News @ M-Media

Tag: UAE

  • အင်္ဂါဂြိုဟ်တွင် ရောင်စဥ်အလင်းတန်းသစ်တစ်ခုကို ယူအေအီး တွေ့ရှိ

    အင်္ဂါဂြိုဟ်တွင် ရောင်စဥ်အလင်းတန်းသစ်တစ်ခုကို ယူအေအီး တွေ့ရှိ

    စက်တင်ဘာ ၄၊ ၂၀၂၂
    M-Media

    ကမ္ဘာ့မြောက်ဖျားတွင် တွေ့ရသည့် Aurora အလင်းတန်း

    -အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက လွှတ်တင်ထားတဲ့ အင်္ဂါဂြိုဟ် လေ့လာစူးစမ်းရေးယာဥ်ဟာ အင်္ဂါဂြိုဟ်မှာ ‘အော်ရော်ရာ’ (Aurora) လို့ခေါ်တဲ့ ပရိုတွန်ရောင်စဥ်အလင်းတန်း ပုံစံသစ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

    ဒီတွေ့ရှိချက်ကြောင့် အင်္ဂါြဂိုဟ်ရဲ့ လေထုအကြောင်းကို ပိုမို အသေးစိတ်ကျကျ နားလည်အောင် လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

    ယူအေအီးဟာ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး စီမံကိန်း (EMM) အဖြစ် ဂြိုဟ်တုတစ်လုံးကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ အင်္ဂါဂြိုဟ်ဆီ ပို့လွှတ်ပြီး လေထုကို စောင့်ကြည့် လေ့လာနေခဲ့တာပါ။

    အခုတွေ့ရှိခဲ့တဲ့ ပရိုတွန် ရောင်စဥ်အလင်းတန်းကို ပိုမို အသေးစိတ် နားလည်နိုင်ဖို့အတွက် EMM ဟာ အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ အင်္ဂါဂြိုဟ်လေထု လေ့လာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

    “အင်္ဂါဂြိုဟ်ရဲ့ နေ့ကာလတွေမှာ ပရိုတွန် ရောင်စဥ်တန်းတွေ ဘယ်လို ပေါ်ပေါက်လာလဲဆိုတာနဲ့ပတ်သက်ပြီး နာဆာရဲ့ အရင်က လေ့လာထားချက်တွေ၊ ရှုမြင်ပုံတွေမှာ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်က နောက်ထပ် ပုံစံသစ်တစ်ခုကို ထည့်ပေးလိုက်တာပါ” လို့ EMM ရဲ့ သိပ္ပံဆိုင်ရာ အကြီးအကဲ ဟီဆာ အလ်-မာထရူရှီက ပြောပါတယ်။

    အင်္ဂါဂြိုဟ်ရဲ့ လေထုနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ နားမလည်နိုင်တာ အများအပြား ရှိနေသေးပြီး အခုတွေ့ရှိချက်ကြောင့် သုတေသန နယ်ပယ်သစ်တွေကို ဖြန့်ကျက် လုပ်ဆောင်လာနိုင်လိမ့်မယ်လို့လည်း အလ်-မာထရူရှီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နေရောင်ခြည်နဲ့ လေထုက အမှုန်တွေ ထိတွေ့တဲ့အခါမှာ အော်ရော်ရာလိုခေါ်တဲ့ လှပတဲ့ ရောင်စဥ်အလင်းတန်းတွေ ထွက်ပေါ်လေ့ရှိပြီး ကမ္ဘာမှာဆိုရင် မြောက်၀င်ရိုးစွန်းနဲ့ နီးကပ်တဲ့ ဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။

    Ref: Arab News

  • နှစ် ၅၀ အတွင်း အမျိုးသမီးများပါ၀င်မှု သိသိသာသာ မြင့်တက်လာသည့် ဒူဘိုင်းရဲတပ်ဖွဲ့

