News @ M-Media

Tag: turkey

  • နှစ်သစ်ကူးညတွင် တူရကီနိုက်ကလပ်တစ်ခု တိုက်ခိုက်ခံရ

    နှစ်သစ်ကူးညတွင် တူရကီနိုက်ကလပ်တစ်ခု တိုက်ခိုက်ခံရ

    ဇန်န၀ါရီ ၁၊ ၂၀၁၇
    M-Media

    istan

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ နာမည်ကျော် နိုက်ကလပ်တစ်ခုတွင် သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဒေသခံများနှင့် နိုင်ငံခြားသားများအကြား ရေပန်းစားရာ Reina နိုက်ကလပ်ဖြစ်ပြီး ယမန်နေ့က နှစ်သစ်ကူးအခမ်အနား ကျင်းပပြုလုပ်နေစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဆန်တာကလော့ ၀တ်စုံကို ၀တ်ဆင်ထားသည့် သေနတ်သမားက နိုက်ကလပ်သို့ အ၀င်လမ်းတွင် ရဲတပ်ဖွဲ့တစ်ဦးနှင့် အရပ်သားများကို ရိုင်ဖယ်ဖြင့် ပစ်ခတ်ကာ အဆောက်အဦးအတွင်းသို့ ၀င်ရောက်လာပြီး နိုက်ကလပ်ထဲတွင် မြင်မြင်သမျှကို ထပ်မံ ပစ်ခတ်ခဲ့သည်။

    ထိုအဖြစ်အပျက်အတွင်း ဒဏ်ရာရရှိသူမှာ အနည်းဆုံး ၄၀ ခန့် ရှိနေကာ သေဆုံးသူမှာလည်း မြင့်တက်လာဖွယ်ရှိနေသည်။

    အစ္စတန်ဘူလ်အုပ်ချုပ်ရေမှူး ဗာစစ်ပ်ဆာဟင်ကမူ အဆိုပါတိုက်ခိုက်မှုကို အပြစ်မဲ့များအား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကင်ပွန်းတက်ခဲ့သည်။

    အခင်းဖြစ်ပွားစဉ်အတွင်း အဆိုပါ နိုက်ကလပ်တွင် လူပေါင်း ၅၀၀ မှ ၆၀၀ခန့်အထိ ရှိနေပြီး အချို့မှာ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် အနီးရှိ ဘော့စ်ဖရပ်စ်ရေလက်ကြားထဲသို့ ခုန်ချခဲ့ပြီး ရဲတပ်ဖွဲ့ကကယ်ဆယ်ခဲ့ရသည်။

    Reina နိုက်ကလပ်၏ ပိုင်ရှင်ကမူ မိမိတို့ကလပ်မှာ တိုက်ခိုက်ခံရဖွယ်ရှိသည်ဟု အမေရိကန် ထောက်လှမ်းရေးဌာန၏ သတင်းအချက်အလက်များကို အခြေခံကာ အာဏာပိုင်များက သတိပေးထားပြီး မိမိတို့ကလည်း လုံခြုံရေးအရ ဆောင်ရွက်မှုများကို ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။

    ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    တူရကီမှာ ဆီးရီးယားနှင့် အီရတ်တို့ရှိ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့တွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေပြီး IS ၏ လက်တုန့်ပြန်တိုက်ခိုက်မှုများကိုလည်း ခံနေရသည်။

    Ref: Aljazeera, RT

  • အကြမ်းဖက်များကို အမေရိကန်က ထောက်ပံ့နေသည်ဟု ရုရှားနှင့် တူရကီတို့ စွပ်စွဲ

    အကြမ်းဖက်များကို အမေရိကန်က ထောက်ပံ့နေသည်ဟု ရုရှားနှင့် တူရကီတို့ စွပ်စွဲ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    thai

    – အမေရိကန်မှာ ဆီးရီးယားရှိ အကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေသည်ဟု ရုရှားနှင့် တူရကီတို့က သီးခြားစီ စွပ်စွဲပြောကြားလိုက်သည်။

    တူရကီသမ္မတ အာဒိုဂန်က အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့များမှာ ဆီးရီးယားရှိ IS အကြမ်းဖက်အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့များဖြစ်သော YPG၊ PYD အဖွဲ့များကို ထောက်ပံ့ပေးနေသည့် အထောက်အထားများ မိမိတွင် ရှိနေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့က IS ကို ထောက်ပံ့နေတယ်လို့ သူတို့က စွပ်စွဲတယ်ဗျ။ အခု သူတို့က IS၊ YPG နဲ့ PYD တို့အပါအ၀င် အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့နေတာပါ။ သိပ်ထင်ရှားပါတယ်။ ကျွန်တော်တို့မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေလို အတည်ပြုနိုင်တဲ့ အထောက်အထားတွေ ရှိနေပါတယ်” ဟု အာဒိုဂန်က အန်ကာရာ
    တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရကမူ အာဒိုဂန်၏ ထိုစွပ်စွဲမှုကို ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိသော ရယ်စရာစွပ်စွဲချက်ဖြစ်သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တိုနာက ပြောကြားခဲ့သည်။

