News @ M-Media
Tag: UAE
  • ယူအေအီး၏ တစ်နှစ်တာအကောင်းဆုံး ကလေးထိန်းဆုကို ဖိလစ်ပိုင်အမျိုးသမီး ရရှိ
    ယူအေအီး၏ တစ်နှစ်တာအကောင်းဆုံး ကလေးထိန်းဆုကို ဖိလစ်ပိုင်အမျိုးသမီး ရရှိ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၈
    M-Media
    ၂၀၁၈ ခုနှစ်အတွက် Best Nanny ဆု ရရှိခဲ့သည့် ရိုစီဗီလာ
    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ကလေးထိန်းဆု Best Nanny ဆု ကို ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ အသက် ၃၉ နှစ်အရွယ် ဖိလစ်ပိုင် ကလေးထိန်းက ရရှိခဲ့ပါတယ်။
    ရိုစီဗီလာဆိုသူဖြစ်ပြီး ယူအေအီးမှာ ကလေးထိန်းလုပ်လာတာ ၁၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
    ကလေးငယ် ၁ နှစ်အရွယ်မှ ခင်ပွန်းဖြစ်သူက သူ့ကို ထားသွားခဲ့ပြီးတဲ့နောက် အိပ်ယာထဲလဲနေတဲ့ မိဘတွေနဲ့ ညီအစ်ကိုမောင်နှမ ၉ ယောက်တဲ့အတွက် ရုန်းကန်းရတာကြောင့် ရိုစီဟာ ယူအေအီးမှာ ကလေးထိန်းအလုပ် လုပ်ကိုင်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
    အသက် ၁၇ နှစ်အရွယ် သမီးကို တက္ကသိုလ်ထားရဖို့ရှိနေတဲ့ ရိုစီက ငွေကြေးလိုအပ်နေတဲ့အချိန်မှာ ဒီဆုကို ရလိုက်တဲ့အတွက် ၀မ်းသာမိတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်မအလိုအပ်ဆုံးအချိန်မှာ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးက ကျွန်မသမီးက ကောလိပ်တက်ရတော့မယ့်အတွက် ဒီငွေဟာ ကောလိပ် ၄ နှစ်စာအတွက် လုံလောက်သွားပါပြီ။ ဒုတိယအနေနဲ့ အိမ်ရှင်က ဖိလစ်ပိုင်မှာ ကျွန်မအတွက် ကုန်စုံဆိုင်လေးတစ်ဆိုင် တည်ပေးထားတယ်။ အဲဒီအတွက် ကြွေးပူလေးတွေ ဆပ်ရမယ်။ နောက်ဆုံးကတော့ ကျွန်မနဲ့ ကျွန်မသမီး အေးအေးဆေးဆေး နေလို့ရအောင် အိမ်လေးတစ်လုံး ဒီပိုက်ဆံနဲ့ဆောက်မယ်။ သူမနဲ့ ခွဲခွာခဲ့ရတဲ့အချိန်တွေအတွက် အတိုးချပြီး အဲဒီအိမ်လေးမှာ ကုန်ဆုံးမှာပါ”
    ရိုစီက ဒူဘိုင်းဟာ သူမရဲ့ဇာတိဖြစ်နေပြီး အလုပ်ရှင်တွေအပေါ်မှာ တွယ်တာကာ အလုပ်ကိုလည်း ချစ်မြတ်နိုးကြောင်း၊ အလုပ်ရှင်တွေဟာ ကြင်နာကြပြီး မိသားစုလိုဖြစ်နေကြောင်း၊ အိမ်နဲ့အဝေးမှာ ကျွန်မကို ဂရုစိုက်တဲ့ နွေးထွေးတဲ့ မိသားစုမျိုး ရနေတဲ့အတွက် ကံကောင်းကြောင်း ရိုစီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ယူအေအီးရဲ့ Best Nanny ဆုကို ဘဏ္ဍာရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Rise က ပြီးခဲ့တဲ့နှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကလည်း အသက် ၄၅ နှစ်အရွယ် ဖိလစ်ပိုင် ကလေးထိန်း မီလာနီ မာနန်ဆာလာက ရရှိခဲ့ပါတယ်။
    ရိုစီကတော့ ကျန်းမာရေးကောင်းတဲ့အချိန်အထိ ဒူဘိုင်းမှာ ကလေးထိန်းအဖြစ် ဆက်လက် လုပ်ကိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : Khaleej Times
