News @ M-Media

Tag: Uighur Muslims

  • ဝီဂါနှင့် အခြားလူနည်းစုများကို တရုတ်အစိုးရက လုပ်အားခေါင်းပုံဖြတ်မှု အကြီးအကျယ် လုပ်ဆောင်နေ

    ဝီဂါနှင့် အခြားလူနည်းစုများကို တရုတ်အစိုးရက လုပ်အားခေါင်းပုံဖြတ်မှု အကြီးအကျယ် လုပ်ဆောင်နေ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂
    M-Media

    -တရုတ်အစိုးရဟာ နိုင်ငံအနောက်ပိုင်း ရှင်းကျန်းပြည်နယ်က ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် လုပ်အားခေါင်းပုံဖြတ်မှု မူဝါဒတွေ ဆက်လက်ကျင့်သုံးနေတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်ပြီး နိုင်ငံတကာစံနှုန်းတွေအရ အလုပ်ခိုင်းစေဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    ချိုးဖောက်မှုတွေမှာ အဓမ္မလုပ်အား ခိုင်းစေတာ၊ မဖြစ်နိုင်တဲ့ ကုန်ထုတ်လုပ်မှုစံချိန်တွေ သတ်မှတ်တာ၊ အလုပ်ချိန် အများအပြားခိုင်းစေတာတွေ ပါဝင်တယ်လို့ Application of International Labour Standards ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ စာမျက်နှာ ၈၇၀ ပါ အစီရင်ခံစာမှာ ILO က ဖော်ပြထားပါတယ်။

    ရှင်ကျန်းပြည်နယ်က လူနည်းစုတွေဖြစ်တဲ့ ဝီဂါနဲ့ အခြား တူရကီမျိုးနွယ် စုစုပေါင်း ၁၃ သန်းလောက်ဟာ လူမျိုး၊ ဘာသာတရားတွေကြောင့် တရုတ်အစိုးရရဲ့ စနစ်တကျ ပစ်မှတ်ထား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို ခံနေရ​တယ်လို့ အစီရင်ခံဏာမှာ ဖော်ပြထားပါတယ်။

    ဒီချိုးဖောက်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး တရုတ်အစိုးရက ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အသက်မွေးဝမ်းကြောင်း သင်တန်း၊ အလုပ်မှတစ်ဆင့် အသိပညာပေးရေး၊ အစွန်းရောက်မှုတိုက်ဖျက်ရေး စတဲ့ ခေါင်းစဉ်အမျိုးမျိုး တပ်ထားတယ်လို့ ILO ရဲ့ လေ့လာဆန်းစစ်မှုမှာ တွေ့ရှိခဲ့ရပါတယ်။

    တရုတ်ရဲ့ လုပ်အားခေါင်းပုံဖြတ်မှု အဓိကစီမံကိန်းက အကျဉ်းစခန်းတွေဖြစ်ပါတယ်။ ရှင်ကျန်းပြည်နယ်တစ်၀ိုက် အကျဉ်းစခန်းကွန်ယက်ကို တည်ဆောက်ထားပြီး ဝီဂါနဲ့ အခြားလူမျိုးစုငယ်​ ၁.၈ သန်းလောက်ကို ထိန်းသိမ်းကာ အဓမ္မလုပ်အားခိုင်းစေကာ၊ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေဟာ ဒီအကျဉ်းစခန်းတွေမှာရော နိုင်ငံတစ်ဝှမ်းက လုပ်ငန်းခွင်တွေမှာပါ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    အကျဉ်းစခန်းတွေမှာ အလွန်အမင်းခက်ခဲကြမ်းတမ်းအောင် လုပ်ဆောင်တာ၊ လွတ်လပ်စွာသွားလာလှုပ်ရှားမှု ပိတ်ပင်တာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းတာတွေလည်း ရှိပါတယ်။ အကျဉ်းစခန်းထဲကလူတွေဟာ များသောအားဖြင့် ဝါဂွမ်း ရိတ်သိမ်းရေးလုပ်ငန်း၊ အဝတ်အထည်နဲ့ ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အဓမ္မ လုပ်အားခိုင်းစေခံရတာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံရဲ့ တစ်ခြားဒေသတွေမှာလည်း ဝီဂါအလုပ်သမားတွေဟာ သီးခြားနေထိုင်၊ အလုပ်လုပ်ရတာ၊ တရုတ်စာကို မဖြစ်မနေ သင်ရတာ၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ထုံးတမ်းတွေကျင့်သုံးခွင့်မရတာ စတဲ့ ချိုးဖောက်မှုဒဏ်တွေ ဆက်လက်ခံစားနေရတာကို ILO ရဲ့ လေ့လာဆန်းစစ်မှုမှာ တွေ့ခဲ့ရပါတယ်။ ဝီဂါအလုပ်သမားတွေဟာ တရုတ်အစိုးရက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခထက် ပိုနည်းတဲ့ လုပ်ခကိုသာ ရရှိကြပါတယ်။

    တရုတ်အစိုးရက ILO ရဲ့ ဒီတွေ့ရှိချက်တွေဟာ မဟုတ်မှန်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    တရုတ်စကား သင်ခိုင်းတာဟာ ဝီဂါတွေရဲ့ ဘာသာစကားကျွမ်းကျင်မှု တိုးတက်စေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေဖို့ဖြစ်ပြီး၊ အနိမ့်ဆုံးလုပ်ခထက် လျှော့ပြီးရတယ်ဆိုတာကလည်း လုံး၀အခြေအမြစ်မရှိဘူးလို့ ဆိုပါတယ်။

