News @ M-Media

Tag: ThuraUAungKo

  • “နိုင်ငံသား နှင့် ဧည်နိုင်ငံသားကို ဘာသာ၊သာသနာနှင့် ခွဲခြားရင် အဓိပ္ပါယ် ရှိပါ့မလား ဝန်ကြီးမင်း”

    “နိုင်ငံသား နှင့် ဧည်နိုင်ငံသားကို ဘာသာ၊သာသနာနှင့် ခွဲခြားရင် အဓိပ္ပါယ် ရှိပါ့မလား ဝန်ကြီးမင်း”

    ဧပြီ ၆ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း ရေးသည်။

    133
    Cartoon Credit လဂွန်းအိန်

    ပြောင်းလဲချိန်တန်ပြီ (Time to change) ဟူသော တိုက်ပွဲခေါ်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့သော ပြည်သူ့ပါတီ NLD အောင်ပွဲခံခဲ့ရသည်မှာ အာဏရှင်စနစ်ကို မလိုလားသောလူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဆန္ဒမဲပေးခဲ့ကြသော နိုင်ငံသူ နိုင်ငံသားများကြောင့် ဖြစ်ပေသည်။ထို့ကြောင့်လည်း လူထုခေါင်းဆောင် အမေစု ဦးသျှောင်အစိုးရ အဖွဲ့အား ဂုဏ်ပြု၊ အလှူပွဲများကို မြို့လုံးကျွတ်၊ ရွာလုံးကျွတ်၊ လမ်းလုံးကျွတ် ကျင်းပခဲ့သည်မှာ ၁-၄-၂၀၁၆ ရက်နေ့က အစိုးရတစ်ရပ် အပြောင်းအလဲလုပ်တဲ့နေ့တွင် သမိုင်းဝင်ခဲ့ပါတယ်။

    အစိုးရဝန်ကြီးဌာနများတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် အရေးပါသော ဝန်ကြီးဌာနတစ်ခု ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု အစိုးရအဖွဲ့သည် ၂၀၁၀- ခုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု အမတ်လည်း ဖြစ်သူ၊ န.ဝ.တ၊ န.အ.ဖ စစ်အစိုးရ လက်ထက်တွင် သာသနာရေး ဒု-ဝန်ကြီး သူရဦးအောင်ကိုအား ယခု အစိုးရသစ်အဖွဲ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် တာဝန်ယူစေခဲ့ပါသည်။

    ၂-၄-၂၀၁၆ နေ့ V.O.A ညပိုင်းအစီအစဉ်မှ ထို ဝန်ကြီးမင်းနှင့် VOA သတင်းထောက် ခေါ်ခင်စိုးဝင်းတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်ခဲ့ပါတယ်။ ထိုတွေ့ဆုံမေးမြန်းခန်းတွင် ဝန်ကြီးရဲ့ ဖြေကြားချက်တွင် တိုင်းရင်းသား ဘာသာတွေဖြစ်တဲ့ ခရစ်ယာန်ဘာသာ နောက် ဧည့်သည်နိုင်ငံသားအများစု ကိုးကွယ်ခဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြားဘာသာငယ်တွေ အပေါ်မှာ ယခင် တပ်မတော်အစိုးရလက်ထပ်မှာ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး ဟု ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ အထောက်အထားမဲ့စွာ ရမ်းဆပြောဆို ခဲ့ခြင်းကြောင့် သမိုင်းဝင် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ စိတ်နှလုံး ထိခိုက်ကြေကွဲခဲ့ ရပါသည်။ ဒေါသအိုးပေါက်ကွဲ ခဲ့ရတော့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုသော အာဏာရ အစိုးရအပေါ် အချို့က နောက်ကျောမှ ဓားနှင့်ထိုးတဲ့ လုပ်ရပ်ဟု မြင်ကြသည်။ အချို့ကလည်း ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့ လုပ်ရပ်ဟု မြင်သူတွေလည်း ရှိကြသည်။