  • ၂၀၂၂ ခုနှစ်တွင် ဒူဘိုင်းက ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမည်
    ၂၀၂၂ ခုနှစ်တွင် ဒူဘိုင်းက ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမည်
    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media
    – အဆင့်မြင့်နည်းပညာတွေအသုံးပြုထားတဲ့ ကမ္ဘာပေါ်က ‘စမတ်မြို့တော်’ တွေထဲမှာ ဒူဘိုင်းလည်း ပါဝင်လာပြီး ၂၀၂၂ ခုနှစ်ရောက်ရင် ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမယ်လို့ Future Cities Council ရဲ့ ဥက္ကဌ ဒေါကတာ ကွာလစ်အလီက ပြောကြားလိုက်ပါတယ်။
    “နယ်ပယ် ၄၅ ခုမှာ တိုးတက်နေတဲ့ နည်းပညာ ၆၆ ခုကျော်ကို ကျွန်တော်တို့ လေ့လာခဲ့ပြီး အဲဒီနည်းပညာတော်တော်များများကို ဒူဘိုင်းမှာ အသုံးပြုပြီးနေပါပြီ” လို့ အလီက ဆိုပါတယ်။
    ဒူဘိုင်းမှာ စမတ်နည်းပညာတွေကို စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေမှာ အဓိကထား အသုံးပြုနေတာပါ။ ကမ္ဘာ့အဆင့်မီ စမတ်မြို့တော်တစ်ခု ဖြစ်လာရေး ဆောင်ရွက်ဖို့အတွက် ဒူဘိုင်းမှာ Dubai Plan 2021 စီမံကိန်းလည်း ရှိနေပါတယ်။
    ဒူဘိုင်းအခြေစိုက် သတင်းအချက်အလက်နဲ့ နည်းပညာလုပ်ငန်း Texpo ရဲ့ ဥက္ကဌ ဒေါက်တာ ဆာဖာရက်ဇ် အလမ်က အိမ်နီးချင်းနိုင်ငံ တော်တော်များများနဲ့ယှဉ်ရင် ဒူဘိုင်းဟာ အရှေ့ရောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “အခြေခံအဆောက်အဦးတွေ ကောင်းမွန်ပြီးဖြစ်တာကြောင့် ဒူဘိုင်းဟာ ပထ၀ီအနေအထားအရ ဒေသတွင်းမှာ ရှေ့ရောက်နေပါတယ်။ ၂၀၂၂ ခုနှစ်ရောက်ရင် ဒူဘိုင်းဟာ နောက်ဆုံးပေါ်နည်းပညာတွေ ရာနှုန်းပြည့်အသုံးပြုတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ”
    စမတ်နည်းပညာတွေကြောင့် ပြည်သူတွေဟာ ကုန်ကျစားရိတ်တွေ အများကြီး သက်သာသွားပြီး၊ သဘာဝပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံး ထိန်းသိန်းနိုင်မယ်လို့ ဒေါက်တာ ဆာဖာရက်ဇ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref : Arab News
  • ယူအေအီးတွင် နှစ်တစ်ထောင်ကျော်က ဗလီတစ်လုံးကို တူးဖော်တွေ့ရှိ
    ယူအေအီးတွင် နှစ်တစ်ထောင်ကျော်က ဗလီတစ်လုံးကို တူးဖော်တွေ့ရှိ
    စက်တင်ဘာ ၈၊ ၂၀၁၈
    M-Media
    တူးဖော်တွေ့ရှိခဲ့သည့် ဗလီဝတ်ကျောင်းတော် အစိတ်အပိုင်း
    – လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော် အဘ္ဘာစစ်မင်းဆက်လက်ထက်က ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော် အစိတ်အပိုင်းတွေကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ အဘူဒါဘီမှာ တူးဖော် တွေ့ရှိခဲ့ပြီး နိုင်ငံရဲ့ အစ္စလာမ်သာသနာထွန်းကားမှုကို ပိုမိုနားလည် သိရှိနိုင်မယ့် တွေ့ရှိမှုတစ်ခုလို့ ပညာရှင်တွေက မှတ်ယူနေကြပါတယ်။
