News @ M-Media

Tag: turkey

  • အစ္စရေးမှာ အကြမ်းဖက်တိုင်းပြည်ဖြစ်သည်ဟု တူရကီသမ္မတပြော

    အစ္စရေးမှာ အကြမ်းဖက်တိုင်းပြည်ဖြစ်သည်ဟု တူရကီသမ္မတပြော

    ဧပြီ ၂၊ ၂၀၁၈
    M-Media

    မိန့်ခွန်းပြောနေသည့် အာဒိုဂန်

    – အစ္စရေးနိုင်ငံဟာ အကြမ်းဖက်တိုင်းပြည်တစ်ခု ဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆီးရီးယားမှာ တူရကီရဲ့ စစ်ရေးဆောင်ရွက်မှုအတွက် ဝေဖန်တာကို ပြန်လည်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    ဂါဇာမှာ ပါလက်စတိုင်းဆန္ဒပြသူတွေကို အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် တူရကီရဲ့ ဆုံးမသြ၀ါဒတွေကို လက်ခံမှာမဟုတ်ဘဲ၊ အာဒိုဂန်ဟာ ကာ့ဒ်ရွာသားတွေကို ဗုံးကြဲသူဖြစ်တယ်လို့ နေတန်ယာဟုက စနေနေ့မှာ ဝေဖန်ခဲ့တာပါ။

    “ကျွန်တော်တို့စစ်သားတွေဟာ အက်ဖ်ရင်က ပြည်သူတွေကို ဖိနှိပ်နေတယ်လို့ သူက ပြောတယ်။ နေတန်ယာဟု – ခင်ဗျား သိပ်ပြီး နုံချာသလို၊ သနားဖို့လည်းကောင်းတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေနဲ့ ဖြစ်နေတာပါ။ ဒါပေမယ့် ခင်ဗျားက အဲလိုမဟုတ်ဘူး။ ခင်ဗျားတို့တိုင်းပြည်က အကြမ်းဖက်တိုင်းပြည် ဖြစ်နေတာကိုး” လို့ နိုင်ငံတောင်ပိုင်း အဒါနာပြည်နယ်က အာဏာရ AK ပါတီရဲ့ ကွန်ဂရက်မှာ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    နေတန်ယာဟုဟာ ပါလက်စတိုင်းကို ‘ကျူးကျော်သိမ်းပိုက်သူ’ ဖြစ်တယ်လို့လည်း အာဒိုဂန်က ဆိုပါတယ်။

    “ခင်ဗျားဟာ အကြမ်းဖက်သမားတစ်ယောက်ပါ။ အဖိနှိပ်ခံ ပါလက်စတိုင်းတွေပေါ်မှာ ခင်ဗျား ဘာလုပ်ခဲ့သလဲဆိုတာ သမိုင်းက သက်သေခံနေပါတယ်။ ကျုပ်တို့ဟာ ဘယ်လို့ ကျူးကျော်သိမ်းပိုက်မှုမျိုးမှ မလုပ်ဘူး”

    ပါလက်စတိုင်းပိုင်နက်တွေ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်ခံရမှုကို အမှတ်ရတဲ့ Land Day ချီတက်ဆန္ဒပြမှုကို သောကြာနေ့က ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းတွေက ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများက ရှုတ်ချခဲ့ပြီး အာဒိုဂန်ကလည်း အစ္စရေးအအစိုးရရဲ့ လူမဆန်တဲ့ တိုက်ခိုက်မှုလို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

    တူရကီစစ်တပ်ဟာ ဆီးရီးယားက အတိုက်အခံတပ်ဖွဲ့ FSA နဲ့ပေါင်းပြီး ကာ့ဒ်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားက အက်ဖ်ရင်ဒေသကို ပြီးခဲ့တဲ့လမှာ ၀င်ရောက်တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားရှိ အက်ဖရင်ဒေသအား သိမ်းယူနိုင်ပြီဟု တူရကီ ကြေငြာ

