ်။

    အလယ်ခေတ် မွတ်စလင်စာရေးဆရာတွေဖြစ်တဲ့ အလ်-ဆာကွာတီ (Al-Saqati) နဲ့ အစ်ဗနေ့ အဘ်ဒန် (Ibn Abdun) တို့ကလည်း အဲဒီသားရေဖိနပ် ထုတ်လုပ်မှု အသေးစိတ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူတို့ရဲ့ ရေးသားမှုတွေထဲမှာ ဖိနပ်တွေ တာရှည်ခံစေမယ့် နည်းလမ်းတွေ၊ ပုံစံတွေ ပါဝင်ခဲ့ပါတယ်။ တစ်ချို့ ဖိနပ်ထုတ်လုပ်သူတွေဟာ ဖိနပ်ခုံမြင့်အောင်လို့ တီထွင်ဖန်တီးကြတာတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်း ခရစ်ယာန်တွေ အန်ဒါလူစီယာကို အောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်စလင် ဒီဇိုင်နာတွေ တီထွင်ခဲ့တဲ့ အဲဒီဖိနပ်တွေကို ပိုမိုဆန်းသစ်တဲ့ စတိုင်တွေ၊ နည်းလမ်းတွေနဲ့ ပြုပြင် မွမ်းမံခဲ့ကြပါတယ်။

    ဒါ့ကြောင့် သင်ဟာ နောက်တစ်ခါ ဖန်စီဒီဇိုင်းဆိုင်တွေကို သွားရောက်ပြီး နောက်ဆုံးပေါ် ဖက်ရှင်တွေအတွက်  ဈေးဝယ်ထွက်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ရှိခဲ့တဲ့ ဒေါက်မြင့်ဖိနပ်တွေကို သတိရပါ။ နွေရာသီ ဖက်ရှင်ပေါ့ပေါ့ပါးပါးလေး ၀တ်မယ်ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ အရင်က ပေါ်ထွက်ခဲ့တဲ့ ဖက်ရှင်ဂုရု ဇီရ်ယဘ်ကို သတိရပါ။ သူ့ကြောင့်ပဲ ဒီဖက်ရှင် အိုက်ဒီယာဆန်းဆန်းတွေဟာ စပိန်၊ စစ္စလီ၊ အရှေ့အလယ်ပိုင်းကနေ ဥရောပကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
    အပိုင်း (၇) – ဉာဏ်လှည့်စားကိရိယာများဖတ်ရန်

    အပိုင်း (၈) – အလင်းပညာရပ်နှင့် ကင်မရာ – ဖတ်ရန်

  • အလင်းပညာရပ်နှင့် ကင်မရာ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၈)

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆

    M-Media
    ရာဇာတင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    camera obstura
    အလ်-ဟာဆန် အစ်ဗနေ့ အလ်-ဟေသမ်၏ ကင်မရာရှေ့ပြေး camera obscura

    ကျွန်တော်တို့တွေဟာ အရာဝတ္ထုတွေကို ဘယ်လိုမြင်နေကြလဲဆိုတာ ကလေးဘ၀မှာ လူတိုင်း စဉ်းစားကြဖူးပါတယ်။ မျက်လုံးပိတ်လိုက်တဲ့အခါ သင်ဟာ ဘယ်သူ့ကိုမှ မမြင်နိုင်တော့သလို ဘယ်သူကမှလည်း သင့်ကို မမြင်နိုင်တော့ဘူးလို့လည်း ထင်ခဲ့ကြမှာပါ။ ရှေးဟောင်း ဂရိပညာရှင်တွေရဲ့ အလင်းနဲ့ပတ်သက်တဲ့ အယူအဆက သမရိုးကျထက်မပိုခဲ့ဘဲ၊ အလင်းအကြောင်း ပထမဆုံး နားလည်မှုမှာ အဓိက သီအိုရီနှစ်ခု ပါဝင်ခဲ့ပါတယ်။

    သီအိုရီတစ်ခုကတော့ ဒီနေ့ခေတ် လေဆာနည်းပညာလိုမျိုး ရောင်စဉ်တွေဟာ ကျွန်တော်တို့ မျက်လုံးထဲကထွက်သွားပြီး အရှေ့မှာရှိတဲ့အရာတွေက အဲဒီရောင်စဉ်တန်းတွေကို ပိတ်ဆို့လိုက်တယ်။ မျက်လုံးနဲ့ အရာဝတ္ထုကြားက ဒီအလင်းတန်းတွေရဲ့ လှုပ်ရှားမှုကြောင့် အရာဝတ္ထုတွေကို မြင်ရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

