News @ M-Media

Tag: UAE

  • အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် မနေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပြီး ဒါဟာ သမိုင်းဝင် အလည်အပတ်ခရီးလည်း ဖြစ်ပါတယ်။

    အစ္စရေးနိုင်ငံ့ခေါင်းဆောင်တစ်ဦး ယူအေအီးကို ပထမဆုံး လာရောက်မှုပါ။

    ဘန်းနက်ဟာ ဒီကနေ့မှာ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုုင်းဖို့ အထူးသဖြင့် စီးပွားရေးနဲ့ ဒေသတွင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးနဲ့ ယူအေအီးတို့ဟာ အမေရိကန်ရဲ့ ကြားဝင်​ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ တရားဝင်ဆက်ဆံရေး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသွားကဏ္ဍ၊ နည်းပညာတို့အပါအဝင် စီးပွားရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်တက်လာခဲ့ပါတယ်။

    မနေ့က ဘန်းနက်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ယူအေအီးဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ အာရပ်၊ မွတ်စလင်နိုင်ငံ ၅ နိုင်ငံ ရှိပြီး ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နဲ့ အိုမန်တို့ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကတော့ သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ် ၄ ရက်ခွဲသာ အလုပ်လုပ်ရမည့် စနစ်ကို ယူအေအီးတွင် ကျင့်သုံးမည်

    တစ်ပတ် ၄ ရက်ခွဲသာ အလုပ်လုပ်ရမည့် စနစ်ကို ယူအေအီးတွင် ကျင့်သုံးမည်

    ဒီဇင်ဘာ ၇၊ ၂၀၂၁
    M-Media

    -တစ်ပတ်ကို ၄ ရက်ခွဲသာအလုပ်လုပ်ရပြီး ၂ ရက်ခွဲပိတ်မယ့် စနစ်ကို လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ စတင်ကျင့်သုံးမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ဒီကနေ့မှာ ကြေငြာပါတယ်။

    တစ်ရက်ကို ၈ နာရီနဲ့ တနင်္လာနေ့ကနေ ကြာသာပတေးနေ့အထိ အလုပ်လုပ်ရပ်မှာဖြစ်ပြီး သောကြာနေ့မှာတော့ နေ့တစ်ဝက် ၄ နာရီခွဲသာ လုပ်ရပ်မှာ ဖြစ်ပါတယ်။ သောကြာနေ့ နေ့တစ်ပိုင်းနဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်က ပိတ်ရက်ဖြစ်မှာပါ။

    ဒီအချိန်ဇယား အပြောင်းအလဲကို အစိုးရရုံးတွေ၊ အဖွဲ့အစည်းတွေမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍနဲ့ ကျောင်းတွေမှာ ကျင့်သုံးမလားဆိုတာ တိတိကျကျ မသိရပါဘူး။

    ယူအေအီးနိုင်ငံမှာ တနင်္ဂနွေနေ့ကနေ ကြာသာပတေးနေ့အထိ အလုပ်လုပ်ပြီး သောကြာ၊ စနေ ရုံးပိတ်တဲ့ စနစ်ကို လက်ရှိ ကျင့်သုံးနေတာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့အတွက် စုပေါင်း ဝတ်ပြုဆုတောင်းရတဲ့ သောကြာနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာပါ။

    အခုအပြောင်းအလဲသစ်ဟာ ကမ္ဘာတစ်ဝှမ်းလုံး ကျင့်သုံးနေတဲ့ ရုံးပိတ်ရက်စနစ်နဲ့ ကိုက်ညီကာ စီးပွားရေးမှာ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာရေး ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ယူအေအီး အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    သောကြာနေ့ နေ့တစ်ဝက် အလုပ်ဆင်းဖို့အတွက် အစိုးရဝန်ထမ်းတွေဟာ အိမ်ကနေ အလုပ်လုပ်တာ ဒါမှမဟုတ် အဆင်ပြေမယ့်အချိန် အလုပ်ဆင်းတာ စသဖြင့် စိတ်ကြိုက် ရွေးချယ်နိုင်မယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သောကြာနေ့ဝတ်ပြုဆုတောင်းမှုကို နေ့လည် ၁ နာရီ ၁၅ မှာ စတင်ဖို့လည်း သတ်မှတ်ထားပါတယ်။