    လူသိများသော ဘာသာကြီး လေးခုဖြစ်တဲ့ ဗုဒ္ဒဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာ တို့သည် နိုင်ငံရပ်ခြားမှ ပြန့်နှံ့ရောက် ရှိလာသော သာသနာများသာ ဖြစ်ပါသည်။ မူလကတည်းက မြန်မာနိုင်ငံမှာ တည်ရှိခဲ့သော သာသနာဆိုလို့ နတ်ကိုးကွယ်မှု များသာ ဖြစ်ပါကြောင်း လေ့လာတွေ့ ရှိပါသည်။

    ဘာသာ သာသနာဟူသည် သက်ဆိုင်ရာယုံကြည်သူတိုင်းကို ဘဝတည်ဆောက်မှု နည်းလမ်းများကို သင်ကြားပြသပေးသည်။ နိုင်ငံတစ်ခု၏ နယ်နမိတ်၊ လူမျိုး အသားအရောင်၊ ဆင်းရဲချမ်းသာပေါ် မူတည်၍ အဆင့်အတန်း ခွဲခြားမှု မရှိပေ။ ယဉ်ကျေးသော ကမ္ဘာ့လူ့အဖွဲ့အစည်းက ဘာသာ သာသနာနှင့် ပတ်သတ်၍ အိမ်ရှင်သာသနာ၊ ဧည့်သည်သာသနာဟူ၍ ခွဲခြားခြင်း၊ လုံးဝမရှိချေ။

    သာသနာရေးဝန်ကြီး အထောက်အထားမဲ့ပြောဆိုခဲ့သော ဧည့်နိုင်ငံသားအများစု ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာဝင်သည် နယ်ချဲ့အင်္ဂလိပ် လက်ထက်နောက်ကျရောက်စဉ် ဆင်ကန်း တောတိုး မြေစမ်း ခရမ်းပျိုး ကြက်ကန်းဆန်အိုးတိုး ပုံစံမျိုး ဝင်ရောက်လာခဲ့ကြသူများဟု ဆိုလိုချင်ပုံ ပေါ်သည်။ တာဝန်မဲ့စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    နဝတ၊ နအဖ စစ်အစိုးရခေတ်၊ ၁၉၉၇ ခုနှစ်က ကာကွယ်ရေး ဝန်ကြီးဌာန၊ ဦးစီးအရာရှိ၊ ပထမတန်း၊ ဒုတိယဗိုလ်မှူးကြီးဝင်းမောင်၊ တာဝန်ခံ ထုတ်ဝေခဲ့တဲ့ သာသနာရောင်ဝါထွန်းစေဖို့ အမည်ရှိ စာအုပ်သည် စစ်အစိုးရခေါင်းဆောင်များ သဘောတူညီချက်ဖြင့် ထုတ်ဝေခဲ့သော သမိုင်းစာအုပ်လေး တစ်အုပ်ဖြစ်သည်။ ထိုစာအုပ် စာမျက်နှာ ၆၅ တွင် အစ္စလာမ် သာသာနာတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်၊ ၁၂၀၀ ကျော်ခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သက်သေထူထားသည်။

