News @ M-Media

Tag: UAE

  • ဘူတူဘီလာ (သို့) ဒူဘိုင်းက ရမ်ဇာန်နိဗ္ဗာန်ဆော်

    မတ် ၁၆၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – အဘ်ဒူလာ ဖာဟီဒီ)

    အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန်ဥပုသ်လမှာ ညဦးပိုင်း ၀တ်ပြုဆုတောင်းဖို့၊ အာရုံမတက်ခင် ၀ါထမင်းစားဖို့ လိုက်လံနှိုးဆော်ပေးတဲ့ ဓလေ့ထုံးတမ်းတစ်ခု ရှိပါတယ်။

    ဥပုသ်လရဲ့ ထွဋ်မြတ်မှုအကြောင်း၊ အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးကျယ်မှုအကြောင်းတွေ သီကုံးထားတဲ့ ကဗျာလင်္ကာတွေကို ဒေသအလိုက်၊ နိုင်ငံအလိုက် ထင်ရှားတဲ့ တူရိယာပစ္စည်းတွေနဲ့ ပေါင်းစပ်ကာ စည်းချက်ညီညီ ရွတ်ဆိုပြီး တစ်လမ်း၀င်တစ်လမ်းထွက် နိဗ္ဗာန်ဆော်ရတာ ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ဒီ နိဗ္ဗာန်ဆော်ကို ‘ဘူတူဘီလာ’ (ဗုံကြီးနဲ့လူ) လို့ ခေါ်တွင်ပါတယ်။

    အမွေဆက်ခံ
    ————–
    အဘ်ဒူလာ ဖာဟီဒီဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့က နိဗ္ဗာန်ဆော်တစ်ဦးပါ။ ရမ်ဇာန်ဥပုသ်လရဲ့ အရသာကို ပြည်သူတွေ အပြည့်အ၀ ခံစားနိုင်ဖို့အတွက် ‘ဘူတူဘီလာ’ ဓလေ့ကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

    ၁၉၆၀ ပြည့်နှစ်တွေက အဘိုးဖြစ်သူစတင်ခဲ့တဲ့ မိသားစုအမွေကို သူက ဆက်ခံထားတာပါ။

    လက်ရှိ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အဘ်ဒူလာဟာ ၂၀၀၅ ခုနှစ်ကစပြီး ရမ်ဇာန်နိဗ္ဗာန်ဆော်အလုပ်ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    “ဟိုးအရင်တုန်းက ဒီနိဗ္ဗာန်ဆော်အလုပ်ဟာ ရမ်ဇာန်မှာ အသက်မွေး၀မ်းကြောင်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဓလေ့ထုံးတမ်းတစ်ခုကို ထိန်းသိမ်းတဲ့ ပုံစံမျိုး ဖြစ်သွားပါပြီ”

    သတိရကြ
    ———-
    ဘူတူဘီလာ သီဆိုတဲ့ ကဗျာလင်္ကာတွေဟာ အလ္လာဟ်အရှင်မြတ်ကို သတိရဖို့၊ အချိန်မီ ၀ါထမင်းထစားဖို့ တိုက်တွန်းတာမျိုး ဖြစ်ပါတယ်။

    “အိပ်နေသော အို-လူသား၊ နိုးထပါလော့။ အရှင်မြတ်ကို ချီးမွမ်းလော့၊ အရှင်မြတ်ကို သတိရ တသလော့။ ဘူတူဘီလာလာပြီ၊ ညတိုင်း ပြည်သူတွေကို နှိုးဆော်ပေးနေပါပြီ”

    အဘ်ဒူလာရဲ့ နိဗ္ဗာန်ဆော်မှုမှာ လူငယ်တွေ၊ ကလေးတွေ အမြောက်အများ ပူးပေါင်းပါ၀င်တာမျိုးလည်း ရှိပါတယ်။

    ပျောက်ကွယ်မည်မဟုတ်
    ————————
    လူငယ်လူရွယ်တွေက နှစ်သက် စိတ်၀င်စားမှုတွေ ရှိနေပြီး အစိုးရကလည်း ယဥ်ကျေးမှု ထိန်းသိမ်းတာမျိုးတွေကို ပံ့ပိုးကူညီပေးနေတဲ့အတွက် ဘူတူဘီလာ ဓလေ့ထုံးတမ်းဟာ လတ်တလောမှာ ပျောက်ကွယ်မသွားနိုင်သေးဘူးလို့ အဘ်ဒူလာက ယုံကြည်နေပါတယ်။

    “ကျွန်တော့်နောက်ကိုလိုက်ပြီး သင်ယူချင်တဲ့သူတွေ၊ ကူညီပေးချင်သူတွေ အမြဲတမ်းရှိနေပါတယ်။ ၂၅ နှစ်အရွယ်၊ ၂၁ နှစ်အရွယ် လူငယ်တွေနဲ့ တစ်ချို့ဆို ၁၃ နှစ်လောက်ပဲ ရှိပါတယ်”