    ဒုတိယတစ်ခုက အရာဝတ္ထုကို ဖော်ပြတဲ့အရာတစ်ခုခုဟာ ကျွန်တော်တို့ရဲ့ မျက်လုံးထဲကို ၀င်ရောက်လာတဲ့အတွက် မြင်ရတယ်ဆိုတဲ့ အတွေးအခေါ်ပါပဲ။ အရစ္စတိုတယ် (Aristotle)၊ ဂါလင် (Galen)နဲ့ သူတို့ရဲ့နောက်လိုက်တွေက ဒီ ဒုတိယတစ်ခုကို ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီသီအိုရီ နှစ်ခုစလုံးဟာ စိတ်ကူးယဉ်သက်သက်သာဖြစ်ခဲ့ပြီး မှန်ကန်ကြောင်းဖော်ပြနိုင်မယ့် စမ်းသပ်မှုတွေ မရှိခဲ့ပါဘူး။

    ၉ ရာစုက စွယ်စုံရပညာရှင်ကြီးဖြစ်တဲ့ အလ်-ကင်ဒီ (Al-Kindi) ဟာ ဂရိတွေရဲ့ အလင်းနဲ့ပတ်သက်တဲ့ ဒီအယူအဆတွေကို မေးခွန်းထုတ်ခဲ့ပြီး ယနေ့ခေတ် အလင်းပညာရပ်ကို ပထမဆုံး မျိုးစေ့ချပေးခဲ့သူ ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ အရာဝတ္ထုတွေကို မြင်နေရတာဟာ ယူကလစ် (Euclid) ပြောခဲ့သလို ခြားနားတဲ့ ရောင်စဉ်တန်းတွေ ဖွဲ့စည်းဖြစ်တည်တာကြောင့် မဟုတ်ဘဲ၊ အလင်းတန်းတွေ အဆက်မပြတ် ဖြာဆင်းလာရာကနေ သုံးဖက်မြင်ထုထည်တစ်ခု ပေါ်ထွက်လာခြင်းကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    ၁၆ ရာစုက အီတလီ ရူပဗေဒနဲ့ သင်္ချာပညာရှင် ဂီရိုနီမို ကာဒါနို (Geronimo Cardano)က အလ်-ကင်ဒီဟာ အလင်းတန်းတွေ မျဉ်းဖြောင့်အတိုင်း ဖြာထွက်မှု၊ အကွာအဝေးက အမြင်အပေါ် သက်ရောက်မှုနဲ့ ပုံရိပ်ယောင်ဖြစ်ခြင်းအပါအ၀င် အလင်းပညာရပ်ရှုထောင့်  စသဖြင့် မြင်တွေ့မှုနဲ့ပတ်သက်ပြီး မှန်နဲ့ရော၊ မှန်မပါဘဲနဲ့ပါ ဆွေးနွေးတင်ပြနိုင်ခဲ့တာကြောင့် ‘သမိုင်းတစ်လျှောက် ဉာဏ်ကြီးရှင် ၁၂ ယောက်ထဲမှ တစ်ဦး’ ဖြစ်တယ်လို့ သမုတ်ခဲ့ပါတယ်။ အလ်-ကင်ဒီဟာ အလင်းဆိုင်ရာနဲ့ပတ်သက်လို့ ဂျီသြမေထရီ ရှုထောင့်၊ ဇီဝကမ္မဗေဒရှုထောင့်တို့ကနေ ရှင်းလင်းတင်ပြတဲ့ ကျမ်းကြီး ၂ စောင်ကို ပြုစုခဲ့ပြီး သူ့ခေတ်ကာလ နောက်ပိုင်း အလင်းပညာရပ်နဲ့ဆိုင်တဲ့ ပညာရှင်တွေရဲ့ လက်စွဲစာအုပ်တွေဖြစ်ခဲ့ကာ အဲဒီပညာရှင်တွေဟာ အလ်-ကင်ဒီရဲ့ တွေ့ရှိချက်တွေကို ထပ်တလဲလဲ ကိုးကားခဲ့ရပါတယ်။

    al haythem 2
    ၁၀ ရာစုမှ စွယ်စုံရ မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ အလ်-ဟေသမ်