    အလ်-အိန်းမြို့က ဆောက်လုပ်ဆဲ ရှိခ် ခါလီဖာ ဗလီဝတ်ကျောင်းတော်အနီးမှာ ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ ရေမြောင်းတွေ၊ အဆောက်အဦး ၃ ခုနဲ့အတူ ဒီဗလီဝတ်ကျောင်းတော်ကို တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိ ယူအေအီးမှာ တွေ့ရှိထားသမျှ ဗလီဝတ်ကျောင်းတော်တွေထဲမှာ အစောဆုံးတစ်ခုလည်း ဖြစ်ပါတယ်။
    “အလ်အိန်းက ရှေးဟောင်း သုတေသနလုပ်ငန်း လုပ်ဆောင်တဲ့ နေရာမှာ အခုလို တွေ့ရှိမှုဟာ ဒေသရဲ့ ကြွယ်ဝတဲ့ သမိုင်းကြောင်းကို သက်သေပြနေတာဖြစ်ပြီး၊ အတိတ်က အကြောင်းအရာတွေကို ကျွန်တော်တို့ ပိုသိနိုင်လာမှာလည်း ဖြစ်ပါတယ်” လို့ ရှေးဟောင်း တူးဖော်ရေးလုပ်ငန်း DCT Abu Dhabi ရဲ့ ဥက္ကဌ မိုဟာမက် ခါလီဖာ အလ် မူဘာရက်က ပြောကြားခဲ့ပါတယ်။
    အရင်က လမ်းပမ်းဆက်သွယ်ရေးအခြေအနေကြောင့် ယူအေအီးဟာ အစ္စလာမ်သာသနာ စတင်ထွန်းကားရာ မက္ကာဒေသနဲ့ ဝေးကွာပေမယ့် ဘိုးဘေးတွေဟာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အယူဝါဒ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ ဘယ်လို ဆက်နွယ် ပတ်သက်ခဲ့သလဲဆိုတာကို ဒီတွေ့ရှိမှုက ဖော်ပြနေတယ်လို့ လည်း သူက ဆိုပါတယ်။
    အခု တွေ့ရှိထားတဲ့ ဗလီဝတ်ကျောင်းတော်နဲ့ အခြားအဆောက်အဦး အစိတ်အပိုင်းတွေကို မြေအုတ်တွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အဆောက်အဦးတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရေမြောင်းတွေကို ကြည့်ရှုခြင်းအားဖြင့် ဒီနေရာမှာ နေထိုင်သူတွေဟာ ရေချိုတွေကို အမြဲရရှိတယ်ဆိုတာကို သုံးသပ်လို့ရတယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။
    အလ်-အိန်းဒေသမှာ ရေမြောင်းသွယ်တန်းတဲ့ စနစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်တွေ ဘုရားဝတ်မပြုခင် ကိုယ်လက်သန့်စင်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ရေအိုးအစိတ်အပိုင်းတွေကိုလည်း ဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းပိုင်းမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ရေဒီယိုကာဘွန်စစ်ဆေးမှုတွေအရ ဒီဗလီဟာ ယူအေအီးမှာ တွေ့ရှိထားတဲ့ ဗလီဝတ်ကျောင်းတော် တွေထဲမှာ အစောဆုံး ဖြစ်နေပါတယ်။
    ဗလီဝတ်ကျောင်းတော်နဲ့ ဘေးနားက အခြားအဆောက်အဦးတွေမှာ တွေ့ရတဲ့ ကြွေထည်၊ မြေထည်တွေဟာ တရုတ်က ထုတ်လုပ်တာဖြစ်တာကြောင့် အလ်-အိန်းဟာ တစ်ချိန်က အစ္စလာမ်သာသနာနဲ့ အတူ ကုန်သွယ်ရေး လုပ်ငန်းပါ ထွန်းကားခဲ့တဲ့ ဒေသအဖြစ် မှတ်ယူနိုင်တယ်လို့ သုတေသန ပညာရှင်တွေက သုံးသပ်ကြပါတယ်။