    နှစ် ၅၀ အတွင်း အမျိုးသမီးများပါ၀င်မှု သိသိသာသာ မြင့်တက်လာသည့် ဒူဘိုင်းရဲတပ်ဖွဲ့

    သြဂုတ် ၂၄၊ ၂၀၂၂
    M-Media

    -၁၉၆၀ ခုနှစ်က အမျိုးသမီးတပ်ဖွဲ့၀င် တစ်ဦးသာရှိခဲ့တဲ့ ဒူဘိုင်းရဲတပ်ဖွဲ့ဟာ ယနေ့အချိန်မှာတော့ ဌာနတိုင်းမှာ အမျိုးသမီး အရာရှိတွေ၊ တပ်ဖွဲ့၀င်တွေ အများအပြား ရှိနေပါပြီ။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရဲ့ ဒေသတစ်ခုဖြစ်တဲ့ ဒူဘိုင်းက ရဲတပ်ဖွဲ့ဟာ အမျိုးသမီးတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်လာနေပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ‘ဒူဘိုင်း ရဲတပ်ဖွဲ့ အမျိုးသမီးကောင်စီ’ ကို ဖွဲ့စည်းခဲ့ပြီး ရဲတပ်ဖွဲ့မှာ အမျိုးသမီးတွေရဲ့ ပါ၀င်မှု၊ လုပ်ငန်းခွင်ပျော်ရွှင်ရေး စတာတွေကို စဥ်ဆက်မပြတ် စောင့်ကြည့်လာခဲ့တာ ဖြစ်ပါတယ်။

    ရဲဌာနမှာ အမျိုးသမီးတပ်ဖွဲ့၀င်တွေရဲ့ လုပ်ငန်းခွင် ပျော်ရွှင်မှုနှုန်းဟာ ၂၀၁၈ ခုနှစ်က ၈၈.၂ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၁ ခုနှစ်မှာ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

    ဒူဘိုင်းရဲတပ်ဖွဲ့ အမျိုးသမီးကောင်စီဟာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ကျား၊ မ တန်းတူညီမျှရေး၊ မတူကွဲပြားစွာ ညီညွတ်ရေး စတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်၀ှမ်းက ဆုတံဆိပ်တွေလည်း ရရှိထားပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဒူဘိုင်းရဲတပ်ဖွဲ့မှာ ပညာတော်သင်ဆုရတဲ့ အမျိုးသမီးတပ်ဖွဲ့၀င်အရေအတွက်ဟာ ၆၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

    ရာဇတ်မှုဆိုင်ရာ သိပ္ပံဌာန၊ ဇီ၀သိပ္ပံဌာန၊ ဆက်သွယ်ရေး၊ ဥပဒေနဲ့ နိုင်ငံရေး၊ ဉာဏ်ရည်တုနည်းပညာဌာန စတာတွေ အပါအ၀င် ဒူဘိုင်းရဲတပ်ဖွဲ့က နယ်ပယ် ၇၃ ခုမှာ အမျိုးသမီးတွေ တာ၀န်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။

    ၁၉၆၀ ခုနှစ် ဒူဘိုင်းရဲတပ်ဖွဲ့က ပထမဆုံးအမျိုးသမီးတပ်ဖွဲ့၀င်ရဲ့ အမည်ဟာ တိုဖာဟာ စလင်း ခါမစ် ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံရဲ့ အမျိုးသမီးများနေ့ဟာ သြဂုတ်လ ၂၈ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။

    Ref: Khaleej Times

  • ယူအေအီးနှင့် အစ္စရေး လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် ချုပ်ဆို

    ယူအေအီးနှင့် အစ္စရေး လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် ချုပ်ဆို

    မေ ၃၁၊ ၂၀၂၂
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ အစ္စရေးတို့အကြား လွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်း၀ယ်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဒါဟာ ၁၉၄၈ ခုနှစ်က ပါလက်စတိုင်းမှာ အစ္စရေးနိုင်ငံပေါ်လာပြီးနောက်ပိုင်း အာရပ်နိုင်ငံတစ်ခုနဲ့ ပထမဆုံး ကုန်သွယ်မှုစာချုပ်လည်း ဖြစ်ပါတယ်။