    ယူအေအီးဟာ အရင်က စနေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ အလုပ်ဆင်းရပြီး ကြာသာပတေး၊ သောကြာ ရုံးပိတ်တဲ့စနစ်ကို ကျင့်သုံးကာ ၂၀၀၆ ခုနှစ်ရောက်မှ လက်ရှိ သောကြာ၊ စနေပိတ်တဲ့စနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    ရှိခ်သာနွန်ဟာ နှင့် အလီ ရှမ်ခါနီ၊

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရှိခ် သာနွန် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ အီရန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပါတယ်။

    ယူအေအီးနဲ့ အီရန်တို့ဟာ ဒေသတွင်းပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့အစည်းဖက်က ပါဝင်ရပ်တည်ပေးနေပြီး ဆက်ဆံရေးတင်းမာနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်လာပါတယ်။

    ရှိခ်သာနွန်ဟာ အီရန်အမျိုးသားလုံခြုံရေးအကြီးအကဲ အလီ ရှမ်ခါနီ၊ သမ္မတ အီဘရာဟင် ရိုင်စီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင်နဲ့ ဒေသတွင်းပြဿနာတွေ ဖြေရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။

    အီရန် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှမ်ခါနီက အရှေ့အလယ်ပိုင်းဒေသကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ကြောင်း၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့်သာ ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပြီး ရှိခ်သာနွန် လာရောက်လည်ပတ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်စတင်ကာ၊ ဒေသတွင်း ဆက်ဆံရေး ချဲ့ထွင်ဖို့ အခြေခံ​အုပ်မြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒေသတွင်းရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့လည်း ပြီးခဲ့တဲ့လတွေအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးစားလာခဲ့ပြီး ဧပြီလကစလို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ အီရတ်မှာ လျှို့ဝှက် တွေ့ဆုံနွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref : Aljazeera

  • ယူအေအီးက တူရကီတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

    ယူအေအီးက တူရကီတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -တူရကီမှာ ကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ကြေငြာလိုက်ပါတယ်။

    စွမ်းအင်၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အပါအဝင် မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှာပါ။ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့ မနေ့က အန်ကာရာမှာ တွေ့ဆုံဆွေးနွေးမှုအတွင်း ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒါဟာ ဒေသတွင်း ပြိုင်ဘက်နိုင်ငံနှစ်ခု ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ယူအေအီးအစိုးရက အခုလိုရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တာဟာ တူရကီရဲ့ စီးပွားရေးကို အထောက်အပံ့ဖြစ်စေဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ်ဟာ တူရကီအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ တူရကီနိုင်ငံ အန်ကာရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

    ဒေသတွင်းပြဿနာတစ်ချို့မှာ သဘောထားမတိုက်ဆိုင်ဘဲ ထိပ်တိုက်တွေ့ဆုံတာတွေရှိပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်အောင် ယူအေအီးနဲ့ တူရကီတို့က ကြိုးစားလာကြပါတယ်။

    Ref : Alarabiya

  • ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှ ဟိန္ဒူဘုရားကျောင်း ဌာပနာတည်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

    ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှ ဟိန္ဒူဘုရားကျောင်း ဌာပနာတည်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

    နိုဝင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ မြို့တော် အဘူဒါဘီက ပထမဆုံး ဟိန္ဒူဘုရားကျောင်းအတွက် ဌာပနာတည်ပွဲ အခမ်းအနားကို အခုတစ်ပတ်အစောပိုင်းက စတင်ပြီး ကျင်းပနေပါတယ်။

    Pratham Shila Sthaapan Saptah လို့ အမည်ရတဲ့ အဲဒီ ဌာပနာတည်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့က ၁၆ ရက်နေ့အထိ တစ်ပတ်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

    အင်္ဂါနေ့က ဘုရားကျောင်း အုတ်မြစ်မှာ ဌာပနာမြှုပ်နှံပွဲအခမ်းအနားကို ကျောင်းထိုင်မယ့် ဟိန္ဒူဘုန်းကြီး Pujya Brahmvihari Swami၊ အခြားဟိန္ဒူဘုန်းတော်ကြီးတွေ၊ ယူအေအီးအစိုးရ တာဝန်ရှိသူတွေ၊ ဟိန္ဒူဘာသာဝင်တွေ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