    DCT အဖွဲ့က ကျွမ်းကျင်ပညာရှင်တွေဟာ အဘူဒါဘီက အလ်-အိန်းနဲ့ အခြားဒေသတွေမှာ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။ ဒီအဖွဲ့ဟာ ဆီရ် ဘာနီ ယက်စ်ကျွန်းမှာ အခုအချိန်အထိ အသုံးပြုနေတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို သုတေသနလုပ်ခဲ့ပြီး အစ္စလာမ်သာသနာ စတင်ပြန့်နှံ့တဲ့အချိန်မှာ ဆောက်လုပ်ထားတဲ့ ဒီဘုရားကျောင်းဟာ မွတ်စလင်တွေရဲ့ ဘာသာရေးသည်းခံနိုင်မှု၊ မတူကွဲပြားမှုကို လက်ခံနိုင်မှု ပြယုဂ်ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
    Ref: Gulf Today
  • ယခုနှစ် ပထမနှစ်ဝက်အတွင်း ယူအေအီး၌ အစ္စလာမ်သို့ သက်ဝင်သူ ၂ ထောင်ကျော်ရှိ
    ယခုနှစ် ပထမနှစ်ဝက်အတွင်း ယူအေအီး၌ အစ္စလာမ်သို့ သက်ဝင်သူ ၂ ထောင်ကျော်ရှိ
    သြဂုတ် ၁၅၊ ၂၀၁၈
    M-Media
    Dar Al Ber Society ရုံး
    – အခုနှစ် ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံတစ်ဝှမ်း အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်သူ နိုင်ငံခြားသားအရေအတွက်ဟာ ၂၁၈၆ ဦး ရှိတယ်လို့ ဒူဘိုင်းအခြေစိုက် အစ္စလာမ့်သတင်းစကား ဖြန့်ချီရေးအဖွဲ့ Dar Al Ber Society က ထုတ်ပြန်ပါတယ်။
    ဒူဘိုင်းမှာ ၁၉၉၃ ဦး ရက်စ် အလ် ခိုင်မာမှာ ၁၉၃ ဦး သက်ဝင်လာကြတာဖြစ်ပြီး အဖွဲ့ရဲ့ စီအီးအို အဘ်ဒူလာ အလီ ဘင် ဇာယဒ် အလ်ဖာလာစီက သူတို့အဖွဲ့ဟာ သည်းခံခြင်း၊ အလယ်အလတ်ကျခြင်းနဲ့ ငြိမ်းချမ်းရေး သတင်းစကားတွေကို ယူအေအီးရောက် နိုင်ငံခြားသားတွေထံ ဖြန့်ချီပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    Dar Al Ber Society ဟာ အစ္စလာမ်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားတွေကို ချေဖျက်ဖို့၊ သစ်လွင်မွတ်စလင်တွေရဲ့ နှလုံးသားထဲမှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ တန်ဖိုးတွေနဲ့ သွန်သင်ချက်တွေ ကိန်းဝပ်လာအောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း အလ်ဖာလာစီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အစ္စလာမ်ကို သက်ဝင်လာကြသူတွေဟာ အာရှ၊ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက စသဖြင့် နိုင်ငံပေါင်း ၃၅ နိုင်ငံလူတွေ ဖြစ်ပါတယ်။
    ဒူဘိုင်း ‘အစ္စလာမ့်သတင်းအချက်အလက်စင်တာ’ ရဲ့ ဒါရိုက်တာဖြစ်သူ ရာရှစ် အလ်ဂျူနိုင်ဘီက သူတို့စင်တာဟာ ပထမနှစ်ဝက်အတွင်း အစ္စလာမ့်သတင်းစကား ဖြန့်ချီရေး၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ အပန်းဖြေရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Khaleej Times
  • ယူအေအီးနှင့် တရုတ်တို့ စီးပွားရေးသဘောတူညီချက် ၁၃ ခု လက်မှတ်ထိုး
    ယူအေအီးနှင့် တရုတ်တို့ စီးပွားရေးသဘောတူညီချက် ၁၃ ခု လက်မှတ်ထိုး