    လနဲ့ချီ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဒီသဘောတူညီချက်မှာ အခွန်သတ််မှတ်ရေး၊ သွင်းကုန်နဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ ကိစ္စတွေ ပါ၀င်ပြီး အစ္စရေးလုပ်ငန်းတွေ ယူအေအီးမှာ အခြေချဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ ယူအေအီး-အစ္စရေး စီးပွားရေးကောင်စီ ဥက္ကဌ ဒိုရီယန် ဘာရက်က ပြောပါတယ်။

    အခုနှစ်ကုန်ပိုင်း ယူအေအီးမှာ တိုက်ရိုက်လာရောက်လုပ်ကိုင်တဲ့၊ ဒါမှမဟုတ် တစ်ဆင့်ခံလုပ်ကိုင်တဲ့ အစ္စရေးကုမ္ပဏီပေါင်း တစ်ထောင်နီးပါး ရှိလိမ့်မယ်လို့လည်း ကောင်စီက ခန့်မှန်းထားပါတယ်။

    ယူအေအီးနဲ့ အစ္စရေးတို့ဟာ ၂၀၂၀ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးတဲ့နောက် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

    အခု ကုန်သွယ်ရေး သဘောတူညီချက်အရ စားသောက်ကုန်၊ လယ်ယာထွက်ကုန်၊ အလှကုန်၊ ဆေး၀ါးနဲ့ ဆေးဖက်ဆိုင်ရာ ကိရိယာတွေအပါအ၀င် ပို့ကုန်တော်တော်များများမှာ အခွန် ၉၆ ရာခိုင်နှုန်း သက်သာလိမ့်မယ်လို့ အစ္စရေးစီးပွားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    ယူအေအီးကတော့ ဒီသဘောတူညီချက်ကြောင့် လာမယ့် ၅ နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးကို တစ်နှစ် ၁၀ ဘီလီယံအထိ မြင့်တက်စေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: Reuters

  • အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်သစ်က ဘယ်သူလဲ

    အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်သစ်က ဘယ်သူလဲ

    မေ ၁၄၊ ၂၀၂၂
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကို နောက်ကွယ်ကနေ ထိန်းချုပ်မောင်းနှင်ပေးခဲ့တဲ့ ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ ဒီကနေ့မှာ တိုင်းပြည်ရဲ့အဓိပတိ သမ္မတဖြစ်လာပါတယ်။

    ပြည်နယ် ၇ ခုကစော်ဘွားတွေ ပါ၀င်တဲ့ ဖက်ဒရယ်အဓိပတိကောင်စီက အသက် ၆၁ နှစ်အရွယ် ရှိခ်မိုဟာမက်ကို သမ္မတသစ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ ညီဖြစ်သူ အသက် ၇၃ နှစ်အရွယ် ရှိခ် ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန် ကွယ်လွန်ပြီး တစ်ရက်အကြာမှာပဲ ရှိခ် မိုဟာမက် ခေါင်းဆောင်ဖြစ်လာတာပါ။ 

    MBZ လို့ အမည်တွင်တဲ့ ရှိခ် မိုဟာမက်ဟာ အာရပ်ကမ္ဘာရဲ့ သြဇာအရှိဆုံး ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီး အချိန်တိုတိုအတွင်း ယူအေအီးကို တိုးတက်ထွန်းကားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ကန့်လန့်ကာနောက်ကွယ်ကနေ ဆယ်စုနှစ်ချီ ပုံဖော်ခဲ့သူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။  

    ဗြိတိန်စစ်တက္ကသိုလ် ‘ဆင်းဟတ်’ ကနေ ဘွဲ့ရထားသူဖြစ်ပြီး ယူအေအီးစစ်တပ်ကို ခေတ်မီအားကောင်းအောင် အသွင်ပြောင်းနိုင်ခဲ့သူပါ။  

    အီရန်ကိုတန်ပြန်ဖို့ အစ္စရေးနဲ့ပေါင်းတာ၊ ဆော်ဒီနဲ့ပေါင်းပြီး ယီမင်ပြည်တွင်းစစ်မှာ ပါ၀င်တိုက်ခိုက်တာတွေဟာ ရှိခ် မိုဟာမက်ရဲ့ မူ၀ါဒတွေဖြစ်ပါတယ်။ သူဟာ ယူအေအီးရဲ့သြဇာကို အရှေ့အလယ်ပိုင်းဒေသနဲ့ အပြင်ဘက်ကိုပါ ချဲ့ထွင်နိုင်အောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ 

