News @ M-Media

Tag: turkey

  • ကြာသာပတေးနေ့မနက် နိုင်ငံကတာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံကတာသတင်းများ

    နယူးယောက်ရဲများ လုံခြုံရေးယူနေမှုမြင်ကွင်း

    အောက်တိုဘာ ၂၅၊ ၂၀၁၈

    M-Media

    သမ္မတဟောင်း အိုဘားမားအပါအ၀င် ဒီမိုကရက်ထိပ်သီးပုဂ္ဂိုလ်များကို ပါဆယ်ဗုံးပေးပို့မှုဖြစ်

    ================

    အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့အပါအ၀င် ဒီမိုကရက်ပါတီက ထိပ်တန်း တာဝန်ရှိသူတွေထံ ပေါက်ကွဲစေတတ်တဲ့ ပါဆယ်ထုတ်တွေ စာတိုက်ကတစ်ဆင့် ပေးပို့မှု ရှိခဲ့ပြီး အားလုံးကို ကြားဖြတ် သိမ်းဆည်းခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးဌာနက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နယူးယောက် ရဲဌာနကလည်း CNN သတင်းဌာန ရုံးခန်းတည်ရှိရာ Time Warner စင်တာမှာ ပိုက်ဗုံးလို့ ယူဆရတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပြီး ပါဆယ်ဗုံး ပေးပို့တဲ့သူရဲ့ လက်ချက်ဖြစ်တယ်လို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ဒီကိစ္စကို အမေရိကန် ထောက်လှမ်းရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်ကို ကာကွယ်မည်ဟု တရုတ်ပြော

    ==================

    ထိုင်ဝမ်ကျွန်းပဲဖြစ်ဖြစ်၊ ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်ပဲဖြစ်ဖြစ် တစ်လက်မမှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ် ကာကွယ်ရေးဝန်ကြီး  ဝေဖန်ဟီက ဒီကနေ့ ဘေဂျင်းမှာ ကျင်းပပြုလုပ်တဲ့ Xiangshan ဖိုရမ် အဖွင့်မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသ ဖြစ်ပေမယ့် တရုတ်က သူ့ရဲ့ ပိုင်နက်အဖြစ် မှတ်ယူထားပြီး အမေရိကန်ဟာ ထိုင်ဝမ်လွတ်မြောက်ရေးကို အာပေးနေတာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်မှာလည်း အမေရိကန်ဟာ ရေတပ်အင်အားပြမှုတွေ ရှိနေပါတယ်။ ဝေဖန်ဟီက ထိုင်ဝမ်ကို တရုတ်ပြည်မကနေ ကွဲသွားအောင် တစ်ဦးဦးက ဆောင်ရွက်လာရင် စစ်ရေးရဲ့ တုန့်ပြန်သွားမယ်လို့ဆိုပြီး တောင်တရုတ်ပင်လယ်မှာ အင်အားပြနေမှုကိုလည်း ဆန့်ကျင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျာနယ်လစ် ကာရှိုဂျီအသတ်ခံရသည့် အသံဖိုင်ကို စီအိုင်အေအကြီးအကဲ နားထောင်ခဲ့ရ

    ===============

    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ထိပ်တန်းဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရတဲ့ အသံဖိုင်ကို အမေရိကန် စီအိုင်အေ အကြီးအကဲ ဂျီတာ ဟက်စ်ပဲလ်က တူရကီခရီးစဉ်အတွင်း နားထောင်လိုက်ရတယ်လို့ ၀ါရှင်တန်ပို့စ် သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။ ကာရှုဂျီကို ဆော်ဒီအစိုးရက ကြေးစားငှားကာ သတ်ခိုင်းခဲ့တယ်လို့ တူရကီက စွပ်စွဲထားပြီး ဒီကိစ္စအတွက် အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။ ဆော်ဒီက ကာရှိုဂျီအသတ်ခံရမှုကို ပထမပိုင်းမှာ ငြင်းဆိုပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပါတယ်။ ဟက်စ်ပဲလ်အနေနဲ့ ဒီအသံဖိုင်ကို နားထောင်ခဲ့ရတာမှန်ရင် ဆော်ဒီအစိုးရအပေါ် အမေရိကန်က ဖိအားပေးမှုတွေ ပိုမို လုပ်ဆောင်လာနိုင်ပါတယ်။

