News @ M-Media

Tag: turkey

  • ပက်ထရီယော့ ဒုံးခွင်းစနစ်ကို အမေရိကန်က တူရကီကို ရောင်းမည်

    ပက်ထရီယော့ ဒုံးခွင်းစနစ်ကို အမေရိကန်က တူရကီကို ရောင်းမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၈
    M-Media


    – ရုရှားထံကနေ ဒုံးခွင်းစနစ် ၀ယ်ယူဖို့ စီစဉ်နေတဲ့ တူရကီနဲ့ ဆက်ဆံရေး တင်းမာနေပေမယ့် ကန်ဒေါ်လာ ၃.၅ ဘီလီယံဖိုးရှိတဲ့ ပက်ထရီယော့ဒုံးခွင်းစနစ်ကို တူရကီထံ ရောင်းချဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။

    ဒုံးကျည် အစင်း ၈၀၊ PAC-3 ဒုံးခွင်းဒုံး ၆၀နဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်မယ့် အဲဒီ ပက်ထရီယော့စနစ်ဟာ တူရကီရဲ့ ကာကွယ်ရေးစွမ်းအားကို ပိုမိုကောင်းမွန်စေမှာဖြစ်ပြီး နေတိုးမဟာမိတ်အဖွဲ့ကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ အမေရိကန်အစိုးရက မနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပက်ထရီယော့ ဒုံးကျည်စနစ်မှာ အလွန်အာကောင်းတဲ့ ရေဒါနဲ့ အဆင့်မြင့် ဒုံးခွင်းစနစ်ကို အသုံးပြုထားပြီး အစ္စရေး၊ ဆော်ဒီ၊ ဂျာမနီ၊ ထိုင်ဝမ်တို့အပါအ၀င် ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံလောက်က ၀ယ်ယူထားပါတယ်။

    တူရကီဟာ ရုရှားရဲ့ နောက်ဆုံးပေါ် S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူမယ်လို့ ပြီးခဲ့တဲ့နှစ်က ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်အပါအ၀င် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဝေဖန်ခဲ့ကြပါတယ်။

    အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက တူရကီဟာ ဒီအစီအစဉ်ကို ရှေ့ဆက်တိုးမယ်ဆိုရင် အမေရိကန်ထံကနေ F-35 တိုက်လေယာဉ် ၀ယ်ယူဖို့ကိစ္စ ပျက်ပြယ်မှာဖြစ်ပြီး၊ အခြား ကာကွယ်ရေးပစ္စည်းတွေ ၀ယ်ယူမှုမှာ ပိတ်ဆို့ခံရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    တူရကီနဲ့ အမေရိကန်တို့ဟာ ဆီးရီးယားက ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ ကိစ္စမှာလည်း တင်းမာမှုတွေ ရှိနေပါတယ်။ အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ကို တူရကီက စစ်သွေးကြွအုပ်စုလို့ သတ်မှတ်ထားပြီး ဆီးရီးယားနိုင်ငံထဲ ၀င်ရောက်ကာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စလာမ်သာသနာက အမျိုးသမီးများကို မခွဲခြားဟု အာဒိုဂန်ပြော

    အစ္စလာမ်သာသနာက အမျိုးသမီးများကို မခွဲခြားဟု အာဒိုဂန်ပြော

    နိုဝင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – အစ္စလာမ်သာသနာဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံဖို့ မသွန်သင်ဘူးလို့ အစ္စတန်ဘူလ်မှာပြုလုပ်တဲ့ ‘၃ ကြိမ်မြောက် အမျိုးသမီးနဲ့ တရားရေးညီလာခံ’ မှာ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    “အစ္စလာမ်ဟာ လူသားကို ကျား၊ မ၊ အသားအရောင်တွေကို အခြေခံပြီးမကြည့်ဘဲ လူသားလို့ပဲ ရှုမြင်ပါတယ်။ အမျိုးသမီးတွေကို ကျွန်တော်တို့ ခွဲခြားဆက်ဆံလို့ မရပါဘူး”

    မိသားစုကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေမှာ အမျိုးသမီးတွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ အာဒိုဂန်က ဆိုပြီး အမျိုးသား၊ အမျိုးသမီးတွေ ပူးပေါင်းအားထုတ်ပြီး တူရကီ ယဉ်ကျေးမှုနဲ့ တူရကီက အစ္စလာမ်သာသနာကို ပုံဖော်တာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “အမျိုးသမီးတွေက စီးပွားရေးမလုပ်ရဘူး၊ အမျိုးသားတွေ အိမ်အလုပ်မလုပ်ရဘူးဆိုတဲ့ သဘောထားက ကမ္ဘာဦးကတည်းက ရှိခဲ့တာပါ”

