News @ M-Media

Tag: turkey

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၃၊ ၂၀၁၈
    M-Media

    ဂါဇာမှ ဆန္ဒပြမှုမြင်ကွင်း

    ကွန်ဂိုတွင် အီဘိုလာကြောင့် လူထုစိုးရိမ်မှု မြင့်တက်
    ===============
    ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ အီဘိုလာရောဂါကြောင့် ၁၂၅ ဦး သေဆုံးခဲ့ပြီးတဲ့နောက် ပြည်သူလူထုရဲ့ စိုးရိမ်စိတ်တွေ မြင့်တက်လာမှုကို ထိန်းသိမ်းရတာ ခက်ခဲလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ကွန်ဂိုမှာ သြဂုတ်လ ၁ ရက်နေ့ကတည်းက အီဘိုလာ သံသယရှိသူ ၂၀၀ လောက်ကို စမ်းသပ်ရာမှာ ၁၆၅ ဦးက ရောဂါဖြစ်နေပြီး ၃၅ ဦးက ရောဂါမရှိတာကို တွေ့ရပါတယ်။ WHO ကတော့ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာက စိုးရိမ်စိတ်တွေကို ပိုစေပြီး ရောဂါပိုး လုံးဝကင်းရှင်းသွားဖို့အတွက် နောက်ထပ် ၃၊ ၄ လလောက် ဆောင်ရွက်ရအုံးမယ်လို့လည်း ဆိုပါတယ်။

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၆ ဦး ထပ်မံသေဆုံး
    ==================
    အစ္စရေးကပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က ပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် ဆယ်ကျော်သက် ၂ ဦး အပါအ၀င် ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ပြီး ၂၅၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်က ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေရပ်ပြန်ခွင့်ရရေး ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကနေစလို့ အပတ်စဉ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်က ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်ခဲ့ပြီး ၁၈၃ ဦး သေဆုံးကာ ၁၈၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    တူရကီတွင် ဖမ်းခံထားရသည့် အမေရိကန်သင်းအုပ်ဆရာ လွတ်မြောက်
    =================
    လွန်ခဲ့တဲ့ ၂ နှစ်က အကြမ်းဖက်မှုပုဒ်မတွေနဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တဲ့ အမေရိကန် ခရစ်ယာန်သင်းအုပ်ဆရာ အန်ဒရူး ဘရူဆန်ကို တူရကီတရားရုံးက မနေ့မှာ လွှတ်ပေးခဲ့ပြီး သူ့အပေါ် ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ်တွေ၊ ခရီးသွားလာခွင့်တွေကိုလည်း ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဘရူဆန်ဟာ မနေ့က ဂျာမနီကနေ အမေရိကန်စစ်တပ်က လေယာဉ်နဲ့ မေရီလန်းကို ပြန်သွားခဲ့ပါတယ်။ ဘရူဆန်ကို ဖမ်းဆီးထောင်ချမှုဟာ အမေရိကန်နဲ့ တူရကီအကြား ဆက်ဆံရေးကို ဆိုးရွားစေခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုလည်း ခံခဲ့ရတာကြောင့် တူရကီလီရာငွေကြေးဟာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တူရကီရဲ့ အခုလို လွှတ်ပေးမှုကို ၀မ်းသာကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • နာမည်ကြီးဂျာနယ်လစ်ကို ဆော်ဒီအစိုးရက ကြေစားငှားပြီး တူရကီတွင် သတ်ခိုင်းခဲ့ဟု New York Times ဖော်ပြ

    နာမည်ကြီးဂျာနယ်လစ်ကို ဆော်ဒီအစိုးရက ကြေစားငှားပြီး တူရကီတွင် သတ်ခိုင်းခဲ့ဟု New York Times ဖော်ပြ

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို မ၀င်မီ စီစီတီဗီမှ တွေ့ရသည့် ကာရှိုဂျီ