    Ref : Aljazeera

  • ဂျာနယ်လစ် ကာရှိုဂျီကို ဆော်ဒီအာဏာပိုင်များက ကြိုတင်ကြံစည်သတ်ဖြတ်ခြင်းဟု အာဒိုဂန်ပြော

    ဂျာနယ်လစ် ကာရှိုဂျီကို ဆော်ဒီအာဏာပိုင်များက ကြိုတင်ကြံစည်သတ်ဖြတ်ခြင်းဟု အာဒိုဂန်ပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၈

    M-Media

    တူရကီသမ္မတ အာဒိုဂန်

    – ထိပ်တန်းဂျာနယ်လစ်နဲ့ ဆော်ဒီအစိုးရကို ဝေဖန်သူ ဂျမားလ် ကာရှိုဂျီကို ဆော်ဒီအစိုးရက သတ်ဖြတ်မှုဟာ ကြိုတင်ကြံစည်သတ်ဖြတ်မှု ဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ဒီကနေ့ လွှတ်တော်မှာ ရှင်းလင်းပြောကြားလိုက်ပါတယ်။

    ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

    တူရကီအာဏာပိုင်တွေက ကာရှိုဂျီဟာ ဆော်ဒီအစိုးရက လွှတ်လိုက်တဲ့ ကြေးစား ၁၅ ယောက်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်လို့ ပျောက်ဆုံးပြီး ရက်အနည်းငယ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီက ကာရှိုဂျီ အသတ်ခံရတယ်ဆိုတဲ့သတင်းကို ပထမပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာ ၀န်ခံခဲ့ပြီး ကောင်စစ်ဝန်ရုံးထဲ ၀န်ထမ်းတွေနဲ့ ထိုးကြကြိတ်ကြရင်း သေဆုံးသွားတယ်ဖြစ်တယ်လို့ ဆိုပါတယ်။

    အာဒိုဂန်ကတော့ ဆော်ဒီအာဏာပိုင်တွေဟာ ကာရှိုဂျီကိုသတ်ဖို့ ကြိုတင်စီစဉ်ခဲ့တယ်လို့ ပြောပါတယ်။

    “စက်တင်ဘာ ၂၈ ရက်နေ့က ကာရှိုဂျီဟာ သူ့ရဲ့ မင်္ဂလာဆောင် စာရွက်စာတမ်းကိစ္စအတွက် ဆော်ဒီကောင်စစ်ဝန်ရုံးကို လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့ (ဆော်ဒီအာဏာပိုင်တွေ) က သူ့ကိုသတ်ဖို့ အစီအစဉ်ဆွဲပုံ ရပါတယ်”

    ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတစ်ချို့ အဲဒီရက်ပိုင်းအတွင်း ဆော်ဒီကို ပြန်သွားတာကလည်း ကာရှိုဂျီကိုသတ်ဖို့ စီစဉ်တယ်ဆိုတာကို ပြသနေကြောင်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကာရှိုဂျီကို သတ်ဖြတ်မှုဟာ ‘နိုင်ငံရေး အသွင်ဆောင် သတ်ဖြတ်မှု’ ဖြစ်ပြီး၊ အခြားတိုင်းပြည်တွေက ကြံရာပါတွေကိုလည်း စုံစမ်းစစ်ဆေးသင့်ကြောင်း၊ ဒီလို ကြမ်းကြုတ်တဲ့သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မေးခွန်းတွေအားလုံး အဖြေရသည်အထိ တူရကီက ဆက်လက် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း အာဒိုဂန်က ဆိုပါတယ်။