    ၁၉၇၃ ခု ဇူလိုင်လထုတ် တက္ကသိုလ်ပညာ၊ ပဒေသာစာစောင်အတွဲ ၃ တွင် ပုဂံကျောက်စာများအရ အစ္စလာမ်ဘာသာဝင် ပသီလူမျိုးများး တည်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ NLD နာယက သူရဦးတင်ဦးရဲ့ ဆရာဖြစ်သူ ကမ္ဘာသိ သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေးသားသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တို့အား ရှေးမြန်မာဘုရင်များက ချီးမြှင့်ခဲ့ပုံ စာအုပ်” တွင်လည်းကောင်း၊ သမိုင်းပါရဂူ ဆရာကြီးဒေါက်တာ သန်းထွန်း ရေးသားခဲ့သည့် ဘုရင့်အမိန့်တော် ပြန်တမ်းပါ လူမျိုး (၁၈) မျိုးတွင် အစ္စလာမ်ဘာသာဝင် ပသီလူမျိုးများ ပါဝင်ကြောင်း လေ့လာနိုင်ပါသည်။ မှန်နန်းရာဇဝင်၊ ကုန်းဘောင်ရာဇဝင်၊ ဦးကုလား ရာဇဝင်များတွင်လည်း ဖတ်ရူနိုင်ပါသည်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်များတွင် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များကို “မြန်မာမွတ်စလင် လူမျိုးများ” အနေဖြင့် တရားဝင်ပြဌာန်းထုတ်ပြန်ခဲ့သည်။ ထိုအချိန်က ဗမာ ဟူသော အသုံးအနှုန်းကို နိုင်ငံအတွက်သာ သုံးနှုန်းခဲ့ပါသည်။ လူမျိုးနေရာတွင် ဗမာ ဟူသော စကားလုံးကို မသုံးကြောင်း သတိထားလေ့လာမိသည်။ ၂၃-၂-၁၉၇၃ ရက်စွဲပါ နိုင်ငံပိုင်သတင်းစာများတွင် တိုင်းရင်းသား ၁၄၃ မျိုးအနက် မြန်မာမွတ်စလင် လူမျိုးအဖြစ် တရားဝင် ဖော်ပြခဲ့ပါသည်။

    နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကိုးကွယ်တဲ့ ဘာသာ၊ သာသနာကို အကြောင်းပြု၍ သတ်မှတ်၍ မရနိုင်ပါ။ ပြည်သူ့အာဏာကို မတရားသိမ်းယူထားသော အစိုးရတစ်ရပ်ကလည်း မသတ်မှတ်နိုင်ပါ။ ပြည်သူလူထုက တရားဝင်ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲပြဌာန်းထားသော ဥပဒေဖြင့်သာ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းတို့ကို ခွဲခြားသတ်မှတ်နိုင်ပါသည်။ သို့သော် သာသနာရေးဝန်ကြီးသည် လိုရာဆွဲကာ ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်တို့အား တိုင်းရင်းသားဟူ၍လည်းကောင်း၊ အစ္စလာမ်ဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်တို့အား ဧည့်နိုင်ငံသားများဟု လက်လွတ်စပယ် ပြောဆိုခဲ့ခြင်းသည် ကမ္ဘာ့အလယ် နိုင်ငံ့ပုံရိပ်၊ အစိုးရ တစ်ရပ်၏ ပုံရိပ်ကို ကျဆင်းစေပါသည်။

    လူ့ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ၂၀၁၂ ခု၊ ဇူလိုင်လ (၃၁)ရက်၊  ရခိုင်ပြည်နယ်အရေး အထူးသတင်းစာ ရှင်းလင်းပွဲတွင် “မြန်မာနိုင်ငံတွင် ၁၈၂၄ ခု မတိုင်ခင်၊ နိုင်ငံခြားသားများ မရှိကြောင်း” ပြောကြားခဲ့ပါတယ်။ ထိုပြောကြားချက်အရ ၁၈၂၄ ခုနှစ် မတိုင်မီကတည်းက မြန်မာနိုင်ငံတွင်းရောက်ရှိနေထိုင်သူများဟာ နိုင်ငံခြားသားများ လုံးဝမဟုတ်ကြောင်း နိုင်ငံသား၊ တိုင်းရင်းသားများသာ ဖြစ်ကြကြောင်း မီးမှောင်းထိုးပြ သက်သေခံလိုက်ခြင်းပင် ဖြစ်သည်။ ငြင်းချက်ထုတ်စရာ မလိုသော သမိုင်းဝင် သက်သေအထောက်အထားတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ပေါ်လွင်သည်။

    ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံခြင်းသည် ထိလွယ်ရှလွယ် ပေါက်ကွဲလွယ်သော Nuclear Bomb တစ်ခုနှင့် အလားသဏ္ဍန်တူသည်။ အချိန်မရွေး ပေါက်ကွဲပျက်ဆီးသွားနိုင်သည်။ ဒါကြောင့်လည်း မြန်မာ့သမိုင်းတွင် အသက်အငယ်ဆုံး မျိုးချစ်စိတ်ဓာတ် အပြင်းပြဆုံး လွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းက “ငါတို့သာ နိုင်ငံတော်ကိုချစ်တယ် ဆိုတဲ့ စိတ်ဓာတ်မထားကြနဲ့။ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ဒီပြင် နိုင်ငံတွေမှာပဲဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံကို ချစ်ကြတာ မဟုတ်ဘူး” ဟု ရဲဘော်များအား မိန့်ကြားခဲ့ပါသည်။ ထို့အပြင် “ကျွန်တော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရား လက်ထက် ကတည်းက မွတ်စလင်တွေ ရှိခဲ့ကြတယ်။ ဘုရင်ဂျီ ဘာသာဝင်တွေရှိတယ်။ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ ရှိတယ်။ အချို့က ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေရှိတယ်။ သူတို့အားလုံးဟာ နိုင်ငံသားတွေပဲ။ တိုင်းပြည်ကို ကျွန်းတွင်းက လွတ်မြောက်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းပဲ ပါခဲ့ကြတာ မဟုတ်ဘူး။ သူတို့တတွေလည်း ပါခဲ့ကြတယ်” ဟု ပြောဆိုချက်သည် အမြော်အမြင်ရှိသည့် ပညာ၊ ဗဟုသုတ ပြည့်ဝသည့် ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ ပြည့်ဝတဲ့ အရည်အချင်းကို ဖော်ပြနိုင်ခဲ့သည်။ တာဝန်သိမှု၊ တာဝန်ယူမှု၊ အပြည့်အဝ ရှိကြောင်း သက်သေထူသွားနိုင်ခဲ့သည်။

    မည်သို့ပင်ဆိုစေ “မမှားသောရှေ့နေ မသေသောဆေးသမား” ဟူ၍လောက်တွင် မရှိပြီ။ အစိုးရသစ်သာသနာရေးဝန်ကြီး၏ VOA နှင့်တွေ့ဆုံမေးမြန်းခန်းပါ အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ သမိုင်းဝင်နိုင်ငံသားများကို ဧည့်နိုင်ငံသားများဟု ပြောဆိုခွဲခြားလိုက်ခြင်းသည် လူထုမဲဖြင့် အစိုးရဖြစ်လာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒ သဘောထားဖြစ်မယ်လို့ မထင်ပါ။ ခေတ်အဆက်ဆက် မတူကွဲပြားဘာသာဝင်တွေအား ခွဲခြားဆက်ဆံလေ့ရှိသော စစ်အစိုးရများကြား သမိုင်းလိမ်များအကြား ရှင်သန်ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ မှားယွင်းစွာ ပြောဆိုမိခဲ့ကြောင်းလည်း ဖြစ်နိုင်ပါသည်။ အမှားကို ဝန်ခံခြင်းသည် ခေါင်းဆောင်ကောင်းတို့၏ လုပ်ရပ်ဖြစ်သည်။ စေတနာအမှားကို လူထုက ခွင့်လွှတ်ကြသည်မှာ သမိုင်းစာမျက်နှာများက သက်သေတည်း။ ပျက်အစဉ်၊ ပြင်ခဏ ပေတည်း။

    ဂျက်ဖရီတင်အုန်း (R.I.T စက်မှုတက္ကသိုလ်)

  • ဝန်ကြီး သူရဦးအောင်ကို၏ ဧည့်နိုင်ငံသား အသုံးနှုန်း ရုပ်သိမ်းပေးရန် UNC ပါတီ မှ သမ္မတထံစာပို့

    ဝန်ကြီး သူရဦးအောင်ကို၏ ဧည့်နိုင်ငံသား အသုံးနှုန်း ရုပ်သိမ်းပေးရန် UNC ပါတီ မှ သမ္မတထံစာပို့

