News @ M-Media

Tag: UAE

  • ယူအေအီးနှင့် တရုတ်တို့ ပူးပေါင်းကာ ကုန်သွယ်ရေးဇုန် တည်ထောင်မည်

    ယူအေအီးနှင့် တရုတ်တို့ ပူးပေါင်းကာ ကုန်သွယ်ရေးဇုန် တည်ထောင်မည်

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – ဒူဘိုင်းမှာ ကုန်သွယ်ရေးဇုန်သစ်တစ်ခု ထူထောင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူအေအီးနိုင်ငံပိုင် ဆိပ်ကမ်းလုပ်ငန်း DP World က ဒီကနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင့် အဘူဒါဘီကို လာရောက်ဖို့ ရှိနေတဲ့အချိန် ဒီသတင်း ပေါ်ထွက်လာတာဖြစ်ပါတယ်။

    ဒူဘိုင်းက ဂျဘာလ် အလီ လွတ်လပ်သော ကုန်သွယ်မှုဇုန်အတွင်းမှာ ‘ကုန်သည်များ ဈေးကွက်’ တစ်ခု တည်ထောင်ဖို့အတွက် DP World ဟာ တရုတ်က Zhejiang China Commodities City Group လုပ်ငန်းနဲ့ သဘောတူညီချက် ရရှိခဲ့တာပါ။

    သဘောတူညီချက်ဟာ တရုတ်ရဲ့ One Belt, One Road စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဂျာဘာအလီက ဒီဈေးကွက်ဟာ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး ကုန်သွယ်ရေးဇုန် ဖြစ်လာမယ်လို့လည်း DP World က ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    ဒီဇုန်မှာ အစားအသောက်၊ အလှကုန်ကနေ၊ ဆောက်လုပ်ရေး၊ နည်းပညာပစ္စည်းတွေအထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

    နိုင်ငံပေါင်း ၄၀ လောက်မှာ ဆိပ်ကမ်းလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ DP World က ဒီသဘောတူညီချက်ရဲ့ တန်ဖိုးကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    ရှီကျင့်ဖျင်ဟာ ဒီကနေ့နှောင်းပိုင်းမှာ အဘူဒါဘီမြို့ကို ရောက်ရှိမှာဖြစ်ပြီး ယူအေအီး အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဆီနီဂေါ၊ ရ၀မ်ဒါနဲ့ တောင်အာဖရိကနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

    တရုတ်ဟာ ယူအေအီးရဲ့ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံ ရေနံမဟုတ်တဲ့ ကုန်စည်ကူးသန်းမှုဟာ ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

    ယူအေအီးဟာ တရုတ်နိုင်ငံကို အဓိက ရေနံတင်ပို့နေတဲ့ ၁၅ နိုင်ငံထဲက တစ်နိုင်ငံလည်း ဖြစ်ပါ
    တယ်။

    Ref: CNA

  • ဒုက္ခသည်ကလေးများအတွက် ပညာရေးရန်ပုံငွေတစ်ခု ယူအေအီးသူဌေး ထူထောင်

    ဒုက္ခသည်ကလေးများအတွက် ပညာရေးရန်ပုံငွေတစ်ခု ယူအေအီးသူဌေး ထူထောင်

    ဇွန် ၂၂၊ ၂၀၁၈
    M-Media

    – အရှေ့အလယ်ပိုင်းက ဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ယူအေအီးအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်နဲ့ ပရဟိတသမား အဘ်ဒူလ် အဇစ် အလ် ဂူရာအီရ်ဟာ ကန်ဒေါ်လာ ၂၇ သန်းနဲ့ ရန်ပုံငွေတစ်ခု ထူထောင်လိုက်ပါတယ်။

    ရန်ပုံငွေထူထောင်ကြောင်းကို ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး ၃ နှစ်အတွင်း ယူအေအီးမှာရှိနေတဲ့ ဒုက္ခသည်ကလေးငယ်ပေါင်း အနည်းဆုံး ၅၀၀၀ လောက် အကျိုးခံစားရမှာ ဖြစ်ပါတယ်။ အခြားအာရပ်နိုင်ငံတွေက ဒုက္ခသည်တွေကို နေထိုင်ခွင့်ဗီဇာ တစ်နှစ် ပေးသွားမယ်လို့ ယူအေအီးအစိုးရက ကြေငြာပြီးနောက်ပိုင်း အလ် ဂူရာအီရ်ရဲ့ ဒီအစီအစဉ် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    အလ် ဂူရာအီရ်ရဲ့ ကူညီမှုကို ဂျော်ဒန်နဲ့ လက်ဘနွန်တို့က ဒုက္ခသည်ကလေးငယ်တွေလည်း ရရှိခံစားရမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ကူညီတဲ့အဖွဲ့တွေက ဒီထောက်ပံ့ကြေး ရရှိဖို့အတွက် အဆိုပြုလွှာ တင်သွင်းရမှာဖြစ်ပြီး အဲဒီအထဲကမှ ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမအသုတ် ကူညီထောက်ပံ့မှုကို ဂျော်ဒန်၊ လက်ဘနွန်နဲ့ ယူအေအီးတို့က ကျောင်းဖွင့်ရာသီမတိုင်မီ ပြုလုပ်သွားမှာပါ။

    ၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားနိုင်ငံက စစ်ပွဲကြောင့် လူပေါင်း ၅.၆ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ကျောင်းမနေရတဲ့ ကလေးငယ်တွေက ၂ သန်းလောက်ရှိတယ်လို့ ယူနီဆက်ဖ်က ပြောကြားထားပါတယ်။

    Ref: Forbes

  • ရမ်ဇာန်အခြေပြု ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးမှု ဒူဘိုင်းကျောင်းသားများ ပြုလုပ်

    ရမ်ဇာန်အခြေပြု ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးမှု ဒူဘိုင်းကျောင်းသားများ ပြုလုပ်

    ဇွန် ၉၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ဂေဟစနစ်ကို ခြိမ်းခြောက်နေတဲ့ ပလက်စတစ်အိတ်တွေကို အသုံးမပြုရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းမြို့က ကျောင်းသားလေးတွေဟာ အသိပညာပေးလှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။

    Shining Star International School ကျောင်းက ကျောင်းသားတွေဟာ စက္ကူအိတ်တွေနဲ့ ထုတ်ပိုးထားတဲ့ ၀ါဖြေအစားအသောက်တွေအထုကို ကားမောင်းသူတွေကို ဝေငှခဲ့ပါတယ်။

    ကျောင်းအုပ်ဆရာကြီး အန်နီတာဆင်းက ဒီလို စက္ကူအိတ်နဲ့ ထုတ်ပိုးပေးရတာဟာ ပလက်စတစ်အသုံးမပြုရေး လှုပ်ရှားမှုမှာ ပြည်သူလူထု ပူးပေါင်းပါဝင်လာအောင် ဖိတ်ခေါ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “၃ တန်းကနေ ၇ တန်းအထိ ကျောင်းသားတွေက စက္ကူအိတ်လေးတွေလုပ်တယ်။ ပလက်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တိုက်ဖျက်ရာမှာ ပြည်သူလူထုကိုလည်း ပူးပေါင်းပါဝင်စေချင်ပါတယ်။ နောက်ပြီး အစ်ဖ်သာရ် ၀ါဖြေပွဲကို ကာမောင်းသူတွေထံ ပေးခြင်းအားဖြင့် ကျောင်းသားတွေဟာ ရမ်ဇာန်ဥပုသ်လရဲ့ ချစ်ခြင်းမေတ္တာ၊ မျှဝေခံစားမှုတွေကို နားလည်လာမှာ ဖြစ်ပါတယ်။ အစားအစာအထုပ်တွေက ကားမောင်းသူတွေ ၀ါဖြေဖို့အတွက် အဆင်ပြေသလို၊ အရှိန်လျှော့မောင်းဖို့အတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ။ ဒါဟာ ကျောင်သားတွေ၊ မိဘတွေနဲ့ ဆရာတွေ ပူးပေါင်းအားထုတ်မှုပါပဲ”

    အဲဒီကျောင်းသားတွေဟာ ယူအေအီး လခြမ်းနီအဖွဲ့ကို အ၀တ်အစား သေတ္တာ ၃၀ လည်း လှူဒါန်းခဲ့ပါတယ်။

    Dunes International School ကျောင်းက ကျောင်းသားတွေကတော့ ဒူဘိုင်းက စားသောက်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေထံ သတင်းစာတွေ ဝေပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီး ပါရမ်ဂျစ် အလူဝါလီယာက ရမ်ဇာန်ဥပုသ်လမှာ လူငယ်မျိုးဆက်တွေ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ပိုပြီး အာရုံစိုက်လာအောင် ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒူဘိုင်းမှာရှိတဲ့ အခြားကျောင်းက ကျောင်းသားတွေဟာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