    အနောက်တိုင်းဟာ အမျိုးသမီးတွေကို အမှောင်ခေတ်ကလို ကုန်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနေတယ်လို့လည်း အာဒိုဂန်က စွပ်စွဲခဲ့ပါတယ်။

    “အတိတ်တုန်းက အမျိုးသမီးတွေကို ကုန်ပစ္စည်းတစ်ခုသဖွယ် အသုံးပြုခဲ့ကြပြီး အခုခေတ်မှာလည်း တန်းတူညီမျှရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီလို အသုံးပြုနေကြတုန်းပါ။ မထူးဆန်းပါဘူး”

    တူရကီလွှတ်တော်မှာ အမျိုးသမီးအမတ် ၁၇.၅ ရာခိုင်နှုန်း (၁၀၄ ဦး) ရှိတာကို အာဒိုဂန်က ထောက်ပြခဲ့ပြီး စံချိန်တင်ပမာဏ ဖြစ်ပေမယ့် မလုံလောက်သေးဘူးလို့ ဆိုပါတယ်။

    သူတို့ပါတီ AK အာဏာရတဲ့ ၂၀၀၂ ခုနှစ်ကတည်းက တူရကီနိုင်ငံ လုပ်သားအင်အားမှာ အမျိုးသမီးအရေအတွက် ပိုမို မြင့်တက်လာတယ်လို့လည်း အာဒိုဂန်က ပြောပါတယ်။

    “တူရကီတက္ကသိုလ်တွေမှာ ပညာရှင်တွေရဲ့ ၄၄ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။ တူရကီသံတမန်တွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကလည်း အမျိုးသမီးတွေပါပဲ”

    Ref: AA

  • ဆော်ဒီဂျာနယ်လစ် အသတ်ခံရသည့် မှတ်တမ်းတိပ်ခွေကို တူရကီက နိုင်ငံ ၅ နိုင်ငံကို ဖြန့်ဝေထား

    ဆော်ဒီဂျာနယ်လစ် အသတ်ခံရသည့် မှတ်တမ်းတိပ်ခွေကို တူရကီက နိုင်ငံ ၅ နိုင်ငံကို ဖြန့်ဝေထား

    နိုဝင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    – အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှုကို ဖမ်းယူထားတဲ့ တိပ်ခွေတွေကို ဆော်ဒီ၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့ကို ပေးထားတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    ကာရှိုဂျီပျောက်သွားပြီး ရက်အနည်းငယ်အတွင်းမှာပဲ တူရကီအာဏာပိုင်တွေက ဂျာနယ်လစ်ဟာ ကောင်စစ်ဝန်ရုံးထဲမှာ သတ်ဖြတ် ခံလိုက်ရပြီး သူတို့မှာ အသံနဲ့ ဗီဒီယိုအထောက်အထားတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဆော်ဒီက ပထမပိုင်းမှာ ငြင်းဆိုပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ၀န်ထမ်းတွေနဲ့ ထိုးကြကြိတ်ကြရင်း ကာရှိုဂျီတစ်ယောက် သေဆုံးသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ပထမကမ္ဘာစစ် နှစ် ၁၀၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ ပြင်သစ်ကိုမသွားခင် အာဒိုဂန်က ကာရှုဂျီကို ပျောက်သွားနေ့မတိုင်ခင် တစ်ရက်က တူရကီကိုရောက်လာတဲ့ ဆော်ဒီနိုင်ငံသား ၁၅ ဦးထဲကတစ်ဦးဟာ ကာရှိုဂျီကိုသတ်ခဲ့တယ်ဆိုတာ ဆော်ဒီအစိုးရက သိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ မှတ်တမ်းအခွေတွေပေးလိုက်တယ်။ ဆော်ဒီ၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကို အားလုံးပေးလိုက်တာပါ။  အပြစ်အပျက်တွေအားလုံးကို သူတို့ နားထောင်ခဲ့ပြီး အားလုံးလည်း သိထားပါတယ်”