    ဧပြီ ၃၊ ၂၀၁၆
    M-Media
    မိုးစက်
    .
    ရန်ကုန်။ ။ ဧပြီလ ၂ ရက်နေ့ညပိုင်း VOA ရုပ်သံဌာနတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက “ဧည့်နိုင်ငံသား အများစု ကိုးကွယ်သော အစ္စလာမ်ဘာသာ” ဟုသုံးစွဲခဲ့ခြင်းအပေါ် ရုပ်သိမ်းဖြေရှင်းပေးရန်အတွက် အမျိုးသားညီညွတ်ရေးကွန်ဂရက်ဌာနချုပ် သမ္မတဦးထင်ကျော်ထံသို့ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။
    .
    အဆိုပါ “ဧည့်နိုင်ငံသား အများစု ကိုးကွယ်သော အစ္စလာမ်ဘာသာ” ဟုဝန်ကြီးမှ သုံးနှုန်းခြင်းသည် ဝန်ကြီးတစ်ပါးအနေနှင့် ပေါ့တန်စွာ သုံးနှုန်းသွားခြင်းဖြစ်ပြီး စာရင်းဇယားအထောက်အထားမရှိဘဲ ရမ်းဆပြောခြင်း (သို့မဟုတ်) အမှုအမှတ်မဲ့ပြောဆိုဟန်ဖြင့် ဖျက်ရခက်ခဲစေရန် တမင်ပြောကြားသကဲ့သို့ ဖြစ်သောကြောင့် ခံစားရကြောင်း သမ္မတထံပေးပို့သောစာတွင် ရေးသားထားပါတယ်။
    .
    အမျိုးသားညီညွတ်ရေးကွန်ဂရက်ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးထွန်းဝင်းက “NLD အစိုးရ အာဏာရပြီး သုံးရက်မြောက်အကြာမှာ ဒီလိုစကားမျိုးကြားရတော့ ကျွန်တော်တို့တွေ အရမ်းခံစားရပါတယ်။ သမ္မတကြီးကို သူ့လူကို သူထိန်းစေချင်တဲ့ အတွက်ကြောင့် သမ္မတထံကို အခုလို တင်ပြခြင်းဖြစ်ပါတယ်” လို့ M-Media ကိုရှင်းလင်းပြောကြားပါတယ်။
    .
    စစ်အစိုးရမတိုင်ခင်မှာရော ခုစစ်အစိုးရပြီးတော့ရော မြန်မာမွတ်စလင်တွေက ဘေးဖယ်ခံနေရပြီး NLD ရဲ့ ဆောင်ပုဒ် အတိုင်း ပြောင်းလဲချိန်တန်ပီဆိုတဲ့စကားဟာ တကယ်ကို လက်တွေ့လုပ်ဆောင်ရန် လိုသေးကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။
    .
    ထို့ကြောင့် ဝန်ကြီးသူရဦးအောင်ကို ပြောကြားခဲ့သည့် အဆိုပါစကားသည် NLD ၏မူဝါဒဟု မယုံကြည် လက်မခံနိုင်သည့် အလျောက် သမ္မတကြီးအနေဖြင့် သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့၏ သဘောထား မဟုတ်ကြောင်းကို ရှင်းလင်းပေးရန်အတွက် သမ္မတသစ် ဦးထင်ကျော်ထံကို ဧပြီလ ၃ ရက်နေ့မှာ တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။
    .
    VOA နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျုးတွင် ယခင် အစိုးရများ အုပ်ချူပ်စဉ် ကာလ အချိန်တွင် မြန်မာနိုင်ငံအတွင်း အခြားဘာသာဝင်များကို ဖိနှိပ်ခြင်း ခွဲခြားဆက်ဆံမှုများနှင့် ပတ်သတ်ပြီး မေးမြန်းရာတွင် သူရဦးအောင်ကိုမှ “ဧည့်နိုင်ငံသား အများစုကိုးကွယ်သော အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြားဘာသာဝင်တွေအပေါ်မှာတော့ ထူးပြီးတော့ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” လို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါတယ်။

