ဧပြီ ၃၊ ၂၀၁၆
M-Media
မိုးစက်
.
ရန်ကုန်။ ။ ဧပြီလ ၂ ရက်နေ့ညပိုင်း VOA ရုပ်သံဌာနတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက “ဧည့်နိုင်ငံသား အများစု ကိုးကွယ်သော အစ္စလာမ်ဘာသာ” ဟုသုံးစွဲခဲ့ခြင်းအပေါ် ရုပ်သိမ်းဖြေရှင်းပေးရန်အတွက် အမျိုးသားညီညွတ်ရေးကွန်ဂရက်ဌာနချုပ် သမ္မတဦးထင်ကျော်ထံသို့ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။
.
အဆိုပါ “ဧည့်နိုင်ငံသား အများစု ကိုးကွယ်သော အစ္စလာမ်ဘာသာ” ဟုဝန်ကြီးမှ သုံးနှုန်းခြင်းသည် ဝန်ကြီးတစ်ပါးအနေနှင့် ပေါ့တန်စွာ သုံးနှုန်းသွားခြင်းဖြစ်ပြီး စာရင်းဇယားအထောက်အထားမရှိဘဲ ရမ်းဆပြောခြင်း (သို့မဟုတ်) အမှုအမှတ်မဲ့ပြောဆိုဟန်ဖြင့် ဖျက်ရခက်ခဲစေရန် တမင်ပြောကြားသကဲ့သို့ ဖြစ်သောကြောင့် ခံစားရကြောင်း သမ္မတထံပေးပို့သောစာတွင် ရေးသားထားပါတယ်။
.
အမျိုးသားညီညွတ်ရေးကွန်ဂရက်ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးထွန်းဝင်းက “NLD အစိုးရ အာဏာရပြီး သုံးရက်မြောက်အကြာမှာ ဒီလိုစကားမျိုးကြားရတော့ ကျွန်တော်တို့တွေ အရမ်းခံစားရပါတယ်။ သမ္မတကြီးကို သူ့လူကို သူထိန်းစေချင်တဲ့ အတွက်ကြောင့် သမ္မတထံကို အခုလို တင်ပြခြင်းဖြစ်ပါတယ်” လို့ M-Media ကိုရှင်းလင်းပြောကြားပါတယ်။
.
စစ်အစိုးရမတိုင်ခင်မှာရော ခုစစ်အစိုးရပြီးတော့ရော မြန်မာမွတ်စလင်တွေက ဘေးဖယ်ခံနေရပြီး NLD ရဲ့ ဆောင်ပုဒ် အတိုင်း ပြောင်းလဲချိန်တန်ပီဆိုတဲ့စကားဟာ တကယ်ကို လက်တွေ့လုပ်ဆောင်ရန် လိုသေးကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။
.
ထို့ကြောင့် ဝန်ကြီးသူရဦးအောင်ကို ပြောကြားခဲ့သည့် အဆိုပါစကားသည် NLD ၏မူဝါဒဟု မယုံကြည် လက်မခံနိုင်သည့် အလျောက် သမ္မတကြီးအနေဖြင့် သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့၏ သဘောထား မဟုတ်ကြောင်းကို ရှင်းလင်းပေးရန်အတွက် သမ္မတသစ် ဦးထင်ကျော်ထံကို ဧပြီလ ၃ ရက်နေ့မှာ တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။
.
VOA နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျုးတွင် ယခင် အစိုးရများ အုပ်ချူပ်စဉ် ကာလ အချိန်တွင် မြန်မာနိုင်ငံအတွင်း အခြားဘာသာဝင်များကို ဖိနှိပ်ခြင်း ခွဲခြားဆက်ဆံမှုများနှင့် ပတ်သတ်ပြီး မေးမြန်းရာတွင် သူရဦးအောင်ကိုမှ “ဧည့်နိုင်ငံသား အများစုကိုးကွယ်သော အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြားဘာသာဝင်တွေအပေါ်မှာတော့ ထူးပြီးတော့ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” လို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဝန်ကြီး သူရဦးအောင်ကို၏ ဧည့်နိုင်ငံသား အသုံးနှုန်း ရုပ်သိမ်းပေးရန် UNC ပါတီ မှ သမ္မတထံစာပို့

Leave a Reply
You must be logged in to post a comment.