News @ M-Media

Tag: turkey

  • တူရကီအစိုးရ၏ ဘွဲ့လွန်ပညာတော်သင်ဆု မည်သူမဆို လျှောက်ထားနိုင်

    တူရကီအစိုးရ၏ ဘွဲ့လွန်ပညာတော်သင်ဆု မည်သူမဆို လျှောက်ထားနိုင်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းက မဟာဘွဲ့တက်ချင်သူတွေ၊ ဒေါက်တာဘွဲ့တက်ချင်သူတွေအတွက် တူရကီအစိုးရက ပညာတော်သင်တွေ ခေါ်ယူနေတယ်လို့သိရပါတယ်။

    တူရကီအစိုးရဲ့ www.turkiyeburslari.gov.tr ၀ဘ်ဆိုက်မှာ သွားရောက်လျှောက်ထားရမှာဖြစ်ပြီး ခွင့်ပြုရက်ကိုတော့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်ကနေ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေကို ၀ဘ်ဆိုက်မှပဲ တစ်ခါတည်း ဖြည့်သွင်းတာ၊ upload တာမျိုး ဆောင်ရွက်ရမှာပါ။

    ဒီပညာတော်သင်အစီအစဉ်အတွက် မည်သည့် တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ကိုမှ ကိုယ်စားလှယ်မပေးထားဘူးလို့လည်း အဲဒီဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    တူရကီနိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၅၅ မြို့က တက္ကသိုလ်ပေါင်း ၁၀၅ ခုဟာ နှစ်စဉ် ပညာသင်ဆုပေါင်း ၁၆၀၀၀ လောက်ကို ပေးလေ့ရှိပြီး အခု ဘွဲ့လွန် ပညာသင်ဆုလျှောက်ထားရာမှာ သက်ဆိုင်ရာ တက္ကသိုလ်က သတ်မှတ်ထားတဲ့ GRE၊ GMAT၊ TOEFL၊ DELF၊ YDS နဲ့ ALES တို့လို အင်္ဂလိပ်အရည်အချင်းစစ် အမှတ်တွေနဲ့ ကိုက်ညီဖို့တော့ လိုပါတယ်။

    မဟာဘွဲ့ လျှောက်ထားချင်သူတွေအနေနဲ့ ၁၉၈၇ ခုနှစ် ၁ လပိုင်း ၁ ရက်နေ့ မတိုင်ခင် မွေးဖွားသူတွေ ဖြစ်ရမှာဖြစ်ပြီး၊ ဒေါက်တာဘွဲ့အတွက်ကတော့ ၁၉၈၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မတိုင်ခင် မွေးဖွားသူ ဖြစ်ရမှာပါ။

    မဟာဘွဲ့အတွက် လျှောက်ထားသူဟာ လျှောက်ထားမယ့် ဘာသာရပ်အတွက် ဘွဲ့ရထားရမှာဖြစ်ပြီး၊ ဒေါက်တာဘွဲ့ လျှောက်ထားသူကတော့ သက်ဆိုင်ရာဘာသာရပ်နဲ့ မဟာဘွဲ့ ရထားရမှာဖြစ်ပါတယ်။

    လျှောက်ထားသူအနေနဲ့ အွန်လိုင်းလျှောက်လွှာမှာ ဖော်ပြထားတဲ့ တက္ကသိုလ်တွေမှာသာ ပညာသင်ဆု လျှောက်ထားနိုင်မှာဖြစ်ပြီး တစ်ခြားတက္ကသိုလ်တွေမှာတော့ ရမှာမဟုတ်ပါဘူး။

    အသေးစိတ်သိလိုသူတွေအနေနဲ့ www.turkiyeburslari.gov.tr အင်တာနက်စာမျက်နှာမှာ ၀င်ကြည့်နိုင်သလို 0 850 455 0 982 နံပါတ်ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ အီးမေးလ်နဲ့ မေးမြန်းချင်တယ်ဆိုရင်တော့ [email protected] လိပ်စာကို ဆက်သွယ်နိုင်ပါတယ်။

    တက္ကသိုလ်ကျောင်းသားတွေရဲ့ တူရကီအစိုးရအတွက် ပညာသင်ဆုလည်း မကြာမီ ကြေငြာမယ်လို့ သိရပါတယ်။

  • အစ္စတန်ဘူလ်နိုက်ကလပ်ကို တိုက်ခိုက်သူအား တူရကီဖမ်းဆီး

    အစ္စတန်ဘူလ်နိုက်ကလပ်ကို တိုက်ခိုက်သူအား တူရကီဖမ်းဆီး

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – နှစ်သစ်ကူးညက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တွင် ၀င်ရောက်ပစ်ခတ်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဟူ တူရကီမီဒီယာများက ဖော်ပြခဲ့သည်။