    UNC 1

    UNC 2

  • မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအား ထိခိုက်စေသည့် သူရဦးအောင်ကို၏ မှတ်ချက်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကန့်ကွက်စာထုတ်ပြန်

    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအား ထိခိုက်စေသည့် သူရဦးအောင်ကို၏ မှတ်ချက်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကန့်ကွက်စာထုတ်ပြန်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    3

    – VOA နှင့် အင်တာဗျူးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအား ထိခိုက်နစ်နာစေသည့်၊ စော်ကားသည့် မှတ်ချက်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သာသနာရေးဝန်ကြီးဌာနသို့ ကန့်ကွက်စာနှင့် သမိုင်းအထောက်အထားများ ပေးပို့ခဲ့သည်ဟု သိရသည်။

    ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါအင်တာဗျူးတွင် စစ်အာဏာရှင်လက်ထက်နှင့် စစ်တပ်ကျောထောက်နောက်ခံပြု သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင်များကို ဖိနှိပ်ခြင်း၊ ခွဲခြားခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ၀န်ကြီး သူရဦးအောင်ကိုက “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထိုသို့ဖြေကြားမှုမှာ မြန်မာနိုင်ငံတွင်း ရှေးပဝေသဏီကတည်းက နေထိုင်ခဲ့ကြကာ တိုင်းပြည်အတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်ခဲ့သည့် အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းအား ထိခိုက်နစ်နာစေသောကြောင့် အစ္စလာမ်ဘာသာဝင်များနှင့် လူမျိုးဘာသာမခွဲခြားသည့် ပြည်သူများက သူရဦးအောင်ကိုအား ဝေဖန်ရှုတ်ချခဲ့ကြသည်။

    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသည့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လိပ်မူ၍ ဧပြီ ၃ ရက်နေ့ (ယနေ့) ရက်စွဲဖြင့် ကန့်ကွက်စာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ကန့်ကွက်စာတွင် ကမ္ဘာ့ဘာသာကြီးများဖြစ်သော၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့မှာ လွန်လေခဲ့သော နှစ်ပရိစ္ဆေဒရှည်ကြာစွာကပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း၊ ယနေ့အချိန်အခါမှာ နိုင်ငံအတွင်းရှိ လူမျိုးစုံ၊ ဘာသာစုံပြည်သူများမှာ မိမိတို့ဆန္ဒပြု မဲပေးခဲ့သည့် အစိုးရ ပေါ်ပေါက်လာသည့်အတွက် များစွာ နှစ်ထောင်းအားရ ၀မ်းမြောက်နေကြသည့် အချိန်အခါသမယဖြစ်ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် ၀န်ကြီးသူရဦးအောင်ကို၏ ထိုမှတ်ချက်အတွက် ‘မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ထု တစ်ရပ်လုံးက အလွန်အမင်း စိတ်ထိခိုက်ရပါသည်’ ဟု ဖော်ပြကာ ထိုမှတ်ချက်အား အလေးအနက် ကန့်ကွက်ခဲ့သည်။

    “မြန်မာနိုင်ငံ တိုင်းရင်းသား၊ နိုင်ငံသားများတွင် အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်ကိုးကွယ်သူများ ရှိနေပါလျက် ချန်လှပ်၍ အစ္စလာမ်ဘာသာဝင်များအားလုံးကို ဧည့်နိုင်ငံသားများသဖွယ် ပြောကြားခဲ့ခြင်းကို ဤ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက (လုံးဝ) သဘောမတူကြောင်း အလေးအနက် ကန့်ကွက်တင်ပြအပ်ပါသည်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ထိုကန့်ကွက်စာတွင် ထပ်လောင်း ဖော်ပြခဲ့သည်။