    Ref: Khaleej Times

  • ဆော်ဒီ-ယူအေအီး မဟာမိတ်အဖွဲ့သစ် ပထမဆုံး အစည်းအဝေးလုပ်

    ဆော်ဒီ-ယူအေအီး မဟာမိတ်အဖွဲ့သစ် ပထမဆုံး အစည်းအဝေးလုပ်

    ဇွန် ၇၊ ၂၀၁၈
    M-Media

    အိမ်ရှေ့မင်းသားနှစ်ဦး တွေ့ဆုံမှု

    – ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ GCC ကနေခွဲထွက်ပြီး နှစ်နိုင်ငံ သီးခြား ကုန်သွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ပထမဆုံးအစည်းအဝေးကို ဆော်ဒီနဲ့ ယူအေအီးတို့က မနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

    GCC အဖွဲ့မှာ ကာတာ၊ ဘာရိန်း၊ ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်နဲ့ အိုမန်တို့ပါဝင်ပြီး ကာတာနဲ့ ပင်လယ်ကွေ့နိုင်ငံတစ်ချို့ ပြီးခဲ့တဲ့နှစ်ဇွန်လမှာ သံတမန်ရေးရာ အကွဲအပြဲ ဖြစ်ပြီးတဲ့နောက် ဆော်ဒီနဲ့ ယူအေအီးတို့က ဒီအဖွဲ့နေခွဲထွက်ကာ ဒီဇင်ဘာမှာ ဆော်ဒီ-ယူအေအီး ညှိနှိုင်းဆောင်ရွက်ရေးကောင်စီ ဆိုတဲ့ သီးခြားမဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။

    ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇာယဒ် အလ် နဟ်ယန်နဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ ဂျစ်ဒါမှာ ပြုလုပ်တဲ့ အဲဒီအစည်းအဝေးဟာ ၂ ရက်တာကြာမြင့်မှာဖြစ်ပြီး တံခါးပိတ် ဆွေးနွေးကြမှာပါ။

    ဆော်ဒီနဲ့ ယူအေအီးတို့ဟာ လုံခြုံရေးဆိုင်ရာ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ရှိနေပြီး အခုအစည်းအဝေးက GCC အဖွဲ့အစည်းကို အဆုံးသတ်စေမှာလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • လုပ်ငန်းရှင်များနှင့် ကျောင်းသားများကို ယူအေအီးက ဗီဇာ ၁၀ နှစ်ပေးမည်

    လုပ်ငန်းရှင်များနှင့် ကျောင်းသားများကို ယူအေအီးက ဗီဇာ ၁၀ နှစ်ပေးမည်

    မေ ၂၁၊ ၂၀၁၈
    M-Media

    – ရင်းနှီးမြှုပ်နှံသူတွေ၊ ကျွမ်းကျင်သူတွေနဲ့ ကျောင်းသားတွေကို နေထိုင်ခွင့် ၁၀ နှစ်အထိပေးသွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) က ကြေငြာလိုက်ပါတယ်။

    ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်ဦးဆောင်တဲ့ ယူအေအီးအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို စီးပွားရေးလုပ်ငန်းတွေ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပြုဖို့လည်း အတည်ပြုခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ပွင့်လင်းတဲ့ဝန်းကျင်၊ သည်းခံနိုင်စွမ်းတွေ၊ အခြေခံအဆောက်အဦးနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဥပဒေတွေက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပါရမီရှင်တွေကို စွဲဆောင်နိုင်မယ့် အကောင်းဆုံး အစီအမံတွေဖြစ်ပါတယ်” လို့ ရှိခ် မိုဟာမက် ဘင် ရာရှစ်က ပြောကြားခဲ့ပါတယ်။

    “ယူအေအီးဟာ အခွင့်အလမ်းတွေရှိရာမြေ၊ လူသားတွေရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ အကောင်းဆုံး ပတ်ဝန်းကျင်၊ သူတို့ရဲ့ တစ်မူထူးခြားတဲ့ အလားအလာတွေကို ဖော်ဆောင်ပေးရာမြေအဖြစ် ဆက်လက်ရှိနေမှာပါ”

    စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ကျောင်းသားတွေအပြင် သူတို့ရဲ့ မိသားစုတွေကို နေထိုင်ခွင့်ဗီဇာ ၁၀ နှစ်စီ ထုတ်ပေးဖို့အတွက်လည်း ယူအေအီး ၀န်ကြီးများကောင်စီက အတည်ပြုခဲ့ပါတယ်။

    Ref: Alarabiya