    အဘ်ဒူလ် ဂါဒီရ် မာရှာရီပေါ့ဗ်ဟုခေါ်ဆိုသည့် အဆိုပါသံသယရှိသူကို ယမန်နေ့ညနှောင်းပိုင်းက အစ္စတန်ဘူလ် အက်ဆန်ယာ့တ် ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ကာဇက်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကိုလည်း ထိန်းသိမ်းခဲ့သည်။

    လူ ၃၉ ဦးသေဆုံးခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွက် IS အကြမ်းဖက်အဖွဲ့က တာဝန်ယူခဲ့ပြီး ဆီးရီးယားတွင် တူရကီက ၀င်ရောက်တိုက်ခိုက်နေမှုကို လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယခင်ကလည်း လူအများအပြားကို ဖမ်းဆီးခဲ့သည်။ မာရှာရီပေါ့ဗ်မှာ ဥဇဘက်နိုင်ငံသားတစ်ယောက်ဖြစ်သည်ဟု သိရပြီး ၎င်း၏ ဇနီးမှာလည်း ဖမ်းဆီးခံထားရသည်။ တိုက်ခိုက်မှုအတွင်း ၆၉ ဦးဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံသားပေးမည်ဟု တူရကီကြေငြာ

    နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံသားပေးမည်ဟု တူရကီကြေငြာ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများ၊ တန်ဖိုးမြင့် အိမ်ခြံမြေ၀ယ်ယူသူ နိုင်ငံခြားသားများကို နိုင်ငံသားပေးသွားမည်ဟု တူရကီက ပြောကြားလိုက်သည်။

    ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ကန်ဒေါ်လာ ၂ သန်းဖိုး ပြုလုပ်ကာ၊ အနည်းဆုံး ကန်ဒေါ်လာ ၁ သန်းဖိုး အိမ်ခြံမြေ ၀ယ်ယူသူ၊ သို့မဟုတ် ဘဏ်စာရင်း အနည်းဆုံး ကန်ဒေါ်လာ ၃ သန်း ထည့်ထားသူများမှာ တူရကီနိုင်ငံသားရမည်ဖြစ်သည်။

    တူရကီ၏ လီရာငွေကြေးမှာ အလွန်အမင်းထိုးကျနေသည့်အချိန်တွင် ယခုကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လီရာမှာ အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စံချိန်တင် ထိုးကျခဲ့ပြီး ပြီးခဲ့သည့် ၁ လအတွင်း ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

    တူရကီသမ္မတ အာဒိုဂန်မှာ ပြီးခဲ့သည့်တစ်ပတ်ကလည်း မှောင်ခိုဈေးကွက်တွင် အလုပ်လုပ်နေရသည့် ကျွမ်းကျင် ဆီးရီးယားဒုက္ခသည်များအား စီစစ်မှုများ ပြုလုပ်ပြီးလျှင် နိုင်ငံသားပေးမည်ဟု ကြေငြာခဲ့သည်။

    လီရာငွေကြေး ကျဆင်းမှုမှာ ပူးပေါင်းလုပ်ကြံမှုတစ်ခုဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သူများမှာ အကြမ်းဖက်သမားများနှင့် ထူးမခြားနားဖြစ်သည်ဟု အာဒိုဂန်က ပြောကြားထားသည်။

    “လက်နက်တွေ၊ ဗုံးတွေကိုင်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့ ဒေါ်လာ၊ ယူရိုနဲ့ အတိုနှုန်းတွေကို ကိုယ်ကျိုးအတွက် အသုံးပြုနေတဲ့သူတွေအကြား ဘာမှ ကွာခြားမှုမရှိပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က တူရကီကို ဒူးထောက်လာစေဖို့ပါ။ သူတို့ဟာ ငွေကြေးလဲလှယ်နှုန်းကို လက်နက်သဖွယ် အသုံးချနေတာပါ” ဟု ကြာသာပတေးနေ့တွင် အာဒိုဂန်က ပြောကြားခဲ့သည်။

    တူရကီနိုင်ငံအတွင်း မတည်ငြိမ်မှုများ၊ ငွေကြေးပေါ်လစီများတွင် အာဒိုဂန်က ၀င်ရောက်စွက်ဖက်မှုများကြောင့် တူရကီနိုင်ငံ၏ စီးပွားရေးမှာ ဆိုးရွာလာခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်မှုများ ရှိနေသည်။