    ဆီးရီးယားရှိ အက်ဖရင်ဒေသအား သိမ်းယူနိုင်ပြီဟု တူရကီ ကြေငြာ

    မတ် ၁၈၊ ၂၀၁၈
    M-Media

    အက်ဖရင်မြို့လယ်ကောင်တွင် တူရကီနှင့် ဆီးရီးယားအလံများကို တွေ့ရစဉ်

    – ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အက်ဖရင်မြို့အား အပြည့်အ၀ သိမ်းပိုက်နိုင်ပြီဟု တူရကီစစ်တပ်နှင့် သမ္မတ အာဒိုဂန်တို့က ယနေ့တွင် ကြေငြာလိုက်သည်။

    အက်ဖရင်ဒေသမှာ ယခင်က ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး တူရကီက ကာ့ဒ်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့ဟုဆိုကာ ဇန်န၀ါရီလမှ စတင်၍ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တူရကီစစ်တပ်က ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ၎င်းတို့တပ်ဖွဲ့နှင့် အာဆတ်အစိုးရအား ဆန့်ကျင်သော Free Syrian Army တပ်ဖွဲ့တို့မှာ အက်ဖရင်မြို့လယ်ကောင်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ကျွမ်းကျင်သူများမှာ မြေမြှုပ်မိုင်းနှင့် အခြား ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ရှာဖွေနေကြောင်း ဖော်ပြထားသည်။

    သမ္မတ အာဒိုဂန်ကလည်း စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ အကြမ်းဖက်သမား ၃၆၀၃ ဦးကို လက်နက်ဖြုတ်သိမ်းနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အက်ဖရင်မြို့လယ်ကောင်တွင် တူရကီအလံ လွှင့်တင်ထားသော ဗီဒီယိုတစ်ခုကိုလည်း တူရကီစစ်တပ်က ဆိုရှယ်မီဒီယာတွင် မျှဝေခဲ့သည်။

    ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အက်ဖရင်မြို့ တိုက်ပွဲများကြောင့် ဗုဒ္ဓဟူးနေ့မှစ၍ အနည်းဆုံး လူပေါင်း ၁၅၀၀၀၀ ခန့် ထွက်ပြေးခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လုံခြုံရေးကြောင့် တူရကီရှိ သံရုံးကို အမေရိကန်က ပိတ်ထား

    လုံခြုံရေးကြောင့် တူရကီရှိ သံရုံးကို အမေရိကန်က ပိတ်ထား

    မတ် ၅၊ ၂၀၁၈
    M-Media

    – လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် အမေရိကန်က တူရကီရှိ ၎င်းတို့၏သံရုံးကို ယနေ့မှစတင်ကာ ပိတ်ပစ်ခဲ့ပြီး အရေးပေါ်လုပ်ငန်းများကိုသာ ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

    တူရကီနိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် လူစုလူဝေးနှင့် သံရုံများအား ရှောင်ရှားရန်၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်သည့် နေရာများ၊ လူများသည့် နေရာများသို့ သတိထားသွားရောက်ကြရန်လည်း သံရုံး၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    သို့သော်လည်း မည်သည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုဆိုသည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။

    မြို့တော်အန်ကာရာ အုပ်ချုပ်ရေးမှူးရုံးမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ အမေရိကန်သံရုံနှင့် အမေရိကန်နိုင်ငံသားများ နေထိုင်သည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု အမေရိကန် ထောက်လှမ်းရေးသတင်းများကြောင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများကို တိုးမြှင့်ပြုလုပ်ထားသည်ဟု ဖော်ပြခဲ့သည်။

    ဗီဇာအင်တာဗျူးများနှင့် နေ့စဉ် ဆောင်ရွက်နေသည့် ကိစ္စများကို တနင်္လာနေ့မှ စတင်၍ ပိတ်ပင်သွားမည်ဖြစ်ပြီး၊ ပြန်ဖွင့်မည့်ရက်ကို ထပ်မံထုတ်ပြန်မည်ဟု သံရုံးကြေငြာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၃ ခုနှစ်တွင် အန်ကာရာရှိ အမေရိကန်သံရုံးမှာ လက်ဝဲစွန်းရောက်အုပ်စု၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ခံခဲ့ရပြီး တူရကီ လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်။