    “သူတို့ (ဆော်ဒီက ကြေးစားအဖွဲ့) ဘာ့ကြောင့် အစ္စတန်ဘူလ်ကို ရောက်လာသလဲ။ ဘယ်သူက ညွှန်ကြားတာလဲ” လို့ အာဒိုဂန်က မေးခွန်းထုတ်ခဲ့ပြီး ဆော်ဒီအနေနဲ့ တူရကီတာဝန်ရှိသူတွေကို ကောင်စစ်ဝန်ရုံးထဲ ချက်ခြင်း ၀င်ခွင့်မပေးတာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေပေးရမယ်လို့လည်း ဆိုပါတယ်။

    အာဒိုဂန်ရဲ့ ဒီကနေ့ ပြောကြားမှုတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်း ပြန့်နှံ့နေတဲ့ သတင်းတွေဖြစ်ပြီး၊ ဆော်ဒီ တော်ဝင်အသိုင်းအ၀ိုင်းကို တိုက်ရိုက် စွပ်စွဲပြောဆိုခဲ့ခြင်း မရှိပါဘူး။

    အလောင်းဘယ်မှာလဲ

    ကောင်စစ်ဝန်ရုံးထဲမှာ ထိုးကြကြိတ်ကြရင်း ကာရှိုဂျီ သေသွားတယ်လို့ ဆော်ဒီက နောက်ပိုင်းမှာ သတင်းထုတ်ပြန်ပေမယ့် အာဒိုဂန်က အလောင်းပျောက်နေမှုကို မေးခွန်းထုတ်ခဲ့ပါတယ်။

    “အလောင်းဘယ်ရောက်သွားလဲ။ အလောင်းကို ဒေသခံတစ်ယောက်ကို ပေးလိုက်တယ်ပြောတယ်။ အဲဒီဒေသခံက ဘယ်သူလဲ။ ဒီမေးခွန်းတွေအားလုံးအတွက် အဖြေမရဘဲ ဒီကိစ္စ ပြီးသွားမယ်လို့  မထင်ပါနဲ့”

    စုံစမ်းစစ်ဆေးမှုအတွင်း ဆော်ဒီက တူရကီနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကာရှိုဂျီပျောက်ဆုံးသွားတဲ့နေ့က အစ္စတန်ဘူလ်ကို လာရောက်ခဲ့တဲ့ လူ ၁၅ ဦး အပါအ၀င် ၁၈ ဦးကို ဖမ်းဆီးထားတာတွေဟာ ဆော်ဒီရဲ့ မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၃၊ ၂၀၁၈

    M-Media

    ထောင်ချခံရသည့် ခရိုအေးရှား ၀န်ကြီးချုပ်ဟောင်း

    ဆော်ဒီဂျာနယ်လစ် အသတ်ခံရမှု အသေးစိတ်ကို တူရကီသမ္မတ ယနေ့တွင် ဖွင့်ချမည်

    ================

    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီနိုင်ငံသား နာမည်ကျော် ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး တူရကီသမ္မတ အာဒိုဂန်က ဒီကနေ့မှာ အသေးစိတ် ထုတ်ပြန်ဖို့ ရှိနေပါတယ်။ ကာရှိုဂျီဟာ ဆော်ဒီအစိုးရက လွှတ်လိုက်တဲ့ ကြေးစား ၁၅ ယောက်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းလုပ်ကာ လက်စ ဖျောက်ခဲ့တယ်လို့ တူရကီ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ တူရကီသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကာလင်က တူရကီအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် ပြည့်ပြည့်၀၀ စုံစမ်းစစ်ဆေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဒိုဂန်ကလည်း သူ့အနေနဲ့ အမှန်တရားကို ဘွင်းဘွင်းရှင်းရှင်းပဲ ထုတ်ဖော်မယ်လို့ ပြောဆိုထားပါတယ်။