    ဂရိတွေရဲ့ အလင်းဆိုင်ရာအယူအဆနဲ့ပတ်သက်ပြီး အလ်-ကင်ဒီရဲ့ မေးခွန်းထုတ်မှုကို ၁၀ ရာစု မွတ်စလင်ပညာရှင်ဖြစ်တဲ့ အလ်-ဟာဆန် အစ်ဗနေ့ အလ်-ဟေသမ် (Al-Hasan ibn Al-Haytham) က ရှင်းပြနိုင်ခဲ့ပြီး အရာဝတ္ထုတွေကို မြင်နေရခြင်းဟာ အလင်းတန်းတွေ ယိုင်ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀ ရာစုက ထင်ရှားတဲ့ သပ္ပံဆိုင်ရာ သမိုင်းပညာရှင် ဂျော့ဂ်ျ ဆာတန် (Geroge Sarton) ကတော့ အလင်းပညာရပ်မှာ ခုန်ပျံကျော်လွှားပြီး အရှေ့ကိုရောက်ရှိသွားတာဟာ ဒီနေ့ခေတ် ကျွန်တ်ာတို့သိထားတဲ့ အလင်းဆိုင်ရာ အယူအဆ အများအပြားကို သိပ္ပံနည်းကျ ရှင်းပြထားတဲ့ အစ်ဗနေ့ အလ်-ဟေသမ်ရဲ့ ဒီယူဆချက်ကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    တကယ်တော့ အစ်ဗနေ့ အလ်-ဟေသမ်မတိုင်ခင် ဘဂ္ဂဒတ်မြို့က ၁၀ ရာစု ရူပဗေဒပညာရှင် အစ်ဗနေ့ ဆာဟလ် (Ibn Sahl) က အလင်းယိုင်ခြင်းနဲ့ ပတ်သက်လို့ မှန်ဘီလူးတွေကိုသုံးပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အစ်ဗနေ့ အလ်-ဟေသမ်ဟာ အစ်ဗနေ့ ဆာဟလ်ရဲ့ ဒီစမ်းသပ်မှုကို သိခဲ့လားဆိုတာကိုတော့ တိတိကျကျ မသိရှိပါဘူး။ အလ်-ဟာဆန် အစ်ဗနေ့ အလ်-ဟေသမ်ကို များသောအားဖြင့် အစ်ဗနေ့ အလ်-ဟေသမ်လို့သာ သိရှိကြပြီး အနောက်တိုင်းမှာ အလ်-ဟာဇန် (Al-Hazen) လို့ ခေါ်ဝေါ်ကြပါတယ်။ သူဟာ လွန်ခဲ့နှစ်ပေါင်း ထောင်ချီအရင်တည်းက အသေးစိတ်တဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပြီး ကျွန်တော်တို့ အရာဝတ္ထုတွေကို မြင်တွေ့ရခြင်းဟာ နေကလာတဲ့အလင်းတန်းက အရာဝတ္ထုတွေပေါ်ရိုက်ခတ် အလင်းပြန်ပြီး မျက်လုံးထဲဝင်ရောက်လာလို့ ဖြစ်တယ်ဆိုတဲ့ အယူအဆကို သိပ္ပံနည်းကျ ရှင်းလင်းပြသနိုင်ခဲ့ပါတယ်။ အလ်-ဟေသမ်ဟာ ဂရိတွေရဲ့ အလင်းနဲ့သက်ဆိုင်တဲ့ အယူအဆတွေကို ပထမဆုံး ငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။

    အီရတ်နိုင်ငံ ဘာဆရာမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အလ်-ဟေသမ်ဟာ နိုင်းမြစ်က ရေကြီးမှုပြဿနာကို ဖြေရှင်းဖို့အတွက် အီဂျစ်ဘုရင်ရဲ့ ဖိတ်ခေါ်မှုကြောင့် အီဂျစ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ ယူကလစ်ရဲ့ စက်ပစ္စည်းဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းနဲ့ ဒဿနိကဗေဒပညာရှင်တွေ လက်စွဲအသုံးပြုကြတဲ့ တော်လမီ (Ptolemy) ရဲ့ ရူပဗေဒဆိုင်ရာ စည်းမျဉ်းတွေကို ပထမဆုံး ပေါင်းစပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ အလ်-ဟေသမ်က “အလင်းပညာရပ်ဟာ ရူပဗေဒဆိုင်ရာနဲ့ စက်ပိုင်းဆိုင်ရာ လေ့လာမှုကို ပေါင်းစည်းဖို့ တောင်းဆိုခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