    “ဒီဘုရားကျောင်းနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်က စတင်ကာ တိုးတက်မှုတွေကို ဘုန်းကြီးတို့ မြင်ခဲ့ရတယ်။ သမိုင်းဝင်မယ့်၊ အမှတ်တရဖြစ်စေမယ့် အခမ်းအနားတွေ အများကြီးကိုလည်း ဆင်နွှဲနိုင်ခဲ့ပါတယ်။ အခုအခမ်းအနားကတော့ ဘုရားကျောင်း တည်ထားကိုးကွယ်ရေးမှာ အလွန်အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ ကြီးကျယ်ခမ်းနားတဲ့ ဘုရားကျောင်းကြီး အသက်ဝင်လာမယ့် ပထမဆုံး ပုံရိပ်ကို မြင်ရတာလည်း ဖြစ်ပါတယ်” လို့ ကျောင်းထိုင်မယ့် ဟိန္ဒူဘုန်းကြီး Pujya Brahmvihari Swami က အခမ်းအနားမှာ မိန့်ကြားခဲ့ပါတယ်။

    BAPS Hindu Mandir လို့ အမည်ရမယ့် အဲဒီဘုရားကျောင်းကို အိန္ဒိယကနေ ပေးပို့လိုက်တဲ့ ကျောက်ဆိုင်၊ ကျောက်သားကြီးတွေကို ပေါင်းစပ်ကာ တည်ဆောက်မှာဖြစ်ပါတယ်။ အဲဒီ ကျောက်ဆိုင်ကျောက်သားကြီးတွေမှာ ဟိန္ဒူနတ်ဘုရားတွေရဲ့ ပုံတော်တွေ၊ ဖြစ်တော်စဉ်တွေကို ပန်းချီ၊ ပန်းပု ပညာရှင်ပေါင်း ၂၀၀၀ ကျော်က လက်ရာမြောက်စွာ ထွင်းထုပူဇော်ထားပါတယ်။

    ဒီကျောက်ဆိုင်ကျောက်သားကြီးတွေကို ပေါင်းစပ်ကာ ဘုရားကျောင်းတည်ဆောက်ဖို့အတွက် အိန္ဒိယနိုင်ငံက ပညာရှင် ၁၇ ဦးလည်း ယူအေအီးကို ရောက်နေပါတယ်။ ဘုရားကျောင်းမှာ စတီး၊ သံ စတာတွေကို လုံး၀သုံးမှာမဟုတ်ဘဲ ဟိန္ဒူရှေးဟောင်း ဗိသုကာလက်ရာအတိုင်း ကျောက်သားစစ်စစ်ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက ကျောက်သားစစ်စစ်နဲ့ တည်ဆောက်တဲ့ ပထမဆုံး ဟိန္ဒူဘုရား​ကျောင်းအဖြစ် မှတ်တမ်းဝင်မှာပါ။

    ဘုရားကျောင်းမှာ ကျောက်တုံးရဲ့ အနေအထား၊ ဖိအား၊ အပူချိန်၊ ငလျင်ဒဏ်ခံနိုင်မှု စတဲ့ အခြေအနေ​တွေကို စောင့်ကြည့်နိုင်မယ့် နည်းပညာမြင့် ဆင်ဆာပေါင်း ၃၀၀ လောက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒီဆင်ဆာတွေဟာ နောက်ထပ် နှစ်ပေါင်း ၅၀ လောက်အတွက် စောင့်ကြည့်နိုင်မှာပါ။

    BAPS Hindu Mandir ဘုရားကျောင်းမှာ ခေါင်ချွန်း ၇ ခု၊ အမိုးခုံး ၅ ခု ပါဝင်မှာဖြစ်ပါတယ်။ ဘုရားရှိခိုးဆောင်တွေ၊ ဧည့်ဆောင်၊ စာကြည့်တိုက်၊ စာသင်ခန်း၊ အများသုံးဟောခန်း၊ ကလေးကစားကွင်း၊ ပန်းခြံ၊ စာအုပ်နဲ့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်နဲ့ အခြား အများပြည်သူသုံး နေရာတွေကို ထည့်သွင်းဆောက်မှာဖြစ်ပါတယ်။ ဘုရားကျောင်းကို ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    ဘုရားကျောင်းဆောက်လုပ်ဖို့အတွက် ယူအေအီးအစိုးရက မြေပေးခဲ့တာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ ၂၀၁၉ ခုနှစ် ယူအေအီးခရီးစဉ်မှာ ဘုရားကျောင်းဒီဇိုင်းကို ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Gulf News