    စစ်ပွဲအတွင်း အကျိုးအမြတ်ရှာမှုအတွက် ခရိုအေးရှားဝန်ကြီးချုပ်ဟောင်း ထောင်ကျ

    ===================

    ၁၉၉၀ ပြည့်နှစ်တွေက တိုင်းပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကနေ အကျိုးအမြတ် ရှာမှုအတွက် ခရိုအေးရှား ၀န်ကြီးချုပ်ဟောင်း အိုင်ဗို ဆနာဒါဟာ မနေ့က ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံလိုက်ရပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် သြစတြီးယား Hypo Group Alpe Adria ဘဏ်ကနေ ဒေါ်လာ ၅၅၈၅၀၀ ကို လာဘ်ငွေအဖြစ် ယူခဲ့မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ထောင်ဒဏ်အပြင် ယူထားတဲ့ ငွေကြေး ပမာဏ အတိအကျကိုလည်း ဆနာဒါက ပြန်ပေးရမှာ ဖြစ်ပါတယ်။ ဆနာဒါဟာ တစ်ခြား ခြစားမှုကိစ္စတွေအတွက်လည်း အရင်က ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး လက်ရှိမှာလည်း ဆက်လက် တရားရင်ဆိုင်နေရပါတယ်။

    မိမိသည် မျက်လှည့်ဆရာမဟုတ်ဟု မလေးရှားဝန်ကြီးချုပ် ပြော

    =================

    လက်ရှိ တာဝန်ထမ်းဆောင်နေရတာဟာ အရင်က တာဝန်ထမ်းဆောင်ရတာထက် ပိုပြီး ခက်ခဲတယ်လို့ မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ မဟာသီဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် မလေးရှားကို ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက ပါတီတစ်ခုတည်းကဖြစ်တဲ့ အစိုးရဖြစ်ပြီး၊ အခုအစိုးရက ပါတီ ၄ ခု ပေါင်းထားတာကြောင့် အားလုံးသဘောတူလာအောင် ကြိုးစားရတယ်လို့ မဟာသီက ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကြီးမားမှုအတွက် စိုးရိမ်မိပြီး မိမိဟာ မျက်စိတစ်မှိတ်အတွင်းမှာ အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ မျက်လှည့်ဆရာမဟုတ်ဘူးလို့လည်း မဟာသီက သတိပေးခဲ့ပါတယ်။

    နျူလက်နက် အင်အားကို တိုးချဲ့မည်ဟု ဒေါ်နယ်ထရမ့် ပြော

    ===============

    တရုတ်နဲ့ ရုရှားတို့ကို ဖိအားပေးဖို့အတွက် မိမိတို့ရဲ့ နျူလက်နက်အင်အားကို တိုးချဲ့သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ရုရှားဟာ ၁၉၈၇ ခုနှစ်က လက်မှတ်ထိုးထားတဲ့ အလတ်စား နျူလက်နက်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ထရမ့်က စွပ်စွဲထားပြီး သဘောတူညီချက်နေ နှုတ်ထွက်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ ရုရှားကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ ထရမ့်က ရုရှားနဲ့ တရုတ်တို့ မိမိတို့ရဲ့စကားကို နားထောင်လာစေဖို့အတွက် နျူလက်နက်အင်အား တိုးချဲ့ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera, CNA, BBC

  • ဆော်ဒီကောင်စစ်ဝန်ရုံးတွင် ဂျာနယ်လစ်အသတ်ခံရသည့်ကိစ္စ အကုန်ဖော်မည်ဟု တူရကီပြော

    ဆော်ဒီကောင်စစ်ဝန်ရုံးတွင် ဂျာနယ်လစ်အသတ်ခံရသည့်ကိစ္စ အကုန်ဖော်မည်ဟု တူရကီပြော

    အောက်တိုဘာ ၂၀၊ ၂၀၁၈

    M-Media

    အသတ်ခံခဲ့ရသည့် ကာရှိုဂျီ

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ၀ါရှင်တန်ပို့စ်ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုကိစ္စ အားလုံးကို အသေးစိတ် ဖော်သွားမယ်လို့ တူရကီက ပြောကြားလိုက်ပါတယ်။