    အလ်-ဟေသမ်ဟာ သင်္ချာပညာရှင်၊ နက္ခတဗေဒပညာရှင်၊ ရူပဗေဒနဲ့ ဓာတုဗေဒပညာရှင် စတဲ့ စွယ်စုံရပညာရှင်ကြီးဖြစ်ပါတယ်။ သူ့ရဲ့ Book of Optics (အလင်းဆိုင်ရာကျမ်း) မှာ သိပ္ပံနည်းကျ အလင်းပညာရပ်ကို အုတ်မြစ်ချပေးခဲ့ပါတယ်။ မဂ်နမ် အိုပက်စ် (Magnum Opus) လို့ သိကြတဲ့ ဒီစာအုပ်ထဲမှာ အလင်းသဘာဝ၊ အမြင်အာရုံ၏ ဇီဝကမ္မဖြစ်စဉ်နှင့် လုပ်ငန်းစဉ်၊ မျက်လုံးတည်ဆောက်ပုံ၊ အလင်းပြန်ခြင်း၊ အလင်းယိုင်ခြင်း စတာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

    အစ်ဗနေ့ အလ်-ဟေသမ်ဟာ မှန်ဘီးလူးအကြောင်းနဲ့ မှန်ပြား၊ မှန်လုံး၊ မှန်ခုံး၊ မှန်ခွက်၊ စလင်ဒါ စတဲ့ မှန်အမျိုးအမျိုးကိုသုံးပြီး လက်တွေ့စမ်းသပ်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး ဂျီသြမေတြီဆိုင်ရာ အလင်းယိုင်ခြင်းကိုဖြစ်စေကာ မျက်လုံးကို Dioptric စနစ်အဖြစ်လည်း သူက အသုံးပြု လေ့လာခဲ့ပါတယ်။ လေထုအတွင်း အလင်းယိုင်မှုဖြစ်စဉ်ကို အလ်-ဟေသမ်က အံ့သြစရာကောင်းလောက်အောင် လေ့လာနိုင်ခဲ့ပြီး လေထုရဲ့ အမြင့်ဟာ ၁၆ ကီလိုမီတာ (၁၀ မိုင်) ရှိမယ်လို့ တွက်ချက်ခဲ့ပါတယ်။ ဒီနေ့ခေတ် တိုင်းတာမှုအရ ကမ္ဘာ့လေထုရဲ့ အနိမ့်ဆုံးအလွှာဖြစ်တဲ့ ထရိုပိုစဖီးယား (Troposphere) ဟာ ၁၁ ကီလိုမီတာ (၇ မိုင်) ရှိပြီး ဘာခေတ်ပေါ်ကိရိယာမှ မရှိသေးတဲ့အချိန် အလ်-ဟေသမ်ရဲ့ တွက်ချက်မှုဟာ တက်ကယ့်အရှိတရားထက် အနည်းငယ်သာ ကွဲလွဲခဲ့ပါတယ်။

    သူ့ရဲ့သီအိုရီတွေကို မှန်မမှန် စစ်ဆေးဖို့အတွက်လည်း အစ်ဗနေ့ အလ်-ဟေသမ်က လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရူပဗေဒဟာ အတွေးအခေါ်သက်သက်သာရှိသေးတဲ့ သူ့ခေတ်အသူ့အခါမှာတော့ ဒီလိုစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ခြင်းဟာ တစ်မူထူးခြားတဲ့ ဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။ သီအိုရီတစ်ခုကို လက်ခံနိုင်ဖို့ဆိုရင် လက်တွေ့စမ်းသပ်မှုအထောက်အထား လိုအပ်တယ်ဆိုတဲ့ အယူအဆကိုလည်း အလ်-ဟေသမ်က ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့ Book of Optics (အလင်းဆိုင်ရာကျမ်း) မှာ အလ်-ဟေသမ်က တော်လမီရဲ့ အလ်မဂျက်စ် (Almagest) ကျမ်းကိုလည်း ဝေဖန်ထောက်ပြခဲ့ပါတယ်။ နှစ်ထောင်ချီ ကြာညောင်းတဲ့တိုင်အောင် အဲဒီ အလင်းဆိုင်ရာကျမ်းကြီးဟာ သုတေသနကျောင်းသားတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ပရော်ဖက်ဆာတွေရဲ့ ကိုးကားစရာ စာအုပ်ကြီးတစ်အုပ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ အချို့သောသမိုင်းပညာရှင်တွေက အလင်းပညာရပ်မှာ စနဲလ်နိယာမ (Snell Law) ဟာ တကယ်တော့ မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ဆာဟလ်ရဲ့ အားထုတ်မှုကနေ ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။