    ရုရှားကလည်း အမေရိကန်အနေဖြင့် ဆီးရီးယားသူပုန်များကို လက်နက်ထောက်ပံ့ရေးကန့်သတ်ချက် ဖြေလျော့လိုက်ခြင်းမှာ ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့များကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း အဆိုပါ လက်နက်များမှာ အလယ်အလတ်အတိုက်အခံအဖွဲ့အဖြစ် ဟန်ဆောင်ထားသည့် အကြမ်းဖက်သမားများ၏ လက်တွင်သို့ ရောက်သွားနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

    Ref: Aljazeera

  • ရုရှားသံအမတ်ကို လုပ်ကြံသူက ဆီးရီးယားပြည်သူများ ထိခိုက်ခံစားရမှုများကို ရည်ညွှန်းပြောဆိုခဲ့

    ရုရှားသံအမတ်ကို လုပ်ကြံသူက ဆီးရီးယားပြည်သူများ ထိခိုက်ခံစားရမှုများကို ရည်ညွှန်းပြောဆိုခဲ့

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    russia
    လုပ်ကြံခံလိုက်ရသည့် တူရကီဆိုင်ရာ ရုရှားသံအမတ် အန်ဒရေး ကာရ်လော့ဗ်

    – တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို လုပ်ကြံခဲ့သည့် သေနတ်သမားမှာ ပစ်ခတ်မှုအပြီးတွင် ဆီးရီးယားနိုင်ငံ အဲလစ်ပိုတွင် ဆီးရီးယားအစိုးရနှင့် ရုရှားတို့ ပူးပေါင်းကာ သူပုန်များအား တိုက်ခိုက်နေမှုကို ရည်ညွှန်းပြောဆိုသွားခဲ့သည်ဟု သိရသည်။

    အသက် ၆၂ နှစ်အရွယ်ရှိ ရုရှားသံအမတ် အန်ဒရေး ကာရ်လော့ဗ်မှာ ယမန်နေ့က အန်ကာရာ၌ ရုရှားသံရုံးမှ ဦးစီးပြုလုပ်သော ဓာတ်ပုံပြပွဲတွင် မိန့်ခွန်းပြောကြားနေစဉ် အနောက်ဖက်မှ အနီးကပ်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

    လုပ်ကြံသူမှာ အသက် ၂၂ နှစ်အရွယ် အန်ကာရာအခြေစိုက် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တာဝန်ချိန်ပြင်ပ၌ ယခုကဲ့သို့ ကျူးလွန်ခြင်းဖြစ်သည်။ တူရကီ ရဲတပ်ဖွဲ့မူ အဆိုပါလုပ်ကြံသူကို နောက်ပိုင်းတွင် အသေဖမ်းဆီးခဲ့သည်။

    “အဲလစ်ပိုကို မမေ့ပါနဲ့၊ ဆီးရီးယားကို မမေ့ပါနဲ့။ ဒီလိုရက်စက်ကြမ်းကြုတ်မှုမှာ ပါဝင်သူတွေဟာ ပြန်ပေးဆပ်ကြရလိမ့်မယ်။ ဒီနေရာကနေ ကျုပ်ကို အရှင်ဖမ်းလို့ရမှာ မဟုတ်ဘူး” ဟု အဆိုပါ သေနတ်သမားက ဟစ်အော်ပြောကြားခဲ့သည်။

    ကာရ်လော့ဗ်မှာ သံတမန် အသိုင်းအ၀ိုင်းထဲသို့ ၁၉၇၆ ခုနှစ်တွင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မြောက်ကိုရီးယား သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ တူရကီသံအမတ်အဖြစ် ၂၀၁၃ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရုရှားနှင့် အီရန်တို့ ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားအစိုးရတပ်များမှာ သူပုန်များထိန်းချုပ်ထားရာ အဲလစ်ပိုမြို့အား တိုက်ခိုက်မှုများကို တရစပ် ပြုလုပ်ခဲ့ပြီး ပြည်သူအများအပြား သေဆုံးခဲ့ရသည်။

    Ref: Aljazeera

  • ပြည်သူများ ကန့်ကွက်သောကြောင့် တူရကီအစိုးရက ဥပဒေမူကြမ်းတစ်ခုကို ရုပ်သိမ်း

    ပြည်သူများ ကန့်ကွက်သောကြောင့် တူရကီအစိုးရက ဥပဒေမူကြမ်းတစ်ခုကို ရုပ်သိမ်း

    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    turkey

    – ပြည်သူများက ဒေါသတကြီး ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် တူရကီအစိုးရမှာ အရွယ်မရောက်သူများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအပေါ် စွဲဆိုထားချက်ကို ပယ်ဖျက်နိုင်မည့် မူကြမ်းတစ်ခုကို ပြန်လည် ရုပ်သိမ်းသွားခဲ့သည်ဟု သိရသည်။