    ဆော်ဒီနိုင်ငံသား ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ဆော်ဒီက ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးကနေ ထွက်သွားတယ်လို့ စောစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    တူရကီအာဏာပိုင်တွေက ကာရှိုဂျီကို ဆော်ဒီအစိုးရရဲ့ ကြေးစား ၁၅ ယောက်က သတ်ဖြတ်ခဲ့ပြီး အလောင်းကို အပိုင်းပိုင်းလုပ်ကာ လက်စဖျောက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး သတ်ဖြတ်မှု အသံဖိုတွေ၊ ဗီဒီယိုဖိုင်တွေ သူတို့မှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

    အစောပိုင်းမှာ တူရကီရဲ့ ဒီပြောကြားချက်ကို ဆော်ဒီက ငြင်းဆိုပေမယ့် ကာရှိုဂျီ ကောင်စစ်ဝန်ရုံးထဲမှာ ၀န်ထမ်းတွေနဲ့ ထိုးကြကြိတ်ကြရင်း အသတ်ခံခဲ့ရကြောင်း၊ ဒီကိစ္စအတွက် လက်ရှိမှာ လူ ၁၈ ဦးကို ဖမ်းဆီးထားကြောင်း မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    တူရကီ အာဏာရပါတီ AKP  ပြောရေးဆိုခွင့်ရှိသူ အိုမာစီလစ်က သူတို့အနေနဲ့ ဒီကိစ္စကို ဖုံးကွယ်သွားမှာမဟုတ်ဘဲ အားလုံးကို အသေးစိတ် ထုတ်ပြန်သွားမယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဖြစ်ခဲ့တာတွေကို တူရကီက ဖော်ထုတ်သွားမှာပါ။ ဟိုလူပဲလုပ်သလိုလို၊ ဒီလူပဲ လုပ်သလိုလို ဖြစ်နေလို့ မရပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကိုမှလည်း မစွပ်စွဲသလို၊ ဖုံးထားတာမျိုးကိုလည်း လက်ခံမှာ မဟုတ်ပါဘူး”

    တူရကီ တာဝန်ရှိသူတွေဟာ ကောင်စစ်ဝန်ရုံးနဲ့ ကောင်စစ်ဝန်တို့ရဲ့ အိမ်တွေကို သွားရောက်ရှာဖွေခဲ့ကြပါတယ်။

    Ref: BBC

     

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media

    ဟိန္ဒူဘုရားကျောင်းရှေ့တွင် ဆန္ဒပြမှု မြင်ကွင်း

    ဂျာနယ်လစ်ပျောက်ဆုံးမှုအတွက် ဆော်ဒီကောင်စစ်ဝန်အိမ်ကို တူရကီ ရှာဖွေ
    ====================
    ဆော်ဒီက အစိုးရဝေဖန်ရေးသမား ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး တူရကီ မှုခင်း စစ်ဆေးရေး အရာရှိတွေဟာ မနေ့က အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရဲ့နေအိမ်ကို ၉ နာရီကြာ ၀င်ရောက် ရှာဖွေခဲ့ကြပါတယ်။ ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က အစ္စဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်ရောက်ပြီးနောက်ပိုင်း ပျောက်သွားတာပါ။ တူရကီကတော့ ဆော်ဒီအစိုးရရဲ့ ကြေးစား ၁၅ ယောက်က ကာရှိုဂျီကို သတ်ပစ်ပြီး အပိုင်းပိုင်းလုပ်ကာ လက်စဖျောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ မနေ့က ရှာဖွေမှုမှာ နမူနာအချို့ တွေ့ခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် သွေးလား၊ DNA လားဆိုတာ တိတိကျကျ မပြောခဲ့ပါဘူး။ တူရကီအာဏာပိုင်တွေဟာ တနင်္လာနေ့ကလည်း ဆော်ဒီကောင်စစ်ဝန်ရုံးကို ၀င်ရှာခဲ့ပါတယ်။