    ရှင်ကျန်းပြည်နယ်အစိုးရအဖွဲ့က မိမိတို့မှာ အလုပ်သမားအခွင့်အရေးကို ကာကွယ်ရေးပြီး အလုပ်သမားတွေ တိုင်ကြားလာတာကို ဖြေရှင်းပေးမယ့် မူဝါဒမျိုး ရှိနေတယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    အနိမ့်ဆုံးလုပ်အားခ အပြည့်အ၀​ပေးရမယ်ဆိုတဲ့ အချက်ကို လုပ်ငန်းရှင်တွေက လိုက်နာမှုရှိလားဆိုတာ စုံစမ်းစစ်ဆေးသွားမယ်လို့ တရုတ်အစိုးရက ထည့်သွင်းပြောဆိုခဲ့ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ဒီသတ်မှတ်ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ရန် တူရကီရှိ ဝီဂါများက ကမ္ဘာကိုတိုက်တွန်း

    ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ရန် တူရကီရှိ ဝီဂါများက ကမ္ဘာကိုတိုက်တွန်း

    ဒီဇင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -တရုတ်ကွန်မြူနစ်အစိုးရက လူနည်းစုတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ဘေဂျင်း ဆောင်းရာသီအိုလံပစ်ကို သပိတ်မှောက်ကြဖို့ တူရကီမှာ တိမ်းရှောင်နေရတဲ့ ဝီဂါလူမျိုးတွေက တိုက်တွန်းလိုက်ပါတယ်။

    ဒါဇင်နဲ့ချီတဲ့ ဝီဂါတွေ မနေ့က အစ္စတန်ဘူလ်မြို့ တူရကီ အိုလံပစ်ကော်မတီရုံးခန်းရှေ့မှာ စုရုံးပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    ‘ဂျီနိုဆိုက် အိုလံပစ်ကို ရပ်တန့်ပါ’ ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ခဲ့ကြသလို “တရုတ်-လူမျိုးတုန်းသတ်ဖြတ်မှု ရပ်တန့်ပါ။ တရုတ်-အကျဉ်းစခန်းတွေ ပိတ်ပစ်ပါ” လို့ ဆန္ဒပြသူတွေက ဟစ်အော်ခဲ့ပါတယ်။

    “ဝီဂါတွေကို ညှင်းပမ်း၊ နှိပ်စက်၊ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ တရုတ်ဟာ အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့် မရှိပါဘူး” လို့ ဝီဂါအမျိုးသမီး Munevver Ozuygur က ပြောပါတယ်။ သူမရဲ့ အမျိုးတွေဟာ တရုတ်အစိုးရရဲ့ အကျဉ်းစခန်းမှာ ပိတ်လှောင်ခြင်း ခံထားရပါတယ်။

    တရုတ်အစိုးရဟာ နိုင်ငံအနောက်ပိုင်းက ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်နေသလို အကျဉ်းစခန်းကွန်ယက်တည်ဆောက်ကာ လူ ၁ သန်းလောက်ကို ပိတ်လှောင်ထားတယ်လို့ နိုင်ငံတကာ သတင်းတွေက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပါတယ်။

    အစောပိုင်းမှာ ဒီသတင်းတွေကို တရုတ်ဖက်က ငြင်းပေမယ့် နောက်ပိုင်းမှာ အကျဉ်းစခန်းတွေရှိတာကို ဝန်ခံခဲ့ပြီး ဒါဟာ အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးတဲ့ ပညာ​ပေးစင်တာတွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    လူနည်းစုတွေအပေါ် တရုတ်အစိုးရရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်၊ ယူကကေ၊ ဩစတေးလျ၊ ကနေဒါ၊ ဂျပန်နဲ့ ဒိန်းမတ်နိုင်ငံတွေက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ကစားသမားတွေ မစေလွှတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးရပြီး တူရကီမှာခိုလှုံနေရတဲ့ ဝီဂါလူမျိုး ၅ သောင်းလောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ဝီဂါတွေပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ ၉/၁၁ တိုက်ခိုက်မှုကို တရုတ်က ဘယ်လိုအမြတ်ထုတ်ခဲ့သလဲ

    ဝီဂါတွေပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ ၉/၁၁ တိုက်ခိုက်မှုကို တရုတ်က ဘယ်လိုအမြတ်ထုတ်ခဲ့သလဲ

    စက်တင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    Kent Kobersteen, former Director of Photography of National Geographic
    “The pictures are by Robert Clark, and were shot from the window of his studio in Brooklyn. Others shot the second plane hitting the tower, but I think there are elements in Clark’s photographs that make them special. To me the wider shots not only give context to the tragedy, but also portray the normalcy of the day in every respect except at the Towers. I generally prefer tighter shots, but in this case I think the overall context of Manhattan makes a stronger image. And, the fact that Clark shot the pictures from his studio indicates how the events of 9/11 literally hit home. I find these images very compellingÑin fact, whenever I see them they force me to study them in great detail.”