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၏ ထိုအငြင်းပွားဖွယ်မှတ်ချက်မှာ နိုင်ငံသားပြည်သူများအကြား နားလည်မှုလွဲမှားကာ ၀ိဝါဒ ကွဲပြားစေနိုင်သဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမှန်အတိုင်း ပြန်လည်ရှင်းလင်းဖော်ပြပေးရန်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ထည့်သွင်းတောင်းဆိုခဲ့သည်။

    ထိုကန့်ကွက်စာနှင့်အတူ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ခိုင်မာသော သမိုင်းမှတ်တမ်းများ၊ စာအုပ်စာတမ်းများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တစ်ပါတည်း ပေးပို့ခဲ့သည်။

  • သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထပ်မံဖြည့်စွက်

    သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထပ်မံဖြည့်စွက်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    U Aung Ko

    – မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အား သာသနာရေးဝန်ကြီးဌာနက ၎င်းတို့၏ ၀ဘ်ဆိုက်မှနေ၍ ပြန်လည် ဖြည့်စွက်ပြင်ဆင်ခဲ့သည်ဟု သိရသည်။

    ဧပြီလ ၁ ရက်နေ့ က ယဉ်ကျေးမှုဝန်ကြီးဌာနရုံး၌ ပြုလုပ်ခဲ့သည့် VOA သတင်းဌာနနှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်မဟုတ်သူများ စစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖိနှိပ်ခံရမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၀န်ကြီး သူရဦးအောင်ကိုက “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြားဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

    ထိုသို့ဖြေကြားမှုများမှာ လူနည်းစုဖြစ်ပြီး မြန်မာနိုင်ငံတွင် သမိုင်းအခိုင်အမာရှိနေသည့် အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များအား စော်ကားပြောဆိုသည့်သဘော သက်ရောက်နေသောကြောင့် ပြည်သူများက အင်တာနက်စာမျက်နှာများတွင် သူရဦးအောင်ကိုအား ဝေဖန်ရှုတ်ချမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၀ဘ်ဆိုက်၌ ပို့စ်တစ်ခု လွှင့်တင်ခဲ့ပြီး ထိုပို့စ်တွင် သူရဦးအောင်ကို၏ “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟုသော ပြောကြားချက်အစား

    “နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ထပ်မံဖြည့်စွက်ကြောင်း ဖော်ပြခဲ့သည်။

    သို့သော်လည်း နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းတစ်ခုကို ထိခိုက်နစ်နာစေသည့် ထိုအငြင်းပွားဖွယ်မှတ်ချက်ကို ပြောဆိုခဲ့မှုအတွက် ၀န်ကြီး သူရဦးအောင်ကိုက မည်ကဲ့သို့ တာဝန်ယူမည်ဆိုသည်ကို သိရှိရခြင်းမရှိသေးပေ။

     

    Ref: သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀ဘ်ဆိုက်

  • နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြော

    နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြော

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    ppt

    – ဧပြီလ ၂ ရက်နေ့က VOA နဲ့အင်တာဗျူးမှာ သမိုင်းအခိုင်အမာရှိနေတဲ့ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို ဧည့်နိုင်ငံသားတွေအဖြစ် သတ်မှတ်ပြောဆိုသွားတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မင်္ဂလာတောင်ညွှန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုစားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိန်းရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အောင်မြင်ပြီးမြောက်မှု ရှိ၊ မရှိ လာရောက်ကြည့်ရှုစဉ်မှာ ဒေါ်ဖြူဖြူသင်းက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မိမိမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဘာသာဝင်အသီးသီးရဲ့ အခြေအနေ အခက်အခဲတွေကို စာနာ လက်ခံ နားလည်ပေးနိုင်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

    နောက်ပြီး သူရဦးအောင်ကိုရဲ့ အငြင်းပွားဖွယ်မှတ်ချက်အတွက် တင်ပြဆွေးနွေးသွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်းလည်း ဒေါ်ဖြူဖြူသင်းက ရှင်းပြသွားတယ်လို့ ဦးရဲနောင်သိန်းရဲ့ Facebook စာမျက်မှာဖော်ပြထားပါတယ်။