    Standard and Poor နှင့် Moody တို့က တူရကီ၏ အကြွေးအတွက် ယုံကြည်စိတ်ချရမှုအညွှန်းကိန်း (credit rating) ကို လျှော့ချခဲ့သည်။

    Ref: Arab News

  • ပရဟိတရန်ပုံငွေအတွက် တူရကီအဆိုတော် ကမ္ဘာပတ်သီချင်းဆိုမည်

    ပရဟိတရန်ပုံငွေအတွက် တူရကီအဆိုတော် ကမ္ဘာပတ်သီချင်းဆိုမည်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    – ပရဟိတအသင်းအဖွဲ့ အမျိုးမျိုးအတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရေး တူရကီအဆိုတော် အာရ်ဆင် ဖိုက်ဇာဒီမှာ ကမ္ဘာတစ်ဝှမ်းတွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားပြီး ပါကစ္စတန်နိုင်ငံတွင်လည်း ဖျော်ဖြေမှုပြုလုပ်မည်ဟု သိရသည်။

    “ဒီရှိုးပွဲရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေနဲ့ ပညာရေးအတွက် ထောက်ပံ့ပေးဖို့ပါပဲ” ဟု မြို့တော် အစ္စလာမ်မာဘတ်ရှိ စာသင်ကျောင်းများသို့ ယမန်နေ့က လည်ပတ်စဉ်အတွင်း ဖိုက်ဇာဒီက ပြောကြားခဲ့သည်။

    Diamond of Turkey (တူရကီမှ စိန်တစ်ပွင့်) ဟု ကျော်ကြားသည့် ဖိုက်ဇာဒီမှာ နိုင်ငံတကာ ချစ်ကျည်ရေးသံတမန်တစ်ဦး၊ စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။

    “ပါကစ္စတန်အတွက် ကျွန်တော့်ရဲ့ ခံစားရမှုက ပြောစရာစကားလုံးတောင် မရှိပါဘူး။ ဒါပေမယ် ကျွန်တော့်ကို ချစ်တဲ့၊ အားပေးတဲ့ ပါကစ္စတန်ကို ကျေးဇူးတင်ပါတယ်လို့တော့ ကျွန်တော် ပြောလို့ရပါတယ်” ဟု ဖိုက်ဇာဒီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Tha Nation

  • ဒုက္ခသည်အချို့ကို တူရကီက နိုင်ငံသားပေးမည်

    ဒုက္ခသည်အချို့ကို တူရကီက နိုင်ငံသားပေးမည်

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနှင့် အီရတ်တို့မှ ပဋိပက္ခများကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်အချို့ကို နိုင်ငံသားပေးမည်ဟု တူရကီသမ္မတ အာဒိုဂန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနက (နိုင်ငံသားပေးရေး) လုန်းငန်းကို ဆောင်ရွက်နေပြီး ဒီလုပ်ငန်းစဉ်အရ သူတို့ (ဒုက္ခသည်တွေ) ထဲက တစ်ချို့ဟာ လိုအပ်တဲ့ စီစစ်မှုတွေအားလုံးပြီးရင် နိုင်ငံသားရမှာဖြစ်ပါတယ်။ သူတို့ထဲမှာ အင်ဂျင်နီယာတွေ၊ ဥပဒေပညာရှင်တွေ၊ ဆရာဝန်တွေလည်း ပါပါတယ်။ ဒီစွမ်းအားတွေကို အသုံးချကြရမှာပါ။ ဒီမှာ တရားမ၀င် အလုပ်လုပ်နေရမယ့်အစား သူတို့ကို ကျွန်တော်တို့နိုင်ငံ့သားကောင်းအဖြစ် အလုပ်လုပ်ခွင့် ပေးရအောင်” ဟု အာဒိုဂန်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာနက ထိုလုပ်ငန်းကို အကောင်အထည်ဖော်ရန် အဆင်သင့်ရှိနေသည်ဟု အာဒိုဂန်က ပြောကြားခဲ့သော်လည်း အရေအတွက်မည်မျှ နိုင်ငံသားပေးမည်ဆိုသည့် ကိစ္စကဲ့သို့ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။

    တူရကီအစိုးရ၏ မှတ်တမ်းများအရ နိုင်ငံအတွင်း ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည်ပေါင်း ၃ သန်းကျော် ရှိနေသည်ဟု သိရသည်။

    ပြီးခဲ့သည့်နွေရာသီကလည်း အဆိုပါဒုက္ခသည်များကို နိုင်ငံသားပေးရန် အစီအစဉ်အား အာဒိုဂန်က ပြောကြားခဲ့ဖူးသော်လည်း တူရကီပြည်သူအချို့က ကန့်ကွက်ခဲ့ကြသည်။

    Ref: Alarabiya