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ၀င်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီဟာ ကြေးစားအဖွဲ့ရဲ့ သတ်ဖြတ်မှုကို ခံရကာ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက် လက်စဖျောက်ခံလိုက်ရတယ်လို့ New York Times သတင်းစာက မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြခဲ့တာဖြစ်ပြီး ၁၅ ဦးအပါအ၀င်တဲ့ ကြေးလူသတ်အဖွဲ့ကို ဆော်ဒီ ထိပ်တန်းအာဏာပိုင်တွေက ကောင်စစ်ဝန်ရုံးထဲမှာ ချထားခဲ့တာဖြစ်ကြောင်း၊ အဖွဲ့ထဲမှာပါဝင်တဲ့ မှုခင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူက အရိုးဖြတ်တဲ့ လွှနဲ့ ကာရှိုဂျီရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ခဲ့ကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    ကြေးစားလူသတ်အဖွဲ့ဟာ ဒီလုပ်ငန်းကို ၂ နာရီအတွင်း အပြီးအစီးဆောင်ရွက်ကာ တူရကီကနေ အခြားနိုင်ငံတွေကို လူခွဲထွက်ခွာသွားတယ်လို့ တူရကီအာဏာပိုင်တွေက နယူးယောက်တိုင်းမ်စ်ကို ပြောကြားခဲ့ပါတယ်။

    ကာရှိုဂျီဟာ အနောက်နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက သံတမန်အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့သူဖြစ်ပြီး ဆော်ဒီဘုရင့်အစိုးရကို ဝေဖန်ထောက်ပြလေ့ရှိသူလည်း ဖြစ်ပါတယ်။

    တူရကီက ကာရှိုဂျီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံလိုက်ရတယ်လို့ ပြောကြာထားပြီး ကောင်စစ်ဝန်ရုံးထ၀င်ရှာဖို့ ဆော်ဒီအစိုးရထံမှာ ခွင့်တောင်းထားပါတယ်။

    ဆော်ဒီကတော့ တူရကီရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုပြီး ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝင်ရုံးထဲကနေ ထွက်သွားတယ်လို့ ပြန်ရှင်းထားပါတယ်။

    တူရကီအစိုးရနဲ့နီးစပ်တဲ့ ပြည်တွင်းသတင်းစာ Daily Sabah က ဆော်ဒီကြေးစားလူသတ်အဖွဲ့က အဖွဲ့ဝင် ၁၅ ဦးရဲ့ ပုံတွေ၊ အမည်တွေကို မနေ့မှာ ထုတ်ပြန်ခဲ့ပြီး တူရကီအာဏာပိုင်တွေက အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media