    ကင်မရာ

    book of optic
    အစ်ဗနေ့ အလ်-ဟေသမ်၏ Book of Optics အား လက်တင်ဘာသာသို့ ပြန်ဆိုထားသော စာအုပ်မှ အလင်းနှင့်ပတ်သက်သည့် ဖော်ပြချက်တစ်ခု

    သက္ကရာဇ် ၉၆၅ ခုနှစ်မှာ  အီရတ်နိုင်ငံ ဘာဆရာမြို့မှာ မွေးဖွေားခဲ့တဲ့ အလ်-ဟာဆန် အစ်ဗနေ့ အလ်-ဟေသမ်ဟာ ကင်မရာလို အလင်းနဲ့ဆိုင်တဲ့ ကိရိယာတွေကို အုတ်မြစ်ချပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ နိုင်းမြစ်ရေလျှံမှုကို ဖြေရှင်းဖို့ အီဂျစ်ဘုရင်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရပြီးနောက်ပိုင်း ရေကာတာဆောက်ကာ အစပိုင်းမှာ ပြဿနာပြေလည်ခဲ့ပေမယ့် နောက်ပိုင်းမှာ အခြေအနေက ပိုဆိုးလာခဲ့တာကြောင့် လေ့လာချိန် လုံလုံလောက်လောက်မရခဲ့တဲ့ ဟေသမ်တစ်ယောက် မင်းပြစ်မင်းဒဏ်သင့်ခံရမယ့် အခြေအနေကို ဆိုက်ရောက်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဟေသမ်ဟာ စိတ်မနှံ့ချင်ယောင်ဆောင်ခဲ့ပြီး ဘုရင်က သူ့ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။

    အဲဒီအချိန်ကာလအတွင်းမှာပဲ အလင်းနဲ့ပတ်သက်တဲ့ ခေတ်သစ်နိယာမနဲ့ ကင်မရာရဲ့ သဘောတရားကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့မှာ အပြင်ကအလင်းတန်းဟာ အပေါက်ငယ်လေးကနေတစ်ဆင့် မှောက်မိုက်တဲ့အခန်းထဲကို ၀င်ရောက်ပြီး အပြင်က ပုံရိပ်တွေကို နံရံမှာ ထင်ဟပ်ပေါ်လွင်နေတာကို အလ်-ဟေသမ်က တွေ့မြင်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် နေရာင်ခြည်က အရာဝတ္ထုကိုရိုက်ခတ်ပြီး ပြန်လာတဲ့အလင်းတန်းဟာ မျက်လုံးထဲကို ၀င်ရောက်လာလို့ မိမိတို့က မြင်နေရတာဆိုတဲ့ အယူအဆကို ဖော်ထုတ်နိုင်ခဲ့ပြီး မျက်လုံးကနေ ရောင်ခြည်လွှတ်တယ်ဆိုတဲ့ ဂရိတွေရဲ့ နိယာမအမှားကို ချေဖျက်နိုင်ခဲ့ပါတယ်။

    Camera obscura လို့ခေါ်တဲ့ အမှောင်ခန်းကို အသုံးပြုပြီး အလင်းတန်းတွေဟာ ဂျီသြမေတြီ ပုံသဏ္ဍာန်အတိုင်း ကျွန်တော်တို့ရဲ့ အမြင်အာရုံထဲကို ရောက်ရှိတယ်ဆိုတာကို လက်တွေ့ စမ်းသပ်ပြသနိုင်ခဲ့ပါတယ်။ ဟေသမ်ဟာ မှန်ဘီလူး၊ မှန်အမျိုးမျိုးနဲ့လည်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အလင်းဆိုင်ရာ၊ အမြင်ဆိုင်ရာနဲ့ပတ်သက်တဲ့ အယူအဆအသစ်တွေကို ၁၀၁၁ နဲ့ ၁၀၂၁ ကြားမှာ ရေးသားခဲ့တဲ Book of Optics (အလင်းဆိုင်ရာကျမ်းကြီး) မှာ အသေးစိတ် ဖော်ပြထားပါတယ်။