    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media
    ယူအေအီးသို့ ရောက်ရှိလာသည့် တရုတ်သမ္မတ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ်
    – နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အတွက် ယူအေအီးနဲ့ တရုတ်တို့ဟာ သဘောတူညီချက် ၁၃ ခုကို လက်မှတ်ရေထိုးခဲ့ပါတယ်။
    သဘောတူညီချက်တွေမှာ နှစ်နိုင်ငံ သံရုံးတွေ၊ ယဉ်ကျေးမှုစင်တာတွေ ဆောက်လုပ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ အီလက်ထရောနစ် ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေက ထွက်ကုန်တွေကို ရောင်းချနိုင်မယ့် လက်ကားဈေးကွက်တစ်ခု ဖွင့်လှစ်ရေး၊ ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး စီမံကိန်းတစ်ခုကို ပူးပေါင်းရင်းနှီးမြှုပ်နှံရေးတွေ ပါဝင်ပါတယ်။
    တရုတ်သမ္မတ ရှီကျင့်ဖျင် ယူအေအီးနိုင်ငံကို ၃ ရက်တာ လာရောက်မှုအတွင်း ဒီ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ ၂၉ နှစ်အတွင်း ယူအေအီးနိုင်ငံကို လာရောက်တဲ့ ပထမဆုံး တရုတ်သမ္မတလည်း ဖြစ်ပါတယ်။
    ရှီဟာ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇာယဒ်၊ ယူအေအီး ဒုတိယသမ္မတ ရှိခ် မိုဟာမက် ဘင် ရာရှစ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
    တရုတ်နိုင်ငံဟာ ယူအေအီးရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အရှေ့အလယ်ပိုင်းကို တရုတ်ရဲ့ တင်ပို့မှု ၆၀ ရာခိုင်နှုန်းလောက်ဟာ ယူအေအီးကနေတစ်ဆင့် ၀င်ရောက်တာဖြစ်ပါတယ်။ တရုတ်ရဲ့ အာရပ်ကမ္ဘာ ကုန်သွယ်ရေးမှာ ယူအေအီးက ၂၅ ရာခိုင်နှုန်း ရယူထားပါတယ်။
    ၂၀၁၇ ခုနှစ်အတွင်း ယူအေအီးကို လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသား အရေအတွက်ဟာ ၁ သန်းကျော် ရှိခဲ့ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးတန်ဖိုးက ကန်ဒေါ်လာ ၅၄.၅ ဘီလီယံ ရှိပါတယ်။ ရှိခ် မိုဟာမက် ဘင် ရာရှစ်က ဒီပမာဏကို နှစ်ဆတိုးဖို့ ရည်ရွယ်ထားတယ်လို့ ကြာသာပတေးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ယူအေအီးနဲ့ တရုတ်တို့ဟာ ရေနံကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကိုလည်း ရရှိခဲ့ပြီး ဒူဘိုင်းအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း Emaar က သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးဖြစ်လာမယ့် တရုတ်တန်းကို ယူအေအီးမှာ ဖော်ဆောင်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။
    ကြာသာပတေးနေ့က ယူအေအီးကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အဲဒီကနေတစ်ဆင့် ဆီနီဂေါ၊ ရ၀မ်ဒါနဲ့ တောင်အာဖရိကတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
    Ref: Abrab News