    ဆက်ဆံရေးသိပ်မကောင်းတဲ့ အီရန်၊ တူရကီတို့နဲ့ ပိုမိုသင့်မြတ်အောင် ရှိခ်မိုဟာမက်က နောက်ပိုင်းမှာ ကြိုးပမ်းလာပါတယ်။ 

    ယူအေအီးမှာ အခုတစ်ကြိမ် သမ္မတတင်မြှောက်မှုဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၃ ကြိမ်မြောက် တင်မြှောက်မှုလည်း ဖြစ်ပါတယ်။

    ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ အရင်က အိမ်ရှေ့မင်းသားအရာနဲ့ ယူအေအီးစစ်တပ်ရဲ့ ဒုတိယအကြီးအကဲအဖြစ် တာ၀န်ယူခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ကမ္ဘာ့အမြန်ဆုံးနှင့် စျေးအကြီးဆုံး အရေးပေါ်ကားကို ယူအေအီး ထုတ်ပြ

    ကမ္ဘာ့အမြန်ဆုံးနှင့် စျေးအကြီးဆုံး အရေးပေါ်ကားကို ယူအေအီး ထုတ်ပြ

    ဇန်နဝါရီ ၂၉၊ ၂၀၂၂
    M-Media

    -ကမ္ဘာ့အမြန်ဆုံးနဲ့ စျေးအကြီးဆုံး အရေးပေါ်ကားကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က သောကြာနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    HyperSport Responder လို့ အမည်ပေးထားတဲ့ အဲဒီကားကို EXPO 2020 ပြပွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားကို ဒူဘိုင်းအခြေစိုက် ကားကုမ္ပဏီ W Motors က ထုတ်လုပ်တာပါ။

    W Motors ဟာ ဟောလီး၀ုဒ်ရုပ်ရှင် Fast & Furious 7 မှာ အသုံးပြုခဲ့တဲ့ နာမည်ကျော် ပြိုင်ကား Lykan HyperSport ကို ထုတ်လုပ်တဲ့ကုမ္ပဏီလည်း ဖြစ်ပါတယ်။

    HyperSport Responder အရေးပေါ်ကားက ကန်ဒေါ်လာ ၃.၅ သန်း တန်ဖိုးရှိပြီး ၂.၈ စက္ကန့်အတွင်း တစ်နာရီ ၀ ကနေ ကီလိုမီတာ ၁၀၀ အထိ အရှိန်မြှင့်နိုင်ကာ အမြင့်ဆုံး တစ်နာရီ ကီလိုမီတာ ၄၀၀ အထိ မောင်းနိုင်ပါတယ်။

    ရှေ့မီးကြီးမှာ စိန်အလုံးပေါင်း ၄၄၀ ကွပ်ထားပြီး၊ အတွင်းပိုင်းအမိုးက ရွှေပြားခပ်ထားပါတယ်။ ကားမှာအသုံးပြုထားတဲ့ လယ်သာတွေကို ရွှေကြိုးနဲ့ သီချုပ်ထားတာ ဖြစ်ပါတယ်။

    ဒူဘိုင်း အရေးပေါ်ကယ်ဆယ်ရေးဌာန DCAS ရဲ့အကြီးအကဲ ခါလီဖာ ဒါရိုင်က HyperSport Responder ကားရဲ့ မြန်နှုန်းနဲ့ စွမ်းဆောင်နိုင်စွမ်းဟာ အရေးပေါ်အခြေအနေတွေမှာ သွားရောက်ရမယ့်အချိန်ကို လျော့ကျ​စေလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    DCAS ဟာ ယူအေအီးနိုင်ငံတစ်ဝှမ်းမှာ အရေးပေါ်ယာဉ်ပေါင်း ၃၃၁ စီးနဲ့ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

    Ref: Alarabiya