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များကို အမေရိကန်က လက်နက်တပ်ဆင်ပေးခြင်း အပါအ၀င် ကိစ္စအများအပြားကြောင့် တူရကီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ ယခုနှစ်ပိုင်းတွင် တင်းမာလာခဲ့သည်။

    Ref: Aljazeera

  • မိမိတို့၏ ဆီးရီးယားထိုးစစ်ကို ဟန့်တားပါက ဒေသတွင်း ဖြစ်ရပ်ဆိုးနှင့်ကြုံမည်ဟု တူရကီခြိမ်းခြောက်

    မိမိတို့၏ ဆီးရီးယားထိုးစစ်ကို ဟန့်တားပါက ဒေသတွင်း ဖြစ်ရပ်ဆိုးနှင့်ကြုံမည်ဟု တူရကီခြိမ်းခြောက်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media

    အက်ဖရင်ရှိ တူရကီတင့်ကားတစ်စီး

    – ကာ့ဒ်ဖွဲ့များအပေါ် ပြုလုပ်နေသည့် မိမိတို့၏ ထိုးစစ်ကို နှောက်ယှက်ဟန့်တားပါက ဒေသတွင်း ဖြစ်ရပ်ဆိုးကြီးနှင့် တွေ့ကြုံရမည်ဟု တူရကီက သတိပေးလိုက်ပြီး ကာ့ဒ်တပ်ဖွဲ့များဖက်မှ ဆီးရီးယားအစိုးရတပ်က တိုက်ခိုက်ပေးမည်ဆိုသည့် သတင်းအပေါ် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ YPG ထိန်းချုပ်ထားရာ အက်ဖရင်ဒေသကို အာဆတ်အစိုးရတပ်များ ၂ ရက်အတွင်း လာရောက်ကာ တူရကီတပ်ဖွဲ့များအား တွန်းလှန်သွားမည်ဟု ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က ယမန်နေ့ အစောပိုင်းတွင် ဖော်ပြခဲ့သည်။

    YPG အား အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားသည့် တူရကီမှာ အက်ဖရင်ဒေသအား ပြီးခဲ့သည့်လမှစတင်ကာ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တူရကီဒုတိယ၀န်ကြီးချုပ် ဘိုဇ်ဒဂ်က ဆီးရီးယားတပ်ဖွဲ့များ YPG ဖက်မှ တိုက်ခိုက်ပေးမည်ဆိုသည့် သတင်းမှာ သတင်းမှားဖြစ်ပြီး မိမိတို့ကို ဟန့်တားလာပါက ဒေသတွင်း ကြီးမားသည့် ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ရမည်ဟု ယမန်နေ့ အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် YPG ကျဆုံးသည်အထိ လေကြောင်းနှင့် ကြည်းကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

    YPG အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အနေဖြင့် အာဆတ်အစိုးရနှင့် မည်သည့်သဘောတူညီချက်မှ ရရှိထားခြင်းမရှိသေးဟု ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု စတင်ကတည်းက အာဆတ်တပ်ဖွဲ့မှာ ဆီးရီးယားမြောက်ပိုင်းရှိ နေရာတော်တော်များများမှ ဆုတ်ခွာခဲ့ပြီး အမေရိကန်ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့ SDF ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော YPG က IS အကြမ်းဖက်အဖွဲ့အား တွန်းလှန်မှုအတွင်း ထိုဒေသများကို ထိန်းချုပ်နိုင်ခဲ့သည်။