    ဘုရားကျောင်းထဲ အမျိုးသမီးများ ၀င်ရန်ကြိုးစားမှုကြောင့် အိန္ဒိယတွင် ဆန္ဒပြ
    ====================
    အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာရှိပြီး ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Sabarimala ဘုရားကျောင်းမှာ ဘုရားရှိခိုးဖို့ ရောက်လာတဲ့ အမျိုးသမီးတွေကို လူအုပ်ကြီးက ဆန့်ကျင်ဆန္ဒပြ တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။ အရင်က အဲဒီ ဘုရားကျောင်းထဲ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေ မ၀င်ရလို့ သတ်မှတ်ထားပေမယ့် အိန္ဒိယတရားရုံးချုပ်က ဒီကန့်သတ်ချက်ကို ပြီးခဲ့တဲ့လမှာ ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်မှာတော့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ ဆန့်ကျင်သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပြီး ဘုရားကျောင်းသွားမယ့်လမ်းတွေကို ပိတ်ဆို့ကာ အမျိုးသမီး ပါမလာအောင် တားဆီးနေကြပါတယ်။ ဆန္ဒပြမှုအတွင်း မီဒီယာသမားတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

    မြောက်ကိုရီးယားထံ ပစ္စည်းပို့သူ ၂ ဦးကို စင်ကာပူ တရားစွဲ
    =======================
    ကန့်သတ်ထားတဲ့ ဇိမ်ခံပစ္စည်းတွေ မြောက်ကိုရီးယားကို တင်ပို့မှုအတွက် စင်ကာပူက အမျိုးသား ၂ ဦးကို ဒီကနေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် စင်ကာပူနိုင်ငံသားနဲ့ အသက် ၃၀ အရွယ် မြောက်ကိုရီးယားနိုင်ငံသားတို့ဖြစ်ပြီး ၂၀၁၀ ခုနှစ် ကုလရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အတွက် တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။ အသက် ၅၈ နှစ်အရွယ် အမျိုးသားပိုင် ကုမ္ပဏီ ၃ ခုလည်း တရားစွဲခြင်း ခံခဲ့ရပါတယ်။ ဒီကုမ္ပဏီ ၃ ခုဟာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၆ ခုနှစ် နိုဝင်ဘာအထိ ကျောက်သံပတ္တမြားတွေ၊ တန်ဖိုးကြီး လက်ပတ်နာရီတွေ အပါအ၀င် ပိတ်ဆို့ထားတဲ့ ဇိမ်ခံပစ္စည်းတွေကို ၄၃ ကြိမ်လောက် ပို့ဆောင်ခဲ့တာပါ။

    ဟာလာလ်တံဆိပ်အတုဖြင့် ပစ္စည်းဖြန့်သည့် ကုမ္ပဏီကို မလေးရှား စီနင်းဖမ်းဆီး
    ================
    ဟာလာလ်တံဆိပ်အတု တပ်ထားတဲ့ ကျပါတီ၊ ပလာတာ ဂျုံလုံး ၆၀၀၀ ကျော်ကို မလေးရှား ကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေက မနေ့မှာ သိမ်းဆည်းလိုက်ပါတယ်။ စတီယာအလမ် ဒေသက ကုမ္ပဏီတစ်ခုကို ၀င်ရောက်စီးနင်းရာမှာ ဒီလို သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပြီး အတုလုပ်တဲ့ နိုင်ငံခြားအလုပ်သမား ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တာဝန်ရှိသူတွေက ဒီကုမ္ပဏီဟာ အာဏာပိုင်တွေဆီမှာ ဟာလာလ် အသိအမှတ်ပြုလက်မှတ် မလျှောက်ထားဘဲနဲ့ ဟာလာလ်တံဆိပ်အတုတွေ ကပ်ကာ ရောင်းချနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ဖွင့်လှစ်တာ ၉ လပဲရှိသေးပြီး ပတ်ဝန်းကျင်က ပြည်သူတွေ တိုင်ကြားလိုက်တာဖြစ်ပါတယ်။

    Ref: Aljazeera, CNA, BBC