    အတွေးအခေါ်သက်သက်ဟာ မရေရာဘူးဆိုတာကို အလ်-ဟေသမ်က သိရှိတာကြောင့် သဘာဝရဲ့ လျှို့ဝှက်ချက် အမှန်တရားတွေကိုဖော်ထုတ်ဖို့ သိပ္ပံဆိုင်ရာ သက်သေပြမှုနည်းလမ်းတွေ၊ စမ်းသပ်မှုတွေနဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကိုလည်း ဟေသမ်က ဆောင်ရွက်ခဲ့ပါတယ်။

    သူ့အရင်အတုန်းကလူတွေ၊ သူ့နောက်ပိုင်းကလူတွေလိုပဲ လဟာ ကောင်းကင်နဲ့ နီးလာတဲ့အခါမှာ ဘာ့ကြောင့် ကြီးလာလဲလို့ အလ်-ဟေသမ်က စဉ်းစားတွေးခေါ်ခဲ့ပါတယ်။ သူ့အရင် ပညာရှင်တွေကတော့ ဒါဟာ လေထုရဲ့ သက်ရောက်မှုကြောင့်ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ အစ်ဗနေ့ အလ်-ဟေသမ်က ဒါဟာ အလင်းဆိုင်ရာ အမြင်မှောက်မှားမှုကြောင့်ဖြစ်တယ်လို့ ပထမဆုံးမှန်မှန်ကန်ကန် ရှင်းပြနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

    anatomy of eye 2
    အလ်-ဟေသမ်၏ အယူအဆကို အခြေခံကာ ၁၃ ရာစု မွတ်စလင်ပညာရှင် ကမာလ် အလ်-ဒင် အလ်-ဖာရီစီ၏ မျက်လုံးအား ခွဲခြမ်းစိတ်ဖြာမှု

    နောက်ပိုင်းမှာ ၁၂၆၀ ခုနှစ်လောက်မှာမွေးဖွားတဲ့ ပါရှန်သင်္ချာပညာရှင် ကမာလ် အလ်-ဒင် အလ်-ဖာရီစီ (Kamal al-Din al-Farisi) ဟာ အလ်-ဟေသမ်ရဲ့ အဲဒီတွေ့ရှိချက်တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ သက်တံ့ရောင်စဉ်ရဲ့ အရောင်အတွေအကြောင်းကို ရှင်းပြဖို့ ကြိုးပမ်းမှုအတွင်းမှာ အလ်-ဖာရီစီဟာာ ရေဖြည့်ထားတဲ့ ဖန်လုံးတစ်လုံးကို ရေတစ်စက်စက်ကျတဲ့ အရာတစ်ခုအဖြစ် အသုံးပြုပြီး နေရောင်ခြည်ဟာ ရေစက်ကို ဖြတ်သွားတဲ့အခါ သာမန်ထက် ၂ ဆ အလင်းယိုင်သွားတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

    သီအိုရီတွေကို သက်သေပြနိုင်ဖို့အတွက် အလ်-ဟေသမ်ရဲ့ရှာဖွေစမ်းသပ်မှုက သိပ္ပံဆိုင်ရာ လက်တွေ့ စမ်းသပ်မှုနဲ့ ကျိုးကြောင်းဆင်ခြင်တဲ့ နည်းလမ်းကို ဆောင်ရွက်ရမယ်ဆိုတဲ့အသိကို နောက်ပိုင်းပညာရှင်တွေဆီ ရိုက်သွင်းပေးခဲ့တာဖြစ်ပါတယ်။

    Book of Optics အပါအ၀င် အလ်-ဟေသမ်ရဲ့ စာအုပ်တွေကို လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပြီး သူ့ရဲ့သီအိုရီလွှမ်းမိုးတဲ့ ပညာရှင်တွေထဲမှာ ရော်ဂျာဘေကွန် (Roger Bacon)၊ လီယိုနာဒို ဒါဗင်ချီ (Leonardo Da Vinci) နဲ့ ဂျိုဟန်းနက်စ် ကက်ပလာ (Johannes Kepler) တို့ ပါဝင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ လွန်ခဲ့တဲ့နှစ်ထောင်ချီက အစ်ဗနေ့ အလ်-ဟေသမ်ရဲ့ အလင်းနဲ့ အမြင်ဆိုင်ရာ တိကျတဲ့ နားလည်မှုတွေ၊ အခြေခံအုတ်မြစ်တွေကို အရင်းတည်လို့ ခေတ်ပေါ်တီထွင်မှု အများအပြားကို ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
    အပိုင်း (၇) – ဉာဏ်လှည့်စားကိရိယာများ – ဖတ်ရန်