    တရုတ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်

    ဘက်ဂျက်ကို ပိုမိုအကျိုးရှိစွာ သုံးစွဲမည်ဟု မလေးရှားဘဏ္ဍာရေးဝန်ကြီး ပြော
    =====================
    မိမိတို့တိုင်းပြည်ဟာ ခြိုးခြံခြွေတာတဲ့ ပေါ်လစီမျိုး သွားမှာမဟုတ်ပေမယ့် ဘက်ဂျက်တွေကို ပိုမိုအကျိုးရှိစွာ သုံးစွဲသွားမယ်လို့ မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ မလေးရှားအစိုးရဟာ လက်ရှိမှာ အကြွေး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၄၀ လောက် ရှိနေပြီး ဒါဟာ နိုင်ငံ GDP ရဲ့ ၈၀.၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လင်က ဒီလိုအကြွေးတွေများလာတာဟာ အစိုးရဟောင်းရဲ့ မဆင်မခြင် သုံးစွဲမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ မိမိတို့အနေနဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကို ပိုမိုအကျိုးရှိစေမယ်ဆိုရင်ငွေကြေးသုံးစွဲဖို့ လက်နှေးသွားမှာမဟုတ်ဘူးလို့လည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်မှာ အမေရိကန်၏အကျိုးစီးပွားကို ခြိမ်းခြောက်သူမဟုတ်ဟု ၀မ်ယီပြော
    =======================
    အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပေါ် မသင့်လျော်တဲ့လုပ်ရပ်တွေ ထပ်မလုပ်ဖို့၊ အမေရိကန်ရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်သူအဖြစ် မမှတ်ယူဖို့အတွက်
    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုနဲ့ မနေ့ကတွေ့ဆုံမှုမှာ ပြောကြားလိုက်ပါတယ်။ ပွမ်ပီယိုဟာ မြောက်ကိုရီးယားနျူကိစ္စအတွက် သူ့ရဲ့ အရှေ့အာရှ ခရီးစဉ်မှာ တရုတ်ကို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ၀မ်က ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ နှစ်နိုင်ငံ ယုံကြည်မှုကို ထိခိုက်စေကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေနဲ့ ပဋိပက္ခတွေ၊ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်မယ့်အစား ပူးပေါင်းဆောင်ရွက်မှုတွေသာ ပိုမိုလုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပျောက်ဆုံးဂျာနယ်လစ်ကို တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်ရှာမည်
    =====================
    ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးထဲ ၀င်ရောက်ရှာဖွေဖို့အတွက် တူရကီအာဏာပိုင်တွေက
    ဆော်ဒီကို မနေ့မှာ မေတ္တာရပ်ခံထားပါတယ်။ ကာရှိုဂီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝန်ရုံးထဲ ၀င်ရောက်သွားခဲ့ပြီးတဲ့နောက်ပိုင်း ပျောက်ဆုံးသွားတာဖြစ်ပြီး တူရကီတာဝန်ရှိသူတွေက ကာရှိုဂီတစ်ယောက် ကောင်စစ်ဝန်ရုံးထဲမှာပဲ အသတ်ခံလိုက်ရတယ်လို့ ယူဆနေပါတယ်။ ကောင်စစ်ဝန်ရုံးထဲက တာဝန်ရှိသူတစ်ဦးက တူရကီရဲ့ အခုလိုစွပ်စွဲမှုဟာ အခြေအမြစ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဆော်ဒီကောင်စစ်ဝန်ကို ၂ ကြိမ်တိုင်တိုင် ဆင့်ခေါ်ကာ ဖြေရှင်းချက် တောင်းထားပါတယ်။

    Ref: CNA, Aljazeera

  • အိမ်ခြံမြေကို နိုင်ငံခြားငွေဖြင့် အရောင်းအ၀ယ်လုပ်မှု တူရကီ ပိတ်ပင်

    အိမ်ခြံမြေကို နိုင်ငံခြားငွေဖြင့် အရောင်းအ၀ယ်လုပ်မှု တူရကီ ပိတ်ပင်

    စက်တင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်အတွင်း ရောင်းဝယ်ငှား လုပ်ရာမှာ နိုင်ငံခြားငွေကြေး သုံးစွဲမှုကို တူရကီသမ္မတ အာဒိုဂန်က ဒီကနေ့မှာ အမိန့်ထုတ်ပြန် တားမြစ်လိုက်ပြီး တူရကီလီရာ ကျဆင်းမှုကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ဇန်န၀ါရီလကတည်းက တစ်ဖြည်းဖြည်း ကျဆင်းလာတဲ့ လီရာဟာ အမေရိကန်က တူရကီအပေါ် ပိတ်ဆိုမှုတွေလုပ်ခဲ့တဲ့ ပြီးခဲ့လမှာ သိသိသာသာကို ဆိုးရွားလာခဲ့ပါတယ်။

    အာဒိုဂန်က နိုင်ငံသားတွေအနေနဲ့ သူတို့ဝယ်ယူထားတဲ့ အမေရိကန်ဒေါ်လာတွေ၊ ယူရိုတွေကို ရောင်းချဖို့ အရင်က တိုက်တွန်းခဲ့ဖူးပါတယ်။

    တူရကီဗဟိုဘဏ်ကလည်း အခုတစ်ပတ်အတွင်း အတိုးနှုန်းကို သိသိသာသာ မြှင့်တင်ကာ လီရာ ပြန်လည်ဦးမော့လာဖို့ လုပ်ဆောင်ခဲ့ပါတယ်။

    အိမ်ခြံမြေဈေးကွက်မှာ နိုင်ငံခြားငွေကြေးတွေ အသုံးမပြုဖို့ တားမြစ်တဲ့အမိန့်ကို အစိုးရသတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပြီး၊ လက်ရှိ နိုင်ငံခြားငွေကြေးနဲ့ ဆောင်ရွက်ထားသမျှကို ရက်ပေါင်း ၃၀ အတွင်း ပြောင်းလဲရမှာ ဖြစ်ပါတယ်။

    တူရကီမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေ အိမ်တွေကို ၀ယ်ယူတာ၊ ငှားရမ်းတာတွေမှာ အများစုက အမေရိကန်ဒေါ်လာတွေ၊ ယူရိုငွေကြေးတွေနဲ့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

    တူရကီဆောက်လုပ်ရေးကုမ္ပဏီတော်တော်များများဟာ နိုင်ငံခြားငွေကြေးတွေနဲ့ ချေးယူထားတာတွေ ရှိနေပြီး တူရကီလီရာက သိသိသာသာ ကျဆင်းနေတာကြောင့် ချေးငွေတွေ ပြန်မဆပ်နိုင်မှာကို စိုးရိမ်နေကြပါတယ်။

    အန်ကာရာက ကုန်သည်ကြီးများအသင်းမှာ ဒီကနေ့ပြောကြားတဲ့ မိန်းခွန်းမှာ အာဒိုဂန်က သွင်းကုန်၊ ထုတ်ကုန်သမားတွေကလွဲလို့ ဘယ်သူမှ နိုင်ငံအတွင်းမှာ နိုင်ငံခြားငွေကြေးကို အသုံးမပြုသင့်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • တူရကီတွင် နှစ် ၉၀၀ သက်တမ်းရှိ ဗလီတစ်လုံးကို အလုံးလိုက် နေရာရွှေ့

    တူရကီတွင် နှစ် ၉၀၀ သက်တမ်းရှိ ဗလီတစ်လုံးကို အလုံးလိုက် နေရာရွှေ့

    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    ဗလီငယ်ရွှေ့ပြောင်းမှု

    – တူရကီနိုင်ငံတောင်ပိုင်း ဘတ္တမန်ပြည်နယ် ဟာဆန်ကက်ဖ်ခရိုင်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဒီကနေ့မှာ အလုံးလိုက် ရွှေ့ပြောင်းခဲ့ပါတယ်။

    အာတူကစ်မင်းဆက်လက်ထက်က ဆောက်လုပ်ခဲ့တဲ့ အဲဒီဗလီငယ်ဟာ တန်ပေါင်း ၈၅၀ လေးပြီး ဘီး ၂၅၆ ဘီးပါတဲ့ အထူးထရပ်ကားနဲ့ မူရင်းနေရာကနေ ၂.၄ ကီလိုမီတာအဝေးကို ရွှေ့ခဲ့တာပါ။ အနီးအနားမှာ ရေလှောင်တမံအသစ်တစ်ခု ဖွင့်လှစ်ပြီးတဲ့နောက် အနာဂတ်မှာ ရေကြီးမယ့် အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဗလီကို ဒီလို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

    ဗလီရဲ့ မင်နာရတ်မျှော်စင်ကိုတော့ အခုတစ်ပတ်အတွင်းမှာ ရွှေ့ဖို့ ရှိနေပါတယ်။

    တူရကီဟာ အရင်ကလည်း နှစ်ပေါင်း ၅၄၀ ကြာမြင့်နေပြီးဖြစ်တဲ့ ဂူဗိမာန်တစ်ခု၊ ရှေးဟောင်း တူရကီရေချိုးကန်တစ်ခုတို့ကို ဘတ္တမန်ပြည်နယ်မှာပဲ အလုံးလိုက် ရွှေ့ပြောင်းခဲ့ဖူးပါတယ်။

    ပြည်နယ်ဟိုက်ဒရောလစ်လုပ်ငန်းအဖွဲ့ (DSI) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး မူရက်ဒဂ်ဒီဗီရန်က ဒီဗလီငယ်ကို နေရာရွှေ့ပြောင်းမှုဟာ သမိုင်းဝင်လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဟာဆန်ကက်ဖ်ခရိုင်ကို ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရာ ဌာနအဖြစ် တူရကီက ၁၉၈၁ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ၀တ်ပြုရာနေရာတွေ၊ ကျောက်ဂူတွေနဲ့ ဘိုင်ဇန်တိုင်းခေတ်က ခံတပ်တွေကို အစိုးရအစီအစဉ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

    Ref: AA