    Ref: Khaleej Times

  • နို၀င်ဘာ ၂၈ ရက် နိုင်ငံတကာသတင်းများ

    နို၀င်ဘာ ၂၈ ရက် နိုင်ငံတကာသတင်းများ

    (ဓာတ်ပုံ – ခါမေနီနှင့် အီရန်ရေတပ် အရာရှိများ တွေ့ဆုံပွဲ)

    M-Media

    ရီယာ့ဒ်မြို့မှ မက်ထရိုရထားလိုင်းသစ် ဖွင့်လှစ်
    ————–
    မြို့တော်ရီယာ့ဒ်မှာ ၁၇၆ ကီလိုမီတာရှည်လျားပြီး ဘူတာပေါင်း ၈၅ ခုပါ၀င်မယ့် မက်ထရို ရထားလိုင်းသစ်ကို ဆော်ဒီဘုရင် ဆလ်မန်က ဗုဒ္ဓဟူးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့စတင်ပြီး အများပြည်သူတွေ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဆော်ဒီအစိုးရရဲ့ ၂၀၃၀ ဖွံ့ဖြိုးရေး စီမံကိန်းမှာ ရီယာ့ဒ်မြို့အတွင်း အများပြည်သူ သယ်ယူပို့ ဆောင်ရေးစနစ် ပိုမိုကောင်းမွန်စေဖို့ ပါ၀င်ပြီး မက်ထရိုရထားလိုင်းဟာ ဒီစီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    ရေကြီးမှုနှင့် ရေရှားပါးမှု တိုက်ဖျက်ရေး စီမံကိန်းသစ် ယူအေအီးစမည်
    —————
    နိုင်ငံတစ်၀ှမ်း ရေလှောင်တမံနဲ့ တူးမြောင်းတွေ တစ်ဒါဇင်လောက် ဆောက်လုပ်မယ့် စီမံကိန်းသစ်တစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံက ထုတ်ပြန်ကြေငြာပါတယ်။ ရာသီဥတုဖောက်ပြန်မှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှု၊ သောက်သုံးရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ရေပြဿနာကို တိုက်ဖျက်ဖို့အတွက် ယူအေအီးဟာ ၂၀၃၆ စီမံကိန်းကြီးတစ်ခုကို ချမှတ် ဖော်ဆောင်နေပါတယ်။

    ကာကွယ်ရေးစွမ်းအား မြှင့်တင်ရန် အီရန် အဓိပတိ တိုက်တွန်း
    ————–
    စစ်တပ်ရဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးစွမ်းအားကို ပိုမိုမြှင့်တင်ဖို့ ရေတပ်ဦးစီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက တိုက်တွန်းလိုက်ပါတယ်။ ရေတပ်ဟာ ဒေသတွင်းမှာ အရေးပါကာ အဆုံးအဖြတ်ပေးနိုင်တဲ့ တပ်တစ်ခုဖြစ်ပြီး၊ ရန်စလာရင် ဆုံးရှုံးမှု ကြီးမားသွားအောင် လုပ်နိုင်တဲ့ အင်အားမျိုး ရှိနေတာဆိုတာကို ရန်သူတွေ သိစေဖို့ လုပ်ဆောင်သွားရမယ်လို့လည်း ခါမေနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Arab News, Khaleej Times, Press TV


  • စက်တင်ဘာ ၁ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၁ ရက်နေ့ သတင်းတို

    M-Media

    ဂါဇာတွင် ပိုလီယိုကာကွယ်ဆေးစီမံကိန်း ပြန်စ
    —————–
    အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ၁၁ လကြာ ခံနေရတဲ့ ဂါဇာကမ်းမြှောင်မှာ စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး ပိုလီယိုကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်နေပါတယ်။ တိုက်ခိုက်မှုကြောင့် ကျန်းမာရေးစနစ် ချို့ယွင်းပြီး ပိုလီယိုရောဂါ ပြန်လည်ဖြစ်ပွားလာတာကြောင့် ကုလသမဂ္ဂ၊ အာရပ်နိုင်ငံတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေ ပူးပေါင်းပြီး ကာကွယ်ဆေးစီမံကိန်းကို ပြန်လည်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

    အထောက်အထားမဲ့များအတွက် ၂ လတာ ကင်းလွတ်ခွင့်ပေးထားတဲ့ ယူအေအီး
    ————-
    အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို အထောက်အထားပြန်လုပ်ဖို့၊ ဒါမှမဟုတ် တိုင်းပြည်က ထွက်ခွာချင်ရင် ထွက်ခွာဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးက) ကင်းလွတ်ခွင့် ၂ လတာ သတ်မှတ်ပေးလိုက်ပါတယ်။ စက်တင်တာ ၁ ရက်ကနေ အောက်တိုဘာလကုန်အထိ ကြာမြင့်မှာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း ယူအေအီး လူ၀င်မှုကြီးကြပ်ရေးဌာနနဲ့ သက်ဆိုင်ရာသံရုံးတွေကို ဆက်သွယ်ကာ အထောက်အထားတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ယူအေအီးမှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားသားတွေ အများဆုံး ရှိနေပါတယ်။