    ကာရှိုဂျီကို သတ်ပြီးတဲ့နောက် အပိုင်းပိုင်းတစ်ကာ ကောင်စစ်ဝန်ရုံးကနေ ခရီးဆောင်အိတ် ၅ လုံးနဲ့ သယ်ထုတ်သွားပြီး ကောင်စစ်ဝန်အိမ်မှာ အက်စစ်နဲ့ဖျော်ကာ ဖျောက်ဖျက်ခဲ့တယ်လို့ တူရကီ စုံစမ်းစစ်ဆေးရေးမှုတွေက ထုတ်ပြန်ထားပါတယ်။ အစ္စဘူလ်က ကောင်စစ်ဝန်ရုံးအိမ်နဲ့ ပတ်ဝန်းကျင်မှာ အက်စစ်နဲ့ ဓာတုပစ္စည်း အကြွင်းအကျန်တွေကိုလည်း တူရကီအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီဂျာနယ်လစ် ကာရှုဂျီ၏အလောင်းကို အပိုင်းပိုင်းတစ်ကာ အိတ် ၅ လုံးဖြင့် သယ်ထုတ်

    ဆော်ဒီဂျာနယ်လစ် ကာရှုဂျီ၏အလောင်းကို အပိုင်းပိုင်းတစ်ကာ အိတ် ၅ လုံးဖြင့် သယ်ထုတ်

    နိုဝင်ဘာ ၄၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား၏ အကြံပေး မဟာရ် မူထရဘ်ကို အောက်တိုဘာ ၂ ရက်နေ့က တူရကီလေဆိပ်တွင် တွေ့ရစဉ်

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံလိုက်ရတဲ့ ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီကို သတ်ဖြတ်ပြီး အပိုင်းပိုင်းတစ်ကာ ခရီးဆောင်အိတ် ၅ လုံးနဲ့ထည့်ပြီး သယ်ဆောင်သွားတယ်လို့ တူရကီအစိုးရဖက်ယိမ်းတဲ့ Sabah သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အမည်မဖော်လိုတဲ့ တူရကီတာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြတာဖြစ်ပါတယ်။

    အောက်တိုဘာ ၂ ရက်နေ့က ဂျမားလ် ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲဝင်သွားပြီးတဲ့နောက် လည်ပင်းညှစ်အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဆော်ဒီက ထုတ်ပြန်ထားပါတယ်။ ဆော်ဒီဟာ ကာရှိုဂျီပျောက်ဆုံးမှုကို ပထမပိုင်းမှာ ငြင်းဆိုခဲ့ပြီး နိုင်ငံတကာရဲ့ဖိအားကြောင့် နောက်ပိုင်းမှာ အသတ်ခံလိုက်ရတယ်လို့ ၀န်ခံခဲ့ပါတယ်။

    Sabah သတင်းစာက ကာရှိုဂျီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခရီးဆောင်အိတ် ၅ လုံးနဲ့ထည့်ကာ ကောင်စစ်ဝန်ရဲ့ နေအိမ်ကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

    တူရကီက ကာရှိုဂျီကို သတ်ဖြတ်တဲ့အဖွဲ့မှာ လူ ၁၅ ဦး ပါဝင်ပြီး မဟာရ် မူထရဘ်၊ ဆာလာဟ် တူဘီဂျီနဲ့ သာရ် အလ်-ဟာဘီတို့က အဓိက ဦဆောင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ မဟာရ် မူထရဘ်ဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အကြံပေး ဖြစ်ပါတယ်။

    သမ္မတ အာဒိုဂန်က ကာရှိုဂျီကို သတ်ဖြတ်မှုမှာ ဆော်ဒီအစိုးရရဲ့ ထိပ်ပိုင်းအာဏာပိုင်တွေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက်ဒီအချက်အလက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၉၊ ၂၀၁၈
    M-Media

    ပျက်ကျသွားသည့် အင်ဒိုလေယာဉ်၏ လမ်းကြောင်း

    အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်တစ်စင်း ဂျာဗားပင်လယ်ထဲပျက်ကျ
    ==============
    မြို့တော်ဂျကာတာကနေ ဆူမားတြားကျွန်းကို ဒီနေ့မနက်ပိုင်းက ပျံသန်းသွားတဲ့ အင်ဒိုနီးရှား ပြည်တွင်းလေကြောင်း Lion Air က ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပင်လယ်ထဲမှာ ပျက်ကျသွားတယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ Boeing 737 MAX 8 အမျိုးအစား လေယာဉ်ဟာ ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။ လိုက်ပါသွားသူဦးရေ၊ သေဆုံးသူ၊ ပျောက်ဆုံးသူဦးရေတို့ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သြဂုတ်လအတွင်းကလည်း နိုင်ငံအရှေ့ပိုင်း တောတောင်ထူထပ်တဲ့ဒေသမှာ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ၈ ဦးသေဆုံးကာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ပါတယ်။

    ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အသင်းပိုင်ရှင် သေဆုံးသွားကြောင်း လက်စတာ အတည်ပြု
    ===============
    စနေနေ့က ကွင်းရဲ့ ကားပါကင်မှာ ရဟတ်ယာဉ် ပျက်ကျပေါက်ကွဲမှုအတွင်း လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးသွားခဲ့ပြီး အသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်းလည်း ပါဝင်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းက မနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ ဗီချိုင်းဟာ လက်စတာကို ပထမတန်းမှာ ကစားနေတဲ့အချိန် ၂၀၁၀ ခုနှစ်က ပေါင် ၃၉ သန်းနဲ့  ၀ယ်ယူခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ လက်စတာအသင်းက အသက် ၆၀ အရွယ် ဗီချိုင်း ကွယ်လွန်တာကို အတည်ပြုခဲ့ပေမယ့် ကျန်တဲ့ သေဆုံးသူ ၄ ဦးဟာ ဘယ်သူဘယ်ဝါ ဖြစ်လဲဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး။ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ ဗီချိုင်းရဲ့ ရဟတ်ယာဉ်ဖြစ်ပြီး သူ့သမီးဖြစ်သူလည်း လိုက်ပါသွားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    သီရိလင်္ကာတွင် နိုင်ငံရေး မငြိမ်သက်မှုကြောင့် လူ ၁ ဦးသေဆုံး
    ====================
    သောကြာနေ့မှာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ သီရိလင်္ကာ ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီမီဆင်ဟီအစိုးရက ရေနံဝန်ကြီးရဲ့ သက်တော်စောင့်ဟာ မနေ့က မြို့တော်ကိုလံဘိုမှာရှိတဲ့ ဆန္ဒပြလူအုပ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတ ဆရီဆီနာက စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ သူ့ကို လုပ်ကြံဖို့ ကြိုးစားမှုတွေကြောင့် ရာနီးလ်ကို ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ဆိုပေမယ့် အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ရာနီးလ်ဟာ ရာထူးကနေဆင်းပေးဖို့ ငြင်းဆိုထားပြီး မနေ့က သူ့လက်အောက်မှာရှိတဲ့ ရေနံဝန်ကြီးဟာ ၀န်ကြီးဌာန ရုံးခန်းကို ၀င်ရောက်ဖို့ ကြိုးစားစဉ်အတွင်း ဆရီဆီနာကို ထောက်ခံတဲ့ လူအုပ်ရဲ့တားဆီးမှုကို ကြုံတွေ့ခဲ့ရပြီး ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ကာရှိုဂျီအသတ်ခံရမှု အထောက်အထားများအားလုံးကို တူရကီက ဆော်ဒီကို ပြမည်
    =================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှု ကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ တူရကီ တာဝန်ရှိသူတွေဟာ နိုင်ငံမှာ ရောက်ရှိနေတဲ့ ဆော်ဒီ ရှေ့နေချုပ်ထံ သူတို့ရဲ့ တွေ့ရှိချက်တွေ ပြသသွားမှာဖြစ်ပြီး ကောင်စစ်ဝန်ရဲ့နေအိမ်ကိုလည်း နှစ်နိုင်ငံပူးပေါင်းကာ ထပ်မံရှာဖွေသွားဖို့ ရှိနေပါတယ်။ ကောင်စစ်ဝန်ရဲ့အိမ်ကို အခုလအလယ်ပိုင်းက ၀င်ရောက် ရှာဖွေခဲ့ပေမယ့် အခန်း ၃ ခန်း၊ ပန်းခြံထဲက ပေ ၆၀ နက်တဲ့ ရေတွင်းတွေကို ဆော်ဒီဝန်ထမ်းတွေက ရှာခွင့် မပြုခဲ့ပါဘူး။ တူရကီရဲ့ စုံစမ်းဆေးမှုမှာ ဆော်ဒီဟာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေတဲ့အချိန် ဆော်ဒီ ရှေ့နေချုပ် တူရကီကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

    Ref: Aljazeera