    (တကယ်တော့ အမေရိကန်ရဲ့ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ကြောင့် ဝီဂါတွေအပါအဝင် ၉/၁၁ တိုက်ခိုက်မှုနဲ့ ဘာမှမသက်ဆိုင်တဲ့ သန်းပေါင်းများစွာသော မွတ်စလင်တွေရဲ့ဘ၀တွေ ဖျက်ဆီးခံခဲ့ရတယ်ဆိုတာ အသေအချာပါပဲ။ )

    -‘ဝီဂါအကြမ်းဖက်ဝါဒ’ ဆိုတဲ့ တရုတ်အစိုးရရဲ့ ခေါင်းစဉ်တပ်မှုကို အမေရိကန်က လက်ခံလိုက်တာဟာ ဝီဂါလူ့အဖွဲ့အစည်းအပေါ် တရုတ်အစိုးက အကြီးအကျယ် ဖိနှိပ်မှုကို ဖြစ်စေခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အခြေအနေတွေဟာ အလွန်အမင်း ဆိုးရွားခဲ့ပါတယ်။ ဝီဂါတွေထဲက အစိုးရဆန့်ကျင်သူတွေကို ရည်ရွယ်တဲ့ ဖိနှိပ်မှုကနေ ၂၀၀၁ ခုနှစ်နောက်ပိုင်းမှာတော့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးလို့ ခေါင်းစဉ်တပ်ပြီး ဖိနှိပ်ညှင်းပမ်းမှုကို တရုတ်အစိုးရက အကြီးအကျယ် ကျူးလွန်လာခဲ့တာ ဖြစ်ပါတယ်။

    ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်ဟာ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ဆင်နွှဲကာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ရှင်းလင်းရေး အခြားနိုင်ငံတွေကိုလည်း ကူညီပေးခဲ့ပါတယ်။ ‘ခွဲထွက်ရေးလုပ်တဲ့ ပြည်တွင်းပြဿနာ’ လို့ အရင်က သတ်မှတ်တုန့်ပြန်ခဲ့တဲ့ ဝီဂါတော်လှန်ရေးလှုပ်ရှားမှုကို ‘ကမ္ဘာ့အကြမ်းဖက်ဝါဒ အရေးပေါ်အခြေအနေ’ အဖြစ် တရုတ်ကွန်မြူနစ်ပါတီ(CCP) က ပုံဖော်လိုက်တာဟာ ၉/၁၁ နောက်ပိုင်း ကိစ္စတွေကြောင့် ဖြစ်ပါတယ်။

    CCP ရဲ့ ဒီပုံဖော်မှုကို အမေရိကန်က ချက်ခြင်းဆိုသလို လက်ခံကာ အာဖဂန်နစ္စတန်မှာ အခြေစိုက်တဲ့ မထင်မရှား အရှေ့တာကစ္စတန် အစ္စလာမ့်မစ်လှုပ်ရှားမှု(ETIM) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဝီဂါတွေကိုလည်း နာမည်ဆိုးရှိတဲ့ ဂွါတာနာမိုအကျဉ်းစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    ဝီဂါလူမျိုး တစ်သန်းလောက်ကို အကျဉ်းစခန်းကွန်ယက်တွေထဲမှာ ပိတ်လှောင်ထားတယ်လို့ ကုလက ထုတ်ပြန်ထားတဲ့ ကိစ္စအပါဝင် ဝီဂါလူမျိုးစုအပေါ် တရုတ်အစိုးရက အကြီးအကျယ် ဖိနှိပ်ညှင်းပမ်းမှုမျိုး ဖြစ်ပေါ်လာဖို့ အမေရိကန်ရဲ့ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ က အကူအညီပေးခဲ့တာပါ။

    ဝီဂါတွေ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ဒေသဟာ အလ်တီရှာ၊ အရှေ့တာကစ္စတန်၊ ရှင်ကျန်း စသဖြင့် အမည်အမျိုးမျိုးတွင်ပါတယ်။ ၁၇၅၉ ခုနှစ် ချင်မင်းဆက်လက်ထက်မှာ ဝီဂါဒေသကို သိမ်းပိုက်ကာ ‘ရှင်ကျန်း’ (ပိုင်နက်သစ်) လို့ အမည်ပေးခဲ့ပါတယ်။ ၂၀ ရာစုအစောပိုင်းမှာ သူပုန်ထမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် ဝီဂါဒေသဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ဆက်ရှိနေပြီး ၁၉၅၅ ခုနှစ်မှာ CCP ခေါင်းဆောင် မော်စီတုန်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ၁၀ စုနှစ်တွေမှာ ရှင်ကျန်းဒေသအတွင်း စီးပွားရေးနဲ့ အခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာပြီး ‘ဟန်’ မဟုတ်တဲ့လူမျိုးတွေအတွက် အားသာချက် ရှိလာခဲ့ပေမယ့် ဝန်ဆောင်မှုတွေကို စျေးကြီးပေးပြီး အသုံးပြုရတာမျိုးပါ။ နောက်ပိုင်း ဟန်လူမျိုးတွေ ဒေသထဲ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာတာကြောင့်​ သူ့တို့ရဲ့ ဘိုး​ဘွားပိုင်မြေကနေ ဝီဂါတွေ ဖယ်ပေးခဲ့ရပြီး တင်းမာမှုတွေလည်း ရှိလာပါတယ်။

    ရှင်ကျန်းမှာပေါ်​ပေါက်လာတဲ့ ဝီဂါတွေရဲ့တိုက်ခိုက်မှုဟာ ဒီလို လူအဖွဲ့အစည်း ဟန်ချက်ပျက်မှုကြောင့်ဖြစ်ပြီး ဘာသာရေးလှုံ့ဆော်မှုကြောင့် မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ယဉ်ကျေးမှုအနုပညာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊ ပညာရေးအခွင့်အလမ်း နည်းလာတာ၊ အလုပ်အကိုင်နဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး ဝီဂါတွေ စိုးရိမ်ပူပန်လာရာကနေ ၂၀ ရာစုနှောင်းပိုင်း ရှင်ကျန်းပြည်နယ်မှာ လူမျိုးရေးတင်းမာမှုတွေ ပေါ်ပေါက်လာပါတယ်။