    အဆိုပါ အငြင်းပွားဖွယ်ဥပဒေက သတ်မှတ်အသက်ဖြစ်သော အသက် ၁၈ နှစ်အောက် ကလေးငယ်များကို လက်ထပ်မှုမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မြောက်မမြောက်ဆိုသည့် ပြဿနာကို ဖြေရှင်းရန်နှင့် နှစ်ဦးနှစ်ဖက် သဘောတူပြီး ပြင်ပ ဖိအား မပါလျှင်သော်လည်းကောင်း၊ လိင်းပိုင်ဆိုင်ရာ ကျူးလွန်ပြီး လက်ထပ်ယူရန် ဆောင်ရွက်သည့်အခါတွင်လည်းကောင်း ကျူးလွန်သူအပေါ် ပြုလုပ်ထားသည့် စွဲချက်များအား ပယ်ဖျက်ရန် အဆိုပြုထားသည်။

    ဝေဖန်သူများက ထိုဥပဒေကြမ်းမှာ အမျိုးသားများအနေနှင့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်များအား ထိမ်းမြားလက်ထပ်နိုင်သည့် အလေ့အကျင့်တစ်ခုကို ဥပဒေအရ ခွင့်ပြုပေးလိုက်သည့် အခြေအနေ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။

    တူရကီတွင် အသက် ၁၈ နှစ်ကို ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိသည့် အရွယ်ဟု သတ်မှတ်ထားသည်။ တူရကီအစိုးရက ထိုဥပဒေကို လွှတ်တော်၌ တင်သွင်းရန် ပြင်ဆင်မှုအား မကျေနပ်သည့်အတွက် ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် တူရကီပြည်သူ ထောင်ပေါင်းများစွာမှာ လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။

    အစောပိုင်းကလည်း တူရကီဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မက အစိုးအရအနေဖြင့် အဆိုပါ မူကြမ်း တင်သွင်းထားမှုကို ရုပ်သိမ်သွားမည်ဟု ဆိုသည်။ မူကြမ်းကို ယမန်နေ့တွင် နောက်ဆုံးမဲခွဲအတည်ပြုရန် စီစဉ်ထားခဲ့ခြင်းဖြစ်သော်လည်း အစိုးရကမူ လွှတ်တော်ကော်မတီသို့ တင်သွင်းတော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera

  • မိမိတို့လုံခြုံရေးအဖွဲ့ကို တူရကီဝင်လျှင် စဉ်းစားပေးမည်ဟု တရုတ်ပြော

    မိမိတို့လုံခြုံရေးအဖွဲ့ကို တူရကီဝင်လျှင် စဉ်းစားပေးမည်ဟု တရုတ်ပြော

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    – ရုရှားနှင့်တရုတ်တို့ ဦးဆောင်သည့် လုံခြုံရေးအဖွဲ့သို့ ၀င်ရောက်ရန် တူရကီမှ လျှောက်ထားလာပါက မိမိတို့အနေဖြင့် လက်ခံရန် စဉ်းစားသွားမည်ဟု တရုတ်နိုင်ငံက ပြောကြားလိုက်သည်။

    တူရကီသမ္မတ အာဒိုဂန်က တူရကီအနေဖြင့် ‘ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ ကို ၀င်ရောက်လာနိုင်သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီးနောက် တရုတ်၏ ယခုကဲ့သို့ တုန့်ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    အဆိုပါ လုံခြုံရေးအဖွဲ့ကို တရုတ်၊ ရုရှားနှင့် ဗဟိုအာရှ လေးနိုင်ငံဖြစ်သည့် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့က အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှ အစွန်းရောက်အန္တရာယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်များကို တိုက်ဖျက်ရန်အတွက် ၂၀၀၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှောင်းက တူရကီနိုင်ငံသည် ၎င်းတို့အဖွဲ့အစည်းနှင့် ဆွေးနွေးဆဲ မိတ်ဖက်နိုင်ငံဖြစ်နေပြီး၊ တရုတ်နှင့်လည်း အချိန်အတော်ကြာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှု ရှိထားသည်ဟု ပြောကြားခဲ့သည်။

    ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းကို ခိုင်မာအားကောင်းရန် တူရကီနိုင်ငံ၏ ဆန္ဒကလည်း တရုတ်အတွက် အလွန်အရေးပါကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ ၀င်ရောက်ရန် တူရကီက လျှောက်ထားလျှင် မိမိတို့က စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    တူရကီမှာ ဥရောပသမဂ္ဂသို့ ၀င်ရောက်ရန် ကြိုးစားနေသော်လည်း မအောင်မြင်သေးဘဲ အာဒိုဂန်ကမူ မိမိတို့အနေဖြင့် ဥရောပသမဂ္ဂသို့ လုံးဝ ၀င်ရောက်ရန် မလိုဘဲ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်သာ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

    ယခုကဲ့သို့ တရုတ်နှင့် ရုရှားတို့ ဦးဆောင်သည့် လုံခြုံရေးအဖွဲ့သို့ ၀င်ရောက်ပါက မဟာမိတ်နိုင်ငံများနှင့် ၎င်း၏ နေတိုးအဖွဲ့ဝင်နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်လာမည်ဖြစ်သည်။

    Ref : CNA