    စွမ်းအင်လုပ်ငန်းအတွက် အမေရိကန်ကို အီရတ် စွဲဆောင်မည်
    ————
    ရေနံ၀န်ကြီးရဲ့ မကြာခင်သွားမယ့် အမေရိကန်ခရီးစဥ်မှာ ဓာတ်ငွေ့လုပ်ကွက် အနည်းဆုံး ၁၀ ခုလောက်ကို ကန်ရင်းနှီးမြှုပ်နှံသူတွေကိုပေးဖို့ အီရတ်က စီစဥ်ထားပါတယ်။ အီရတ်ဟာ အခုနှစ်အကုန်မှာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာအောင်လုပ်ဖို့ စီစဥ်နေပြီး ပြီးခဲ့တဲ့ လိုင်စင်ဖွင့်လှစ်မှုတွေမှာ တရုတ်ကုမ္ပဏီတွေက အများဆုံး ရရှိခဲ့ပါတယ်။ ဓာတ်ငွေ့မှာ အီရန်ကိုမှီခိုနေရတဲ့ အီရတ်ဟာ ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းကို ပိုမို တိုးတက်အောင် စီစဥ်နေပါတယ်။

    Ref: Arab News, Khaleej Times

  • ကမ္ဘာ့အပြင်ဘက်မှ အီးဒ် နှုတ်ခွန်းဆက်စကား

    ကမ္ဘာ့အပြင်ဘက်မှ အီးဒ် နှုတ်ခွန်းဆက်စကား

    အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကျရောက်ပါစေ။ ပျော်ရွှင်စရာ အီးဒ်နေ့ အခါသမယမှာ ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေကြောင်း ကျွန်တော် ဆူလ်တန် အလ်-နီယာဒီက နိုင်ငံတကာ အာကာသစခန်းကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

    ဆူလ်တန် အလ်-နီယာဒီ (ယူအေအီး အာကာသယာဥ်မှူး)

    နီယာဒီဟာ အာကာသထဲမှာ အချိန်အကြာဆုံးနေထိုင်တဲ့ ပထမဆုံး အာရပ်လူမျိုး၊ အာကာသလမ်းလျှောက်မှု အကြာဆုံး လုပ်တဲ့ ပထမဆုံး အာရပ်လူမျိုးအဖြစ် မှတ်တမ်း၀င်သူ ဖြစ်ပါတယ်။ 

  • ယူအေအီး အာကာသယာဥ်မှူး အာရပ်ကမ္ဘာတွင် နောက်ထပ် သမိုင်းသစ်တစ်ခု ရေးထိုးမည်

    ယူအေအီး အာကာသယာဥ်မှူး အာရပ်ကမ္ဘာတွင် နောက်ထပ် သမိုင်းသစ်တစ်ခု ရေးထိုးမည်

    ဧပြီ ၈၊ ၂၀၂၃

    M-Media 


    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အာကာသယာဥ်မှူး ဆူလ်တန် အလ်-နီယာဒီဟာ ဧပြီ ၂၈ ရက်နေ့မှာ အာကာသထွက် လမ်းလျှောက်ဖို့ ရှိနေပါတယ်။ 

    နီယာဒီဟာ မတ်လ ၂ ရက်နေ့ကတည်းက နိုင်ငံတကာ အာကာသစခန်း (ISS) ကို ရောက်ရှိနေပြီး ၆ လကြာ နေထိုင်မှာ ဖြစ်ပါတယ်။ ဒီခရီးစဥ်ကြောင့် အာကာသမှာ အချိန်အကြာဆုံး နေထိုင်တဲ့ အာရပ် အာကာသယာဥ်မှူးအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ဧပြီလကုန်ပိုင်းမှာ နီယာဒီဟာ အခြားအာကာသယာဥ်မှူးတစ်ဦးနဲ့အတူ အာကာသထဲထွက်ကာ နိုင်ငံတကာအာကာသစခန်း ပြုပြင်၊ အဆင့်မြှင့်တင်မှု လုပ်ဆောင်မှာဖြစ်ပါတယ်။ 

    ၆ နာရီခွဲကြာမယ့် ဒီလုပ်ငန်းစဥ်ကြောင့် အာရပ်ကမ္ဘာမှာ ပထမဆုံး အာကာသထွက်တဲ့ အာကာသယာဥ်မှူးအဖြစ် မှတ်တမ်း၀င်မှာပါ။

    အသက် ၄၁ နှစ်အရွယ် နာဒီဟာ အာကာသကိုရောက်တဲ့ ဒုတိယမြောက် ယူအေအီးနိုင်ငံသားလည်း ဖြစ်ပါတယ်။ 

    Ref: Alarabiya