    ရှင်ကျန်းဒေသအတွင်း ခွဲထွက်လိုတဲ့ ခံယူချက်တွေ၊ လှုပ်ရှားမှုတွေပေါ်ပေါက်လာရာမှာ ပြောင်းရွှေ့အခြေချလာသူ ဟန်လူမျိုးတွေနဲ့ ဌာနေဝီဂါတွေအကြား ဒီလို မမျှတမှုတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အချုပ်အခြာအာဏာ၊ လွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီး ဝီဂါတွေရဲ့ စိုးရိမ်ပူပန်မှုဟာ ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်လာတာဖြစ်ပြီး ဒါကိုပြောင်းလဲဖို့အတွက်တော့ သူတို့မှာ အာဏာမရှိပါဘူး။ အစိုးရပေါ်လစီတွေကို ဆန်ကျင်တဲ့ ဒေသတွင်း ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြိုခွဲခံရကာ ၁၉၈၉ ခုနှစ် တီယန်နန်မန်ရင်ပြင် ဖိနှိပ်မှုနောက်ပိုင်း တရုတ်အစိုးရက အကြမ်းဖက်နှိမ်နှင်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေတစ်လျှောက်လုံးမှာ ဝီဂါလွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ လှုပ်ရှားမှုတွေ အလျှိုအလျှို ပေါ်ထွက်လာပြီး အထင်ရှားဆုံးက အရှေ့တာကစ္စတန် သတင်းအချက်အလက်စင်တာနဲ့ ကမ္ဘာ့ဝီဂါလူငယ်ကွန်ဂရက် အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။

    ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ ရှင်ကျန်းပြည်နယ်မြို့တော် အွမ်ရူကီက အများသုံး သယ်ယူပို့ဆောင်ရေးလိုင်းတွေနဲ့ ရဲစခန်းတစ်ခုတို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပြီး ‘အရှေ့တာကစ္စတန် ခွဲထွက်ရေးသမားတွေ’ က လုပ်တာလို့ ဆိုပါတယ်။ ၁၉၉၇ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီဟာ ခွဲထွက်ရေးဝါဒကို တိုက်ဖျက်ဖို့အတွက် ‘ကြမ်းကြမ်းတိုက်’ စစ်ဆင်ရေးကို စတင်ပါတယ်။ ဒီစစ်ဆင်ရေးနောက်ပိုင်း တရုတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာ၊ ခွဲထွက်ရေးလုပ်တယ်လို့ သံသယရှိသူကို အလျင်အမြန် ရှင်းလင်းသုတ်သင်တာတွေ လုပ်ဆောင်လာပါတယ်။

    တရုတ်အစိုးရရဲ့ ပေါ်လစီတွေအပေါ် ဘယ်လိုဝေဖန်ပြစ်တင်မှုမျိုးကိုမဆို ခွဲထွက်ရေးခေါင်းစဉ်တပ်ပြီး တရုတ်အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းတယ်လို့ ဝီဂါအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ တစ်ချို့ တိုက်ခိုက်မှု​တွေကို ဝီဂါခွဲထွက်ရေးသမားတွေ လုပ်တာလို့ မမှန်မကန်စွပ်စွဲပြီး ဝီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေ တရားတယ်လို့ ပုံဖော်တာမျိုးတွေအထိ ရှိပါတယ်။

    အမေရိကန်မှာဖြစ်တဲ့ ၉/၁၁ တိုက်ခိုက်မှုက တရုတ်ရဲ့ ခွဲထွက်ရေးတိုက်ဖျက်မှုလုပ်ငန်းကို လမ်းကြောင်းအသစ် ပြောင်းသွားစေခဲ့ပါတယ်။ ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်သမ္မတ ဂျော့ဂျ် ဒဘလျူ ဘုရှ်က ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အမေရိကန်ဘက်နေမလား၊ အကြမ်းဖက်သမားတွေဘက်နေမလားဆိုပြီး ရွေးချယ်ခိုင်းပါတယ်။ တရုတ်ကတော့ တစ်ဖက်ကို ပြတ်ပြတ်သားသား ရွေးခဲ့ပါတယ်။ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းတဲ့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ တရုတ်က ထောက်ခံမဲပေးခဲ့ပြီး၊ အမေရိကန်ရဲ့ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ကို ထောက်ခံကြောင်း သဘောထားပြခဲ့ပါတယ်။

    ဒီလိုပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လူသိပ်မသိတဲ့ ဝီဂါတော်လှန်ရေးအဖွဲ့ ETIM ကို ကမ္ဘာ့အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အမေရိကန်ရဲ့ အကြမ်းဖက်အသင်းအဖွဲ့များစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ၉/၁၁ တစ်နှစ်တင်းတင်းပြည့်တဲ့အချိန်မှာ ကုလသမဂ္ဂကလည်း ETIM အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ဒီလိုသတ်မှတ်မှုအတွက် အခြေခံအကြောင်းအရင်းက မခိုင်လုံပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေက လူအများအပြားသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ တရုတ်အစိုးရက ETIM အဖွဲ့ကို စွပ်စွဲပြစ်တင်ခဲ့တယ်။ ဒါပေမယ့် ဒီစွပ်စွဲချက်တွေအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေ မရှိပါဘူး။ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့မှာ ဖမ်းဆီးခဲ့တဲ့ ETIM အဖွဲ့ဝင် ဝီဂါလူမျိုး ၂၂ ဦးကို ဂွါတာနာမိုအကျဉ်းထောင်အတွင်း စစ်ဆေးရာမှာ ETIM အဖွဲ့က လုပ်တယ်လို့ စွပ်စွဲခံရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ရခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ၂၀၀၂ ခုနှစ် သူတို့ရဲ့ ထွက်ဆိုချက်တွေအရ ETIM အဖွဲ့ဟာ အာဖဂန်နစ္စတန်အခြေစိုက်တဲ့ အဖွဲ့ငယ်လေးသာဖြစ်ပြီး အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုဖြစ်လာနိုင်လောက်တဲ့ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မရှိဘူးဆိုတာကို တွေ့ခဲ့ရပါတယ်။