    တူရကီမှာ အက်ဖရင်နှင့် မန်ဘစ်ဂ်ျမြို့ရှိ ကာ့ဒ်တပ်ဖွဲ့အား ပံ့ပိုးပေးနေသည့် အမေရိကန် တပ်ဖွဲ့များ ထွက်သွားရန်နှင့် မထွက်ပါက မိမိတို့နှင့် ထိပ်တိုက်တွေ့မည်ဟုလည်း ယခင်က ခြိမ်းခြောက်ခဲ့သည်။

    Ref: Aljazeera

  • တူရကီနှင့် ဆက်ဆံရေး ယိုယွင်းနေကြောင်း အမေရိကန် ၀န်ခံ

    တူရကီနှင့် ဆက်ဆံရေး ယိုယွင်းနေကြောင်း အမေရိကန် ၀န်ခံ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈
    M-Media

    – တူရကီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ အကြပ်အတည်းတစ်ခုသို့ ရောက်ရှိနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ၀န်ခံပြောကြားလိုက်သည်။

    တူရကီနိုင်ငံခြာရေးဝန်ကြီး Mevlut Cavusoglu နှင့် ယနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တီလာဆန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်-တူရကီ မဟာမိတ်ဆက်ဆံရေးမှာ အလွန်တန်ဖိုးရှိသည့် ဆက်ဆံရေးဖြစ်သည်ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ လတ်တလောအကျိုးအတွက်၊ နှစ်ဖက်အဆင်ပြေဖို့အတွက်သာ ရည်ရွယ်တဲ့ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။ နှစ်ဖက် အကျိုးစီးပွား၊ အပြန်အလှန် လေးစားမှုတွေအပေါ်မှာ အချိန်ယူ တည်ဆောက်ထားတဲ့ မဟာမိတ်မျိုး ဖြစ်ပါတယ်။ ဆီးရီးယားမှာလည်း ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ရည်ရွယ်ချက်ဟာ အတူတူပါပဲ”

    ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့များကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကာ တူရကီက ဆီးရီးယားသို့ ပြီးခဲ့သည့်လမှစ၍ ကျူးကျော်ဝင်ရောက် တိုက်ခိုက်နေပြီး ကာ့ဒ်တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးထားသည့် အမေရိကန်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထို့ပြင် ဆီးရီးယားတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းရန်၊ မရုပ်သိမ်းပါက မိမိတို့နှင့် ထိပ်တိုက်တွေ့မည်ဟု တူရကီက သတိပေးထားသည်။

    အမေရိကန်ကမူ ဆီးရီးယားရှိ ၎င်းတို့တပ်များ ဆုတ်ခွာမည်မဟုတ်ဟု တုန့်ပြန်ခဲ့သည်။

    တီလာဆန်နှင့် သတင်းစာရှင်းလင်းပွဲတွင် တူရကီနိုင်ငံခြားရေးဝန်ကြီး Cavusoglu က အမေရိကန်နှင့် တူရကီတို့၏ ဆက်ဆံရေးမှာ အထိခိုက်မခံသည့် အနေအထားကို ရောက်နေပြီး၊ ပြေလည်အောင် ဖြေရှင်းမည်လား၊
    သို့မဟုတ် ကိုယ့်လမ်းကိုယ်လျှောက်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်လာပြီဟု ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်မှာ ၎င်းတို့ပေးထားသည့် ကတိက၀တ်များကို မတည်ကြောင်း ၎င်းက ထည့်သွင်းပြောကြား
    ခဲ့ကာ အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် ကာ့ဒ်တပ်ဖွဲ့များအနေဖြင့် ဆီးရီးယားရှိ မန်ဘစ်ဂ်ျမြို့မှ ယူဖရေးတီးမြစ် အရှေ့ဖက်ကို ရွှေ့ပြောင်းရန် တူရကီ၏ တောင်းဆိုမှုကို ချီးကျူးပြောဆိုခဲ့သည်။

    အမေရိကန်-တူရကီ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်း
    စဉ်တစ်ခု ချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဟုလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းြေ
    ပာကြားခဲ့သည်။

    Ref: Aljazeera