    ဒါပေမယ့် ဒါတွေက အရေးမပါခဲ့ပါဘူး။ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ဆိုတာကို နိုင်ငံတကာက ထောက်ခံအားပေးမှု၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဥပဒေရေးရာ၊ နိုင်ငံရေးရာ လုပ်ထုံးလုပ်နည်းတွေကို အမြတ်ထုတ်ပြီး သူတို့ကို ဆန့်ကျင်တဲ့ ဝီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းတာကို အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖြစ် တရုတ်အစိုးရက ပုံဖော်ခဲ့ပါတယ်။ ETIM ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာဟာ တရုတ်အစိုးရက ဝီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ အမေရိကန်က ပူးပေါင်းပါဝင်ခဲ့မှုရဲ့ အဓိက ပြယုဂ်ပါပဲ။

    ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း တရုတ်အစိုးရက ပြုလုပ်တဲ့ ပြင်းထန်တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကြောင့် ၂၀၀၀ ပြည့်နှစ်တွေအတွင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါတွေရဲ့ ဆန္ဒပြမှုတွေ လျော့ကျသွားပါတယ်။ ၂၀၀၉ ခုနှစ် ဇူလိုင်လမှာတော့ ပြည်နယ်မြို့တော် အွမ်ရူကီမှာ ဝီဂါနဲ့ ဟန်လူမျိုးတွေအကြား တင်းမာမှုတွေ ပေါက်ကွဲထွက်လာပါတယ်။ အလုပ်အကိုင်ပြဿနာ၊ ကေလာဟာလတွေ၊ လူမျိုးရေး ဘက်လိုက်မှု၊ လူအဖွဲ့အစည်းတွေအကြား တင်းမာမှုတွေကနေ လူမျိုးအရေးဓိကရုဏ်ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရ မှတ်တမ်းတွေအရ လူ ၂၀၀ နီးပါးသေဆုံးကာ တစ်ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    ဒီမတည်ငြိမ်မှုဟာ ကမ္ဘာ့ဝီဂါလူငယ်ကွန်ဂရက်ဥက္ကဌ ရီဘီယာ ကာဒီရ်ရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဝီဂါလူငယ်ကွန်ဂရက်ဟာ ETIM နဲ့အတူ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတာပါ။

    ဝီဂါတော်လှန်ရေးကို အကြမ်းဖက်၀ါဒလို့ သတ်မှတ်တာကို အကြောင်းပြုပြီး တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်က ဝီဂါလူ့အဖွဲ့အစည်းအပေါ် ပိုမိုပြင်းထန်တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေ လုပ်ဆောင်လာပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရှင်ကျန်းပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ချန်ကျန်ဂိုကို ခန့်အပ်လိုက်ပြီးနောက် စောင့်ကြည့်၊ တင်းကြပ်ဖိနှိပ်မှုတွေ ပိုမိုအားကောင်းလာခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုရှိရာ တိဘက်မှာ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ စောင့်ကြည့်ထိန်းချုပ်ရေးစနစ်၊ ပြင်းထန်တဲ့ ရဲလုပ်ငန်းစဉ်၊ ဝါဒသွတ်သွင်းရေးလုပ်ငန်းစဉ်တွေကို ချန်ကျန်ဂိုက ရှင်ကျန်းမှာ ထပ်မံလုပ်ဆောင်ပါတယ်။

    မျက်လုံးစကန်ဖတ်တာ၊ ဖုန်းတစ်လုံးချင်းစီ လိုက်စစ်တာ၊ ပြင်ပမီဒီယာတွေ ဝင်ရောက်ခွင့်ပိတ်ပင်တာ၊ အကျဉ်းစခန်း ကွန်ယက်ကြီးတွေ တည်ဆောက်တာ စတဲ့ အလွန်ပြင်းထန်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး နည်လမ်းတွေကို ဝီဂါပြည်သူတွေ ခါးစည်းခံလာရပါတယ်။

    ‘ဟန်’ လူမျိုးမဟုတ်တဲ့ လူနည်းစုတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ လူမှုစံနှုန်းတွေ ကျင့်သုံးမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး အဲဒီအထဲမှာ ပုဝါဆောင်းတာ၊ မုတ်ဆိတ်ထားတာတွေ ပါဝင်ပါတယ်။ ဝီဂါတွေကြားမှာ ဘာသာရေးအမှတ်သညာ ကျင့်သုံးတာကို သံသယဖြစ်စရာ၊ ‘အကြမ်းဖက်’ လက္ခဏာအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ဝီဂါတွေ အစိုးရဲ့ ပေါ်လစီကို ဝေဖန်တာ၊ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့် တောင်းဆိုတာတွေကို ‘အစ္စလာမ့်မစ် အစွန်းရောက်ဝါဒ’ ‘အကြမ်းဖက်ဝါဒ’ လို့ တရုတ်ကွန်မြူနစ်ပါတီက တံဆိပ်ကပ်မှုဟာ မွတ်စလင်တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို အမေရိကန်က ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ခေါင်းစဉ်နဲ့ အကြမ်းဖက်ဝါဒအဖြစ် အလိုအလျောက် ပုံဖော်လိုက်တာနဲ့ ဘာမှမကွာပါဘူး။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဝီဂါတွေ ဖိနှိပ်ညှင်းပမ်းခံရမှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဂရုဏာသက်လာပါတယ်။ အထူးသဖြင့် တရုတ်အစိုးရရဲ့ အကျဉ်းစခန်းတွေမှာ ဝီဂါတွေ ဆိုးဆိုးရွားရွား ဖိနှိပ်ညှင်းပမ်းခံနေရတယ်ဆိုတဲ့သတင်း ထွက်လာပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဟာ ဝီဂါတော်လှန်ရေးအဖွဲ့ ETIM ကို ​အကြမ်းဖက်အဖွဲ့အစည်းစာရင်းကနေ ဖယ်ဖျက်လိုက်ပြီး ဝီဂါတွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုကိုလည်း လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ဒါပေမယ့် တရုတ်အစိုးရရဲ့ ဝီဂါလူမျိုးတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ အမေရိကန်က အဓိကကျတဲ့ နေရာကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ နိုင်ငံကတာအသိုင်းအ၀ိုင်းရဲ့ လက်ခံထားမှုဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ တကယ်တော့ အမေရိကန်ရဲ့ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ကြောင့် ဝီဂါတွေအပါအဝင် ၉/၁၁ တိုက်ခိုက်မှုနဲ့ ဘာမှမသက်ဆိုင်တဲ့ သန်းပေါင်းများစွာသော မွတ်စလင်တွေရဲ့ဘ၀တွေ ဖျက်ဆီးခံခဲ့ရတယ်ဆိုတာ အသေအချာပါပဲ။

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် How 9/11 helped China wage its own false ‘war on terror’ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ယူအေအီးတွင် တရုတ်ကစီမံသည့် ဝီဂါအကျဉ်းထောင်ရှိနေကြောင်း အထောက်အထား ထွက်ပေါ်လာ

    ယူအေအီးတွင် တရုတ်ကစီမံသည့် ဝီဂါအကျဉ်းထောင်ရှိနေကြောင်း အထောက်အထား ထွက်ပေါ်လာ

    ဩဂုတ် ၁၇၊ ၂၀၂၁
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ ဝီဂါတွေကို တရုတ်အစိုးရအလိုကျ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သီးသန့်ထောင်တစ်ခု ရှိနေတယ်လို့ ဖမ်းခံရသူ အမျိုးသမီးတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပြီး နိုင်ငံခြားမှာ ဝီဂါတွေ၊ သဘောထားမတိုက်ဆိုင်သူတွေကို နှိပ်ကွပ်ဖို့ တရုတ်အစိုးရက ‘အမှောင်ကမ္ဘာ’’ ဖန်တီးထားတယ်ဆိုတဲ့ အထောက်အထား ပထမဆုံး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    ခင်ပွန်းလောင်းက တရုတ်အစိုးရကို ဆန့်ကျင်သူဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့ ယူအေအီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် ၀ူဟွမ်ဆိုတဲ့ အမျိုးသမီးက သူကြုံတွေ့ရတာတွေကို AP သတင်းဌာနထံ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဒူဘိုင်းက ဟိုတယ်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရပြီး ထောင်အဖြစ် အသွင်ပြောင်းထားကာ တရုတ်အာဏာပိုင်တွေစီမံတဲ့ အဆောက်အဦးတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရတာပါ။

    အဲဒီမှာ ဝီဂါလူမျိုး အကျဉ်းသားနှစ်ဦးကို တွေ့ခဲ့ရတယ်လို့ ၀ူဟွမ်က ပြောပါတယ်။ ခင်ပွန်းလောင်း အသက် ၁၉ နှစ်အရွယ် ဝမ်ကျင်းယူက အရှက်ရအောင် လုပ်တယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက ၀ူဟွမ်ကို အဓမ္မ လက်မှတ်ရေးထိုးခိုင်းခဲ့ပြီးတဲ့နောက် ဇွန်လ ၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ၀ူဟွမ်ဟာ လက်ရှိ နယ်သာလန်နိုင်ငံမှာ ခိုလှုံနေရသူပါ။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူမျိူးစုတွေကို တရုတ်အစိုးရက သန်းနဲ့ချီ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတာ၊ လူမျိုးရေး အမှတ်သညာ၊ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘာသာတရား ပျောက်သွားအောင် လုပ်ဆောင်တာ၊ ညှင်းပမ်းနှိပ်စက်တာတွေ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေကို ကမ္ဘာ့မီဒီယာတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖော်ထုတ်ခဲ့ကြပါတယ်။

    နိုင်ငံရပ်ခြားမှာလည်း ဝီဂါလိုလူမျိုးစုတွေ၊ သူတို့ကို ဆန့်ကျင်သူတွေကို ဖမ်းဆီးနှိပ်ကွပ်ဖို့ တရုတ်အစိုးရက ‘အမှောင်ကမ္ဘာတွေ’ ဖန်တီးထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး ၀ူဟွမ်ရဲ့ အခုပြောကြားမှုက ပထမဆုံး သက်သေအထောက်အထား ဖြစ်ပါတယ်။

    ဝီဂါတွေကို လွှဲပြောင်းပေး

    ဒူဘိုင်းက တရုတ်အကျဉ်းထောင် ဘယ်နေရာမှာ ရှိလဲဆိုတာ အတိအကျ မပြနိုင်တာကြောင့် ၀ူဟွမ်ရဲ့ ပြောကြားမှုတွေကို AP သတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေမယ့် သူမရဲ့ နိုင်ငံကူးလက်မှတ်မှာ တုံးထုထားတာ၊ တရုတ်အာဏာပိုင်တစ်ဦးက သူမကို မေးခွန်းမေးတဲ့ ဖုန်းအသံဖိုင်၊ ဖမ်းခံထားရတဲ့ ဝီဂါနှစ်ယောက်ကို ကယ်တင်ဖို့ ကြားလူတစ်ဦးနဲ့ ဆက်သွယ်ပေးတဲ့ သူမရဲ့ မက်ဆေ့ချ် စတဲ့ ၀ူဟွမ်ရဲ့ ပြောကြားမှုကို ခိုင်လုံစေမယ့် အထောက်အထားတွေကို AP သတင်းဌာနက ရရှိခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်က ၀ူဟွမ်ရဲ့ ဒီပြောကြားမှုတွေဟာ မဟုတ်မှန်ဘူးလို့ AP သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ ယူအေအီးကတော့ တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

    ထိုင်ဝမ် Academia Sinica အသင်းက လက်ထောက် ပရော်ဖက်ဆာ ချန်ယုကျီက ​နိုင်ငံခြားထွက်ပြေးသွားတဲ့ ဝီဂါတွေကို တရုတ်အစိုးရက ပြန်ရအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေပြီး၊ ဘုရားရှိခိုးတာလို လုပ်ရပ်မျိုးကို အကြမ်းဖက်စွဲချက်နဲ့ တရားစွဲထောင်ချတာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒူဘိုင်းမှာ ဖမ်းခံရတဲ့ ၀ူဟွမ်နဲ့ သူမရဲ့ ခင်ပွန်းလောင်းတို့ဟာ တရုတ်နိုင်ငံက လူများစုဖြစ်တဲ့ ဟန်တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

    ယူအေအီးဟာ ဝီဂါတွေကို ဖမ်းဆီးစစ်ဆေးကာ တရုတ်အလိုကျ ပြန်ပို့တာတွေ လုပ်နေတယ်ဆိုတာ အရင်ကတည်းက သတင်းထွက်နေတာ ဖြစ်ပါတယ်။

    Detained in Dubai ဆိုတဲ့ အကြံပေးရေးအဖွဲ့ကို ဖွဲ့စည်းထားတဲ့ ရဒ်ဟာ စတီလင်းက အကျဉ်းထောင်တစ်ဖြစ်လဲ ယူအေအီးက အဆောက်အဦးတွေမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ တစ်ဒါဇင်လောက်နဲ့ ဆက်သွယ်ဆောင်ရွက်ဖူးပြီး၊ အဲဒီအထဲမှာ ကနေဒါ၊ အိန္ဒိယနဲ့ ဂျော်ဒန်နိုင်ငံသားတွေ ပါဝင်ပေမယ့် တရုတ်နိုင်ငံကလူ မပါဝင်ဘူးလို့ ဆိုပါတယ်။

    “သူတို့နဲ့ မဟာမိတ်ဖြစ်တဲ့ နိုင်ငံခြားအစိုးရတွေအလိုကျ ယူအေအီးက လူတွေဖမ်းဆီးပေးတယ်ဆိုတာကိုတော့ သံသယဖြစ်စရာ မလိုပါဘူး”

    ဒူဘိုင်းက အကျဉ်းစခန်း

    မေလ ၂၇ နေ့မှာ ၀ူဟွမ်ကို ဒူဘိုင်းက သူမတည်းရာ ဟိုတယ်မှာ တရုတ်အာဏာပိုင်တွေက လာရောက်မေးမြန်းခဲ့ပြီး နောက်ပိုင်းမှာ ဒူဘိုင်းရဲတပ်ဖွဲ့က ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

    ၃ ရက်မြောက်နေ့မှာတော့ ဒူဘိုင်း တရုတ်ကောင်စစ်ဝန်ရုံးက ကောင်စစ်ဝန် လီရှုဟန် ရောက်လာပြီး တရုတ်အစိုးရကို ဆန့်ကျင်ဖို့ နိုင်ငံခြားအဖွဲ့အစည်းတွေထံကနေ ငွေကြေးရယူခဲ့လားဆိုတာ သူမကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက်မှာတော့ သူမကို လက်ထိပ်ခပ်ကာ ကားနဲ့ နာရီဝက်လောက်မောင်းရတဲ့ ၃ ထပ်အဆောက်အဦးတစ်ခုစီ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအဆောက်အဦးက အခန်းတိုင်းကို အချုပ်ခန်းအဖြစ် ဖန်တီးထားတယ်လို့ ၀ူဟွမ်က ပြောပါတယ်။

    အဲဒီမှာ ၀ူဟွမ်ဟာ ဝီဂါလူမျိုးအမျိုးသမီးနှစ်ဦးကို တွေ့ခဲ့ပြီး တစ်ဦးက ‘တရုတ်ပြည်မပြန်ချင်ဘူး တူရကီပဲ သွားချင်တယ်’ လို့ ပြောတာကို ကြားခဲ့တယ်လို့ သူမက ဆိုပါတယ်။

    အဲဒီထောင်မှာရှိတဲ့ အစောင့်တွေက ၀ူဟွမ်ကို ဖုန်းနဲ့ ဆင်းကတ်တစ်ခုပေးပြီး ခင်ပွန်းလောင်းနဲ့ အကူအညီပေးရေးအဖွဲ့ ChinaAid က အကြီးအကဲ ခရစ်ယာန်တရားဟောဆရာ ဘော့ဘ်ဖူကို ဖုန်းခေါ်ဖို့ ပြောခဲ့ပါတယ်။ ChinaAid ဟာ အကျိုးအမြတ်မယူတဲ့ ခရစ်ယာန် အကူအညီပေးရေးအဖွဲ့ဖြစ်ပြီး ၀ူဟွမ်တို့ကို ကူညီနေတာပါ။

    ခင်ပွန်းလောင်း ဝမ်နဲ့ ခရစ်ယာန်တရားဟောဆရာတို့က ၀ူဟွမ်ထံကနေ ဖုန်းခေါ်ဆိုမှု ရခဲ့ကြောင်း AP သတင်းဌာနကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

    နောက်ဆုံးမှာ ၀ူဟွမ်ဟာ ခင်ပွန်းလောင်းက အရှက်ရအောင်လုပ်ပါတဲ့ဆိုတဲ့ ထွက်ဆိုချက်ကို လက်မှတ်ထိုးပေးခဲ့ရပြီး ပြန်လွတ်လာတဲ့အချိန်မှာ ယူကရိန်းကို သွားကာ ခင်ပွန်းလောင်း ဝမ်နဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။

    တရုတ်အာဏာပိုင်တွေက ယူကရိန်းအထိလိုက်ကာ ပြန်ခေါ်မယ်လို့ သူတို့နှစ်ဦးကို ခြိမ်းခြောက်တာကြောင့် ၀ူဟွမ်နဲ့ ခင်ပွန်းလောင်းတို့ဟာ နယ်သာလန်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    Ref: AP

  • ဝီဂါများအပေါ် ညှင်းပမ်းမှုအတွက် တရုတ်ကို မဟာမိတ်နိုင်ငံများက ပူးပေါင်း အရေးယူ

    ဝီဂါများအပေါ် ညှင်းပမ်းမှုအတွက် တရုတ်ကို မဟာမိတ်နိုင်ငံများက ပူးပေါင်း အရေးယူ

    မတ် ၂၃၊ ၂၀၂၁
    M-Media

    -ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ကနေဒါတို့က တရုတ်အာဏာပိုင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပူးတွဲလုပ်ဆောင်ခဲ့ပြီး ကန်သမ္မတသစ် ဘိုင်ဒန်လက်ထက်မှာ တရုတ်အပေါ် နိုင်ငံတကာနဲ့ပေါင်းပြီး ပထမဆုံး အရေးယူမှုလည်း ဖြစ်ပါတယ်။

    မဟာမိတ်နိုင်ငံတွေပေါင်းပြီး တရုတ်အပေါ် သံတမန်နည်းလမ်းနဲ့ ဖိအားပေးရေး ဘိုင်ဒန်အစိုးရရဲ့ စီမံကိန်းမှာ အခုပိတ်ဆို့မှုဟာ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတွေက တရုတ်နဲ့ ဆက်နွယ်တဲ့ ကိစ္စတွေအတွက် ဥရောပအစိုးရတွေနဲ့ နေ့စဉ် ဆက်သွယ်ဆွေးနွေးမှု လုပ်ဆောင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချနေပေမယ့် တရုတ်အစိုးရဟာ ရှင်ကျန်းမှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်က ဥရောပ၊ နေတိုးအဖွဲ့တို့နဲ့ အစည်းအဝေးမလုပ်ခင် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ကနေဒါနိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်အစိုးရက ဦးဆောင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်နေတယ်ဆိုတာ ခိုင်မာတဲ့အထောက်အထားတွေက ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြားလူမျိုးစု စုစုပေါင်း ၁ သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲမှာ ထည့်ထားပြီး အဓမ္မ လုပ်အားခိုင်းစေတာ၊ သားကြောဖြတ်တာ၊ ညှပမ်းနှိပ်စက်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ ယဉ်ကျေးမှု အမှတ်သညာတွေပျောက်အောင် ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ မီဒီယာတွေက ဖော်ထုတ်ခဲ့ကြပါတယ်။

    တရုတ်အစိုးရက ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။

    ပြည်နယ်အစိုးရအကြီးအကဲ၊ ပြည်သူ့လုံခြုံရေးအကြီးအကဲ၊ အကြီးတန်းတာဝန်ရှိသူအပါအဝင် ရှင်ကျန်းပြည်နယ် အစိုးရအဖွဲ့က လူ ၄ ဦးကို အမေရိကန်၊ ဥရောပ၊ ဗြိတိန်နဲ့ ကနေဒါတို့က တနင်္လာ​နေ့မှာ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာပါ။

    ရှင်ကျန်းက ညှင်းပမ်းနှိပ်စက်မှုတွေကို ရပ်တန့်ရေး မိမိတို့ တောင်းဆိုတယ်လို့ ကနေဒါ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ ပူးတွဲကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဂြိုဟ်တုပုံရိပ်တွေ၊ မျက်မြင်သက်သေတွေ၊ တရုတ်အစိုးရကထုတ်တဲ့ စာရွက်စာတမ်းတွေအရ ညှင်းပမ်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက ဆိုပါတယ်။

    တရုတ်ကလည်း ဥရောပ အာဏာပိုင်တွေအပေါ် ပိတ်ဆို့အရေးယူတာတွေ လုပ်ခဲ့ပါတယ်။ ဥရောပက လွှတ်တော်အမတ်တွေ၊ သံတမန်တွေ၊ အသင်းအဖွဲ့တွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပါဝင်ပြီး သူတို့နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ တရုတ်နဲ့ ဆက်ဆံတာကို ပိတ်ပင်တယ်လို့လည်း ဆိုပါတယ်။

    ဩစတေးလျနဲ့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူနည်းစုတွေ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းတွေကို ကြားရတဲ့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ ပိတ်ဆို့အရေးယူမှုကို ကြိုဆိုကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Reuters